တိပိဋကဓရ တိပိဋကကောဝိဒ
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ကျင်းပနေပုံ | |
| အမျိုးအစား | ထေရဝါဒ ဗုဒ္ဓဘာသာဆိုင်ရာ စာမေးပွဲ |
|---|---|
| စီမံခန့်ခွဲသူ | သာသနာရေးဦးစီးဌာန သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန |
| ဗဟုသုတ / အရည်ချင်းစစ်ဆေး | အာဂုံပြန်ဖြေဆိုခြင်း (၅) ဆင့် သဘောရေးဖြေ (၅) ဆင့် |
| စတင်နှစ် | ၁၉၄၈ |
| ကာလ | ၃၃ ရက် နှစ်စဉ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ ဇန်နဝါရီလ တတိယပတ်အထိ |
| နိုင်ငံ / ဒေသများ | မြန်မာနိုင်ငံ |
| ဘာသာစကားများ | |
| ဘွဲ့ရစုစုပေါင်း | ၁၈ ပါး (လက်ရှိအချိန်အထိ) |
| ဝဘ်ဆိုဒ် | mahana.org.mm dra.gov.mm |
တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ (အင်္ဂလိပ်: Tipitakadhara Tipitakakovida) သည် မြန်မာနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် သာသနာရေး ဦးစီးဌာန မှ ဆက်ကပ်ချီးမြှင့်သော နိုင်ငံတော်အဆင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များအနက် တစ်ခု ဖြစ်သည်။ဤဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခံရပြီး အနည်းဆုံး သက်တမ်း ၅ နှစ် ပြည့်မြောက်လျှင် နိုင်ငံတော်မှ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ကို ဆက်လက်ဆက်ကပ်သည်။
သမိုင်းအကျဉ်း
[ပြင်ဆင်ရန်]ရန်ကုန်မြို့၊ သူဌေးကြီး ဆာဦးသွင် သည် ၁၉၄၃ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် တိပိဋကသုံးပုံ စာပြန်ပွဲ ကျင်းပရန် စတင် ကြံစည်အားထုတ်ခဲ့ကြသည်။
ထို့နောက် ဆာဦးသွင်ဦးဆောင်သည့် ဗုဒ္ဓ သာသနနုဂ္ဂဟအဖွဲ့သည် မြန်မာနိုင်ငံတွင် သာသနာတော်နှစ် ၂၅၀၀ ပြည့်နှစ်အမီ ဆဋ္ဌသင်္ဂါယနာတင်ပွဲ ကျင်းပလိုကြောင်း နိုင်ငံတော်သို့တင်ပြခဲ့ရာ ဆဋ္ဌသင်္ဂါယနာတင်ရေးအတွက် နိုင်ငံတော်မှ အခြားထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံများနှင့် ညှိနှိုင်းခဲ့ကြသည်။
ထိုတွင် ထေရဝါဒ (၅)နိုင်ငံမှ ဆဋ္ဌ သင်္ဂါယနာတင် ရန် မြန်မာနိုင်ငံတွင် ပိဋကတ်သုံးပုံဆောင်ပုဂ္ဂိုလ် ရှိပါသလားဟု မေးမြန်းခဲ့ကြသဖြင့်၊ မရှိသည့်အတွက် ဗုဒ္ဓသာသန နုဂ္ဂဟအဖွဲ့သည် ပိဋကတ်သုံးပုံဆောင် သာသနာ့ အာဇာနည်ပုဂ္ဂိုလ်များ ပေါ်ထွန်းရေးဘက်သို့ ဦးတည်ကာ တိပိဋကဓရ ရွေးချယ်ရေး အဖွဲ့ကို ဖွဲ့စည်း၍ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးကို မြန်မာသက္ကရာဇ် ၁၃၁၀၊(ခရစ်သက္ကရာဇ် ၁၉၄၈)ခုနှစ်တွင် စတင်ခဲ့သည်။
