တိုင်းရွှေဝမှ မှိုင်းမပါ

ဝီကီပီးဒီးယား မှ

တိုင်းရွှေဝမှ မှိုင်းမပါ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

တိုင်းရွှေဝမှ မှိုင်းမပါ[ပြင်ဆင်ရန်]

ဒေသနာ ရွှေစာကျမ်းတို့၊ ကျေကျွမ်းစွာလွန်အောင်သင်လို့။ ရဟန်းရှင်မန်းခွင်နဂရ၊ သင်္ဃရာဇာဟု၊ သာသနာဘာသာတင်ကြ၊ ဓမ္မာသခင်ဘုရင်ဘုန်းရယ်က ခွင်လုံးပိုင် နိုင်ငံဝက်ပ၊ ရန်လက်ျာသာ ရွှေဝတွင်မှ၊ တေဇဂုဏ်အာဏာ စူးစေဘို့၊ အထူးပင် မေတ္တာပြုပေတဲ့၊ ဦးကေတု မထေရ်ကျော်။

ကိုယ့်ကျေးရွာ ကိုယ့်ဒေသမို့၊ စေတနံ၊ ဝေဖန်မျှော်လို့၊ ရေကန်တော်ဖန်ဆော်အုံးမည်ဟု၊ ကျော်သုံးထောင် လေးထောင် အဖိုးနှင့်၊ မျှောင်ရိုးမြေရေကျကောင်းတဲ့၊ ခိုးကျောင်းရွာ နောက်မြောက်စွန်းတွင်မှ၊ ချောက်ကမ်းကို ဆယ်စေအုံးရလျှင်၊ နယ်လုံးကုန်၊ မှီခိုသင့်လောက်ကဲ့၊ ဘုန်းခင့်မိန့်တော်။

စီရဿံ၊ ရှည်အကြာဘို့၊ ဂရန်စာ၊ မြန်စွာရတဲ့အောင်၊ ပန်သကာရွာသူကြီးမှာဖြင့်၊ ခရီးစဉ် အပုံကွာတဲ့၊ မုံရွာခရိုင် ခုန်ကာသွားလို့၊ လေးငါးခုနှစ်ခေါက်ထိ၊ သနားပါ အားနာဘို့၊ လျှောက်ခါမှ၊ ဝန်ထောက်တော် ကိုယ်တိုင်ရှုလို့၊ သင့်လျော်ပြီ ခွင့်တော်ပြုပြန်တော့၊ ယွင်းအမှုပျက်ချော်ချော်၊ ခက်တရော်ကြုံတောင်း။

ပဌမရယ်က၊ အစအသေအချာပ၊ ပရမှာ သွေလှန်လို့၊ စေတနံ ရေကန်မစူးချည်ထင့်၊ တာကူးကုန်၊ ကဆုန်ကျချည်ပေါ့၊ ရွှေဝပျော် ဆရာတော် ဘုရားငဲ့ကို မျှော်စားကာ ကိုးကွယ်အုံးရက်ကမို့၊ နယ်လုံးကုန်၊ ကျုံလို့ ရိချည်ပေါ့၊ ဘုန်းကြီးအပူလူမှာ ကပ်လေသို့၊ ဂရန်စာ ပြန်ကာအပ်ရင်ဖြင့်၊ ကန်နေရာ ဒဏ်ငွေတပ်လိမ့်မထင့်၊ ကျေနပ်အောင်ကိုယ်တိုင်လာလို့၊ ကန်ဆယ်ကာ ကန်ကယ်မရင်ဖြင့်၊ ကွယ်ပကာပြစ်ဒဏ်ကင်းလောက်ထဲ့၊ ကန်သင်းကို ဆယ်လှာလိမ့်မည်ဟု၊ မင်းမိန့်ခံ ရွာသူကြီးမှာ၊ ခရီးတွေအလွန် ပန်းသည့်ပြင်၊ ဝန်ထမ်းကာ စိတ်မှာလေးလှချည့်၊ စာရေးကာ လျှောက်လွှာထိုးရတော့၊ ကြာမျိုးစုံ ထွေထွေထပ်ပါတဲ့၊ ငွေဆဒ္ဒန်အိုင်တမျှကဲ့သို့၊ ငသိုင်းတွေဗျိုင်းတွေဗကငယ်နှင့်၊ မှိုင်းငေဝေ လှိုင်းရေထထဲ့အောင်၊ ဂိုဏ်းဝေပုံ တိုင်းရွှေဝရယ်က၊ မှိုင်းမပါကြောင်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။