တင်၊ ဆရာ၊ သဟာယ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
သဟာယဆရာတင်
မွေးဖွား​မောင်တင်
၁၉၁၀
ပြည်မြို့ပြည်ခရိုင်
ကွယ်လွန်၁၉၄၈ (အသက် ၃၈နှစ်)
အလုပ်အကိုင်အလုပ်အကိုင်
အိမ်ထောင်ဖက်(များ)​ဒေါ်​သောင်း
သားသမီး​မောင်ခင်ညွန့်၊ ​မောင်ထွန်းမြင့်၊ မာချို၊ မာ
မိဘ(များ)ဦးဘိုးလူ + ​ဒေါ်​ဒေါ်အုံး


သဟာယဆရာတင်သည် ဂီတမျိုးရိုး မဟုတ်ပါပဲလျက် ဂီတဘက်တွင် ထူးချွန်‌ပေါက်‌ရောက်ခဲ့‌သော ပညာရှင်တစ်ဦးဖြစ်သည်။ ဆရာတင်(ခေါ်) ‌မောင်တင်သည် ပြည်မြို့ ပွဲစားတန်းရပ် ပွဲစားကြီး ဦးဘိုးလူနှင့် ပွဲက‌တော် ‌ဒေါ်‌ဒေါ်အုံးတို့၏ သားသမီး ‌ခြောက်‌ယောက်အနက် တတိယသား ဖြစ်သည်။ ‌မောင်တင်ကို သက္ကရာဇ် ၁၂၇၂ ခု ဝါဆိုလဆန်း ၅ ရက်‌နေ့ (၁၉၁၀ ခုနှစ်)တွင် ဖွားမြင်သည်။

ငယ်စဉ်က ပြည်မြို့အစိုးရ ဟိုက်စကူး‌ကျောင်းတွင် ‌ကျောင်းနေခဲ့ရာ ခုနစ်တန်း ‌အောင်မြင်ခဲ့၏။ ‌ကျောင်း‌နေစဉ်ကပင် ‌မောင်တင်သည် တူရိယာဂီတ အကအခုန်ဘက်တွင် အထူးတလည် ဝါသနာပါခဲ့၍ အ‌ပျော်တမ်း မင်းသားလုပ်ကာ ကခုန်ခဲ့သည်။ ‌မောင်တင်သည် အတီးပညာကို ‌လေ့လာ‌သော်လည်း ဟုတ်တိပတ်တိကား မတတ်‌ပေ။ မင်ဒိုလင်ကို အသံရှာနိုင်ရုံလောက်မျှသာ တီးနိုင်‌ပေသည်။ ‌မောင်တင်သည် ဤသို့ ဇာတ်သဘင်ဘက်တွင် ဝါသနာထုံ‌နေသည့်အဖြစ်ကို မိဘများက မနှစ်သက်‌သော‌ကြောင့် အိမ်‌ပြေး‌ကျောင်း‌ပြေးဘဝသို့ ‌ရောက်ခဲ့သည်။ ရန်ကုန်မြို့သို့ သူငယ်ချင်းများနှင့်အတူ ‌ကျောင်းပိတ်ရက်တွင် အလည်သွားရင်း အိမ်မပြန်‌တော့ဘဲ ကိုယ်‌ရောင်ဖျောက်‌နေခဲ့ရာ သုံးနှစ်မျှ ရှာမ‌တွေ့ဖြစ်ကာ မိဘများသည်လည်း ပူပင်‌သောကဖြစ်ခဲ့ရလေသည်။

ထို‌နောက်တွင် ရန်ကုန်မြို့၌ ‌ကျောင်းပြန်‌နေခဲ့စဉ်တွင် ရန်ကုန်အ‌ရှေ့ပိုင်း ‌ေ၇‌ကျော်ရပ်ရှိ လူငယ်များစု‌ပေါင်း ဖွဲ့စည်းထားသည့် လူငယ်များမြှင့်တင်‌ရေး သဟာယအသင်းတွင် အ‌ရေးပါ‌သော သူတစ်‌ယောက် ဖြစ်လာခဲ့‌ပေသည်။ တစ်ခါ‌သော် ထိုအသင်းက ကစားခုန်စားပွဲတွင် အနိုင်ရ၍ ‌အောင်ပွဲခံသည့် အ‌နေနှင့် ယူနီဗာစီတီသည် မြသန်းကြည်အငြိမ့်ကို ငှားရမ်းကပြခဲ့ရာ ‌မောင်တင်သည် အ‌ကြောင်းအား‌လျော်စွာ အသင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအ‌ကြောင်း ပါဝင်ခဲ့‌သော သီချင်းတပုဒ်ကို မြသန်းကြည်အတွက် ‌ရေး‌ပေးခဲ့ရသည်။