နိုင်ငံတော်သည် ၁၉၆၀ပြည့်နှစ်၊အောက်တိုဘာ ၆ ရက်တွင် ၁၉၆၀ ပြည့်နှစ်၊ တိပိဋကဓရရွေးချယ်ရေးအဖွဲ့ အက်ဥပဒေ အားပြဋ္ဌာန်းခဲ့သည်။[၁]၁၉၉၉ခုနှစ် တွင် ပြင်ဆင်မှုအချို့ ပြုလုပ်ခဲ့သည်။၂၀၁၀ပြည့်နှစ်၊ ဒီဇင်ဘာ ၃၁ ရက် တွင် ၁၉၆၀ ပြည့်နှစ်၊ တိပိဋကဓရရွေးချယ်ရေးအဖွဲ့ အက်ဥပဒေအစား တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ဥပဒေ ကို အတည်ပြု ပြဋ္ဌာန်းခဲ့သည်။[၂]
စာမေးပွဲကျင်းပရေးဗဟိုအဖွဲ့
[ပြင်ဆင်ရန်]တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ကျင်းပရာ၌ ကြီးကြပ်ကွပ်ကဲလမ်းညွှန်နိုင်ရန် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲကျင်းပရေး ဗဟိုအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းဆောင်ရွက်ကြသည်။[၃]
(က) နိုင်ငံတော်သံဃမဟာနာယကဆရာတော် (၄၇) ပါး
(ခ) ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန
(ဂ) ဒုတိယဝန်ကြီး၊ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန
(ဃ) အမြဲတမ်းအတွင်းဝန်၊ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန
(င) ညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးဦးစီးဌာန
(စ) ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
ဘွဲ့ဆက်ကပ်ခြင်း
[ပြင်ဆင်ရန်]တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့အား တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖြင့် ဆက်ကပ်သည်။[၄]
ယင်းစာမေးပွဲသည် ထေရဝါဒ ဗုဒ္ဓဘာသာဆိုင်ရာ အဆင့်အမြင့်ဆုံး ပါဠိစာမေးပွဲဖြစ်သကဲ့သို့၊ နှစ်စဉ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ ဇန်နဝါရီလ တတိယပတ်အထိ အာဂုံပြန်ဖြေဆိုခြင်းနှင့် သဘောရေးဖြေ ဖြေဆိုခြင်းတို့ကို အောင်စာရင်း ထုတ်ပြန်သည်အထိ စုစုပေါင်း (၃၃) ရက်ကြာ ကျင်းပသည့်အတွက် ရက်အရှည်ကြာဆုံး စာမေးပွဲများအနက် တစ်ခုအဖြစ်လည်း သတ်မှတ်ခံရသည်။
လက်ရှိအချိန်အထိ ဘွဲ့ရရှိသူ သံဃာတော် ၁၈ ပါးသာ ရှိသည်။ယင်းစာမေးပွဲ၏ ပထမဆုံး ဘွဲ့ရသူမှာ မင်းကွန်းတိပိဋကဆရာတော် ဖြစ်ပြီး၊၁၉၅၃ ခုနှစ် တွင် ဆက်ကပ်ခံရသည်။
ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများစာရင်း
[ပြင်ဆင်ရန်]| အမှတ်စဉ် | ဘွဲ့တော် | လူသိများသော ဘွဲ့အမည် | အောင်မြင်သောနှစ် | ကျောင်းတိုက် |
|---|---|---|---|---|
