တင်ထွန်းဦး (ဒေါက်တာ)
| ဒေါက်တာ တင်ထွန်းဦး | |
|---|---|
![]() | |
| မွေးဖွား | တင်ထွန်းဦး ၂ ဇန်နဝါရီ၊ ၁၉၅၄ ဟင်္သာတမြို့ |
| နိုင်ငံလူမျိုး | |
| အလုပ်အကိုင် | ထုတ်ဝေသူ |
| ကျော်ကြားမှုအရင်းခံ | မြန်မာတိုင်း(မ်) |
| အိမ်ထောင်ဖက်(များ) | ဒေါက်တာခင်မိုးမိုး |
| မိဘ(များ) | ဦးမောင်ခင် + ဒေါ်ဌေးဌေး |
| ရရှိသည့်ဆုများ | သိပ္ပကျော်စွာဘွဲ့ (၂၀၂၅) |
ဒေါက်တာ တင်ထွန်းဦး (၂ ဇန်နဝါရီ ၁၉၅၄ မွေးဖွား)သည် မြန်မာဆရာဝန် တစ်ဦး ဖြစ်ပြီး စွယ်စုံမီဒီယာကုမ္ပဏီ တည်ထောင်သူ နှင့် မြန်မာတိုင်းမ် ပိုင်ရှင်ဟောင်း ဖြစ်သည်။[၁] [၂] သူသည် သုတစွယ်စုံစာပေဆုကို နှစ်စဉ်ရွေးချယ်ချီးမြှင့်ပေးနေသူတစ်ဦးလည်း ဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေသည်။[၃]
ပညာရေး
[ပြင်ဆင်ရန်]ဒေါက်တာ တင်ထွန်းဦးသည် ငယ်စဉ်က လေးထပ်ကွမ်း လူရည်ချွန် တစ်ဦး ဖြစ်ခဲ့သည်။တက္ကသိုလ် ပညာသင်ဆု ရရှိခဲ့ပြီး ဆေးတက္ကသိုလ် (၂) မှ ၁၉၇၆ ခုနှစ် တွင် ဆရာဝန်ဘွဲ့ကို ဆေးပညာ ဂုဏ်ထူးဖြင့် အောင်မြင် ရရှိခဲ့သည်။ ဆေးပညာ မဟာသိပ္ပံ (ပြည်သူ့ ကျန်းမာရေး) ဘွဲ့ကို ၁၉၈၆ ခုနှစ်တွင် ကျန်းမာရေး စာရင်းအင်းပညာ ဂုဏ်ထူးဖြင့် ထပ်မံ ရရှိခဲ့သည်။
ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]ဒေါက်တာ တင်ထွန်းဦး သည် ၁၉၈၁ ခုနှစ်မှ စတင်၍ ကျန်းမာရေး ဝန်ကြီးဌာန တွင် အလုပ်ဝင်သည်။၁၉၉၅ ခုနှစ် အထိ ကျန်းမာရေး ပညာဌာနတွင် လက်ထောက် ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ဝန်ထမ်းဘဝ ကို အဆုံးသတ်ခဲ့သည်။
စာပေရေးရာ
[ပြင်ဆင်ရန်]သူသည် ၁၉၇၂ ခုနှစ်မှစ၍ စာပေနယ်သို့ စတင် ဝင်ရောက်ခဲ့သည်။ယနေ့ အထိ စာနယ်ဇင်း မျိုးစုံတွင် ကလောင် အမည် ဒေါက်တာ တင်ထွန်းဦး အပြင် တင်ထွန်းဦး (ဆေး-၂)၊ တင်မင်းထွန်း၊ မိုးဦးထွန်း၊ အာရောဂျံ၊ သုတမောင်၊ နေမျိုးလင်း၊ ထွန်းဝင်းလတ်၊ ဇေထက် စသည့် ကလောင်ခွဲ များဖြင့် ကျန်းမာရေး၊ အားကစားနှင့် သုတ ပညာပေး ဆောင်းပါးများ ရေးသားသည်။ဆောင်းပါး (၁၁ဝဝ) ကျော်နှင့် လုံးချင်း စာအုပ် (၃၃) အုပ် အထိ ရေးသား ပြုစုခဲ့၏။ လစဉ်ထုတ် သုတစွယ်စုံ မဂ္ဂဇင်း၊ အာရောဂျံ ကျန်းမာရေး မဂ္ဂဇင်း၊ အပတ်စဉ်ထုတ် ပြည်မြန်မာ သတင်းဂျာနယ်၊ သုတ စွယ်စုံ စာအုပ်တိုက် တို့၏ စာတည်းချုပ်လည်း ဖြစ်သည်။
