တရားစီရင်ရေး(အခြေခံဥပဒေ)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်ပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ အခန်း (၁၆) သည် ပြည်ထောင်စု၏ တရားစီရင်ရေးဆိုင်ရာ အခန်းကဏ္ဍကို ဖော်ပြထားပါသည်။

တရားစီရင်ရေး[ပြင်ဆင်ရန်]

တရားရုံးများဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]

၂၉၃။ နိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာရုံးများကို အောက်ပါအတိုင်း ဖွဲ့စည်းသည် –

(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ် တရားရုံးများနှင့် ဥပဒေအရတည်ထောင်သော အခြားတရားရုံးများ၊

(ခ) စစ်ဘက်ဆိုင်ရာတရားရုံးများ၊

( ဂ ) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်[ပြင်ဆင်ရန်]

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]

၂၉၄။ နိုင်ငံတော်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တစ်ရပ် ထားရှိသည်။ စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မူလစီရင်ပိုင်ခွင့်အာဏာများ[ပြင်ဆင်ရန်]

၂၉၅။ (က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌သာ အောက်ပါကိစ္စရပ်များအတွက် မူလမှုစီရင်ပိုင်ခွင့် အာဏာများရှိသည် –

(၁) ပြည်ထောင်စုနိုင်ငံတော်က ချုပ်ဆိုသော ပြည်ထောင်အချင်းချင်းဆိုင်ရာ စာချုပ်များနှင့် စပ်လျဉ်း၍ ပေါ်ပေါက်လာသောကိစ္စရပ်များ၊

(၂) ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရတို့အကြား ဖြစ်ပွားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဿနာများမှအပ အခြားအငြင်းပွားမှုများ၊

(၃) တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အချင်းချင်း၊ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်အချင်းချင်းတို့အကြား ဖြစ်ပွားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြဿနာများမှအပ အခြားအငြင်းပွားမှုများ၊

(၄) ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော အခြားကိစ္စရပ်များ။

( ခ ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည့်အားလျော်စွာ နောက်ဆုံးအပြီးအပြတ် အယူခံဝင်ရာ တရားရုံးဖြစ်သည်၊

( ဂ ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ချက်များသည် အမှုအားလုံးတွင်အပြီးအပြတ်ဖြစ်၍ အယူခံ ဝင်ခွင့်မရှိစေရ၊

(ဃ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ အခြား ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေမဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏ စီရင်ချက်များကို ဆုံးဖြတ်နိုင်သော အယူခံမှုစီရင်ပိုင်ခွင့်အာဏာရှိသည်။ ထို့အပြင် အခြားတရားရုံးများကချမှတ်သော စီရင်ချက်များကိုလည်း ဥပဒေနှင့်အညီစစ်ဆေးဆုံးဖြတ်နိုင်သော အယူခံမှု စီရင်ပိုင်ခွင့်အာဏာရှိသည်၊

( င ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဥပဒေနှင့်အညီ ပြင်ဆင်မှုစီရင်ပိုင်ခွင့်အာဏာရှိသည်။


၂၉၆။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် –

(က) အောက်ပါစာချွန်တော်အမိန့်များကို ထုတ်ပိုင်ခွင့်အာဏာရှိသည် –

(၁) ရှေ့တော်သွင်းစာချွန်တော်အမိန့်၊

(၂) အာဏာပေးစာချွန်တော်အမိန့်၊

(၃) တားမြစ်စေစာချွန်တော်အမိန့်၊

(၄) အာဏာပိုင်မေးစာချွန်တော်အမိန့်၊

(၅) အမှုခေါ်စာချွန်တော်အမိန့်။

( ခ ) နိုင်ငံတော်အတွင်း အရေးပေါ်အခြေအနေများပေါ်ပေါက်ကြောင်း ကြေညာသည့်ဒေသတွင် စာချွန်တော် အမိန့် ထုတ်ဆင့်ပေးရန် လျှောက်ထားချက်များကို ရပ်ဆိုင်းထားရမည်။

