တိရစ္ဆာန်စရိုက်

ဝီကီပီးဒီးယား မှ

တိရစ္ဆာန်တို့၏ စရိုက်ကို ဆင်ခြင်ကြည့်သော်၊ တိရစ္ဆာန် တို့သည် လူတို့ပြုမူကျင့်ကြံကြသကဲ့သို့ ပြုမူကျင့်ကြံကြလေ သလောဟူ၍ တွေးထင်စရာအကြောင်းများကို တွေ့ရ၏။ တိရစ္ဆာန်တို့သည် နောင်ရေးကို မြော်တတ်သည့် လက္ခဏာရှိ သည်။ ယင်းတို့အဖို့ သက်သာရာ သက်သာကြောင်းကို ရှာ တတ်ကြသည်။ သတိရှိကြသည်။ အစုအဝေးနှင့်နေလျှင် အင် အားရှိသည်ကို သိကြသည်။ မိုးဥတုအတွက်အစာကို သိုလှောင် ထားတတ်ကြသည်။ အချိန်မလင့်မီ အပျက်ကို ပြုပြင်တတ်ကြ သည်။ အရာခပ်သိမ်းသည် ကာလံဒေသံအလိုက် ဖြစ်ပျက်တတ် သည့် သဘောကိုလည်း နားလည်ကြဟန်တူသည်။

အရိုးဆုံး တိရစ္ဆာန်ဖြစ်သည့် ပင့်ကူကိုကြည့်ပါ။ ပင့်ကူ သည် အင်ဂျင်နီယာကဲ့သို့ ပင့်ကူအိမ်ကို ဖွဲ့တတ်သည်။ သွား ရန်လမ်းကို တစ်မျိုးလုပ်၍၊ ပိုးကောင်ဖမ်းရန် ထောင်ချောက် နေရာကို တစ်မျိုးလုပ်တတ်သည်။ ပရွက်ဆိတ်ကို ကြည့်ပါဦး။ ပရွက်ဆိတ်တို့သည် နှင်းဆီပင်ကိုစားသည့် ပျကောင်များကို ဖမ်းဆီးကြသည်။ ထိုပျကောင်များကို မွေးမြူထားပြီးလျှင်၊ ယင်းတို့မှရသော နို့ရေကို မှီဝဲကြသည်။ ပျဥများကို မျိုးပွား အောင် ကာကွယ်ပေးကြသည်။ ပျကောင်ကလေးများပေါက်လာ သောအခါ၊ ထိုပျကောင်ကလေးများကို အစာရှိရာသို့ခေါ်ဆောင် သွားကြသည်။ အစာဝကြသောအခါ ပြန်ခေါ်လာ၍ထိန်းကျောင်း ထားကြပြန်သည်။

လူတို့၌ တာတမံဖို့သော ဓလေ့မပေါ်ပေါက်သေးမီ ရှေး ပဝေဏီကပင် ဗီဗာဖျံတို့သည် တာတမံဆောက် လုပ်ခဲ့ကြသည်။ ဗီဗာဖျံတို့သည် ချောင်းများကိုဖြတ်၍ တမံဆည်ကာ ရေတံခါး ငယ်များကိုပြုလုပ်ခဲ့ကြသည်။ ထိုတမံ၌ ခိုအောင်းနေထိုင်ရန် အိမ်ကိုလည်းကောင်း၊ ဆောင်းဥတုအတွင်း အစာများသိုလှောင်ရန်ကျီကို လည်းကာင်းဆောက်လုပ်ထားကြသည်။ ရေခဲသောအခါ အစာယူသွင်း နိုင်ရန် ရေတံခါးပေါက်ကိုလည်း ဖောက်လုပ်ထားကြသည်။

ပျားတို့သည် အံ့ဖွယ်ကောင်းလောက်အောင် စည်းရုံးမှုရှိကြ သည်။ လုံ့လကြီးစွာနှင့် အသိုက်အအုံ တည်ဆောက်ကြ၏။ အစာသိုလှောင်ကြ၏။ စည်းကမ်းကို လိုက်နာကြ၍၊ စည်းကမ်း ပျက်သူများအား အပြစ်ဒဏ်ပေးကြ၏။ အသိုက်အအုံကို ချစ်ခင် သော စိတ်သည် လူတို့မျှော်မှန်း၍ မရနိုင်လောက်အောင်ပင် ပျားတို့၌ ရှိလေသည်။

ဤအံ့ဩဖွယ် တိရစ္ဆာန်စရိုက်ကို ဇာတိစိတ်ဟုခေါ်သည်။ ခွေးသည် တော၌ လမ်းပျောက်သောအခါ၊ ဇာတိစိတ်ကိုသုံး လျက်၊ ခရီးဝေးကွာရာမှ အိမ်သို့ပြန်လာနိုင်သည်။ ပင့်ကူ၊ ပရွက်ဆိတ်၊ ဗီဗာဖျံ၊ ပျားနှင့် ခွေးတို့သည် လူသားများနှင့် မတူဘဲ၊ ကျိုးကြောင်းဆင်ခြင်တတ်ပုံ မရပေ။ သို့သော် ယင်း တို့၏ အတွေ့အကြုံ အားဖြင့်သော်လည်းကောင်း၊ ရိုးရာ အတွေ့အကြုံ အားဖြင့်သော်လည်းကောင်း ယင်းတို့အား အကျိုးဖြစ်ထွန်းစေမည့်အချက် တို့ကို ဇာတိစိတ်ဖြင့် သိကြသည်။