မြသန်းကြည်သည် ထို‌ခေတ်က ထိပ်တန်းအငြိမ့်မင်းသမီးတစ်ဦးဖြစ်‌နေရာ ‌မောင်တင်၏သီချင်းစာကိုဆိုရသည်ဟူ‌သောအ‌ကြောင်းမှာ ‌မောင်တင်အဖို့ အခွင့်ထူးကြီးပင်ဖြစ်၍းး အ‌တော်ပင်‌ကျေနပ် နှစ်သိမ့်လျက် သီချင်း‌ရေးဆရာလုပ်‌တော့အံ့ဟု ‌ကျောင်ဆက်မ‌နေပဲ တူရိယာ ဂီတ‌လောကသို့ ကူး‌ပြောင်းသွား‌လေသည်။ ထိုပြင် ‌မောင်တင်အား ‌မြေ‌တောင်‌မြှောက်‌ပေးသည်မှာ သဟာယအသင်းဖြစ်၍ ထိုအသင်းကို ‌ခြေကုပ်ယူကာ သီချင်းများကို စတင်‌ရေးသားခဲ့၇‌သော‌ကြောင့် က‌လောင်အမည် ‌ရွေးရာတွင် အသင်းအမည် ‌ရှေ့ကထားပြီးလျှင် သဟာယ မောင်တင် ဟု ကင်ပွန်းတပ် လိုက်‌လေသည်။

‌မောင်တင်သည် မြသန်းကြည်နှင့် မိတ်‌ဆွေဖြစ်ကြသည်မှစ၍ ‌နောင်တွင်လည်း ယူနီဗာစီတီမြသန်းကြည်၊ ချင်းမက‌လေး အောင်စိန်၊ တက္ကသိုလ်ပြည်သိမ်းတင်၊ ဘားမား‌ဒေးဩဘာကြည်၊ တလိုင်းမ မမြကြင်၊ နဂရာညွန့်၊ ဥဩမယ်တင် စသည့်အငြိမ့်မင်းသမီးများအတွက် သီချင်းများ ၂၀၀ ‌ကျော်‌ရေးသား‌ပေးခဲ့ရ လေသည်။ ‌ခေတ်မှီ အင်္ဂလိပ်‌ကျောင်းသားဖြစ်သဖြင့် အငြိမ့် ‌လောကဂီတ‌လောကမှ ‌မောင်တင်အား အ‌ရေးထား ‌လေးစားလာ၍ သဟာယ‌မောင်တင်အဖြစ် အ‌တော်နာမည်ရလာခဲ့၏။ များမကြာမီ ဓာတ်ပြားကုမ္ပဏီများနှင့် ဆက်သွယ်မိ၍ ‌ခွေး တံဆိပ်ဓာတ်ပြားကုမ္ပဏီ၊ အမွှာညီ‌နောင် ဓာတ်ပြားကုမ္ပဏီနှင့် အိုဒီအုံးဓာတ်ပြားကုမ္ပဏီတို့အတွက် သီချင်းများ‌ရေးသား ‌ပေးခဲ့ရပြန်‌လေသည်။ နာမည်ရလာသဖြင့် ခွေးတံဆိပ် ဓာတ်ပြားကုမ္ပဏီနှင့် ကိုလံဘီယာဓာတ်ပြားကုမ္ပဏီတို့အတွက် သီချင်းပုဒ်ရေ (၅၀)ကျော်ရေး၍ ဓာတ်ပြားသွင်းခဲ့ရသည်။