| ၁ | ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ | မင်းကွန်းတိပိဋဆရာတော် | ၁၉၅၃ | တိပိဋက ဓမ္မနာဒ စာသင်တိုက်၊ မင်းကွန်းတောင်ရိုး၊စစ်ကိုင်းမြို့ |
| ၂ | ဘဒ္ဒန္တ နေမိန္ဒ | ပခုက္ကူ တိပိဋကဆရာတော် | ၁၉၅၉ | မဟာဝိသုတာရာမဓမ္မဗိမာန်ကျောင်းတိုက်၊ မော်လမြိုင်မြို့ |
| ၃ | ဘဒ္ဒန္တ ကောသလ္လ | ပြည် တိပိဋကဆရာတော် | ၁၉၆၃ | ပဉ္စနိကာယသာသနာ့ဗိမာန်ကျောင်းတိုက်၊ ရန်ကင်းမြို့နယ် |
| ၄ | ဘဒ္ဒန္တ သုမင်္ဂလာလင်္ကာရ | ဂန္ဓာရုံဆရာတော် | ၁၉၇၃ | တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ် |
| ၅ | ဘဒ္ဒန္တ သီရိန္ဒာဘိဝံသ | ယောဆရာတော် | ၁၉၈၄ | မဟာဝိသုဒ္ဓါရုံပါဠိတက္ကသိုလ်ရွှေကျင်တိုက်သစ်၊ဗဟန်းမြို့နယ် |
| ၆ | ဘဒ္ဒန္တ ဝါယာမိန္ဒာဘိဝံသ | ရေစကြိုဆရာတော် | ၁၉၉၅ | တိပိဋကမဟာဂန္ထဝင်နိကာယ်စာသင်တိုက်၊ဒဂုံ(အရှေ့ပိုင်း)မြို့နယ် |
| ၇ | ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ | မော်ကျွန်းဆရာတော် | ၁၉၉၉ | ပိဋကတ်သုံးပုံနိကာယ်ကျောင်းတိုက်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် |
| ၈ | ဘဒ္ဒန္တ ဝံသပါလာလင်္ကာရ | မြင်းမူဆရာတော် | ၁၉၉၉ | တိပိဋကနိကာယကျောင်းတိုက်၊ မိုးမိတ်ကုန်းမြေ၊ စစ်ကိုင်းမြို့ |
| ၉ | ဘဒ္ဒန္တ ဂန္ဓမာလာလင်္ကာရ | မြင်းခြံဆရာတော် | ၂၀၀၀ | တိပိဋက-ဓမ္မနာဒစာသင်တိုက်၊ မင်းကွန်းတောင်ရိုး၊ စစ်ကိုင်းမြို့ |
| ၁၀ | ဘဒ္ဒန္တ သုနန္ဒ | တိပိဋကဓရ စွန်းလွန်းဆရာတော် | ၂၀၀၄ | စွန်းလွန်းဂူဝိပဿနာကျောင်းတိုက်၊ သင်္ဃန်းကျွန်းမြို့နယ် |
| ၁၁ | ဘဒ္ဒန္တ ဣန္ဒပါလ | ရမ္မာဝတီဆရာတော် | ၂၀၀၄ | တိပိဋကနိကာယ ကျောင်းတိုက်၊ စစ်ကိုင်းမြို့ |
| ၁၂ | ဘဒ္ဒန္တ အဘိဇာတာဘိဝံသ | စစ်ကိုင်းဆရာတော် | ၂၀၁၀ | မဟာသဗောဓာရုံ ကျောင်းတိုက်၊စစ်ကိုင်းမြို့ |
| ၁၃ | ဘဒ္ဒန္တ ဣန္ဒာစရိယ | ဘုတလင်ဆရာတော် | ၂၀၁၂ | တိပိဋကနိကာယ ကျောင်းတိုက်၊ စစ်ကိုင်းမြို့ |
| ၁၄ | ဘဒ္ဒန္တ ဝီရိယာနန္ဒ | နောင်ချိုဆရာတော် | ၂၀၁၇ | တိပိဋကနိကာယ ကျောင်းတိုက်၊ဒဂုံမြို့နယ် |
| ၁၅ | ဘဒ္ဒန္တ ပညာဝံသာဘိဝံသ | ကျောက်ပန်းတောင်းဆရာတော် | ၂၀၂၀ | တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၊ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် |
| ၁၆ | ဘဒ္ဒန္တ ပညာသိရီလင်္ကာရ [၅] | မြင်းမူဒုတိယဆရာတော် | ၂၀၂၄ | တိပိဋကနိကာယကျောင်းတိုက်၊ ဒဂုံမြို့နယ် |