တရားစီရင်ရေးဆိုင်ရာ ဘဏ္ဍာငွေအရအသုံးစာရင်း[ပြင်ဆင်ရန်]

၂၉၇။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးဆိုင်ရာ ဘဏ္ဍာငွေအရအသုံးစာရင်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု၏နှစ်စဉ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်းတင်ပြနိုင်ရန် ပြည်ထောင်စုအစိုးရထံ တင်ပြရမည်။

တရားစီရင်ရေးဆိုင်ရာ အခြေအနေတင်ပြခြင်း[ပြင်ဆင်ရန်]

၂၉၈။ ပြည်ထောင်စုတရားသူကြီးချုပ်သည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ နိုင်ငံတော်သို့မဟုတ် အများပြည်သူတို့နှင့်သက်ဆိုင်သည့် အရေးကြီးသောတရားစီရင်ရေးဆိုင်ရာအခြေအနေကို အခါအားလျော်စွာ တင်ပြနိုင်သည်။

ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများခန့်အပ် တာဝန်ပေးခြင်း[ပြင်ဆင်ရန်]

၂၉၉။

(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အကြီးအမှူးကို ပြည်ထောင်စုတရားသူကြီးချုပ်ဟု ခေါ်ရမည်၊

( ခ ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများဦးရေအနည်းဆုံးခုနစ်ဦးမှ အများဆုံး ၁၁ ဦးအထိ ခန့်အပ်နိုင်သည်၊

( ဂ ) (၁) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်သင့်သော ပုဂ္ဂိုလ်၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းသဘောတူညီချက် ရယူရမည်၊

(၂) ပုဒ်မ ၃၀၁ တွင် သတ်မှတ်ထားသော ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန် အမည်စာရင်း တင်သွင်းသူကို ငြင်းပယ်ခွင့်မရှိစေရ၊

(၃) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ်ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊

(၄) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိသည့် ပုဂ္ဂိုလ်အား ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ်ခန့်အပ်ရမည်။

(ဃ) (၁) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ညှိနှိုင်းကာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ်ခန့်အပ်သင့်သော ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသဘောတူညီချက် ရယူရမည်၊

(၂) ပုဒ်မ ၃၀၁ တွင် သတ်မှတ်ထားသော ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ်ခန့်အပ်ရန် အမည်စာရင်းတင်သွင်းသူများကို ငြင်းပယ်ခွင့်မရှိစေရ၊

(၃) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်၏သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊

(၄) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိသည့် ပုဂ္ဂိုလ်များအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများအဖြစ် ခန့်အပ်ရမည်။


၃၀ဝ။ (က) ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်၊

( ခ ) ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုတရားသူကြီးချုပ်သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ အငြိမ်းစား ယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။

ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏အရည်အချင်းများ[ပြင်ဆင်ရန်]

၃၀၁။ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည် –

(က) အသက် ၅၀ နှစ်ထက်မငယ်၊ အသက် ၇၀ နှစ်ထက်မကြီးသူ၊

( ခ ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အတွက် သတ်မှတ်ထားသောအရည်အချင်းများနှင့် ပြည့်စုံသူ၊

( ဂ ) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အဖြစ်ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်းငြိစွန်းခြင်းမရှိသူ၊

(ဃ) (၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ်

(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သောတရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ်

(၃) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ်

(၄) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။

( င ) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ်သစ္စာရှိသူ၊

( စ ) နိုင်ငံရေးပါတီဝင်မဟုတ်သူ၊

(ဆ) လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ။

ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအား စွပ်စွဲပြစ်တင်ခြင်း[ပြင်ဆင်ရန်]

၃၀၂။ (က) နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦးဦးအား အောက်ပါအကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည် -

(၁) နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊

(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊

(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊

(၄) ပုဒ်မ ၃၀၁ တွင် ပြဋ္ဌာန်းထားသော ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်း ပျက်ယွင်းခြင်း၊

