တီသံပြာ (ဒေါက်တာ)
ဒေါက်တာ တီသံပြာ (၁၈၂၄ - ၁၉၂၀)သည် ထင်ရှားသည့် ကရင်လူမျိုးတိုင်းရင်းသားခေါင်းဆောင် တစ်ဦး ဖြစ်သည်။သူသည် အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်၊ University of Rochester တွင် ပညာသင်ကြားခဲ့ပြီး၊ အာရှတိုက်ထဲမှ အမေရိကန်မဟာဝိဇ္ဇာဘွဲ့ရ ပထမဦးဆုံးမြန်မာနိုင်ငံသားအဖြစ် မှတ်တမ်းတင်ခံထားရသည်။၎င်းသည် ၁၈၈၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ဒေါကလူကရင်အမျိုးသားအသင်း တည်ထောင်သူလည်း ဖြစ်သည်။[၁]
ငယ်စဉ်ဘဝ
[ပြင်ဆင်ရန်]ဒေါက်တာ တီသံပြာ၏ နာမည်အပြည့်အစုံမှာ (Theodore Tha Bya)ဖြစ်သည်။ အဓိပ္ပာယ်မှာ ဘုရားသခင် ပေးသော သံပြာ ဖြစ်သည်။ ဒေါက်တာ တီသံပြာ ခေါ် စောတီသံပြာကို (၁၈၄၂)ခုနှစ် ပုသိမ်မြို့အပိုင် ကျုံလာရွာတွင် မွေးဖွားသည်။ (၆)နှစ်သားအရွယ်တွင် ဖခင်သေဆုံး၍ မိခင်၏ ကျွေးမွေးစောင့်ရှောက်မူ့ဖြင့် ကြီးပြင်း လာခဲ့ရသည်။ စောတီသံပြာသည် ငယ်စဉ်က မိခင်၏ သွန်သင်မှုကို တသွေမတိမ်းနာခံတတ်သော သားလိမ္မာ တစ်ဦးဖြစ်သည်။ ငယ်စဉ် ကလေးအရွယ် ကပင် ကျွဲကျောင်းပြီး ဝမ်းစာရှာဖွေပြီး မိခင်၏ ဝန်ထုပ်ကို ကူညီ ထမ်းရွက်ခဲ့သည်။ စောတီသံပြာ (၈)နှစ်သားအရွယ်တွင် ကျုံလာရွာကို ဓားပြများ ဝင်ရောက် မီးရှို့သဖြင့် တစ်ရွာလုံးပြာကျခဲ့လေသည်။ ထိုကြောင့် ကျုံလာ ရွာထက် ပိုမိုလုံခြုံသည့် ကျုံတာ ရွာသို့ တစ်ရွာလုံး ပြောင်းရွေ့ နေထိုင်ရလေသည်။ ငယ်စဉ်ကပင် ကြည့်တတ်၊ မှတ်တတ် လေ့လာ စူးစမ်းတတ်ခြင်းနှင့် နားလည် လွယ်ကူတတ်သော မွေးရာပါ ပင်ကို အရည်အချင်းများ ရှိသောကြောင့် ဦးလေးတော်သူ ဦးရွှေငုံက သူ၏ ဆေးပညာ အရိုက်အရာကို ခံယူစေရန် ရည်ရွယ်ခဲ့သည်။ ဦးလေး ဦးရွေငုံက ဆေးမြစ် များကို တူး၍ မှတ်သား စေလေသည်။ စောတီသံပြာ လည်း ဦးလေး ခိုင်းသမျှကို ဂရုတစိုက် ကြိုးစားလုပ်ကိုင်ကာ မှတ်သားစေလေသည်။ စောတီသံပြာ (၁၀)နှစ်သားအရွယ်တွင် ဒုတိယ စစ်ပွဲ ဖြစ်လာသဖြင့် သူတို့သားအမိမှာ ကျုံတာရွာတွင် ဆက်လက်မနေနိုင်တော့ပဲ ပုသိမ်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရလေသည်။