| ၁၇ | ဘဒ္ဒန္တ သေဋ္ဌဉာဏာလင်္ကာရ [၆] | ရေဦးတိပိဋဆရာတော် | ၂၀၂၅ | တိပိဋက မဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၊ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ် |
| ၁၈ | အရှင် ဝိစိတ္တသာရ | ဒီပဲယင်းတိပိဋကဆရာတော် | ၂၀၂၆ | တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၊ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ် |
သတ်မှတ်အရည်အချင်းများ
[ပြင်ဆင်ရန်]စာဖြေပုဂ္ဂိုလ်သည် ရဟန်းတော်များနှင့် သာမဏေများသာဖြစ်ရမည်ဖြစ်ပြီး၊ ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်းကိုဖြစ်စေ၊ ဝိနယ ဝိဒူတန်းကိုဖြစ်စေ၊ သာမဏေကျော် တတိယဆင့်ကိုဖြစ်စေ၊ စေတိယင်္ဂဏနှင့် သကျသီဟစာမေးပွဲ စာသင်တန်းကိုဖြစ်စေ တစ်ခုခုကို အောင်မြင်ပြီးသူများသာ စာဖြေခွင့်ပေးအပ်သည်။တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ ရရှိရန်အတွက် အာဂုံပြန်ဖြေဆိုခြင်း (၅)ဆင့်နှင့် သဘော ရေးဖြေ (၅)ဆင့်၊ စုစုပေါင်း(၁၀)ဆင့်ကို အောင်မြင်စွာ ဖြေဆိုကြရသည်။
စာမေးပွဲအဆင့်ဆင့်
[ပြင်ဆင်ရန်]တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် ဝိနယပိဋကဝိနည်းပထမပိုင်း နှစ်ကျမ်း၊ ဝိနယပိဋက ဝိနည်းဒုတိယ ပိုင်းသုံးကျမ်း၊ သုတ္တန္တပိဋက ဒီဃနိကာယ်သုံးကျမ်း၊ အဘိဓမ္မပိဋက အဘိဓမ္မာပထမပိုင်း ငါးကျမ်းနှင့်အဘိဓမ္မပိဋကအဘိဓမ္မာ ဒုတိယပိုင်း နှစ်ကျမ်းတို့ကို “တိပိဋကဓရ” ဘွဲ့အတွက် အာဂုံပြန်ဆိုရပြီး “တိပိဋကကောဝိဒ” ဘွဲ့အတွက် သဘောရေးဖြေစာမေးပွဲဖြေဆိုကြရသည်။
အာဂုံပြန်ဆိုချိန်အား တစ်ရက်လျှင် နံနက် ၈ နာရီမှ ၁၀ နာရီအထိ လေးကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိ ငါးကြိမ် စုစုပေါင်း ကိုးကြိမ်ဖြင့် စုစုပေါင်း ၁၈ ရက် ပြုလုပ်သည်။သဘောရေးဖြေ စာမေးပွဲကို မွန်းလွဲ ၁၂ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ငါးရက် ပြုလုပ်ကြသည်။
အာဂုံပြန်ဆိုရာတွင် အထစ်အငေါ့မရှိ ထူးကဲစွာ ပြန်ဆိုနိုင်လျှင် ဝိသိဋ္ဌဝိနယဓရ၊ ဝိသိဋ္ဌဒီဃဘာဏကနှင့် ဝိသိဋ္ဌအာဘိဓမ္မိကဘွဲ့၊ သဘောရေးဖြေတွင် သတ်မှတ်အောင်မှတ်နှင့်အထက်ရရှိပါက မဟာဝိနယကောဝိဒ၊ မဟာဒီဃနိကာယ ကောဝိဒနှင့် မဟာအဘိဓမ္မကောဝိဒဘွဲ့ကို ခံယူရရှိတော်မူကြသည်။
ထို့နောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ် ပေါ်ထွန်းတော်မူလာလျှင် အနည်းဆုံးငါးနှစ်သက်တမ်း ပြည့်မြောက်လျှင် “တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက” ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ကြသည်။