(၅) ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း။

( ခ ) နိုင်ငံတော်သမ္မတက စွပ်စွဲပြစ်တင်ရန်လိုအပ်ပါက-

(၁) မိမိ၏စွပ်စွဲချက်ကို ပြည်ထောင်စုလွှတ်တော်နာယကထံတင်ပြရမည်၊

(၂) ပြည်ထောင်စုလွှတ်တော်နာယကသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်း၍ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးစေရမည်၊

(၃) စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရာတွင် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ တူညီစွာပါဝင်စေပြီးယင်းအဖွဲ့ဝင်များထဲမှ သင့်လျော်သူတစ်ဦးဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ပေးရမည်၊

(၄) စုံစမ်းစစ်ဆေးရမည့် လုပ်ငန်းပမာဏကို ထောက်ရှု၍ စုံစမ်းစစ်ဆေးမှုပြီးစီးရမည့် အချိန်ကာလကိုလည်း သတ်မှတ်ပေးရမည်၊

(၅) နိုင်ငံတော်သမ္မတသည် မိမိ၏စွပ်စွဲချက်နှင့် စပ်လျဉ်း၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်စေလွှတ်၍သော်လည်းကောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ရှေ့မှောက်တွင် ရှင်းလင်းတင်ပြနိုင်သည်။ သက်ဆိုင်ရာအထောက်အထားများနှင့် သက်သေများကိုလည်း တင်ပြနိုင်ခွင့်ရှိသည်၊

( ၆ ) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ စွပ်စွဲပြစ်တင်ခြင်းခံရသူအားကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်းချေပခွင့်ပေးရမည်၊

( ၇ ) စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းတွေ့ရှိချက်ကို တင်ပြလာသည့်အခါ ပြည်ထောင်စုလွှတ်တော်နာယကသည် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်၊

( ၈ ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍စွပ်စွဲခံရသူသည် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် ပြည်ထောင်စုလွှတ်တော် နာယကသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်၊

( ၉ ) ယင်းသို့ တင်ပြအစီရင်ခံသည့်အခါ နိုင်ငံတော်သမ္မတသည် စွပ်စွဲပြစ်တင်ခြင်းခံရသည့် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးကို ရာထူးမှ ရပ်စဲရမည်၊(၁၀) စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း ပြည်ထောင်စုလွှတ်တော်ကဆုံးဖြတ်လျှင် ထိုသို့ဆုံးဖြတ်ကြောင်းကို ပြည်ထောင်စုလွှတ်တော်နာယကသည် နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်။

( ဂ ) ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်ရန် လိုအပ်ပါက -

(၁) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတကို စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ ၇၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်၊

(၂) ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦးဦးအပေါ် စွပ်စွဲပြစ်တင်မှုသည်မှန်ကန်၍ စွပ်စွဲခံရသူသည် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးရာထူးတွင် ဆက်လက်ထမ်းရွက်စေရန်မသင့်ကြောင်း စုံစမ်းစစ်ဆေးသည့် လွှတ်တော်က ဆုံးဖြတ်တင်ပြလျှင် နိုင်ငံတော်သမ္မတသည် စွပ်စွဲပြစ်တင်ခြင်းခံရသည့် ပြည်ထောင်စု တရားသူကြီးချုပ် သို့မဟုတ်ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအား ရာထူးမှရပ်စဲ ရမည်၊

(၃) စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း စုံစမ်းစစ်ဆေးသည့်လွှတ်တော်က ဆုံးဖြတ်ပါက ထိုသို့ဆုံးဖြတ်ကြောင်း သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်။

ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး များ၏ရာထူးသက်တမ်း[ပြင်ဆင်ရန်]

၃၀၃။ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများသည် အောက်ပါအကြောင်းတစ်ရပ်ရပ် မပေါ်ပေါက်လျှင် အသက် ၇၀ နှစ် ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိသည် –

(က) မိမိသဘောအလျောက် ရာထူးမှနုတ်ထွက်ခြင်း၊

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စွပ်စွဲပြစ်တင်ခြင်းခံရ၍ရာထူးမှ ရပ်စဲခံရခြင်း၊