ပညာသင် ဘဝ နှင့် ပုသိမ်
[ပြင်ဆင်ရန်]ပုသိမ်တွင် အမေရိကန်နှစ်ခြင်း သာသနာပြုအဖွဲ့မှ ဖွင့်လှစ်သော သာသနာကြောင်း၌ သူပညာ သင်ကြားခွင့်ရခဲ့သည်။ ထိုသာသနာကျောင်း ကရင်စာကို အဓိက ထားသင်ကြားပြီး ပထဝီ၊ သင်္ချာ စသော ကျောင်းစာများအပြင် တောင်းပလုံးယက်ခြင်း၊ လက်သမားလုပ်ငန်းစသည့် လက်တွေ့အသက်မွေးဝမ်းကျောင်း ပညာများကိုလည်း တွဲဘက် သင်ကြားပေးသည့် ကျောင်းလည်း ဖြစ်လေသည်။ ထိုကျောင်းသည် နောင်တွင် ကိုးဆူ အကယ်ဒမီကျောင်း ဖြစ်လာ လေသည်။ ထိုစဉ်က သူသင်ကြားရသော ကရင်စာများမှာ အမေရိကန် နှစ်ခြင်း သာသနာပြု အဖွဲ့မှ ဒေါက်တာ ဂျော်နသန်ဝိတ် (၁၈၃၀)ခုနှစ်တွင် တီထွင်သောစကောကရင်စာ နှင့် (၁၈၄၀)ခုနှစ်က ဘုန်းတော်ကြီး ဘရေတန် တီထွင်သော ပိုးကရင်စာ တို့ဖြစ်သည်။ ပိုး၊ စကော စာနှစ်မျိုးလုံးမှာ မြန်မာ၊ မွန်ဗျည်းအက္ခရာအပေါ် အခြေခံထားခြင်း ဖြစ်သည်။ အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲအပြီး မွန်နှင့် မြန်မာနယ်များကို အင်္ဂလိပ် စစ်တပ်က သိမ်းပိုက်လိုက်သည့် အခါတွင် မော်လမြိုင်၌ အခြေပြုနေသော အမေရိကန်နှစ်ခြင်း သာသနာပြုအဖွဲ့သည် ရန်ကုန်သို့ ပြောင်းရွေ့ အခြေချ လိုက်တော့သည်။ ထို့နောက် အောက်မြန်မာပြည်ရှိ ပုသိမ်၊ ပြည်၊ ပဲခူးစသော ဒေသများ၌ သာသနာပြုလုပ်ငန်း စတင်ဆောင်ရွက်နေတော့သည်။ သာသနာပြု လုပ်ငန်း များ မှာ သာသနာပြု လုပ်ငန်း သက်သက် မဟုတ်ဘဲ စာပေသင်ကြားမှု နှင့် ဆေးဝါး ကုသမှုများကိုလည်း ပူးတွဲဆောင်ရွက်သဖြင့် ဒေသခံလူမျိုးများမှာ စာပေများ တတ်မြောက်လာကြပြီး သာသနာပြု လုပ်ငန်းအဖို့လည်း ပိုမို၍ အခြေခိုင် မြဲလာခဲ့သည်။ (၁၈၅၄) ခုနှစ်တွင် ပုသိမ်နှင့် ဟင်္သာတသို့ သာသနာပြုမှု စတင်ဆောင်ရွက်ခဲ့သည်။
အမေရိကား သို့
