တေဇောသာရ၊ သျှင်
သျှင်တေဇောသာရ (၈၅၀ ခန့်-၉၁၀ ခန့်)
[ပြင်ဆင်ရန်]နှစ်ကူးလည်၍-ချီ တမ်းတရတုရေးသူ သျှင်တေဇာသာရမှာ အင်းဝမြို့ဇာတိ ရှင်မဟာရဋ္ဌသာရ၏ တပည့်ရင်းဖြစ်၍ ရွှေနန်းကြော့ရှင် ဘုရင် နရပတိမင်းလက်ထက်သစ္စာဖောက်သော မှူးမတ်မင်း ဆွေမင်းမျိုးတို့ကို သတိပေးသောအနေဖြင့် “ရွှေဟင်္သာမင်းအား စစ်သူကြီး သုမုခသည် တိရစ္ဆာန်ပင်ဖြစ်လင့်ကစား ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေကြောင်း” ပြဆိုသော ရွှေဟင်္သာမင်းပျို့ကို သက္ကရာဇ် ၈၇၁-ခုနှစ်တွင် ရေးသားစီရင်သည်။ ၈၈၈-ခုနှစ် အင်းဝပျက်၍ မိုးညှင်းစလုံနှင့် သား သိုဟန်ဘွား တို့ သာသနာတော်ကို ဖျက်ဆီးသောအခါတွင် သျှင်မဟာ တေဇောသာရ မပါမူ၍ အင်းဝအနီးအနား ဘေးလွတ်ရာ တနေရာသို့ ရောက်ရှိနေသည်ဟု ထင်ရသည်။ ၈၉၈-ခုနှစ် တွင် ကန္နီမြို့ စားတောင်းပန်ချက်အရ ပြာဋိဟာ ခန်းပျို့ကို ရေးသားစီရင်သည်ကို ထောက်၍ဘေးရန် လွတ်ကင်းကြောင်း သိရ၏။
အင်းဝရွှေနန်းကြော့ရှင် ဘုရင်နရပတိလက်ထက် စာပြုစာဆို အကျော်တစ်ပါးဖြစ်သော ဆရာတော် သျှင်တေဇောသာရသည် အင်းဝမြို့တွင် မွေးဖွား သန့်စင်တော်မူ၏။ မိဘမည်ရည်နှင့် ငယ်မည်တော်စသည်တို့ကို ခိုင်ခန့်သော အမှတ်အသား မတွေ့ရပေ။
သျှင်တေဇောသာရသည် ကျောင်းသားဘဝမှ သာမဏေဘဝ၊ ရဟန်းဘဝတိုင်အောင် အခြေခံစာပေများနှင့် ပျို့၊ကဗျာ၊ လင်္ကာ၊ မော်ကွန်းစသော အနုစာပေများကိုလည်းကောင်း၊ ပါဠိ အဋ္ဌကထာစသော လောကုတ္တရာ စာပေများကိုလည်းကောင်း သင်ကြားတတ်မြောက်တော်မူသည်။ သျှင်တေဇောသာရ ကိုယ်တိုင် ကလည်း ဆရာတော် သျှင်မဟာရဋ္ဌသာရထံမှ စာပေနည်းခံတော်မူကြောင်းကို ရွှေဟင်္သာမင်းပျို့ နိဂုံး၌-
လေးကျွန်းမှန်ကင်း၊ တောင်ခပင်းတွင်၊ ကြီးမင်းမြင့်ခေါင်၊ မြင်မိုရ်တောင်၏၊ ယပ်စောင်
မှီခို၊ ယုဂန္ဓိုရ်နှင့်၊ နှိုင်းဆိုလိုက်လျော်၊ ကြားသိခေါ်သည်၊ တေဇော်သာရ၊ သာဝကလျှင်၊ ပုစ္ဆ ကဝိ၊ ကြားလွှံ့သိသား၊ ခေါင်ထိဆရာ၊ ရဋ္ဌသာမှ၊ နည်းနာရမြောက်၊ တောင်ကိုဖောက်သည်၊
စိန်ကျောက်အလား၊ သွေး၍ထားသား၊ အသွားထက်မြက်၊ ဉာဏ်သန်လျက်ဖြင့်၊
ဟု ရေးသား ဖွဲ့ဆိုကာ မိမိဆရာ၏ ဂုဏ်ကိုလည်း ထည့်သွင်းဖော်ပြထားလေသည်။
