တင်‌ငွေ (ရုပ်ရှင်စတန့် မင်းသား)

ဝီကီပီးဒီးယား မှ

တင်ငွေကွ.... တင်ငွေ၊ တင်ငွေဆိုလျှင် နင်သေသေ၊ ငါသေသေ၊ အရိုးကြေကြေ....အရေခမ်းခမ်း ဆိုတာလို စတန့်ဇာတ်လမ်းများတွင် စွန့်စားသရုပ်ဆောင်ခဲ့သော စစ်ကြိုခေတ်က စတန့်မင်းသား တင်ငွေပင်ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

တစ်‌ခေတ်က ရုပ်ရှင်‌လောကတွင် စတန့်မင်းသားအဖြစ်ကျော်ကြားခဲ့‌သော ဦးတင်‌ငွေကို ဖျာပုံခရိုင် သမိန်‌ထောရွာ၌ အဖ ‌မြေတိုင်းအင်စပက်‌တော် ဦးဆင်၊ အမိ ‌ဒေါ်မြတို့က ၁၉၀၈ ခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၇ ရက်‌နေ့တွင် ‌မွေးဖွားသည်။ မွေးချင်း‌လေး‌ယောက်တွင် အကြီးဆုံးဖြစ်၍ အမည်ရင်း မောင်သာ‌ဝေ ဖြစ်သည်။


ပညာသင်ဘဝ[ပြင်ဆင်ရန်]

သားကြီးဖြစ်သောကြောင့် မိဘများက ရန်ကုန်မြို့ရှိ စိန်‌ပေါ​​​အထက်တန်း‌ကျောင်းတွင် ပညာသင်ကြားစေခဲ့သည်။ ကျောင်းနေစဉ်ကပင် အားကစားကို ဝါသနာပါခဲ့သည့်အလျှောက် လေ့လာလိုက်စားခဲ့သည်။ ရှစ်တန်း‌အောင်ပြီး‌နောက် သမိန်‌ထော ရွာသူကြီးသမီး မတင်နှင့် အိမ်‌ထောင်ကျခဲ့သည်။ စိန်ပေါကျောင်းတွင် ၉-တန်းအောင်သည်အထိ ပညာသင်ကြားခဲ့ပြီး ၁၉၂၇-ခုနှစ်၌ ကျောင်းထွက်ကာ နေရင်းဇာတိ ဖျာပုံမြို့သို့ ပြန်ခဲ့သည်။[၁]

ရုပ်ရှင်လောက[ပြင်ဆင်ရန်]

ထို့‌နောက် စတန့်ဇာတ်ကြမ်းကားများ ရိုက်ကူး ရန်အတွက် ‌မော်‌တော်ကား၊ မော်‌တော်ဆိုင်ကယ်များ ငှား‌သောအခါ ဦးတင်‌ငွေ၏တက္ကဆီကားကို ငှား‌လေ့ရှိ‌သော‌ကြောင့် ဦးတင်‌ငွေသည် ရုပ်ရှင်ရိုက်ကွင်းများသို့ မကြာခဏ ‌ရောက်ရှိခဲ့သည်။

ဒါရိုက်တာဦး‌အောင်မြတ်၏ "သူခိုးကြီး"ဇာတ်ကား ရိုက်ကွင်းတစ်ခု၌ မင်းသား‌မောင်‌မောင်‌အေးသည် ‌ပေအစိတ်ခန့်ကျယ်သော ‌ချောက်ကမ်းပါးကို နွယ်ကြိုးနှင့်မကူးဝံ့သဖြင့် ဦးတင်‌ငွေက လူစားထိုးဝင် လုပ်‌ပေးရာမှ ရုပ်ရှင်နယ်ထဲ‌ရောက်ခဲ့သည်။ ပထမဆုံးပါဝင်ခဲ့ရသော ဇာတ်ကားမှာ "ဝရမ်း‌ပြေး"ဇာတ်ကားဖြစ်ပြီး "ဒုတိယ‌ခေါင်း‌ဆောင်" ဇာတ်ကားတွင် မင်းသမီးခင်စန်းနှင့်တွဲ၍ ‌ခေါင်း‌ဆောင်မင်းသားအဖြစ် စတင် ပါဝင်ခဲ့ရသည်။ ဦးတင်‌ငွေသည် စတန့်ဇာတ်ကြမ်းကားများကို ပါဝင်ရိုက်ကူးရာတွင် ကင်မရာလှည့်စားချက်မပါ၊ လူစားမထိုးဘဲ စွန့်စွန့်စားစား သရုပ်‌ဆောင်ခဲ့သူဖြစ်သည်။ ၁၅ ‌ပေခန့် ‌ချောက်ကြီးကို မော်‌တော်ဆိုင်ကယ်နှင့် ဖြတ်‌ကျော်ခြင်း၊ မီးပုံကြားမှ ‌မော်‌တော်ဆိုင်ကယ်ကိုအတင်းဖြတ်‌မောင်းခြင်း၊ ခုတ်‌မောင်းလာ‌သော မီးရထား‌ခေါင်းတွဲ‌ရှေ့မှ မလွတ်တလွတ် ဒိုင်ဗင်ထိုးဖြတ်ကူးခြင်း၊ ‌လေယာဉ်‌မောင်း၍ အစွမ်းပြခြင်း စသည်ဖြင့် စွန့်စွန့်စားစား သရုပ်‌ဆောင်ခဲ့သည်။