[ပြင်ဆင်ရန်]ဓနုဖြူမြို့တွင် ဘုန်းတော်ကြီး ဒီအယ်လ်ဘရေတန် တည်ထောင်သော သာသနာပြု ကျောင်းဖွင့်ပွဲတွင် စောတီသံပြာတို့ သားအမိ တက်ရောက်ခဲ့ကြသည်။ စောတီသံပြာ တို့ သားအမိ နှင့် ရန်ကုန်မြို့မှ ရောက်ရှိလာသော သာသနာပြုဆရာ မစ္စတာဗင်တန် တို့ ဇနီးမောင်နှံ နှင့် ပထမဦးဆုံး တွေ့ဆုံခဲ့သည်။ သာသနာပြုဆရာ မစ္စတာဗင်တန်တို့ ဇနီးမောင်နှံသည် စောတီသံပြာ ၏ ဖျတ်လတ်မှုကို သဘောကျသည်။ ထို့ကြောင့် ဓနုဖြူမှ အစည်းအဝေးပွဲ ပြီးသည့်အခါ စောတီသံပြာကို ရန်ကုန်သို့ ခေါ်ဆောင်ခဲ့သည်။ ရန်ကုန်မှ တဆင့် အမေရိကန်သို့ ပညာသင် ခေါ်ဆောင် သွားရန်ဖြစ်သည်။ သို့သော် မစ္စတာဗင်တန်သည် သာသနာ လုပ်ငန်းတွင် မနားမနေ လုပ်ဆောင်ရာမှ ပင်ပန်းမှု ဒါဏ်များကြောင့် (၁၈၅၈) ခုနှစ်တွင် ကွယ်လွန် သွားခဲ့ရာ စောတီသံပြာ၏ အမေရိကန်သို့ ပညာသင်သွားရန် အစီအစဉ်မှာ ယာယီရပ်ဆိုင်းသွားခဲ့ရသည်။ ထိုသို့ရှိစဉ် သာသနာပြု ဆရာ မစ္စတာအင်ဂေါင်၏ ဇနီး မစ္စအင်ဂေါင်၏ ကျေးဇူးဖြင့် တီသံပြာအ မေရိကန်သို့သွားရန် အကြောင်းတိုက်ဆိုင်လာပြန်သည်။ မစ္စတာအင်ဂေါင်လ်တို့၏ ဇနီးမောင်နှံမှာ မော်လမြိုင် ရန်ကုန် နှင့်ရခိုင် တို့တွင် အတူတကွ သာသနာပြု ဆောင်ရွက်ခဲ့ သူများဖြစ်သည်။ သာသနာပြုနေစဉ်မှာပင် မစ္စတာအင်ဂေါင်လ် (၁၈၅၆)ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ (၁၈၆၅)ခုနှစ်တွင် မစ္စတာ အင်ဂေါင်လ် ၏ ဇနီး မစ္စက်အင်ဂေါင် အမေရိကန် သို့ ပြန်မည်ဖြစ်ရာ တီသံပြာလည်း လိုက်ပါခွင့်ရခဲ့လေသည်။ ထိုအချိန်တွင် တီသံပြာသည် (၂၃)နှစ် သာရှိသေးသည်။[၂]
ပညာသင်ကြားရေး အခက်အခဲ
[ပြင်ဆင်ရန်]ဖြစ်သည့်နည်းနှင့် အမေရိကန်သို့ လိုက်လာခဲ့ရသဖြင့် ပထမဦးဆုံး ရင်ဆိုင်ရသော အခက်အခဲမှာ စားရေး သောက်ရေးပင် ဖြစ်လေသည်။ ဒုတိယ အခက်အခဲမှာ ပညာ သင်ကြားခွင့် ရရေးပင် ဖြစ်လေသည်။ တီသံပြာ အမေရိကန်သို့ ရောက်ပြီးနောက် ပထမဦးဆုံး နယူးယောက်တွင် အခြေချဖြစ်သည်။ ထို့နောက် ဘော့စတွန်သို့ ရောက်လာသည်။ သူ ပထမ ဦးဆုံး လုပ်ရသော အလုပ်မှာ သတင်းစာရောင်းသော လုပ်ငန်းဖြစ်သည်။ ကျောင်းနေရန် အတွက် သတင်းစာ ရောင်းရင်း ငွေကြေး စုဆောင်းသည်။ ထို့နောက် မီးရထား ကုမ္ပဏီ တခု၌ မီးရထားလမ်း ဖောက်လုပ် သည့် လုပ်ငန်းတွင် မြေတိုင်းစာရေးအဖြစ် အလုပ်ရသည်။ မီးရထားလမ်း ပြီးသောအခါ ဇလီဖားတုံးများကို ဦးချိုဖြင့် ကော်သွားတတ်သော ကျွဲရိုင်းများကို ပစ်ခတ် ရသော အလုပ် ရပြန်သည်။