( ဂ ) ဥပဒေအရ သတ်မှတ်သောဆေးအဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်စိတ်နှစ်ပါးအနက် တစ်ပါးပါးသည် ထာဝစဉ်ချို့ယွင်းသွားခြင်းကြောင့် တာဝန်ကိုဆက်လက်ထမ်းဆောင်နိုင်စွမ်းမရှိကြောင်း တွေ့ရှိရခြင်း၊

(ဃ) ကွယ်လွန်ခြင်း။

၃၀၄။ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

တိုင်းဒေသကြီးတရားလွှတ်တော်များ သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များ[ပြင်ဆင်ရန်]

တိုင်းဒေသကြီးတရားလွှတ်တော်များ သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]

၃၀၅။ တိုင်းဒေသကြီးတွင် တိုင်းဒေသကြီး တရားလွှတ်တော်ကိုလည်းကောင်း၊ ပြည်နယ်တွင် ပြည်နယ် တရားလွှတ်တော်ကိုလည်းကောင်း ထားရှိသည်။

တိုင်းဒေသကြီးတရားလွှတ်တော်များ သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များ၏ စီရင်ပိုင်ခွင့်အာဏာများ[ပြင်ဆင်ရန်]

၃၀၆။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များတွင် ဥပဒေနှင့်အညီ အောက်ပါတရားစီရင်ပိုင်ခွင့်အာဏာများရှိသည် –

(က) မူလမှုကိုစီရင်ခြင်း၊

( ခ ) အယူခံမှုကိုစီရင်ခြင်း၊

( ဂ ) ပြင်ဆင်မှုကိုစီရင်ခြင်း၊

(ဃ) ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော ကိစ္စရပ်များကိုစီရင်ခြင်း။

၃၀၇။ (က) တရားစီရင်ရေးဆိုင်ရာကိစ္စအလို့ငှာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်သည် နေပြည်တော် အတွင်းရှိ တရားရုံးများ၏တရားလွှတ်တော်ဖြစ်သည်၊

( ခ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ဒေသတစ်ခုခုကို ပြည်ထောင်စုနယ်မြေအဖြစ်သတ်မှတ်လျှင် တရားစီရင်ရေးဆိုင်ရာ ကိစ္စအလို့ငှာ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သည် ယင်းပြည်ထောင်စုနယ်မြေအတွင်းရှိ တရားရုံးများ၏ တရားလွှတ်တော် ဖြစ်သည်။

တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်တရားသူကြီးများ ခန့်အပ်ခြင်း[ပြင်ဆင်ရန်]

၃၀၈။ (က) (၁) တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏အကြီးအမှူးကို တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဟုခေါ်ရမည်၊

(၂) တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရား လွှတ်တော်တွင် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အပါအဝင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ သို့မဟုတ်ပြည်နယ်တရားလွှတ်တော်တရားသူကြီးများဦးရေ အနည်းဆုံး သုံးဦးမှ အများဆုံး ခုနစ်ဦးအထိ ခန့်အပ်နိုင်သည်၊

( ခ ) (၁) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် ညှိနှိုင်းပြီးသက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ်ခန့်အပ်ရန် အမည်စာရင်းကိုပြုစု၍ ယင်းအမည်စာရင်းကိုလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်ထောင်စုတရားသူကြီးချုပ်နှင့်ညှိနှိုင်းပြီး သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ်ခန့်အပ်ရန် အမည်စာရင်းကိုပြုစု၍ ယင်းအမည်စာရင်းများကိုလည်းကောင်း သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပေးပို့ရမည်၊

(၂) ပုဒ်မ ၃၁၀ တွင် သတ်မှတ်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီး၏ အရည်အချင်း များနှင့်မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားသူကြီးချုပ်၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်အဖြစ် ခန့်အပ်ရန်လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ညှိနှိုင်းပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်ရန်လည်းကောင်းအမည်စာရင်း ပေးပို့သူများကို ငြင်းပယ်ခွင့်မရှိစေရ၊

(၃) ပုဒ်မခွဲငယ် (၂) အရ ငြင်းပယ်ခြင်းခံရသောပုဂ္ဂိုလ်များအစား အမည်စာရင်းသစ်ကို သတ်မှတ် ထားသည့်အတိုင်း ထပ်မံတင်သွင်းခွင့်ရှိသည်၊

(၄) နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော်က သဘောတူညီသူများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဖြစ်လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် လည်းကောင်းခန့်အပ်ရမည်။

၃၀၉။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများသည်ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်၊

( ခ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများသည်နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီအငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။

တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၏အရည်အချင်း[ပြင်ဆင်ရန်]

၃၁၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည် –(က) အသက် ၄၅ နှစ်ထက်မငယ်၊ အသက် ၆၅ နှစ်ထက်မကြီးသူ၊

( ခ ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့်ပြည့်စုံသူ၊

( ဂ ) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်းငြိစွန်းခြင်းမရှိသူ၊

(ဃ) (၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ငါးနှစ်တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် ခရိုင်အဆင့်ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ်

(၂) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၁၅ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ်

(၃) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ်နိုင်ငံတော်သမ္မတက ယူဆသူ။

( င ) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်သစ္စာရှိသူ၊

( စ ) နိုင်ငံရေးပါတီဝင်မဟုတ်သူ၊

(ဆ) လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ။

တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများအား စွပ်စွဲပြစ်တင်ခြင်း[ပြင်ဆင်ရန်]

၃၁၁။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးကိုလည်းကောင်း အောက်ပါအကြောင်း တစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည် -

(၁) နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကိုဖောက်ဖျက်ခြင်း၊

(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊

(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊

(၄) ပုဒ်မ ၃၁၀ တွင် ပြဋ္ဌာန်းထားသောတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီး၏ အရည်အချင်းပျက်ယွင်းခြင်း၊

(၅) ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း။

( ခ ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးတစ်ဦးဦးကိုလည်းကောင်း စွပ်စွဲပြစ်တင်ရန်လိုအပ်ပါက မိမိ၏စွပ်စွဲချက်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့ရမည်၊

( ဂ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည်သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ကိုလည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးကိုလည်းကောင်း စွပ်စွဲပြစ်တင်ရန်လိုအပ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံးလေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏စွပ်စွဲချက်ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်၊

(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးစေရမည်။ စုံစမ်းစစ်ဆေးရမည့်လုပ်ငန်းပမာဏကိုထောက်ရှု၍ စုံစမ်းစစ်ဆေးမှုပြီးစီးရမည့် အချိန်ကာလကိုလည်း သတ်မှတ်ပေးရမည်၊

( င ) (၁) နိုင်ငံတော်သမ္မတ သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ်က စွပ်စွဲပြစ်တင်လျှင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုသက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း၍ ယင်းအဖွဲ့ဝင်များထဲမှ သင့်လျော်သူတစ်ဦးဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးရမည်၊

(၂) နိုင်ငံတော်သမ္မတ သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ်သည် မိမိ၏စွပ်စွဲချက်နှင့်စပ်လျဉ်း၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်စေလွှတ်၍သော်လည်းကောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ရှေ့မှောက်တွင် ရှင်းလင်းတင်ပြနိုင်သည်။ သက်ဆိုင်ရာအထောက်အထားများနှင့် သက်သေများကိုလည်း တင်ပြနိုင်ခွင့်ရှိသည်။

( စ ) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ စွပ်စွဲပြစ်တင်ခြင်းခံရသူအားကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်၊

(ဆ) စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းတွေ့ရှိချက်ကိုတင်ပြသည့်အခါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်၊

( ဇ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူသည် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အတွက်ဖြစ်လျှင် နိုင်ငံတော်သမ္မတထံသို့လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအတွက်ဖြစ်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ လည်းကောင်း ထိုဆုံးဖြတ်ချက်ကိုတင်ပြရမည်။ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် ဖော်ပြပါတင်ပြချက်ကို ရရှိသည့်အခါနိုင်ငံတော်သမ္မတထံ ဆက်လက်တင်ပြရမည်၊

