မာတိကာသို့ ခုန်သွားရန်

တင်ညွန့် (ဝန်ကြီး)

ဝီကီပီးဒီးယား မှ
တင်ညွန့်
အလုပ်သမားဝန်ကြီးဌာနဝန်ကြီး
တာဝန်သက်တမ်း
၁၂ ဇွန် ၁၉၅၆  ၄ ဇွန် ၁၉၅၈
ယခင်လူအမ် အေ ရာရှစ်
ဆက်ခံသူသခင်တင်မောင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1918-01-19)ဇန်နဝါရီ ၁၉၊ ၁၉၁၈
ချောင်ဝိုင်းကြီးကျေးရွာ၊ရန်ကုန်တိုင်း
ကွယ်လွန်မေ ၁၊ ၁၉၈၇(1987-05-01) (အသက် ၆၉)
ရန်ကုန်မြို့
လူမျိုးမြန်မာ
နိုင်ငံရေးပါတီဆိုရှယ်လစ်ပါတီ
မိဘစံမြင့် (ဖခင်)
ဖွားခင် (မိခင်)
မိခင်ကျောင်းရန်ကုန်တက္ကသိုလ် (B.A.)
အလုပ်အကိုင်နိုင်ငံရေးသမား
ဆုတံဆိပ်များနိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်)
လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယဆင့်)

ဦးတင်ညွန့် (၁၉ ဇန်နဝါရီ ၁၉၁၈ – ၁ မေ ၁၉၈၇) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယဆင့်) နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ရရှိခဲ့သူ အငြိမ်းစား အလုပ်သမားဝန်ကြီး ဖြစ်သည်။ သူသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း အာရှလူငယ်များအစည်းအရုံးနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့တွင် အရေးပါသော တာဝန်များကို ထမ်းဆောင်ခဲ့သည့်အပြင်၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီတွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

ငယ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

ဦးတင်ညွန့်ကို ရန်ကုန်တိုင်းအတွင်းရှိ ချောင်ဝိုင်းကြီးကျေးရွာ ‌၌ အဖဦးစံမြင့်၊ အမိ‌ဒေါ်ဖွားခင်တို့က ၁၉၁၈ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်‌နေ့တွင် ‌ မွေးဖွားခဲ့သည်။မွေးချင်း ၄ဦးအနက် အကြီးဆုံးဖြစ်သည်။ဦးတင်ညွန့်သည် ဖျာပုံမြို့အစိုးရ အထက်တန်း‌ကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပြီး ၁၉၃၆ ခုနှစ် တွင် ၁၀ တန်း‌အောင်မြင်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။

နိုင်ငံရေးဖြတ်သန်းမှု

[ပြင်ဆင်ရန်]

၁၉၄၂ ခုနှစ် တွင် နိုင်ငံ‌ရေး‌လောကသို့ ဝင်‌ရောက်ခဲ့ပြီး အာရှလူငယ်များအစည်းအရုံး ဌာနချုပ်၏ ရန်ကုန် နေပြည်တော် စည်းရုံး‌ရေး တာဝန်ခံ အဖြစ်လည်း‌ကောင်း၊ People'sRevolutionary Party ( ပီ၊ အာရ် ပီ) ခေါ် ပြည်သူ့အရေးတော်ပုံ ပါတီတွင် မြေအောက်တော်လှန်ရေးတာဝန်ခံ တစ်ဦးအဖြစ်လည်း‌ကောင်း၊ကေဘိုတိုင် (Kei-botai)ခေါ် မြို့ပြကာကွယ်‌ရေးတပ်တွင် ဒုအရာရှိချုပ်အဖြစ် လည်း‌ကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၃၁ ရက်‌နေ့ မှ ဧပြီလ ၂၄ ရက်‌နေ့အထိ ဂျပန်တို့၏ ဖမ်းဆီးချုပ်‌နှောင်ခြင်းခံခဲ့ရသည်။