ပထမဆုံး မဟာဝိဇ္ဇာဘွဲ့
[ပြင်ဆင်ရန်]ဤနည်းဖြင့် စောတီသံပြာ မိမိ ကျောင်းစရိတ် ကို မိမိရှာကာ ပညာသင်ကြားခဲ့ရာမှ မန်ချက်စတာ တက္ကသိုလ်၌ တက်ရောက်နိုင်ခဲ့လေသည်။ [၃] အလုပ် လုပ်ရင်းမှ ပညာကို ဆက်လက် သင်ကြားခဲ့ရာ (၆)နှစ်အကြာ (၁၈၇၁)ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကိုဆွတ်ခူး ရရှိခဲ့သည်။ နောက်ထပ်နှစ် နှစ်ဆက်လက်သင်ကြားခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့ကို ဆက်လက် ရရှိပြန်သည်။ ထိုခေတ် က အမေရိကန်လို နိုင်ငံမျိုးတွင် မြန်မာ နိုင်ငံသားများ အနက် ပထမဆုံး မဟာဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးရရှိသူမှာလည်း သူပဲဖြစ်သည်။ အရပ်အမောင်း ၆ပေလောက်ရှိသည်။ မျက်နှာမှာ (၄)ထောင့် ပုံသဏ္ဌာန် ရှိသည်။ အလွန် တည်ကြည် ခန့်ညားသည်။ ဘွဲ့ရပြီးသောအခါ သူ့အား အလုပ်ခန့်ရန် လိုသူများ အများအပြားရှိသော်လည်း မိမိအမျိုးသားကို ပြန်လည်အလုပ်အကျွေးပြုရန် ဆုံးဖြတ်ချက်ချထားသော တီသံပြာသည် မည်သည့် နိုင်ငံသား၏ အလုပ်ကိုမှ လက်ခံခြင်း မပြုခဲ့တော့ ဘာသာရေး ဆိုင်ရာ စာပေများကို လေ့လာဆည်းပူးခဲ့သည်။
မြန်မာပြည် ပြန်ရောက်ခြင်း
[ပြင်ဆင်ရန်]အမေရိကန် ပြည်ထောင်စု မှ မဟာဝိဇ္ဇာဘွဲ့ ဖြင့် ပြန်လာသူဖြစ်၍ ထိုစဉ်က ဗြတိသျှ အုပ်ချုပ်ရေး ယန္တရားက ဌာနဆိုင်ရာ ရာထူးဖြင့် ဆွဲဆောင်ခဲ့သော်လည်း သူသည် အလုံရပ် ပဲခူး ကရင်ကျောင်း ၏ ကျောင်းဆရာ အဖြစ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ နှစ်ခြင်း အသင်းတော်ကြီး၏ အကျိုးဆောင် အတွင်းရေးမူး အဖြစ်သာ အမှုတော်ကိုထမ်းခဲ့သည်။ ပြန်ရောက်ပြီးနောက် ဦးစွာပထမ ပဲခူးကရင် အထက်တန်းကျောင်း ယခု အထက (၁)အလုံတွင် ကျောင်းဆရာ ဝင်လုပ်သည်။ ထို့နောက် မိမိအမျိုးသား အတွက် စာအုပ်များကို ပြုစုရေးသားခဲ့ရာ စုစုပေါင်း (၂၅)အုပ် ပြုစုနိုင်ခဲ့သည်။ ဤသို့ မိမိ အမျိုးသားများ အတွက် ပြန်လည် အကျိုးပြုနိုင်ခဲ့သော အကျိုးထူးကြီးမှာ သူ့အား ပညာရေး လမ်းကြောင်းပေါ်သို့ ပထမဆုံး တက်ပို့ပေးခဲ့သော သာသနာပြုဆရာ ဗင်တန်၏ ကျေးဇူးကြောင့်သာ ဖြစ်ကြောင်း တီသံပြာ မမေ့ခဲ့ချေ။ ထိုကြောင့် ကျေးဇူးရှင်အတွက် သူ ကိုယ်တိုင် ဦးဆောင်ပြီး ဗင်တန် ခန်းမဆောင်ကို ဆောက်လုပ်ခဲ့လေသည်။ သူသည် တဘက်တွင် ကျောင်းဆရာဖြစ်၍ တဘက်တွင် သာသနာအကျိုးဆောင်တစ်ဦး ဖြစ်သည်။
ဒေါက်တာဖြစ်ပြီ
[ပြင်ဆင်ရန်]ယင်းသို့ ကျောင်းအုပ်အဖြစ်အမှု့ထမ်းရင်း တဘက်မှာလည်း ခရစ်ယာန်အကျိုးကို လုပ်ဆောင်နေစဉ် ဆရာကြီးသည် ခရစ်ယာန်ဘာသာစာပေကို ပြုစုခဲ့သည်။ ခရစ်ယာန် သာသနာ ပြန့်ပွားရေး နှင့် စာပေပို့ချမှု လုပ်ငန်းများကို လုပ်ဆောင်ခဲ့သော တီသံပြာ အား ဂိုချက်စလား တက္ကသိုလ်မှ ဘာသာတရား နှင့် ဆိုင်သော ဂုဏ်ထူးပါရဂူ (D-D)ဘွဲ့ကို ထပ်မံချီးမြင့်ခဲ့လေသည်။ သူသည် ခရစ်ယာန်ဘာသာ စာပေပြုစုမှု အတွက် ခရစ်ယာန် စာပေ ဒေါက်တာဘွဲ့ ကို ဆွတ်ခူးရရှိသည် ဆရာကြီး၏ ဘွဲ့အပြည့်အစုံမှာ (MADD) ဖြစ်သည်။
ဒေါကလူ ဖွဲ့စည်းခြင်း
[ပြင်ဆင်ရန်]ဒေါက်တာ တီသံပြာ သည် ပညာရေးနှင့် ခရစ်ယာန်ဘာသာရေးအကျိုးကို ထမ်းဆောင်နေရာမှာ အမျိုးသားရေး ကိုလည်းမမေ့မလျှော့ (၁၈၈၁)ခုနှစ်၌ သူ ဦးဆောင်ဦးရွက် ပြုလျှက် ဒေါကလူ ခေါ် ကရင်အမျိုးသား အစည်းအရုံး ကို ပထမဆုံး တည်ထောင်ခဲ့သူဖြစ်သည်။ ဒေါကလု ဟူသည့် ကရင်ဘာသာ၏ စကားအသံထွက်မှာ တစ်ပေါင်း တစ်စည်းတည်း တစ်ညီတစ်ညွတ်တည်း ဟူ၍ ဖြစ်သည်။ ကရင့်အမျိုးသား အစည်းအရုံး ၏ အတိုကောက် အခေါ်မှာ ကေအဲန်အေ ဖြစ်သည်။ ကေအဲန်အေကို ကရင်လူမျိုးတို့က ဒေါကလု ဟုခေါ်သည်။ ကေအဲန်အေ ကို (၁၈၈၁)ခုနှစ်တွင် ဖွဲစည်းခဲ့သည်။ ပထမဆုံး ဥက္ကဋ္ဌမှာ ဒေါက်တာ တီသံပြာဖြစ်သည်။ ယင်းဒေါကလု ကရင် အမျိုးသား အစည်းအရုံးသည် အိန္ဒိယပြည် ကွန်ဂရက် ဖွဲ့စည်းခြင်း ထက်ပင် (၂)နှစ်စောသည်။[၄] အိန္ဒိယပြည် အမျိုးသား ကွန်ဂရက် ကို (၁၈၈၃)ခုနှစ်တွင် ဖွဲ့စည်းထားသည်။
ဆောင်ရွက်ချက်များ နှင့် ရေးသားခဲ့သည့်စာအုပ်များ