ထို့နောက် အေဝမ်းရုပ်ရှင်ကုမ္ပဏီ၏ တူရိယာဆိုင်ရာဘက်တွင် တာဝန်ခံအဖြစ် ဝင်‌ရောက်လုပ်ကိုင်ခဲ့၍ ကြယ်တာရာ၊ စိမ်းရွှေရွှေ၊ တောင်ညိုညို၊ ဖူး၊ ဒွေးညီနောင် စသည့် အသံတိတ် ရုပ်ရှင်ကားများအတွက် နောက်ခံတေးသီချင်းများ ရေးသားခဲ့သည်။ အသံထွက်ရုပ်ရှင်ခေတ် ရောက်သည့်အခါ အေဝမ်းရုပ်ရှင်ကုမ္ပဏီက ရိုက်ကူးသော ချစ်စနိုး၊ မြှားနတ်မောင်၊ တစ်လိမ်နှစ်လိမ်၊ ချစ်ရေစင်၊ ချစ်အမျှ၊ စောင်းတော်ရှင် ဇာတ်ကားများအတွက် ဇာတ်ဝင်တေးသီချင်းများ တာဝန်ယူရေးခဲ့ရသည်။ အေဝမ်းရုပ်ရှင်မှ သဘင်ဝန်ဓာတ်ပြားများ ထုတ်လုပ်ခဲ့ရာ၌ သဟာယဆရာတင်၏ သီချင်းအပုဒ် (၃၀)ကျော် ဓာတ်ပြားသွင်းခဲ့ရသည်။ သဟာယဆရာတင် သီချင်းများတွင် မလှရွှေ၏ စန္ဒကိန္နရီ၊ မေရှင်၏ အောင်ခြင်းရှစ်ပါး၊ ရွှေပြောင်ပြောင်၊ ချစ်ရေစင်၊ ချစ်ပွဲဝင်၊ မဲဇာမြိုင်၊ ရှေးဘုရင်၊ ပြည်လှဖေ၏ ဂုဏ်မြင့်သူ၊ ဖုတ်သွင်းရထား၊ မောင်တင်မောင်၏ ဘုန်းမောင့်သက်လှယ်၊ မေမြင့်၏ ကလေးစိတ်၊ တင်တင်အေး၏ ပျို့ဆုတောင်း စသည့် သီချင်းများမှာ ကျော်ကြားသည်။



ရုပ်ရှင်ပညာကိုလည်း အစအဆုံး ‌အောက်‌ခြေသိမ်းနားလည် ကျွမ်းကျင်ခဲ့သည်။ ‌အေဝမ်းဖလင်ကုမ္ပဏီ ‌ရောက်မှပင်လျှင် သဟာယ ‌မောင်တင် မှသည် သဟာယ ဆရာတင် ဟု ဆရာအတန်း၌ ထားလာကြသည်။ သဟာယဆရာတင်သည် အငြိမ့်မင်းသမီးများအတွက် သီချင်းပုဒ်‌ရေ ၂၀၀ ‌ကျော်‌ရေး‌ပေး ခဲ့ရာ အငြိမ့်‌လောကတွင်‌အောင်မြင်သည်ဟုဆိုရသော်လည်း အထွတ်အထိတ်သို့ မ‌ရောက်ခဲ့‌ပေ။ ထိုပြင် သဟာယဆရာတင် သည် ရုပ်ရှင်သီချင်း အများဆုံး‌ရေးသားခဲ့၍ ထိုပညာဘက်တွင် သူမတူ‌အောင် ကျွမ်းကျင်ခဲ့‌လေသည်။ သီချင်း‌ရေးရာတွင် မင်ဒိုလင်က‌လေး တစ်လုံးရလျှင် ခဏချင်းနှင့် သီချင်းတစ်ပုဒ် ဖြစ်သည်။ ခဲခဲယဉ်းယဉ်း ကြိုးပမ်း‌နေစရာမလို၊ အသံများလည်း လွယ်ကူ၍ ‌ချော‌မွေ့‌ပြေပြစ်သည်၊ စကားလုံးက‌လေးများမှာလည်း ချစ်စဖွယ်ရှိလှသည်၊ အ‌ထောင့်အ‌ကွေ့ အဖုအထစ်မရှိ‌ပေ။

လူတိုင်းသီဆိုနိုင်သည့် အသွားမျိုးဖြစ်သည်။ သို့‌သော် ‌အေဝမ်းဓာတ်ပြား‌ခေတ်‌ရောက်မှပင်လျှင် သဟာယဆရာတင်၏ ‌အောင်မြင်မှုသည် အထွတ်အထိတ်သို့ ‌ရောက်ခဲ့‌လေသည်။ တစ်နည်းအားဖြင့် သဟာယဆရာတင်သည် အငြိမ့်အဆို‌တော်၊ ဇာတ် အဆို‌တော်များနှင့် များစွာမဟပ်မိဘဲ အရပ်သားအဆို‌တော်များနှင့်ကျခါမှ အဆင်‌ပြေခဲ့သည်ဟု ဆို၇‌ပေမည်။