ဥမှပေါက်လာသော မိကျောင်းသည် ချောင်းကိုရှာ၍ ဆင်း သည်။ ဖားကိုရေမှဖမ်းယူ၍ ဝေးရာ၌လွှတ်လိုက်လျှင် ရေထဲသို့ ပင်ပြန်လာသည်။ ပင်လယ်၌ မကြီးနိုင်သော ငါးရှည့်ငယ်သည် ဒီထသောချောင်းကို စွန့်၍ မြစ်ညာသို့ဆန်တက်၏။ ဥအုရန် အချိန်တန်သောအခါမှာမှ ပင်လယ်သို့ဆင်းလာသည်။ ခွံမာသတ္တဝါဖြစ်သော ခရင်းကောင်၌ မျက်စိမရှိပေ။

သို့ရာတွင် ခရင်းကောင်သည် ကျောက်တွင်ရှိသော မိမိနေရာကို မှတ်မိ၏။ ရေပြည့်သောအခါ ထွက်၍အစာရှာ၏။ ထိုနောက် နေရာရင်းသို့ပြန်လာတတ်သည်။ အင်္ဂလန်ပြည်ရှိ တောင်ထိပ် တစ်ခု၌ ပေါက်ပွားသော နိုက်တင်းဂေးငှက်သည် အာဖရိက တိုက်သို့ရောက်အောင် ပျံသွားတတ်သော်လည်း၊ အချိန်တန်လျှင် ထိုငှက်သည် မူလနေရာမှန်သို့ ပြန်လာနိုင်သည်မှာ ဇာတိစိတ် ကြောင့်ပင်ဖြစ်ပေမည်။ ခိုတစ်ကောင်သည် ရောမမြို့မှ အဂင်္လန် ပြည်ရှိ နေရင်းအရပ်သို့အရောက် ခရီးမိုင်ပေါင်း ၁ဝဝဝ ကို တစ်လကြာမျှ ပျံသန်းခဲ့ဘူး၏။ လမ်းခရီးတွင် တောင်တန်း တစ်တန်းနှင့် မိုင် ၂ဝ ရှိသော ပင်လယ်ကိုကျော်ဖြတ်ခဲ့ရလေသည်။ မြင်းသည် မျက်စိလည်လမ်းမှားသော သခင်ကို ညအချိန် ၌ အိမ်သို့ပြန်ပို့နိုင်၏။ မြင်းသည် သခင်၏အလောင်းကို သယ် ဆောင်လျက် အသွားအလာရှုပ်သော မြို့ကြီးကိုဖြတ်ကာ အရောက်ပြန်လာနိုင်၏။ ကြောင်ကို သေတ္တာတွင်ထည့်ယူသွား ၍၊ မိုင် ၁ဝဝ ခရီး၌ လွှတ်လိုက်လျှင်၊ ထိုကြောင်သည် နေရပ် ဟောင်းသို့ ပြန်လာတတ်သည်။ စိန်ဗားနတ်ခွေးမျိုးသည် နှင်း ထဲတွင်နစ်နေသော ခရီးသည်ကို ဖော်ယူပြီးလျှင် အကူအညီကို ခေါ်ပေးတတ်သည်။

နယူးဇီလန်ကျွန်းရှိ ဘေးအန္တရာယ်များသော ပင်လိုရပ် ရေလက်ကြားရှည်တွင် လင်းပိုင်တစ်ကောင်သည် သင်္ဘောများ ကို အနှစ် ၂ဝ ကြာမျှ လမ်းပြခဲ့ဘူးသည်။ ရေလက်ကြားရှည် အတွင်းသို့ သင်္ဘောဝင်လာလျှင် ထိုလင်းပိုင်သည် ခိုအောင်း နေရာမှ ရုတ်ခြည်းထွက်လာသည်။ ထိုနောက် သင်္ဘောရှေ့မှ နေ၍ မှန်မှန်ကူးကာ လမ်းပြသွား၏။ ဘေးကင်းသော နေရာ သို့ရောက်မှ ရေအောက်တွင် ပျောက်သွားတော့သည်။