[ပြင်ဆင်ရန်]၁၈၇၅ခုမှ ၁၈၈၁ခုထိရန်ကုန်တွင်သင်းအုပ်ဆရာ အဖြစ်လည်ကောင်း၊ ၁၈၈၅ခုတွင်မြူနီစီပယ်မင်းကြီးအဖြစ်လည်ကောင်း ၊အမေရိကန်သာသနာပြုနှစ်ခြင်းအဖွဲ့တွင်၁၈၇၅ခုမှ ၁၈၉၆ခုထိဆရာအဖြစ်လည်ကောင်း ၊ ရန်ကုန်တွင်ခိုကိုးရာမဲ့ကရင်များစောင့်ရှောက်ရေးအဖွဲ့တွင် ၁၈၉၁ခု မှ ၁၉၂ဝထိလည်ကောင်း၊ ကရင်အမျိုးသားအဖွဲ့(National Karen Association)တွင် ၁၈၈၁ခု မှ ၁၉၀၃ထိလည်ကောင်းတာဝန် ထမ်းဆောင်ခဲ့သည်။ ထို့ပြင်စာအုပ်ပေါင်းများစွာကိုလည်းအင်္ဂလိပ်ဘာသာသိုလည်ကောင်း ကရင်ဘာသာဖြစ်လည်းကောင်း ရေးသားခဲ့သည်။ ထင်ရှားသည့်စာအုပ်များမှာ Sormons in Karen; A Karen Arithmetic; A Kern Mensuration of Plane Surfaces With Land Surveying; Karen Customs Ceremonies and Poetry; The Karens; Their Persecutions and Hardsips, 1824-1854; The Karens and Their Progress 1854-1914; Karen Folk-lore Tales နှင့် ရော်ဘင်ဆင်ကရူဆိုးစာအုပ် ကရင်ဘာသာတို့မှာထင်ရှားခဲ့သည်။ ရိုချက်စတာတက္ကသိုလ်က၁၉၁၈ခုနှစ်တွင်ဘာသာရေး ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကိုချီးမြင့်ခဲ့သည်။
ကွယ်လွန်ခြင်း
[ပြင်ဆင်ရန်]၁၉၂၀ ခုနှစ်အောက်တိုဘာ၂၉ရက်နေ့တွင် ဒေါက်တာတီသံပြာ သည်ကွယ်လွန်သွားခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဒေါကလူ ကရင်အမျိုးသားအသင်းစတင်တည်ထောင်သူ ဒေါက်တာသီသံပြာမျက်နှာဖုံးပါ ကရင့်ကြေးမုံ မဂ္ဂဇင်းထွက်ရှိ။ ကရင်သတင်းစဉ်(Karen Affairs) (ဇန်နဝါရီ ၂၀၁၈)။ ၂၈ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ‘The Pilgrim’။ University of Rochester (September–October 2012 Vol. 75, No. 1)။ 28 Oct 2025 တွင် ပြန်စစ်ပြီး။
- ↑ The Pilgrim။ Alumin Gazette (28 Oct 2025)။
- ↑ လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း။ The Irrawaddy (၁၀ စက်တင်ဘာ ၂၀၂၃)။ ၂၈ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။