တာတိုင်ဘုရားများ

တာတိုင်ဘုရားများ သည် ဟံသာဝတီခေတ်တွင် တည်ထားကိုးကွယ်ခဲ့ကြသည့် စေတီတော် (၁၁) ကို ဆိုလိုသည်။ ဤစေတီ ၁၁ ဆူသည် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် တည်ရှိသည်။[၁][၂]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဟံသာဝတီခေတ်တွင် ပဲခူးဟံသာဝတီမှ ရန်ကုန်သန်လျင်သို့ ရေလမ်းကြောင်းမှ သွားလာလိုပါက ပဲခူးမြစ်ကို အသုံးပြုခဲ့ကြသည်။ ကုန်းလမ်းကြောင်းမှလည်း "ဒုံးလမ်းကြောင်း" ဟုခေါ်သည့် လမ်းကြောင်းကို အသုံးပြုခဲ့ကြသည်။ ထိုကုန်းလမ်းကြောင်းသည် အတိုဆုံးလမ်းကြောင်းဖြစ်ကာ အချိန်မရွေး၊ ရာသီမရွေး အသုံးပြုနိုင်သည့် လမ်းကြောင်း ဖြစ်သည်။ လမ်းကြောင်းပေါ်တွင် ဟံသာဝတီဘုရင်တို့သည် ဘုရားများကို တည်ထားကိုးကွယ်ခဲ့ကြသည်။ ၎င်းဘုရားစေတီများကို "တာတိုင်ဘုရားများ" ဟု ခေါ်သည်။[၁][၂]
ဘုရားစေတီများစာရင်း
[ပြင်ဆင်ရန်]ပဲခူးမှ သန်လျင်အထိ အစဉ်အတိုင်းရေတွက်ပါက အောက်ပါအတိုင်း ဖြစ်သည်။[၁][၂]
- ရွှေမော်ဓောဘုရား
- ကျိုက်ပဒိုင်စေတီတော်
- မိုးခိုင်ကြီးစေတီတော်
- ကျိုက်မတ်ကော်စေတီတော်
- မိုးကနိန်းကျိုက်သို့ပုသိမ်စေတီတော်
- ကျိုက်ခရုစေတီတော်
- ကျိုက်မထီးစေတီတော်
- ရဲမွန်စေတီတော်
- မြသိန်းတန်စေတီတော် (သုံးခွ)
- ကျိုက်သမ္ဗာန်စေတီတော်
- ကျိုက်ခေါက်စေတီတော်[၁][၂]
ရွှေမော်ဓောဘုရား
[ပြင်ဆင်ရန်]ရွှေမော်ဓောစေတီတော်သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ရှိသည်။ တာတိုင်ဘုရား ၁၁ ဆူတွင် ပထမမြောက်စေတီ ဖြစ်သည်။ ကုန်သည်ညီနောင်နှစ်ဦးဖြစ်သည့် မဟာသလနှင့် စူဠသလသည် မြတ်စွာဘုရားထံတော်မှ ဆံတော် ၂ ဆူပင့်ဆောင်လာကာ ဌာပနာထည့်သွင်းကာ စေတီတော်ကို တည်ထားခဲ့ကြသည်။ [၃]
ကျိုက်ပဒိုင်စေတီတော်
[ပြင်ဆင်ရန်]ကျိုက်ပဒိုင်စေတီတော် (သို့မဟုတ်) ကျိုက်ပဒိုင်ရွှေတိဂုံလေးစေတီတော် သည် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်ကြီးရွာတွင် ရှိသည်။ တာတိုင်ဘုရားများတွင် ဒုတိယမြောက်စေတီတော် ဖြစ်သည်။ ဉာဏ်တော် ၇၂ တောင် (၁၀၈ ပေ) ရှိသည်။ မဟာသက္ကရာဇ် ၁၀၉ ခုနှစ်တွင် ဂန္ဓဝါရီရသေ့သည် သုဝဏ္ဏပဗ္ဗတောင်တွင် မြတ်စွာဘုရား၏ ဆံတော်မြတ်သုံးဆူကို ဌာပနာက တည်ထားခဲ့သည်။
မိုးခိုင်ကြီးစေတီတော်