သက္ကရာဇ် ၈၇၁-ခုနှစ်တွင် သျှင်တေဇောသာရသည် ရွှေဟင်္သာမင်းပျို့ကို ရေးသား စပ်ဆိုတော်မူသည်။ ဆရာတော်သည် ထိုပျို့ကို ရေးစပ်သည်မှာ အကြောင်းရှိပေသည်။ ထိုခေတ်အခြေအနေကို သုံးသပ်ဆင်ခြင်ကြည့်လျှင် ရွှေနန်းကြော့ရှင် ဘုရင်နရပတိအား နိုင်ငံ တွင်းမှ မြို့စားတို့ အကြိမ်ကြိမ် ပုန်ကန်ထောင်ထားလျက် ခြားနားနေကြသည်။ ထို့ပြင် ဘိုးတော် ညီတော်စသော မင်းဆွေစိုးမျိုးထဲကပင် ဘုရင့်သစ္စာတော်ကို စောင့်သိရိုသေခြင်း မရှိကြ။ မှူးကြီး မတ်ကြီး အမှုထမ်း အရာထမ်းစသော လက်အောက်ကျေးကျွန်များမှာမူ သာ၍ပင် ဆိုးနေချေ သေးသည်။
ဤသို့ ပြည်တွင်းဆူပူသောင်းကျန်းမှုကို အခွင့်ကောင်းယူ၍ မိုးညှင်းစလုံနှင့်သိုဟန်ဘွား တို့အရေးကလည်း တစ်နေ့တစ်ခြား ကြီးလေးလာခဲ့သည်။ ထိုအချိန်တွင် မျိုးချစ်စိတ် ထက်သန်၍ လူမျိးရေး၊ ဘာသာရေး၊ သာသနာရေးတို့၌ တိုးတက်ပြန့်ပွားမှုကို အလိုရှိသော ဆရာတော်သျှင် တေဇောသာရသည် စူဠဟံသဇာတ်တော်လာ စစ်သူကြီး သုမုခသည် တိရစ္ဆာန်ပင် ဖြစ်လင့်ကစား အရှင်သခင်ဖြစ်သော ဓတရဋ္ဌရွှေဟင်္သာမင်း၏ ကျေးဇူးသစ္စာတော်ကို စောင့်သိ ရိုသေသေး၏၊ လူတို့မူကား အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း၊ ဟူ၍ မင်းနရပတိ၏ မြို့စား ရွာစား ဆွေတော် မျိုးတော် မှူးမတ်ကျေးကျွန်တို့ သန္တာန်၌ ကိန်းအောင်းလာအောင် သတိပေးသော အနေအားဖြင့် သွယ်ဝိုက်၍ ရေးသားစပ်ဆိုခြင်း ဖြစ်လေသည်။
ဆရာတော် သျှင်တေဇောသာရက ဘယ်သို့ပင် သတိပေး၍ ရေးသားပါသော်လည်း မင်းဆွေစိုးမျိုး မှူးမတ်စသည်တို့မှာ အသိတရား မရနိုင်ကြပေ။ ထို့ကြောင့် တစ်နိုင်ငံလုံး စည်းလုံးမှု ပျက်ပြားလာကာ ဝါးအစည်း ပြေသကဲ့သို့ တဖြည်းဖြည်း ကစဥ့်ကလျား ဖြစ်လာသည်။ ရွှေဟင်္သာ မင်းပျို့ကို ရေးသားစပ်ဆိုပြီးနောက် ၁၇-နှစ်အကြာ ဂငယ်သုံးခု ဥသျှစ်ထု ကိန်းနှင့် ကြုံကြိုက် ချိန်ဝယ် ရတနာပူရ အင်းဝရွှေမြို့တော်ကြီးကို မိုးညှင်းစလုံနှင့် သား သိုဟန်ဘွားတို့၏ သိမ်းပိုက် ခြင်းကို ခံရလေတော့သည်။