၁၉၈၈ ခုနှစ်မှ ၁၉၉၄ ခုနှစ် အထိ မြန်မာ့အသံ မှတ်ဖွယ်မှတ်ရာ သုတအဖြာဖြာ အစီအစဉ် တွင် အပတ်စဉ် အသံလွှင့် ဟောပြောခဲ့သည်။ ၁၉၉၃ ခုနှစ် နှင့် ၁၉၉၄ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုများ အတွက် ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။
သူသည် ထိုလုပ်ငန်းများအပြင် မြန်မာတိုင်းမ် ၏ ရှယ်ယာထက်ဝက်ကျော် ကိုလည်း ပိုင်ဆိုင်ခဲ့သည်။၂၀၁၁ ခုနှစ် နောက်ပိုင်းကာလများတွင် မြန်မာတိုင်းမ် ၏ စီအီးအို အသစ် ဖြစ်လာပြီး ၂၀၁၄ ခုနှစ် တွင် ၎င်း၏ ရှယ်ယာအားလုံးကို ဦးသိန်းထွန်း ထံ လွှဲပြောင်းရောင်းချပေးခြင်းဖြင့် မြန်မာတိုင်းမ် မှ စွန့်ခွာခဲ့သည်။
နိုင်ငံရေးလှုပ်ရှားမှု
[ပြင်ဆင်ရန်]ဒေါက်တာတင်ထွန်းဦးသည် အထွထွေရွေးကောက်ပွဲ ၂၀၁၀ တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ရန်ကုန်တိုင်းဒေသကြီး၊ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည်။ပြိုင်ဖက် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ မှ ကိုယ်စားလှယ်လောင်း ဦးအောင်ဇင် ကို မဲရလဒ် ၉၀ မဲ အကွာ ဖြင့် ရှုံးနိမ့်ခဲ့သည်။ [၄]
သတင်းမီဒီယာကောင်စီ
[ပြင်ဆင်ရန်]သူသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် နေ့တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး စတင်တာဝန်ထမ်းဆောင်သည်။
ရရှိသောဆုများ
[ပြင်ဆင်ရန်]ဒေါက်တာ တင်ထွန်းဦး သည် ၁၉၇၆ ခုနှစ်တွင် စာပေဗိမာန်စာမူဆုကို ပတ်ဝန်းကျင်နှင့် သင့်ကျန်းမာရေး စာမူဖြင့် ပထမဆု ရရှိခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် မူးယစ် ဆေးဝါးနှင့် အေအိုင်ဒီအက်စ် စာအုပ်ဖြင့် လည်းကောင်း၊ ၁၉၉၄ ခုနှစ်တွင် အားလုံး ကျန်းမာ ပြည်သာယာ စာအုပ်ဖြင့် လည်းကောင်း အမျိုးသား စာပေဆု များ အသီးသီး ရရှိခဲ့သည်။
ယင်းနောက် ၂၀၂၃ ခုနှစ် တွင် သုတပဒေသာ (အသုံးချသိပ္ပံ) ဆု ဖြင့် တတိယမြောက် အမျိုးသားစာပေဆု ကို ရရှိခဲ့သည်။[၅]
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ၎င်းအား စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့် သိပ္ပကျော်စွာဘွဲ့အား အပ်နှင်းချီးမြှင့်သည်။[၆]
မိသားစု
[ပြင်ဆင်ရန်]ဇနီးမှာ ဒေါက်တာခင်မိုးမိုးဖြစ်ပြီး သုတစွယ်စုံစာအုပ်တိုက်၏ အုပ်ချုပ်ရေးမှူးလည်းဖြစ်သည်။ သမီး ၄ဦး ရှိကာ ၂ဦးမှာ ဆရာဝန်များ ဖြစ်ကြသည်။
ရေးသား ထုတ်ဝေခဲ့သည့် စာအုပ်များ
[ပြင်ဆင်ရန်]- ကောင်းကျိုးမပေး မူးယစ်ဆေး - ၁၉၇၉ ခုနှစ်