[ပြင်ဆင်ရန်]မိုးခိုင်ကြီးစေတီတော် သည် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မိုးခိုင်ကြီးကျေးရွာ အနောက်မြောက်ဘက်တွင်တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ စေတီတော်ကို "ကျိုက်မူးကမော့နွတ်မိုးခိုင်ကြီးစေတီတော်" ဟုလည်း ခေါ်ကြသည်။ စေတီတော်တွင် မြတ်စွာဘုရား၏ သွားတော် (၃၃) ဆူအနက်မှ ၁ ဆူကို ဌာပနာထားသည်။ စေတီတော်၏ အမည်သည် မွန်ဘာသာဖြင့် "ကျိုက်မူးကမော့နွတ်" ဖြစ်ပြီး "ကျောက်စွန်းဘုရားကြီး" ဟု အဓိပ္ပါယ်ရသည်။ ဓမ္မစေတီမင်းက မွန်ဘာသာဖြင့် ကျောက်စာရေးထိုး လှူဒါန်းခဲ့သည်။ စေတီတော်၏ ထူးခြားချက်အနေဖြင့် မဟာရံတံတိုင်းနှင့် လှေကားများကို ဂဝံကျောက်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ စေတီတော်သည် လက်ရှိအချိန်တွင် အုတ်ပုံကြီးသဖွယ် ဖြစ်နေပြီး ၎င်းထိပ်ပေါ်တွင် ဉာဏ်တော် ၄၈ ပေမြင့်သည့် စေတီတော်ကို ၁၉၆၂ ခုနှစ်တွင် ဒေသခံများက တည်ထားကိုးကွယ်ခဲ့သည်။ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း (၈) ရက်နေ့တွင် ကျင်းပသည်။[၂]
ကျိုက်မတ်ကော်စေတီတော်
[ပြင်ဆင်ရန်]ကျိုက်မတ်ကော်စေတီတော်သည် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ဖလေးရွာတွင် ရှိသည်။ တာတိုင်ဘုရားများတွင် ၄ ခုမြောက်စေတီတော် ဖြစ်သည်။ ဉာဏ်တော် အတောင် ၂၁၀ ရှိကာ မြန်မာနိုင်ငံတွင် စတုတ္ထမြောက်အမြင့်ဆုံး ဖြစ်သည်။ ကျိုက်မတ်ကော်စေတီတော်ကို ဒေသခံများက "ဖလေးဘုရား" ဟု ခေါ်ကြသည်။[၄]
မိုးကနိန်းကျိုက်သို့ပုသိမ်စေတီတော်
[ပြင်ဆင်ရန်]မိုးကနိန်းကျိုက်သို့ပုသိမ်စေတီတော် သည် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ မိုးကနိမ်းရွာ တွင် တည်ရှိသည်။ တာတိုင်ဘုရား ၁၁ ဆူတွင် ပါဝင်သည်။[၂]
ကျိုက်ခရုစေတီတော်
[ပြင်ဆင်ရန်]ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ကန်ဘဲ့ရွာတွင် တည်ရှိသည်။ တာတိုင်ဘုရားများတွင်ပါဝင်သည့် ၆ ဆူမြောက်စေတီတော် ဖြစ်သည်။ ဉာဏ်တော် ၉၀ ပေ မြင့်ပြီး ရှစ်မြှောင့်သဏ္ဌာန်ရှိ စေတီတော် ဖြစ်သည်။ အရံစေတီ (၈) ဆူ၊ ပစ္စယံအနားတစ်ဖက်လျှင် ၃၁ ပေ၊ ဖိနပ်တော်အနားတစ်ဖက်လျှင် ၄၃ ပေ ၆ လက်မ ရှိသည်။ ဘုရားပရဝုဏ်သည် ၅ ဧကကန့် ကျယ်ဝန်းသည်။[၂]
ကျိုက်မထီးစေတီတော်
[ပြင်ဆင်ရန်]ကျိုက်မထီးစေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ပဇင်းနီကန်ရွာတွင် ရှိသည်။ တာတိုင်ဘုရား ၁၁ ဆူတွင် ခုနစ်ဆူမြောက်ဘုရား ဖြစ်သည်။ စေတီတော်တွင် ရှေးဟောင်းအုတ်လက်ရာများကို မြင်တွေ့နိုင်သည်။ အုတ်များတွင် အလျား ၁ ပေ၊ ဗြက် ၆ လက်မ၊ ထု ၂ လက်မ ရှိသည့် အုတ်များလည်း ရှိသည်။ စေတီတော်သည် ရှစ်မြှောင့်ပုံသဏ္ဌာန်ရှိသည်။ ဉာဏ်တော် ၇၂ တောင် (၁၀၈ ပေ) ရှိသည်။ စေတီတော်သည် ၁၃၃၉ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ရာ အလှူရှင် ဦးအုန်းသီးမှာ ၁၃၄ ခုနှစ် ပြန်လည်ပြုပြင်ခဲ့သည်။ ၁၃၃၄ ခုနှစ်တွင် ထီးတင်ပွဲ ပြုလုပ်ခဲ့သည်။ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၃ ရက်နေ့တွင် စတင်ကာ ငါးရက်ကြာ ကျင်းပသည်။[၂]