ဆက်ကပ်သည့်အဆောင်အယောင်များ
[ပြင်ဆင်ရန်]အာဂုံပြန်ဆိုမှုနှင့် စပ်လျဉ်း၍ (၁) ပိဋကတစ်ပုံ အောင်မြင်ပါက အရိုးနီကနက္ကဒဏ်ထီးဖြူတော်တစ်လက်၊ (၂) ပိဋကနှစ်ပုံ အောင်မြင်ပါက အရိုးနီကနက္ကဒဏ်ထီးဖြူတော်နှစ်လက်၊ (၃) ပိဋကသုံးပုံ အောင်မြင်ပါက အရိုးနီကနက္ကဒဏ်ထီးဖြူတော်သုံးလက်၊ အဆိုပါတံဆိပ်များပါရှိသော သာသနာ့အောင်လံတော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်ပသည်။
သဘောရေးဖြေနှင့်စပ်လျဉ်း၍ (၁) ပိဋကတစ်ပုံ အောင်မြင်ပါက အရိုးဝါကနက္ကဒဏ်ထီးဖြူတော်တစ်လက်၊ (၂) ပိဋကနှစ်ပုံ အောင်မြင်ပါက အရိုးဝါကနက္ကဒဏ်ထီးဖြူတော်နှစ်လက်၊ အဆိုပါတံဆိပ်များပါရှိသော သာသနာ့အောင်လံတော်၊ အောင်လက်မှတ်၊ ကုန်း,ရေ (အထက်တန်း) အခမဲ့ ခရီးသွားလက်မှတ်နှင့် လစဉ်ဆွမ်းဆန်တော် နဝကမ္မဝတ္ထုငွေ တို့ကို နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည်။
ပိဋကသုံးပုံ အောင်မြင်လျှင် အရိုးဝါကနက္ကဒဏ်ထီးဖြူတော်သုံးလက်၊ အဆိုပါတံဆိပ်ပါရှိသော သာသနာ့အောင်လံတော်၊ တိပိဋကဓရ တိပိဋကကောဝိဒ အောင်လက်မှတ်၊ ကုန်း,ရေ,လေ (အထက်တန်း) အခမဲ့ ခရီးသွားလက်မှတ်နှင့် လစဉ် ဆွမ်းဆန်တော် နဝကမ္မဝတ္တုငွေတို့ကို နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည်။[၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁၉၆၀ ပြည့်နှစ်၊ တိပိဋကဓရရွေးချယ်ရေးအဖွဲ့ အက်ဥပဒေ။ မြန်မာဥပဒေသတင်းအချက်အလက်စနစ် (၆ အောက်တိုဘာ ၁၉၆၀)။ ၂၃ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ဥပဒေ။ မြန်မာဥပဒေသတင်းအချက်အလက်စနစ် (၃၁ ဒီဇင်ဘာ ၂၀၁၀)။ ၂၃ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲစည်းမျဉ်း။ မြန်မာဥပဒေသတင်းအချက်အလက်စနစ်။ ၂၃ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ You must specify title = and url = when using {{cite web}}.။
- ↑ 16th Tipitakadhara Tipitakakovida Sayadaw emerges (29 January 2024)။ 19 October 2025 တွင် ပြန်စစ်ပြီး။
- ↑ 17th Tipitakadhara Tipitakakovida title recipient Sayadaw honoured amidst joy and happiness of disciples (27 January 2025)။ 19 October 2025 တွင် ပြန်စစ်ပြီး။
- ↑ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့။ ၂၃ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။