(ဈ) ယင်းသို့တင်ပြချက်များရရှိသည့်အခါ နိုင်ငံတော်သမ္မတသည် စွပ်စွဲပြစ်တင်ခြင်းခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးကို ရာထူးမှရပ်စဲရမည်၊

(ည) စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော်ကဆုံးဖြတ်လျှင် ထိုသို့ဆုံးဖြတ်ကြောင်းကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အတွက်ဖြစ်လျှင် နိုင်ငံတော်သမ္မတထံသို့လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးအတွက်ဖြစ်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ လည်းကောင်း တင်ပြရမည်။

တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၏ ရာထူးသက်တမ်း[ပြင်ဆင်ရန်]

၃၁၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများသည် အောက်ပါအကြောင်းတစ်ရပ်ရပ် မပေါ်ပေါက်လျှင် အသက် ၆၅ နှစ် ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိသည် -

(က) မိမိသဘောအလျောက် ရာထူးမှနုတ်ထွက်ခြင်း၊

( ခ ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စွပ်စွဲပြစ်တင်ခြင်းခံရ၍ရာထူးမှရပ်စဲခံရခြင်း၊

( ဂ ) ဥပဒေအရသတ်မှတ်သောဆေးအဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်စိတ်နှစ်ပါးအနက် တစ်ပါးပါးသည် ထာဝစဉ်ချို့ယွင်းသွားခြင်းကြောင့် တာဝန်ကိုဆက်လက်ထမ်းဆောင်နိုင်စွမ်းမရှိကြောင်း တွေ့ရှိရခြင်း၊

(ဃ) ကွယ်လွန်ခြင်း။

၃၁၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၏ တာဝန်များ၊လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏ ကြီးကြပ်မှုအောက်ရှိ တရားရုံးများ[ပြင်ဆင်ရန်]

၃၁၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် ကြီးကြပ်မှုအောက်၌အောက်ပါအတိုင်း တရားရုံးအဆင့်ဆင့်ရှိသည် –

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုမရှိလျှင်–

(၁) ခရိုင်တရားရုံးများ၊ (၂) မြို့နယ်တရားရုံးများ။

( ခ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရှိလျှင်– (၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၌

(ကက) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ( ခ ခ ) မြို့နယ်တရားရုံးများ။

(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌

(ကက) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ (ခခ) မြို့နယ်တရားရုံးများ။

(၃) ကျန်ဒေသများ၌

(ကက) ခရိုင်တရားရုံးများ၊ (ခခ) မြို့နယ်တရားရုံးများ။

( ဂ ) ပြည်ထောင်စုနယ်မြေ၌

(၁) ခရိုင်တရားရုံးများ၊ (၂) မြို့နယ်တရားရုံးများ။

(ဃ) ဥပဒေအရတည်ထောင်ထားသော အခြားတရားရုံးများ။

ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာများ[ပြင်ဆင်ရန်]

၃၁၅။ ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများသည် ဥပဒေနှင့်အညီ ပြစ်မှုဆိုင်ရာမူလမှုများ၊ တရားမမူလမှုများကိုလည်းကောင်း၊ အယူခံမှုများနှင့် ပြင်ဆင်မှုများကိုလည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသတ်မှတ်ထားသောကိစ္စရပ်များကိုလည်းကောင်း စီရင်ပိုင်ခွင့်အာဏာရှိသည်။

၃၁၆။ မြို့နယ်တရားရုံးများသည် ဥပဒေနှင့်အညီ ပြစ်မှုဆိုင်ရာမူလမှုများ၊ တရားမမူလမှုများကိုလည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသောကိစ္စရပ်များကိုလည်းကောင်းစီရင်ပိုင်ခွင့်အာဏာရှိသည်။၃၁၇။ ပြည်ထောင်စုတစ်ဝန်းလုံးတွင် တရားစီရင်ရေးဆိုင်ရာကိစ္စအဝဝကို ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်စေ၊ အခြားဥပဒေတစ်ရပ်ရပ်အရဖြစ်စေ ဖွဲ့စည်းသည့်တရားရုံးများတွင်ဥပဒေနှင့်အညီခန့်ထားသော တရားသူကြီး များက စီမံဆောင်ရွက်ရမည်။