ရဲမွန်စေတီတော်
[ပြင်ဆင်ရန်]ရဲမွန်စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကမာကလူကျေးရွာတွင် တည်ရှိသည်။ တာတိုင်ဘုရား ၁၁ ဆူတွင် ရှစ်ဆူမြောက်စေတီတော် ဖြစ်သည်။ ဘုရား၏ ဝတ္တကမြေသည် ၅ ဧကခန့် ရှိသည်။ ရေကြောင်းခရီးဖြင့် သွားပါက ရန်ကုန်မှ ၃၆ မိုင်အကွာတွင် ရှိသည်။ သမိုင်းကြောင်းမှာ ရွှေဖရုံမယ်သည် သလမင်း၏ မိဖုရား ဖြစ်လာခဲ့သည်။ ထိုအခါ မိဖုရားသည် ကျဆုံးသွားခဲ့ရသည် ဆွေမျိုးများ၊ မွန်လူမျိုးသူရဲကောင်းများကို လွမ်းဆွတ်သည့်အနေဖြင့် စေတီတော်တစ်ဆူ တည်ခွင့်ပေးပါရန် တောင်ဆိုခဲ့သည်။ သလမင်းက ခွင့်ပြုသဖြင့် ခရမ်းမြို့အနီး၊ မင်္ဂလာကန်တော်ရှိသည့်အရပ်တွင် စစ်သူကြီးဖိုးထူး၊ အထိန်းတော်မအေးပု၊ ဆွေမျိုးသူရဲကောင်းများကို ရည်စူးကာ လက်ဝတ်ရတနာများကို ဌာပနာကာ ဉာဏ်တော် ၁၈ တောင်ရှိသည့် ရဲမွန်စေတီတော်ကို သက္ကရာဇ် ၁၀၉ ခုနှစ်တွင် တည်ခဲ့သည်။ "ရဲမွန်" ဟူသည်မှာ မွန်ဘာသာဖြင့် "ရဲစွမ်းသတ္တိရှိသော မွန်လူမျိုး၊ ဆွေမျိုးစု" ဟု အဓိပ္ပါယ်ရသည်။ စေတီတော်တည်ရာအရပ်ရှိ မင်္ဂလာကန်တော်သည် ယနေ့တိုင် စေတီတော်၏ အနောက်ဘက်ရင်ပြင်အနီးတွင် တည်ရှိသည်။ မင်္ဂလာရေကန်သည် စေတီတော်တည်စဉ်က အုတ်ဖုတ်ရန် မြေတူးရာမှ ဖြစ်ပေါ်လာခဲ့သည်ဟု ဆိုကြသည်။ ကန်၏ လေးဖက်လေးတန်သည် ရှေးဟောင်းအုတ်ချပ်များဖြင့် ဘောင်ပြုလုပ်ထားသည်။
စေတီတော်သည် လက်ရှိကာလတွင် ဉာဏ်တော် အတောင် ၄၀ (၆၀ ပေ) ရှိသည်။ ဘုရားပွဲတော်ကို နှစ်စဉ်တပို့တွဲလပြည့နေ့တိုင်း ကျင်းပလျက်ရှိသည်။[၂]
မြသိန်းတန်စေတီတော်
[ပြင်ဆင်ရန်]ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ရှမ်းစုရွာတွင် တည်ရှိသည်။ တာတိုင်ဘုရား ၁၁ ဆူတွင် ၆ ဆူမြောက်စေတီတော် ဖြစ်သည်။ ကောဇာသက္ကရာဇ် ၁၉၀၊ အေဒီ ၈၂၈ တွင် ရွှေဖရုံမယ်မိဖုရားကြီးမှ လွမ်းစေတီအမှတ်တရများအဖြစ် ကိုးကွယ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၂၆ တွင် အလှူဒါယကာမ မဒေါ်ပန်းခုံသည် စေတီတော်ကို အုတ်မြစ်ချကာ ဉာဏ်တော် (၄၅) တောင် (၆၇ပေ ၆ လက်မ) ရှိသည့် စေတီတော်ကို တည်ထားကိုးကွယ်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် မြိုင်ကြီးငူဆရာတော် ဦးသုဇနကို စေတီတော်ကို ထီးတော်တင်ခဲ့သည်။ ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလပြည့်နေ့မှစကာ ငါးရက်ကြာ ကျင်းပသည်။[၂]
ကျိုက်သမ္ဗာန်စေတီတော်