ထိုအခါ သာသနာရောင်မှေးမှိန်၍ အန္တရာယ်များလည်း ပေါ်ပေါက်လာသည်။ ထိုအချိန်တွင် ကန္နီမြို့စား သီရိဇေယျနော်ရထာ၏ တောင်းပန်ချက်အရ ခေတ်နှင့် ကိုက်ညီဆီလျော် ဖွယ်ရှိသော ' ပြာဋိဟာခန်းပျို့' ကို သက္ကရာဇ် ၈၉၈-ခုနှစ်တွင် ရေးသားစပ်ဆိုလိုက်သည်။ အဆိုပါ မြို့စားမင်း တောင်းပန်သောကြောင့် ထိုပျို့ကို ရေးစပ်ကြောင်းကိုလည်း -
ပြောင်ပြောင်ထွန်းညိ၊ ကြားလွှံ့ဘိသည်၊ သိရိဇေယျာ၊ နော်ရထာဟု၊ ပညာကျော်ဟိုး၊
ကန္နီစိုးသား၊ တန်ခိုးထွန်းညီး၊ အမတ်ကြီးလျှင်၊ ကြည်သီးစေတနာ၊ ချစ်မေတ္တာဖြင့်၊ သဒ္ဓါပြင်း
ထန်၊ ခွင့်တောင်းပန်သော်၊
ဟူ၍ ပျို့နိဂုံး၌ စပ်ဆိုထားခဲ့လေသည်။
ဤသို့ သက္ကရာဇ် ၈၈၈-ခုနှစ်တွင် အင်းဝပြည်ကြီး ပျစ်စီးတိမ်းယိမ်းပြီးနောက် ဆရာ တော် သျှင်တေဇောသာရသည် မည်သည့်အရပ်ဒေသို့ ကြွရောက်နေထိုင်သည်ဟု မတွေ့ရပေ။ မြန်မာစာပေသမိုင်း၌ကား အင်းဝမြို့မှ အသက်မသေ ကျန်ရှိသော ရဟန်းတော်များသည်လည်း တောင်ငူသို့ တစ်လီ၊ ပြည်သို့ တစ်ပိုင်း၊ စစ်ကိုင်းသို့ တစ်ဝ ပြေးအောင်း ခိုဝင်နေကြရသည်တွင် သျှင်တေဇောသာရလည်း ပြည်သို့ စုန်ဆင်းလေသည်။ ဟူ၍ ရေးသားထား၏။ သို့ရာတွင် ခိုင်မာသော အမှတ်အသား အတိအကျ မရှိပေ။
အထက်ဖော်ပြပါ ပြာဋိဟာခန်းပျို့ကို သက္ကရာဇ် ၈၉၈-ခုနှစ်တွင် ကန္နီမြို့စားက တောင်းပန်၍ ရေးသည်ဆိုသောကြောင့် ဆရာတော်သည် အင်းဝမြို့မှ တိမ်းရှောင်နေငြားသော် လည်း အထက်အညာပိုင်း ရတနာပူရအင်းဝမြို့နှင့် အနီးမှာပင် သီတင်းသုံးနေခြင်း ဖြစ်တန်ရာ ပေသည်။
ဆရာတော် သျှင်တေဇောသာရသည် သိုဟန်ဘွားမင်း၏ အုပ်ချုပ်မှုကို မနှစ်သက်သည် က တစ်ကြောင်း၊ ဓညဝတီရခိုင်ပြည်ရှိ မဟာမြတ်မုနိဘုရားကို ဖူးမြင်လိုသည်ကတစ်ကြောင်းကြောင့် သိုဟန်ဘွားတို့ စေလွှတ်လိုက်သော သံတမန်များနှင့်အတူ ရခိုင်ပြည်သို့ လိုက်သွားဖူးကြောင်း အမှတ်အသားများ ရှိပေသည်။ သို့ရာတွင် မည်သည့်ခုနှစ်တွင် ကြွရောက်သည်ကိုမူ မတွေ့ရပေ။
ပိဋကတ်သမိုင်းစာတမ်းအရ သျှင်တေဇောသာရသည် ရွှေဟင်္သာမင်းပျို့နှင့် ပြာဋိဟာခန်းပျို့ အပြင် ဗျာဒိတ်တော်ခန်းပျို့နှင့် အာဒါသမုခပျို့ဟောင်းတို့ကိုလည်း ရေးသားစပ်ဆို တော်မူကြောင်း တွေ့ရှိရပေသည်။ ဆရာတော်သည် ပျို့လေးစောင်အပြင် ရတုများစွာကိုလည်း ရေးသားတော်မူခဲ့ပေသေးသည်။
