တိုရိုရို
တိုရိုရိုထည့်ထားသည့် ဆိုဘခေါက်ဆွဲ | |
| အမျိုးအစား | Side dish, food staple |
|---|---|
| မူရင်းနိုင်ငံ | Japan |
| ဆက်နွယ်သောအမျိုးသားအစားအစာ | Japanese cuisine |
| သုံးဆောင် အပူချိန် | Cold |
| အဓိက ပါဝင်ပစ္စည်း | Yamaimo or nagaimo, water |
တိုရိုရို (とろろ)သည် ဂျပန်လူမျိုးတို့၏ စေးပျစ်သည့် အစားအစာတစ်ခု ဖြစ်သည်။ yam ဟုခေါ်သည့် ပိန်းဥတစ်မျိုးကို ခြစ်ကာ ပြုလုပ်သည်။ တိုရိုရိုကို ဒရှိ၊ ဝဆဘိ စသည်တို့နှင့် ရောနှောကြသည်။ လိုချင်သည့် အရသာအပေါ်မူတည်၍ တိုရိုရိုပမာဏကို အနည်းအများ ထည့်သွင်းကြသည်။ ဂျပန်နိုင်ငံတွင် တိုရိုရိုကို အရံဟင်းအနေဖြင့်လည်းကောင်း၊ အုဒွန်းနှင့် ဆိုဘကဲ့သို့သော ခေါက်ဆွဲများတွင်ထည့်၍လည်းကောင်း စားသုံးကြသည်။ တိုရိုရိုတွင် ဗီတာမင် B1, ဗီတာမင်စီ၊ ပိုတက်စီယမ်၊ အခြားဗီတာမင်များနှင့် သတ္တုဓာတ်များပါဝင်သည်။
အမည်နာမ
[ပြင်ဆင်ရန်]တိုရိုရိုဟူသည့် စကားလုံးသည် ဂျပန်ဘာသာစကားတွင် "စေးပျစ်သည်" ဟု အဓိပ္ပါယ်ကို ဖော်ပြသည့် စကားလုံး "တိုရိုတိုရို" (トロトロ or とろとろ) မှ ဖြစ်ပေါ်လာသည်။
ထုတ်လုပ်မှု
[ပြင်ဆင်ရန်]တိုရိုရိုကို ထုတ်လုပ်ရာတွင် ပိန်းဥအမျိုးအစားနှစ်ခုဖြစ်သည့် ယမအိမို (Dioscorea japonica) နှင့် နဂအိမို (Dioscorea polystachya) ကို အသုံးပြုကြသည်။
တိုရိုရိုကို ပြုလုပ်ရာတွင် ခေတ်မီစက်ပစ္စည်းကို သုံးကာ ခြစ်ထုတ်ကြသည်။ ထိုသို့မခြစ်ထုတ်မီ ပိန်းဥ၏ အမြစ်နှင့် အခွံများကို ဖယ်ရှားသည်။ ထို့နောက်တွင် ပိန်းဥကို ခြစ်ကာ တိုရိုရိုကို ပြုလုပ်ရသည်။
သမားရိုးကျနည်းလမ်းအနေဖြင့် ဆုရိုဘချိဟုခေါ်သည့် ဆုံအကြီးများထဲတွင်ထည့်မွှေကာ ပြလုပ်ကြသည်။ လက်ရှိအချိန်တွင်မူ နည်းပညာအကူအညီဖြင့် တိုရိုရိုကို အချိန်တိုအတွင်း ပိုမိုမြန်ဆန်စွာ ပြုလုပ်နိုင်ပြီ ဖြစ်သည်။
အာဟာရဓာတ်ပါဝင်မှု
[ပြင်ဆင်ရန်]တိုရိုရိုတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်သည်။ ဥပမာအနေဖြင့် ဗီတာင်မင် B1, ဗီတာမင်စီ၊ ကယ်လစီယမ်နှင့် ပိုတက်စီယမ်တို့ ဖြစ်ကြသည်။ ထို့အပြင် ပိုတက်စီယမ်၊ ဇင့်နှင့် သံဓာတ်များလည်း အနည်းငယ်စီပါဝင်ကြသည်။
ဆေးဝါးဆိုင်ရာအာဟာရဂျာနယ်ဖြစ်သည့် အာရှပစိဖိတ်၏ လေ့လာမှုအရ တိုရိုရိုစားသုံးမှုသည် သွေးအတွင်းသကြားဓာတ်နှင့် အင်ဆူလင်ပမာဏကို နည်းပါးစေသည်။
အစားအသောက်များတွင် အသုံးပြုမှု
[ပြင်ဆင်ရန်]တိုရိုရိုကို အအေးခံကာ တစ်ခုတည်း စားသုံးနိုင်သည်။ ထို့အပြင် အခြားသောဟင်းလျာများတွင် ထည့်ကာ စားသုံးကြသည်လည်း ရှိသည်။ တိုရိုရိုသည် အနံ့အရသာ မရှိသည့်အတွက် အခြားသော ဝဆဘိ၊ ဒရှိ၊ မိဆိုနှင့် ကြက်သွန်မြိတ်များထည့်ကာ အရသာစပ်၍ စားသုံးကြသည်။
အုဒွန်း၊ နက်တိုးနှင့် ငါးများနှင့်အတူ တိုရိုရိုကို ထည့်ကာ စားသုံးကြသည်လည်း ရှိသည်။ တူနာငါးနှင့်အတူ တိုရိုရိုကို စားသုံးပါက ၎င်းဟင်းလျာကို "ယမခခဲ" ဟု ခေါ်သည်။ ထို့အပြင် ဆိုဘတွင် တိုရိုရိုကို ထည့်ကာစားသုံးသည့်နည်းလမ်းကိုလည်း "ယမခခဲ" ဟု ခေါ်ကြသေးသည်။
တိုရိုရိုကို ထမင်းအပေါ်တွင် ပုံကာ စားသည့်နည်းလမ်းကိုလည်း "မုဂိတိုရို ဂေါ့ဟန်" ဟု ခေါ်သည်။