[ပြင်ဆင်ရန်]ကျိုက်သမ္ဗာန်စေတီတော်သည် ပဲခူးတိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ နံယောရွာအနီးတွင် ရှိသည်။ နံယောရွာအနီးရှိသည့်အတွက် "နံယောဘုရား" ဟု ဒေသခံများက ခေါ်ဝေါ်ကြသည်။ မြသိန်းတန်စေတီတော်မှ ၇ မိုင်အကွာတွင် ရှိသည်။
တာတိုင်ဘုရား ၁၁ ဆူတွင် ၁၀ ဆူမြောက်ဘုရားဖြစ်သည်။ အခြားသော တာတိုင်ဘုရားများနှင့် တူညီသည့် လမ်းကြောင်းပေါ်ရှိခြင်း၊ ဘုရားတည်ရာတွင်သုံးထားသည့် အုတ်အရွယ်အစားများ တူညီခြင်း၊ မြသိန်းတန်စေတီတော်မှ ၄.၅၅ မိုင်အကွာတွင်ရှိခြင်း၊ တံတိုင်းအကြွင်းအကျန်တို့ ကျန်ရှိနေသေးခြင်း စသည့်အချက်များကို ထောက်ကာ ဤစေတီတော်ကို တာတိုင်ဘုရားများတွင် ပါဝင်သည်ဟု ယူဆသတ်မှတ်ထားသည်။ ဘုရားပွဲတော်ကို တပေါင်းလဆန်း ၁၅ ရက်နေ့တွင် ကျင်းပသည်။
သမိုင်းကြောင်းအနေဖြင့် ၂၁၄၇ ခုနှစ်တွင် ဗညားဦးနှင့် ဗညားဒလ အမတ်ကြီးနှစ်ဦးတို့အဖွဲ့သည် စေတီတော်ကို ကန်စောင့်နတ်သမီး ညွှန်ပြသည့်နေရာတွင် တည်ထားခဲ့သည်။ ထို့အတွက်ကြောင့် စေတီတော်ကို "ကျိုက်နံကမာ" ဟု အမည်သမုတ်ခဲ့သည်။ ကာလကြာညောင်းလာသည်နှင့်အမျှ မြန်မာဘုရင်တို့လက်ထက်တွင် "နံယောဘုရား" ဟု တွင်ခဲ့သည်။[၂]
ကျိုက်ခေါက်စေတီတော်
[ပြင်ဆင်ရန်]ကျိုက်ခေါက်စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၏ တောင်ဘက် သန်လျင်ကျောက်တန်းလမ်းအနီး ဥတ္တရင်္ဂကုန်းပေါ်တွင် တည်ရှိသည်။ ဉာဏ်တော်မှာ ၂၃၃ ပေ၊ ဖိနပ်တော်အဝန်းမှာ ပေ ၉ဝဝ ရှိသည်။ စေတီတော် တည်ခဲ့စဉ်က ""ခေါလကစေတီ" ဟု အမည်သမုတ်ခဲ့သော်လည်း ကာလရွေ့လျားလာသည့်အခါ "ခေါက်စေတီ" ဟု ခေါ်ဝေါ်လာခဲ့သည်။ ဟံသာဝတီတိုင်းသားတို့သည် "ကျာ်ခိုက်" ဟု ခေါ်ခဲ့ကြရာမှ နောက်ပိုင်းတွင် "ကျိုက်ခေါက်စေတီ" ဟူ၍ အဆင့်အဆင့် ပြောင်းလဲလာခဲ့သည်။ [၅]
ရုပ်ပုံများ
[ပြင်ဆင်ရန်]- ရွှေမော်ဓောစေတီတော်
- ကျိုက်မတ်ကော်စေတီတော်
- မိုးကနိန်းကျိုက်သို့ပုသိမ်စေတီတော်
- ကျိုက်ခေါက်စေတီတော်
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 4 https://www.moi.gov.mm/npe/saareaakphuumeaakmnny-ttaattiungbhuraamaachii
- 1 2 3 4 5 6 7 8 9 10 11 https://pddbago.net/?page_id=26
- ↑ THE LOST LEGEND OF THE SHWEMAWDAW, PAGODA [Donald M. Stadtner (Walnut Creek, California, USA)] ; From the paper of conference Discovery of Ramanya Desa: History, Identity, Culture, Language and Performing Arts
- ↑ ဦးစေတနာ။ ဆံတော်ရှင်ကျိုက်မတ်ကော်စေတီတော်မြတ်ကြီး။
- ↑ မြတ်မင်းလှိုင်။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရားစေတီပုထိုးများ