တိုင်းပြည်ပြုလွှတ်‌တော်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

တိုင်းပြည်ပြုလွှတ်‌တော်ဆိုသည်မှာ တိုင်းပြည်တစ်ခုအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေတစ်ရပ်ကို ‌ရေးဆွဲ‌စေရန်၊ ပြည်သူတို့က ‌ရွေး‌ကောက်တင်‌မြှောက်၍ အခွင့်အာဏာလွှဲအပ်ခြင်း ခံရသည့် ကိုယ်စားလှယ်‌တော်များပါဝင်‌သော လွှတ်‌တော်ကို ဆိုလိုသည်။

၁၇၈၇ ခုနှစ်မှ ၁၇၉၁ ခုနှစ်အထိ ကျင်းပခဲ့‌သော ပြင်သစ် အမျိုးသား ကိုယ်စားလှယ်ညီလာခံသဘင်ကြီးကို ပထမဆုံး အကြိမ် တိုင်းပြည်ပြုလွှတ်‌တော်ဟူ၍ ‌ခေါ်‌ဝေါ်ခဲ့‌လေသည်။ ယင်းသို့ ‌ခေါ်‌ဝေါ်ခဲ့သည်မှာလည်း ၁၇၉၁ ခုနှစ် ဥပ‌ဒေပြု လွှတ်‌တော်နှင့် ကွဲပြားခြားနား‌စေရန်အတွက်ဖြစ်၏။ ထိုညီလာခံ သဘင်ကြီးက ၁၇၉၁ ခုနှစ်တွင်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံ ဥပ‌ဒေတစ်ရပ်ကို ‌ရေးဆွဲခဲ့‌လေသည်။ ပထမကမ္ဘာစစ်ကြီးအပြီး၌ ဥ‌ရောပနိုင်ငံ အများအပြားတွင်၎င်း၊ ဒုတိယကမ္ဘာစစ်ကြီးအပြီး၌ ဥ‌ရောပနှင့် အာရှနိုင်ငံ အများအပြားတွင်၎င်း တိုင်းပြည်ပြု လွှတ်‌တော်များကိုဆင့်‌ခေါ် အစည်းအ‌ဝေးများကျင်းပခဲ့ကြ ‌လေသည်။

မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ် ဇန္နဝါရီလ ၂၇ ရက်‌နေ့၌ ချုပ်ဆိုလက်မှတ်‌ရေးထိုးခဲ့သည့် ‌အောင်ဆန်းအက်တလီစာချုပ် အရ တိုင်းသူပြည်သားများသည် မိမိတို့၏ ကံကြမ္မာကို မိမိတို့ ဖန်တီးနိုင်ရန်အတွက် တိုင်းပြည် ပြုလွှတ်‌တော်တစ်ရပ်ကို ဖွဲ့စည်းရမည်ဖြစ်သည့်အတိုင်း ထိုနှစ်ဧပြီလတွင် တိုင်းပြည်ပြု လွှတ်‌တော်‌ရွေး‌ကောက်ပွဲများ ကျင်းပရန် စီစဉ်ခဲ့‌လေသည်။

တိုင်းပြည်ပြုလွှတ်‌တော်သို့ အရွယ်‌ရောက်သူတိုင်း မဲ‌ပေးနိုင် သည့်စံနစ်ဖြင့် မြန်မာနိုင်ငံသားများကိုသာ ‌ရွေး‌ကောက်တင် ‌မြှောက်ရမည်ဖြစ်ရာ ပြည်မအတွက် ကိုယ်စားလှယ်များကို ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ‌တော် အက်ဥပ‌ဒေအရ ပြဋ္ဌာန်းထား သည့် မဲဆန္ဒနယ်များအတိုင်း တစ်နယ်လျှင် နှစ်ဦးကျစီ ‌ရွေး ‌ကောက်တင်‌မြှောက်ရန် သတ်မှတ်‌ပေးခဲ့၍၊ ကိုယ်စားလှယ်‌တော် ဦး‌ရေမှာ ကရင်လူမျိုးများအတွက် ၂၄ ဦး နှင့် အဂင်္လိပ်မြန်မာ ကပြားများအတွက် ၄ ဦးအပါအဝင် ၂၁၀ ဖြစ်၏။ နယ်စပ် ‌ဒေသများအတွက် ၄၅ ဦး သတ်မှတ်‌ပေးခဲ့ရာ ရှမ်းပြည်အတွက် ၂၆ ဦး၊ ကချင်‌တောင်တန်း‌ဒေသအတွက် ၇ ဦး၊ ချင်း ၈ ဦး၊ ကရင်နီ ၂ ဦးနှင့် သံလွင်ခရိုင်အတွက် ၂ ဦးဖြစ်‌လေသည်။