သဟာယဆရာတင်သည်‌အေဝမ်း(သဘင်ဝန်တံဆိပ်) ဓာတ်ပြားကုမ္ပဏီ၏ လူထုအသဲစွဲအဆို‌တော်များဖြစ်ကြသည့် ပြည်လှ‌ဖေ၊ ‌မေရှင်၊ မလှ‌ရွှေတို့အတွက် သီချင်းများကို‌ ရေး‌ပေးခဲ့ရလေသည်။ ‌အေဝမ်းဓာတ်ပြား‌ခေတ် တွင်သဟာယဆရာတင် ရေးသားခဲ့သည့် သီချင်းများအနက် စာသားချည်းသက်သက် ဖတ်လျှင်လည်း အဓိပ္ပာယ်အဆက်အစပ်‌ကောင်းမွန်၍ လှပ‌သော စကားလုံး‌လေးများ၊ ကဗျာစပ် ကာရန်ယူထား‌သောစကားစု က‌လေးများကို ‌တွေ့နိုင်သည့်အပြင် အသံအခက်အခဲ၊ အသွားအခက်အခဲမရှိ၊ လွယ်ကူ‌ချော‌မွေ့‌ပြေပြစ်ကာ လူတိုင်းပါးစပ် ဖျားတွင် လွယ်လွယ်ကူကူ သီဆို၍၇‌သော အသံမျိုးဖြင့် ဖန်တီးထားသည့် ‘‘အောင်ခြင်းရှစ်ပါး’’သီချင်းနှင့် မည်သည့်ရှု‌ထောင့် ကပင်ကြည့်ကြည့် အဘက်ဘက်မှ ပညာသားပါ၍ အနှစ်သာရ နှင့် ပြည့်ဝ‌လေးနက်‌သော ‘‘စန္ဒကိန္နရီ’’ သီချင်းနှစ်ပုဒ်နှင့်ပင် သဟာယဆရာတင်အား ဂီတစာဆိုများ၏ ထိပ်ဆုံးတန်းသို့ ပို့နိုင်သည်ဟု ဆိုကြ‌လေသည်။ ထိုမှတစ်ပါး သဟာယဆရာတင် ‌ရေးသားခဲ့သည့် ချစ်‌ရေစင်၊ ချစ်ပွဲဝင်၊ ‌ရွှေ‌ပြောင်‌ပြောင်၊ ဂုဏ်မြင့်သူစသည့် အချစ်သီချင်းများသည်လည်း ထို‌ခေတ်က လူငယ်လူရွယ်များ၏ ပါးစပ်ဖျားတွင် ထပ်မနားရစ်ဝဲခဲ့သည့် သီချင်းများ ဖြစ်‌လေသည်။ ‌ရှေးဘုရင်၊ ‌ရွှေနန်းတက်ပွဲ၊ ‌ခေတ်‌ပြောင်းချိန်၊ ဖုတ်သွင်းရထား၊ ဗိုလ်‌အောင်‌ကျော်၊ အာရှတိုက်သား၊ ဗမာ့သူရဲ‌ကောင်း၊ အာရှလူငယ်၊ ဥဒါန်းမ‌ကြေ၊ ဗိုလ်ချုပ်‌အောင်ဆန်း စသည့်နိုင်ငံ‌ရေးသီချင်းများကား ‌ခေတ်နှင့်‌လျော်စွာ အမျိုးသားစိတ်ဓာတ် ထက်သန်‌ရေးအတွက် သဟာယဆရာတင် ရေးစီခဲ့‌သော ‌တေးဂီတများဖြစ်သည်။

သဟာယဆရာတင်သည် ဒုတိယကမ္ဘာစစ်ပြီး‌ခေတ်တွင်မူ လခစားမလုပ်‌တော့ပဲ ရုပ်ရှင်ကုမ္ပဏီများမှ ရိုက်ထုတ်လိုက်‌သော ဇာတ်ကားများအတွက် သီချင်းများကို ကန်ထရိုက်စနစ် များနှင့် ‌ရေးသား‌ပေးခဲ့သည်။ ၁၉၄ရ ခုနှစ်တွင် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က ဗမာ့သား‌ကောင်းသီချင်းနှင့် လွမ်းမ‌ပြေတဲ့ပန်း‌ခွေ သီချင်းနှစ်ပုဒ်ဖြင့် ဗိုလ်ချုပ်ကို မှတ်တမ်းတင်ခဲ့သည်။

သဟာယဆရာတင်သည် ၁၃၁၀ ခုနှစ် ‌နှောင်းတန်ခူး လဆန်း ၂ ရက်‌နေ့ ( ၁၉၄၈ ခုနှစ်)တွင် ဝမ်းကိုက်‌ရောဂါဖြင့် ကွယ်လွန်ရာ ကွယ်လွန်ချိန်တွင် အသက် (၃၈)နှစ် ဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)