ပါမောက္ခ ရိုမန်နီ၌ အမည်ကို ခေါ်လိုက်လျှင် ထူးတတ် သော ဖားတစ်ကောင်ရှိခဲ့ဘူးသည်။ ဆာဂျိုးဇက်ဗင့်သည် ခေါင်း လောင်းထိုးသောအခါ၊ ထိုခေါင်းလောင်း ထိုးရာသို့လာကြသော ငါးများလည်းရှိသည်။ အင်္ဂလန်ပြည် ဆဲလဗုန်းမြို့အနီး၌ လိပ် တစ်ကောင်သည် အစာကျွေးသည့် မိန်းမကြီးထံ နံနက်တိုင်း သွားတတ်သည်။ ကြောင်ကိုချစ်ခင်သော မိကျောင်းလည်းရှိ သည်။ မြွေတစ်ကောင်သည် သခင်နှင့်ခွဲနေရသောအခါ နွမ်း နေတတ်ပြီးလျှင် သခင်ပြန်လာသောအခါ မြူးတူးနေတတ် ကြောင်း အမှတ်အသားများရှိသည်။ မြင်းနှင့်ခွေးတို့ ချစ်ကျွမ်း ဝင်ပုံကိုပင် ကြားသိဘူးကြပေလိမ့်မည်။

တောင်အာဖရိကတိုက် မက်တာဗီလီလန်နယ်ရှိ ကျွဲများ သည် မူလက နေ့တွင်သာ အစာရှာခဲ့ကြသည်။ တခါသော် ထိုကျွဲမျိုး၌ ပလိပ်ရောဂါ ကျရောက်ခဲ့၏။ ထိုအချိန်မှစ၍ ထိုကျွဲတို့သည် နဂိုဓလေ့ကိုပြောင်းလိုက် ကြပြီး၊ နေ့အခါတွင် အစာမရှာဘဲ၊ ညအခါ၌သာ အစာရှာကြ၏။ ဤသည်ကို ထောက်ရှုသော်၊ ယင်းကျွဲတို့သည် ပလိပ်ရောဂါပိုးကို သယ် ဆောင်သော စက်စီယင်တို့၏ နေ့အခါပျံသန်းတတ်၍ ညအခါ မပျံတတ်ပုံကို သိလေသလောဟု တွေးတောဖွယ်ဖြစ်၏။

အချို့တိရစ္ဆာန်တို့သည် နောင်ရေးအတွက် ပူပန်၍ အစာ ကို သိုလှောင်ထားတတ်ကြသည်။ ငှက်ဘီလူးသည် အစာဖြစ် သော သားကောင်ကို ဆူးတော၌ထား၍၊ စားလိုသည့်အခါမှ လာ၍ စားတတ်သည်။ ရှည့်၊ ဗွတ်ကုလားနှင့် သစ်တောက်ငှက် တို့သည်လည်း နောင်ရေးအတွက် အစာကို သိုလှောင်တတ်ကြ သည်။ အမေရိကန်ရှိ မြီသံပေးမြွေများသည် သင်းဖွဲ့၍ ထွေး နွေးစွာ ဆောင်းခိုတတ်ကြသည်။ သို့သော် အစာရှာဖွေချိန် ကျ ရောက်သောအခါ သင်းခွဲလိုက်တတ်သည်။ သင်းဖွဲ့၍နေက အစာမလုံလောက်မည်ကို စိုးသောကြောင့် သင်းခွဲလိုက်ဟန်တူ သည်။

တိရစ္ဆာန်လောကတွင် အချို့တိရစ္ဆာန်တို့ သားငယ်များကို စောင့်ရှောက်ပုံမှာ စိတ်ဝင်စားစရာ ကောင်းပေသည်။ မိကျောင်း သည် ဥများကို သဲပူတွင် မြုပ်ထားခဲ့ပြီးနောက်၊ မိကျောင်း ကလေးများ ပေါက်ချိန်တွင် သဲများကို ယက်၍သားငယ်များကို ဖော်ပေးသည်။ နကျယ်ကောင်သည် မိမိအုခဲ့သောဥမှ သားငယ် များမပေါက်မီ သေလေ့ရှိသည်။ သို့သော် နကျယ်ကောင်သည် မပေါက်သေးသော သားငယ်များအတွက် မိမိ မသေမီ ကိုယ် တိုင်အစာကို သိုလှောင်ထားပေးသည်။ ပင်းဂွင်းငှက်သည် ညတာရှည်လျားသော ဒေသတွင် သီတင်းပတ် ပေါင်းများစွာ ဥများကို ခြေထောက်ဖြင့်ညပ်လျက် ထွေးနွေးစွာ ထားတတ်သည်။

သိပ္ပံညာရှင်တို့သည် တိရစ္ဆာန်စရိုက်များကို စနစ်တကျ လေ့လာနိုင်ရန် အားထုတ်လျက်ရှိကြသည်။ အနိမ့်တန်းစား သတ္တဝါများ၌ အလင်း၊ အပူ၊ အတွေ့၊ အထိစသော ပြင်ပအာရုံ ခံစားလိုစိတ်များရှိကြောင်းကို လေ့လာကြ၏။ ပိုးဖလံတို့သည် မီးရောင်ကို ရွှေတောင်ထင်လျက် တိုးမှားမိသောကြောင့်၊ သေပွဲ ဝင်ကြရကြောင်းကို သိပ္ပံပညာရှင်တို့ သိကြလေသည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ (၃)