[၁] [၂] [၃] [၄] [၅] [၆] [၇] [၈]
ရှင်တေဇောသာရ
[ပြင်ဆင်ရန်]ရှင်တေဇောသာရ သည် အင်းဝမြို့တွင် ဖွားမြင်သည့် အင်းဝဇာတိ ဖြစ်သည်။ ရှင်မဟာရဋ္ဌသာရ၏ တပည့်ဖြစ်သည်။ ရှင်မဟာသီလဝံသ၏ တပည့် ရှင်အုန်းညိုနှင့် စာဆိုအပြိုင် ဖြစ်ပြီး အနုစာပေတွင် တစ်ဖက်ကမ်းရောက် တတ်မြောက်သည်ဟု ကျော်ကြားသည်။
သက္ကရာဇ်(၈၇၁)ခု၊ ရွှေနန်းကြော့ရှင်မင်း လက်ထက် "ရွှေဟင်္သာမင်းပျို့"၊ (၈၉၇)ခုတွင် "ပြာဋိဟာခန်းပျို့"တို့ကို ရေးသားခဲ့သည်။ "အာဒါသမုခပျို့"၊"အာသောမာဝချီ နှစ်ကျိပ်ရှစ်ဆူဘုရားလင်္ကာ"တို့ကို စပ်ဆိုခဲ့သည်။
အင်းဝဒုတိယ မင်းခေါင်နှင့် စစ်ကိုင်း စည် သူကျော်ထင် လက်ထက်တိုင် ထင်ရှားကျော် ဇောသည်။ ပျံလွန်သည့်သက္ကရာဇ်ကား မသိရ။ သိုဟန်ဘွားလက်ထက်တွင် မိုးညှင်းစလုံက စေလွှတ်လိုက်သော ရှမ်းသံတမန်များနှင့် အတူ ရခိုင်သို့ ပါသွားသည်။ အကြောင်းသော်ကား သိုဟန်ဘွားလက်အောက်တွင် မနေချင်၍ မဟာမြတ်မုနိဘုရားဖူးရန်ဟု အကြောင်းပြကာ ပါသွားခြင်း ဖြစ်သည်။
ရခိုင်မင်းက ကြည်ညို၍ ပြန်မလွတ်သည်ကို ရခိုင်အမတ် ဇေယျသင်္ကြန်အမတ်က ကူလျှောက်သော်လည်း ပြန်ခွင့်မရ။ ရခိုင်မင်းနှင့်ပြည်သူတို့ ကြည်ညိုလွန်း၍ ရခိုင်သူမြတ်ဟူ၍လည်း အမည်ရသည်။
ပြန်ခွင့်မရ၍ မပြန်ဘဲ ရှိနေစဉ် တစ်ညနေချမ်း၌ အမှတ်မထင် တွေ့မြင်ခဲ့ရသော ရခိုင်မင်း၏ သမီးတော်ကို မေတ္တာသက်ဝင်ဟန်သဘောပါသော ရခိုင်းမင်းသမီးအလှကို ဖွဲ့ဆိုသည့် ရခိုင်တန်ဆောင်ရတုဟု ထင်ရှားသော "ဌာနတည်၍ချီ ရွှေရုပ်သွင်ပိုဒ်စုံရတု"ကို ရေးဖွဲ့လေရာ ထိုအကြောင်းကို ရခိုင်မင်း ကြားသိလျှင် "ဤသို့ အကျင့်တန်သောရဟန်းမျိုး၊ ငါ့နိုင်ငံတွင် မနေစေရ၊ ပြန်စေ" အမိန့်ကြောင့် အင်းဝကို ပြန်ခဲ့ရလေသည်။ ထိုပိုဒ်စုံရတု အကြောင်းကြောင့်လည်း ရခိုင်မင်းသမီးနှင့် ရခိုင်မင်းသမီးကို ချစ်မြတ်နိုးကြသည့် ရခိုင်ပြည်သူတို့၏ လေးစားချစ်ခင်မှုကို ပိုရပြီး ရခိုင်သူမြတ်ဟု ခေါ်ခံရဟန် တူသည်။