- ကိုယ်စိတ်ကျန်းမာ သင့်ခန္ဓာ - ၂ဝဝဝ ပြည့်နှစ်
- ကျန်းမာရေး ပြဿနာ အဖြေလွှာ - ၁၉၈၂ ခုနှစ်
- ခုခံအား ကျဆင်းမှု ကူးစက် ရောဂါ (အေအိုင်ဒီအက်စ်) - ၁၉၈၉ ခုနှစ်
- စာအုပ် စာနယ်ဇင်း စာကြည့်တိုက်နှင့် မြန်မာစာပေ - ၁၉၉၉ ခုနှစ်
- စိတ်နှင့် သင့်ကျန်းမာရေး - ၁၉၈၁ ခုနှစ်
- ဆရာဝန်နှင့် သူ့လူနာများ (လက်ရွေးစင် ဆေးပညာပေး ဝတ္ထုတိုများ ) - ၁၉၈ဝ ပြည့်နှစ်
- ဆဝါဒီမြို့တော် (ခရီးသွား ဆောင်းပါးရှည်) - ၁၉၉ဝ ပြည့်နှစ်
- ဉာဏ်စမ်း သုတအမှတ် (၁) - ၁၉၈၉ ခုနှစ်
- ဉာဏ်စမ်း သုတအမှတ် (၂) - ၁၉၉၃ ခုနှစ်
- ဉာဏ်စမ်း သုတအမှတ် (၃) - ၁၉၉၅ ခုနှစ်
- ပတ်ဝန်းကျင်နှင့် သင့်ကျန်းမာရေး - ၁၉၇၈ ခုနှစ်
- မူးယစ် ဆေးဝါးနှင့် အေအိုင်ဒီအက်စ် - ၁၉၉၁ ခုနှစ်
- မြန်မာပြည် တောင်ဘက်စွန်းနှင့် ရွှေကျွန်းသို့ (ခရီးသွား ဆောင်းပါးရှည်) - ၁၉၈၁ ခုနှစ်
- မှုခင်းဆိုင်ရာ ဆေးပညာ - ၁၉၈၂ ခုနှစ်
- မှတ်ဖွယ်မှတ်ရာ ဆေးပညာ - ၁၉၈၉ ခုနှစ်
- လူကောင်းလူတော် တို့ရည်မျှော် - ၁၉၈၇ ခုနှစ်
- လူတိုင်းအတွက် စိတ်ဝင်စားစရာ ဆေးပညာ - ၁၉၈၈ ခုနှစ်
- သုတအံ့ဖွယ် အသွယ်သွယ် - ၁၉၈၃ ခုနှစ်
- သက်ရှည်ကျန်းမာ ဆေးပညာ - ၁၉၈၈ ခုနှစ်
- အသက်ရှည်ရာ အနာမဲ့ကြောင်း - ၁၉၈ဝ ခုနှစ်
- အားလုံးကျန်းမာ ပြည်မြန်မာ - ၁၉၈၆ ခုနှစ်
- အားလုံးကျန်းမာ ပြည်သာယာ - ၁၉၈၇ ခုနှစ်
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာတိုင်းမ် ထုတ်တဲ့ ကုမ္ပဏီ ဖျက်သိမ်းဖို့ ဒေါက်တာ တင်ထွန်းဦး လျှောက်ထား။ BBC (၂၆ စက်တင်ဘာ ၂၀၁၄)။ ၂၄ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ထွန်းဖောင်ဒေးရှင်းဥက္ကဋ္ဌ မြန်မာတိုင်း(မ်) သတင်းစာတိုက်ပိုင်ရှင် ကွယ်လွန်။ Myanmar Now (၁၈ ဧပြီ ၂၀၂၂)။ ၂၄ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြား။
- ↑ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၇ နိုဝင်ဘာ ၂၀၁၀)။ 8 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စာပေအလင်းရောင်ထွန်းညှိပေးကြသည့် စာဆိုတော်များ။ MWD Webportal (၁ ဒီဇင်ဘာ ၂၀၂၄)။ ၂၄ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြေညာစာ ၂/၂၀၂၅။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး (၄ ဇန်နဝါရီ ၂၀၂၅)။ ၂ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