၃၁၈။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် ကြီးကြပ်မှုအောက်ရှိတရားရုံးအဆင့်ဆင့်တွင် တရားသူကြီးများခန့်ထားခြင်း၊ စီရင်ပိုင်ခွင့်များအပ်နှင်းခြင်း၊ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များ သတ်မှတ်ခြင်းတို့သည် ဥပဒေနှင့်အညီ ဖြစ်စေရမည်။

( ခ ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များနှင့် ကျန်တရားရုံးများတွင် အရာရှိအဆင့်ဝန်ထမ်းများ၊အခြားအဆင့်ဝန်ထမ်းများပါဝင်သည့် ဝန်ထမ်းအဖွဲ့အစည်းဖွဲ့ စည်းခြင်း၊တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များသတ်မှတ်ခြင်းတို့သည် ဥပဒေနှင့်အညီဖြစ်စေရမည်။

စစ်ဘက်ဆိုင်ရာတရားရုံးများ[ပြင်ဆင်ရန်]

၃၁၉။ ပုဒ်မ ၂၉၃ ပုဒ်မခွဲ (ခ) အရ စစ်ဘက်ဆိုင်ရာတရားရုံးများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေအရဖွဲ့စည်း၍ တပ်မတော်သားများအတွက် တရားစီရင်ရမည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး[ပြင်ဆင်ရန်]

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]

၃၂၀။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ကိုးဦး ဖြင့်ဖွဲ့စည်းရမည်။

၃၂၁။ နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦး စုစုပေါင်း ကိုးဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏အမည်ကိုလည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက်ရယူရမည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်းတာဝန်[ပြင်ဆင်ရန်]

၃၂၂။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် –

(က) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊

( ခ ) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့်ဥပဒေများ သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ညီညွတ်ခြင်းရှိ-မရှိ စိစစ်ခြင်း၊

( ဂ ) ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာအာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ-မရှိ စိစစ်ခြင်း၊

(ဃ) ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုအချင်းချင်း ဖြစ်ပေါ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊

(င) တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့ကပြည်ထောင်စုဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတို့၏ အခွင့်အရေးနှင့် တာဝန်များနှင့်စပ်လျဉ်း၍ ပေါ်ပေါက်သည့်အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊

(စ) ပြည်ထောင်စုနယ်မြေများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကအကြောင်းကြားလာသည့် ကိစ္စရပ်များကို စိစစ်ဆုံးဖြတ်ခြင်း၊

(ဆ) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့်ဥပဒေများက ပေးအပ်သည့်လုပ်ငန်းတာဝန်များ။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှု[ပြင်ဆင်ရန်]

၃၂၃။ တရားရုံးတစ်ရုံးသည် အမှုတစ်မှုကို စစ်ဆေးစီရင်ရာတွင် ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှုရှိ-မရှိ၊ ညီညွတ်မှုရှိ-မရှိ အငြင်းပွားမှုပေါ်ပေါက်ပါက ထိုအငြင်းပွားမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကလည်း တစ်စုံတစ်ရာဆုံးဖြတ်ချက် ချမှတ်ထားခြင်း မရှိသေးလျှင် အဆိုပါတရားရုံးသည်အမှုစစ်ဆေးစီရင်ခြင်းကိုရပ်ဆိုင်းထားပြီး မိမိ၏ထင်မြင်ချက်ကို သတ်မှတ် ထားသည့် နည်းလမ်းများနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့တင်ပြ၍ အဆုံးအဖြတ် ရယူရမည်။ ယင်းအငြင်းပွားမှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ဆုံးဖြတ်ချက်သည် အမှုအားလုံးနှင့် သက်ဆိုင်စေရမည်။

၃၂၄။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့်သဘောထားရယူရန် တင်သွင်းခြင်း[ပြင်ဆင်ရန်]