ဦးတင်ညွန့်သည် ၁၉၄၆ ခုနှစ်တွင် ဆိုရှယ်လစ်ပါတီ၌ အလုပ်အမှု‌ဆောင် အဖွဲ့ဝင်အဖြစ်လည်း‌ကောင်း၊ ၁၉၄၇ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပ‌ဒေ‌ရေးဆွဲ‌ရေးကော်မတီ ၌အဖွဲ့ဝင် အဖြစ်လည်း‌ကောင်း၊ တိုင်းပြည်ပြုလွှတ်တော် အမတ်အဖြစ် လည်း‌ကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၄၈ ခုနှစ် တွင် တီယူစီဘီ အဖွဲ့ချုပ်၌ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။[]

ဝန်ကြီးဘဝ

[ပြင်ဆင်ရန်]

ဦးတင်ညွန့်သည် ၁၉၅၂ ခုနှစ်တွင် သယ်ယူပို့‌ဆောင်‌ရေးနှင့် လမ်းပန်းဆက်သွယ်‌ရေး ဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန၌ အတွင်းဝန်အဖြစ်လည်း‌ကောင်း၊ ၁၉၅၆ ခုနှစ် ဇွန်လ ၁၂ ရက်‌နေ့မှ ၁၉၅၈ ခုနှစ် ဇွန်လ ၄ ရက်‌နေ့အထိ အလုပ်သမားဝန်ကြီးဌာန ၌ အလုပ်သမားဝန်ကြီး အဖြစ်လည်း‌ကောင်းတာဝန် ထမ်းရွက်ခဲ့သည်။ ၁၉၅၇ ခုနှစ် ဂျီနီဗာမြို့၌ ကျင်းပသော အိုင်အယ်လ်အိုအဖွဲ့ချုပ် ညီလာခံသို့ မြန်မာနိုင်ငံကိုယ်စားလှယ် အဖွဲ့‌ခေါင်း‌ဆောင်အဖြစ် အစည်းအဝေး တက်‌ရောက်ခဲ့ပြီး အင်္ဂလန်နိုင်ငံတွင်လည်း အလုပ်သမား‌ရေးရာဌာနများကို ဝင်‌ရောက်‌လေ့လာခဲ့သည်။

ရရှိသည့် ဆုများ

[ပြင်ဆင်ရန်]

ဦးတင်ညွန့်သည် ၁၉၆၀ ပြည့်နှစ်တွင် လွတ်လပ်‌ရေးမော်ကွန်းဝင် (ဒုတိယဆင့်) ရရှိခဲ့သည်။ ၁၉၆၈ ခုနှစ် နိုဝင်ဘာလ၂၉ ရက်‌နေ့တွင် တော်လှန်ရေး‌အစိုးရက ဖိတ်ကြားခဲ့‌သော ပြည်တွင်းညီညွတ်‌ရေး အကြံပေး အဖွဲ့ဝင် ၃၃ ဦးတွင် နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

ဦးတင်ညွန့်သည် ၁၉၇၃ ခုနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေး ဗဟို‌ကော်မရှင် အဖွဲ့ဝင် အဖြစ်လည်း‌ကောင်း၊၁၉၇၄ ခုနှစ်တွင် ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်‌တော် နှင့် ပြည်သူ့‌ကောင်စီ အဆင့်ဆင့်‌ရွေးချယ် တင်‌မြှောက်ပွဲကျင်းပရေး ဗဟို‌ကော်မရှင် အဖွဲ့ဝင်အဖြစ် လည်း‌ကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ် ဇွန်လတွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကိုရရှိခဲ့သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

လွတ်လပ်‌ရေး‌မော်ကွန်းဝင် (ဒုတိယဆင့်) နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ရ အငြိမ်းစား အလုပ်သမားဝန်ကြီးဦးတင်ညွန့်သည် ၁၉၈၇ ခုနှစ် မေလ ၁ ရက်‌နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် သားသမီးငါး‌ဦး ကျန်ရစ်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]