ဂျပန်‌ခေတ်အတွင်း ရုပ်ရှင်လုပ်ငန်းများ ရပ်ဆိုင်း‌နေချိန်၌ ဦးတင်‌ငွေသည် ‌ခြေမြန်ရဲမှူးအဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့သည်။ ထို့‌နောက် စစ်ပြီး‌ခေတ်တွင် ရုပ်ရှင်နယ်သို့ ပြန်လည်‌ရောက်ရှိပြီး ဗမာ့‌သွေး၊ ‌သွေးညီ‌နောင်၊ သူနဲ့သူ၊ ‌သွေးနဲ့‌သွေး၊ ကြယ်သုံးပွင့်၊ ‌ထောင်မင်းသားစ‌သော စတန့်ကားများတွင် ‌ခေါင်း‌ဆောင် မင်းသားအဖြစ် ပါဝင်သရုပ်‌ဆောင်ခဲ့သည်။ ထို‌နောက် ရုပ်ရှင်‌လောကမှ ထွက်၍ ‌ရေတပ်မ‌တော်တွင် ဝင်‌ရောက်အမှုထမ်းခဲ့သည်။ ဦးတင်‌ငွေသည် ပထမအိမ်‌ထောင်ဖက် ကွယ်လွန်ပြီး‌နောက် ၁၉၃၅-ခုနှစ်တွင် ရုပ်ရှင်မင်းသမီးကြီး ‌ဒေါ်သီတာခင်‌ထွေးနှင့် အိမ်‌ထောင်ပြုခဲ့သည်။ ‌ဒေါ်သီတာခင်‌ထွေးသည် ၁၉၇၇-ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။


ဦးတင်‌ငွေသည် ဝရမ်း‌ပြေး၊ ‌ယောက်ျားမ၊ နယ်ခြားမြိုင်၊ တိုင်းလုံး‌ကျော်၊ ရုပ်ရှင်သူခိုး၊ တို့မိခင်၊ မယ့်သတ္တိ၊ တို့‌ကျေးရွာစသည်ဖြင့် ဇာတ်ကား‌ပေါင်းများစွာ ရိုက်ကူးခဲ့သည်။ ဦးတင်‌ငွေ ‌နောက်ဆုံးပါဝင် ရိုက်ကူးခဲ့‌သော ရုပ်ရှင်ကားမှာ ၁၉၈၆-ခုနှစ်အတွင်း ရိုက်ကူးလျက်ရှိ‌သော ဒါရိုက်တာပြည့်စုံ၏ ညတိုက်ပွဲ ဇာတ်ကားဖြစ်ပြီး အသက်အရွယ်ကြီးရင့်‌သောအရွယ် ‌ရောက်‌နေသော်လည်း ထိုဇာတ်ကားတွင် စွန့်စားခန်းများကို လူစားမထိုးဘဲ သရုပ်‌ဆောင် သွားခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ရုပ်ရှင်စတန့်မင်းသားကြီး ဦးတင်‌ငွေသည် ၁၉၈၆-ခုနှစ်၊ ဇွန်လ (၁)ရက်‌နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)

  1. ရွှေလေးမောင် ရေး၊ ပြည်သူတွေချစ်ခဲ့သော ရုပ်ရှင်ပညာသည်ကြီးများ၊ စာ-၂၇