၁၉၄၇ ခုနှစ် ဧပြီလ ၂၇ ရက်‌နေ့တွင် တိုင်းပြည်ပြု လွှတ်‌တော်‌ရွေး‌ကောက်ပွဲများကို ကျင်းပခဲ့၏။ သို့‌သော် တိုင်း ပြည်ပြုလွှတ်‌တော်ညီလာခံ မကျင်းပမီ ပဏာမအ‌နေဖြင့် ဖဆပလ အဖွဲ့ကြီးသည် ‌မေလအတွင်းဝယ် ရန်ကုန်မြို့ ဂျူဗလီ ‌ဟော၌ ပြည်လုံးကျွတ် ညီလာခံသဘင်ကြီးတစ်ရပ်ကို ဖိတ်‌ခေါ် ကျင်းပခဲ့‌လေသည်။ ထိုညီလာခံသဘင်ကြီး၌ အချက် ၁၄ ချက် ပါဝင်‌သော အဆိုတစ်ရပ်ကို ‌မေလ ၂၃ ရက်‌နေ့တွင် ပြဋ္ဌာန်း အတည်ပြုခဲ့ရာ ယင်းမှာ တိုင်းပြည်ပြုလွှတ်‌တော်က ‌ရေးဆွဲ အတည်ပြုရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံ ဥပ‌ဒေသစ်အတွက် အ‌ခြေခံပင် ဖြစ်‌လေသည်။

တိုင်းပြည်ပြုလွှတ်‌တော် ပထမညီလာခံကို ၁၉၄၇ ခုနှစ် ဇွန်လ ၉ ရက်‌နေ့တွင် စတင်ကျင်းပခဲ့၏။ ဇွန်လ ၁၁ ရက် ‌နေ့တွင် သခင်နုအား လွှတ်‌တော်ဥက္ကဋ္ဌအဖြစ် ‌ရွေး‌ကောက်တင် ‌မြှောက်ခဲ့ကြ၍၊ ဇွန်လ ၁၆ ရက်‌နေ့ ဗိုလ်ချုပ်ဦး‌အောင်ဆန်း သည် တိုင်းပြည်ပြုလွှတ်‌တော်က ‌ရေးဆွဲရမည်ဖြစ်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေအတွက် အ‌ခြေပြုရမည့် အချက် ကြီး ၇ ချက်ပါဝင်‌သော ရည်ညွှန်းပြဋ္ဌာန်းချက် အဆိုတစ်ရပ်ကို တင်သွင်းခဲ့‌လေသည်။ ဇွန်လ ၁၈ ရက်‌နေ့တွင် အဖွဲ့ဝင် ၇၅ ဦးပါဝင်‌သော ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေကြမ်း ‌ကော်မတီ ကြီးနှင့် ဆပ်‌ကော်မတီများကို ဖွဲ့စည်းခဲ့သည်။ ထို‌နောက်တွင် တိုင်းပြည်ပြုလွှတ်‌တော် ပထမညီလာခံကို ရုပ်သိမ်းလိုက် ‌လေသည်။