ရွှေရုပ်သွင်ပိုဒ်စုံရတု။ ။ ဌာနတည်၍၊ ရွှေပြည်ကဲ့သို့၊ ရခိုင်မြို့ဝယ်၊ ဆန်းတို့ပေစွ၊ မျှော်ပါရသား၊ သိင်္ဂရောင်ရွှန်း၊ ရွှေပုံသွန်းသို့၊ လန်းလန်းလတ်လတ်၊ လိုက်ဘက်တင့်မော၊ မချောစရာ၊ ချောစရာလျှင်၊ ကေသာဆံလှ၊ ထုံးနောက်-စ-နှင့်၊ ချုပ်ညရီတွင်၊ ဖြုတ်ချည်းမြင်သည် ။ ။ ရှင်သာ ရခိုင့် တန်ဆောင်လော။
သာလှစည်၍၊ ရွှေပြည်ရပ်သူ၊ ထိုမျှလူဝယ်၊ ပြိုင်တူမထင်၊ သည်သခင်မူ၊ ရုပ်သွင်ပျိုချော၊ တင့်မောပေစွ၊သဘောတည်ကြည်၊ မြတ်မူနည်နှင့်၊ ရွှေရည်ရုပ်တု၊ ပုံသွန်းပြုသို့၊ ပျို့နုထွတ်ထွတ်၊ ဝင်းရှိမ်းလတ်မူ၊သွယ်ပတ်ဝေ၀၊ ထုံးနောက်ခွေနှင့်၊ တင့်နေ စ-လှ၊ ဆည်းရီညဝယ်၊ လွလွဖြူစင်၊ ပေါ်ရုံတင်၍၊ ထမ်းစင်ယဉ်သာ၊ စီးစ-ကာတည်း၊ သူဇာပေပင်၊ ရှင့်ဆင်းပြင်မူ၊ မြင်လျှင်လွန်ကြူး၊ အံ့မိန်းမူးသည် ။ ။ သောက်ရှူး သော်တာ အရောင်လော ။
ဝါလလည်၍၊ ရွှေပြည်ရောက်စ၊ ရှေးသော်ကမူ၊ မမျှဆင်းပြင်၊ သည်သခင်ကို၊ မြင်လျှင်လွန်ကြူး၊ သောက်ရှူးသော်တာ၊ လ-အဝါသို့၊ ပြင်လျာ ဆုံ့ဆည်း၊ ရွှေဖျင်ပည်းဝယ်၊ စုလည်းမဆင်၊ နောက်ထုံးရှင်နှင့်၊ မြင်လျှင်ပင်ကို၊ ကြိုးပါလိုလည်း၊ ကုသိုလ်ကြမ္မာ၊ မမီပါခဲ့၊ သည်လျာမချွတ်၊ နောင်မင်း မှတ်သည်။ ။ မိုးနတ်သူဇာ အရောင်လော ။
ရှင်တေဇောသာရသည် ဝီသတိနိပါတ်လာ စူဠဟံသဇာတ်ကို မှီငြမ်းပြု၍ ရွှေဟင်္သာမင်းပျို့ကို ဂေါစာသသက္ကရာဇ် ၈၇၁ ခု၊ သာသနာတော်နှစ် ၂၀၅၃ ခု ဝါခေါင်လပြည့် တနင်္လာနေ့ နေဝန်းပေါ်စ အချိန်တွင် ရေးသား၍ ပြီးဆုံးကြောင်း စာဆိုရှင်၏ နိဂုံးလင်္ကာစာပိုဒ်များအရ သိရှိရသည်။ ရှင်တေဇောသာရသည် ရွှေဟင်္သာမင်းပျို့သာမက ပြာဋိဟာခန်းပျို့၊ ဗျာဒိတ်တော်ခန်းပျို့၊ အာဒွသမုခပျို့ဟောင်းများကိုလည်း ရေးသားခဲ့သေးကြောင်း ပိဋကတ်တော်သမိုင်း အဆိုအရ ထပ်မံ၍ သိရ၏။
ရခိုင်တန်ဆောင်ဘုရား
[ပြင်ဆင်ရန်]ကောဇာသက္ကရာဇ် ( ၈၄၂ - ၈၆၃ ) အင်းဝရွှေမြို့တော်ကို ဒုတိယ-မင်းခေါင်မင်း အုပ်စိုးနေချိန်တွင် အင်းဝမြို့မှ ရှင်မဟာရဋ္ဌသာရနန့် ရှင်တေဇောသာရတို့သည် ရခိုင်နိုင်ငံတော် မြောက်ဦးမြို့သို့ ရောက်ရှိလာသော အချိန်မှာ သက္ကရာဇ် ( ၈၄၈ )ခန့်တွင် ရခိုင်ဘုရင်မင်းဒေါလျာ အုပ်စိုးနေသောအချိန် ဖြစ်ပြီး ထိုအရှင်နှစ်ပါးတို့သည် မြောက်ဦးမြို့ရွှေနန်းတော်၏ တောင်ဘက် မိုင်ဝက်ခန့်အကွာ ဘုရင်မင်းစောမွန်လက်ထက်က သာသနာပိုင် ဆရာတော်ကြီး ရှင်မဟာဝိဇယ၏ သီတင်းသုံးနေထိုင်တော်မူရာ မဟာဝိဇယရံသီကျောက်တိုက်၌ သီတင်းသုံးဝါဆိုခဲ့ကြသည်။ ဝါဆိုနေစဉ် ရှင်မဟာရဋ္ဌသာရသည်။ နှစ်ကူးလည်၍ တစ်ကျူးမြည်၍ ရှစ်ဦးတည်၍ အစချီ ရတုသုံးပိုဒ်ကို ရေးစပ်ခဲ့သည်။
တစ်နေ့တွင် အရှင်နှစ်ပါးတို့သည် မြောက်ဦးမြို့၌ ရာသီဥတု ကြည်လင်သာယာသဖြင့် ဘုရားဖူးထွက်ခဲ့ကြသည်။ ဘုရားဖူးပြီး၍ ညနေဆည်းဆာ အချိန်တွင် မိမိတို့သီတင်းသုံးနေထိုင်ရာကျောင်းတော်သို့ ပြန်ကြွလာခဲ့ရာ ရခိုင်ဘုရင်မင်းဒေါလျာ၏သမီးတော် စောနန်းမင်းဖြူသည်လည်း ဘုရားဖူး၍ နန်းတော်သို့ အပြန်လမ်းခရီး၌ ရဟန်းတော်နှစ်ပါးနန့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ကြင့်သဖြင့် မင်းသမီစောနန်းဖြူသည် ဝေါယာဉ်မှဆင်း၍ ရဟန်းတောမနှစ်ပါးကို ဂါရဝပြုက လမ်းဘေးတွင် ပုဆစ်ဒူတုပ်၍ အရိုအသေပြုနေခဲ့သည်။
အရှင်နှစ်ပါးမှာ မင်းသမီးကို နီးနီးကပ်ကပ်မြင်တွေ့ခဲ့ရပြီး ရဟန်းတော်များနန့်ဝေးသွားမှ မင်းသမီးသည် ဝေါယာဉ်ကိုပြန်စီလျက် နန်းတော်သို့ဝင်ခဲ့သည်။ ရှင်တေဇောသာရသည် ကျောင်းတော်သို့ ရောက်လာသည်အခါမှာ ညနေချုပ်ညရီတွင် မြင်တွေ့ခဲ့ရသော မင်းသမီး၏ရုပ်ပုံလွှာက နှလုံးသားမှာ ပြန်လည်စွဲထင်လာသည်။ မျက်စိထဲဝယ် တဝဲဝဲလည်လည် ပေါ်လာ၍ ဆည်းဆာနေခြည်အောက်တွင် ရွှေကဲ့ ဝင်းဝါစိုပြေနေသော မင်းသမီး၏အသားအရောင်နန့် လွလွကလေးလက်နေသောဆံခြည်နုတို့ကို မြင်ယောင်နေခဲ့သည်။ ဝင်းဝါသောအသားအရောင်နန့်လိုက်ဖက်သော အဖြူရောင်ပိုးဝတ်ရုံကို ဆင်ယင်ထားပုံမှာ မျက်စိထဲ၌မထွက်နိုင်အောင် ရှိနေခဲ့သော မင်းသမီး၏ အလှပသာဒ အဆင်အပြင်တို့ကား မေ့မူးလောက်ပါပေသည်။ ရဟန်းဘဝနန့်လူဘဝ ကုသိုလ်ကြမ္မာမတူသဖြင့် လက်လျှော့ခဲ့ရသည်။ ဤသို့လျှင် ရှင်တေဇောသာရ၏ မင်းသမီးအပေါ် စွဲလမ်းမှု နှလုံးသားမှခံစားရသောပုံရိပ်ကို အောက်ပါ ရတုပိုဒ်ဖြင့် ဖွဲ့နွဲ့ခဲ့သည်။