၃၂၅။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန်ကိစ္စများကို အောက်ဖော်ပြပါပုဂ္ဂိုလ်များသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တိုက်ရိုက်တင်သွင်းခွင့်ရှိသည် –

(က) နိုင်ငံတော်သမ္မတ

( ခ ) ပြည်ထောင်စုလွှတ်တော်နာယက

( ဂ ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ

(ဃ) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ

( င ) ပြည်ထောင်စုတရားသူကြီးချုပ်၊

( စ ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ။

၃၂၆။ အောက်ပါပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန်ကိစ္စများကို သတ်မှတ်ထားသော နည်းလမ်းများ နှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့တင်သွင်းခွင့်ရှိသည် –

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊

( ခ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊

( ဂ ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊

(ဃ) ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း အရေအတွက်ရှိသော ကိုယ်စားလှယ်များ။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း[ပြင်ဆင်ရန်]

၃၂၇။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသည့်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရမည်။

၃၂၈။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်၏ အရည်အချင်းနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတကစုစည်း အမည်စာရင်း တင်သွင်းသည့် ပုဂ္ဂိုလ်များအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန် ပေးရန် ငြင်းပယ်ခွင့်မရှိစေရ။

၃၂၉။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အဖြစ်ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် မရရှိသည့်အဖွဲ့ဝင်နေရာအတွက် အမည်စာရင်းသစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီပြည်ထောင်စုလွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်။

၃၃၀။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်တစ်ဦးသည် -

(က) လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟုမှတ်ယူရမည်၊

( ခ ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟုမှတ်ယူရမည်၊

(ဂ) နိုင်ငံရေးပါတီတစ်ခုခု၌ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ။

၃၃၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်တစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်။

၃၃၂။ အကြောင်းတစ်ခုခုကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်ရာထူးနေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်၏ အရည်အချင်း[ပြင်ဆင်ရန်]

၃၃၃။ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် လွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူများအနက်မှ အဖွဲ့ဝင် သုံးဦးစီကိုရွေးချယ်ရမည် -

(က) အသက် ၅၀ နှစ် ပြည့်ပြီးသူ၊

( ခ ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊

(ဂ) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်းငြိစွန်းခြင်းမရှိသူ၊

(ဃ) (၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ်

(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သောတရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ်

(၃) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ်

(၄) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ်နိုင်ငံတော်သမ္မတက ယူဆသူ။

( င ) နိုင်ငံရေးပါတီဝင်မဟုတ်သူ၊

( စ ) လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ၊

(ဆ) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေးအမြင်ရှိသူ၊

( ဇ ) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။

နိုင်ငံတော်ဖွဲ့စည်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ခြင်း[ပြင်ဆင်ရန်]

၃၃၄။ (က) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးဦးအား အောက်ပါ အကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည် –

(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊

(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊

(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊

(၄) ပုဒ်မ ၃၃၃ တွင် သတ်မှတ်ထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်၏ အရည်အချင်းပျက်ယွင်းခြင်း၊

(၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း။

( ခ ) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးဦးအပေါ်စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦးဦးအား စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ ၃၀၂ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

နိုင်ငံတော် နိုင်ငံတော်ဖွဲ့စည်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သက်တမ်း[ပြင်ဆင်ရန်]

၃၃၅။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သက်တမ်းသည် ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းနှင့်အညီ ငါးနှစ်ဖြစ်သည်။ သို့ရာတွင် သက်တမ်းကုန်ဆုံးပြီးဖြစ်သော်လည်း လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအသစ် ဖွဲ့စည်းပြီးသည့်အချိန်အထိ မိမိ၏ လုပ်ငန်းတာဝန်များကိုဆက်လက်တာဝန်ထမ်းဆောင်ရမည်။

၃၃၆။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဖွဲ့စည်းမှု၊ ဆက်သွယ်မှု၊ ခုံရုံးဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များ စသည်တို့ကို ဥပဒေပြဋ္ဌာန်း သတ်မှတ်ရမည်။