ထိုအ‌တောအတွင်း ဇူလိုင်လ ၁၉ ရက်‌နေ့တွင် ဗိုလ်ချုပ် ‌အောင်ဆန်းနှင့်တကွ အ‌ပေါင်းအပါဝန်ကြီးများ လုပ်ကြံသတ် ဖြတ်ခြင်းခံရသဖြင့် တိုင်းပြည်အုပ်ချုပ်‌ရေးတာဝန်ကို သခင်နုက ‌ခေါင်း‌ဆောင်ခံယူလိုက်ရလေသည်။ သို့ဖြစ်၍ တိုင်းပြည်ပြု လွှတ်‌တော် ဒုတိယညီလာခံကို ဇူလိုင်လ ၂၉ ရက်‌နေ့ တွင် စတင်ကျင်းပခဲ့‌သောအခါ၊ လစ်လပ်လျက်ရှိ‌သော လွှတ် ‌တော်ဥက္ကဋ္ဌကြီး‌နေရာတွင် ‌ညောင်‌ရွှေ‌စော်ဘွားကြီး ‌စော‌ရွှေသိုက် အား ‌ရွေး‌ကောက်တင်‌မြှောက်လိုက်ကြ‌လေသည်။ ထိုဒုတိယ ညီလာခံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေကြမ်း‌ကော်မတီ က ‌ရေးဆွဲခဲ့‌သော အ‌ခြေခံဥပ‌ဒေကြမ်းကို တင်ပြကာ ဂရု တစိုက် ‌ဆွေး‌နွေးစဉ်းစားကြပြီး အ‌ခြေခံမူများကို လက်ခံလိုက် ကြ‌လေသည်။

ထို‌နောက် တတိယညီလာခံတွင် အပြီးသတ် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေတစ်ရပ်ကို ‌ရေးဆွဲတင်ပြရန် ဟူ‌သော ရည်ညွှန်းချက်များနှင့်တကွ အ‌ခြေခံဥပ‌ဒေကြမ်း အ‌ချော‌ရေးဆွဲ‌ရေး ‌ကော်မတီတစ်ရပ်သို့ အ‌ခြေခံဥပ‌ဒေကြမ်းကို လွှဲအပ်လိုက်ပြန်‌လေသည်။

တိုင်းပြည်ပြုလွှတ်‌တော် တတိယညီလာခံကို ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်‌နေ့တွင် စတင်ကျင်းပခဲ့၏။ ထိုညီလာ ခံတွင် ကရင်နီကိုယ်စားလှယ်‌တော်များ ပထမဆုံးအကြိမ် တက် ‌ရောက်ခဲ့ကြ‌လေသည်။ အ‌ခြေခံဥပ‌ဒေကြမ်း အ‌ချော‌ရေးဆွဲ‌ရေး ‌ကော်မတီက တင်ပြသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေကြမ်း ကို လည်း စက်တင်ဘာလ ၂၄ ရက်‌နေ့တွင် တညီတညွတ် တည်း အတည်ပြုလိုက်ကြ‌လေသည်။ ထိုပြင် ထိုညီလာခံ မရုပ်သိမ်းမီ၊ ‌ညောင်‌ရွှေ‌စော်ဘွားကြီး ‌စော‌ရွှေသိုက်အား နိုင်ငံ ‌တော် ယာယီသမ္မတအဖြစ်၎င်း၊ သခင်နုအား ပြည်‌ထောင်စု ယာယီအစိုးရ ဝန်ကြီးချုပ်အဖြစ်၎င်း၊ ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ ကြ‌လေသည်။ ယင်းသို့ဖြင့် ၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၄ ရက် ‌နေ့တွင် အချုပ်အချာအာဏာပိုင် သမ္မတနိုင်ငံဖြစ်‌သော ‘ပြည်‌ထောင်စု မြန်မာနိုင်ငံ’ဖြစ်ထွန်း ‌ပေါ်‌ပေါက်လာခဲ့‌လေသည်။

တိုင်းပြည်ပြုလွှတ်‌တော်သည် ဖွဲ့စည်း အုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေ ပုဒ်မ ၂၃၁ အရ၊ ပါလီမန်လွှတ်‌တော် နည်းလမ်းကျနစွာ ဖွဲ့စည်းတည်‌ထောင် ပြီးသည်အထိ၊ ယာယီပါလီမန်အဖြစ် ဆက်လက်တည်မြဲကာ တာဝန်ဝတ္တရားများကို ဆက်လက် ထမ်း‌ဆောင်သွား‌လေသည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ ၅