ဌာနေတည်၍ ရွှေပြည်ကဲ့သို့ ရခိုင်မြို့ကို ဆန်းတို့ပေစွ မျှော်ပါရသား သိင်္ဂရောင်ရွှန်း ရွှေပုံသွင်သို့ လန်းလန်းလက်လက် လိုက်ဖက်တင့်မော မချောစရာ ချောစရာလျှင် ကေသာဆံလွ ထုံးနောက်စနှင့် ချုပ်ညရီတွင် ဖြုတ်ချည်းမြင်သည် ရှင်သာရခိုင်တန်ဆောင်လော။
သာလှစည်၍ ရွှေပြည်ရပ်သူ ထိုမျှလူငယ် ပြိုင်သူမထင် သည်သခင်မူ ရုပ်သွင်ပျိုချော တင့်မောပေစွာ သဘောတည်ကြည် မျိုးမြတ်မည်နှင့် ရွှေရည်ရုပ်တု ပုံသွင်းပြုသို့ ပျိုနုလတ်လတ် ဝင်းရှိန်မတ်မူ သွယ်ပတ်ပေဝေ ထုံးနောက်ခွေနှင့် တင့်နေစလှ ဆည်းရီညဝယ် လွလွဖြူစင် ပေါ်ရုံတင်၍ ထမ်းစင်ယာဉ်သာ စီးစကာတည် သူဇာပေပင် ရှင့်ဆင်ပြင်မူ မြင်လျှင်လွန်ကျူး အံ့မိန့်မူသည် သောက်ရှူးသောတာအရောင်လော။
ဝါလလည်၍ ရွှေပြည်ရောက်စ ရှေးသော်ကမူ မမျှဆင်းပြင် သည်သခင်ကို မြင်လျှင်လွန်ကျူး သောက်ရှူးသော်တာ လအဝါသို့ ပြင်လျာဆုံးဆည်း ရွှေပြင်မည်းဝယ် စုံလည်းမဆင် နောက်ထုံးရှင်နှင့် မြင်လျှင်ပင်ကို ကြိုးပါလိုလည်း ကုသိုလ်ကြမ္မာ မမှီပါခဲ့ သည်းချာမချွတ် နောင်မင်းမှတ်သည် မိုးနတ်သူဇာအယောင်လော။ ။
ဤရတုသုံးပိုဒ်ကို ရေးစပ်ပြီးလျှင် ရှင်တေဇောသာရသည် မင်းသမီးစောနန်းမင်းဖြူထံသို့ ပို့ဆက်စေခဲ့သည်။ မင်းသမီးသည် နရတ်စားဘုရားကို ဖူးမြော်နေရစဉ်တွင် ဤရတုများကို ဖတ်ရှုခဲ့ရသည်။ ထိုရတု မင်းသမီးအား ရခိုင်တန်ဆောင်ဟူ၍ ဖွဲ့ဆိုထားသည်ကို မင်းသမီးက သဘောကျကာ မင်းသမီးဖူးမြော်နေသော နရတ်စားဘုရားကို ရခိုင်တန်ဆောင်ဘုရားဟူ၍ အမည်ပြောင်းလဲတွင်စေခဲ့သည်။ ထိုအချိန်မှစ၍ နရတ်စားဘုရားကို ယနေ့ထိတိုင် ရခိုင်တန်ဆောင်ဘုရားဟူ၍ တွင်နေကြသည်။ စောနန်းမင်းဖြူ မင်းသမီး၏ အမည်ကိုလည်း ရခိုင်တန်ဆောင်မင်းသမီးဟူ၍ တွင်စေခဲ့လေသည်။ ဤသည်ကား ရှင်တေဇောသာရ၏ သင်သည် ရခိုင်တန်ဆောင်လောဟူသော ရတု ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)
- ↑ ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။
- ↑ ရွှေဟင်္သာမင်းပျို့နိဒါန်း
- ↑ စာဆိုတော်များ အတ္ထုပ္ပတ္တိး
- ↑ မြန်မာစာပေသမိုင်း
- ↑ မြန်မာစာညွန့်ပေါင်းကျမ်း ပထမတွဲ
- ↑ ကဗျာသာရတ္ထသင်္ဂြိုဟ်း
- ↑ ထွန်းသခင်၊ ရခိုင်ဘုရားများသမိုင်း
--ကိုရွက်ဝါ 15:37, 22 အောက်တိုဘာ 2008 (UTC)