မာတိကာသို့ ခုန်သွားရန်

တင်ညွန့်

ဝီကီပီးဒီးယား မှ
တင်ညွန့်
အမည်ရင်းတင်ညွန့်
မွေးဖွား (1955-09-24) စက်တင်ဘာ ၂၄၊ ၁၉၅၅ (အသက် ၇၁)
ပဲခူးမြို့
ကလောင်အမည်တင်ညွန့်၊ ကျော်ဗလ၊ မောင်ခေတ်
အလုပ်အကိုင်စာရေးဆရာ၊ အယ်ဒီတာ၊ ဆရာ (အငြိမ်းစား)
နေထိုင်ရာသန်လျင်မြို့၊ရန်ကုန်တိုင်းဒေသကြီး
နိုင်ငံသားမြန်မာ
ပညာရေးB.A (Philosophy), B.Ed
မိခင်ကျောင်းမော်လမြိုင်ကောလိပ်၊ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်
ကာလ၁၉၇၈ – ယနေ့အထိ
စာပေအမျိုးအစားနည်းပညာ၊ နိုင်ငံရေး၊ ပညာရေး၊ ဝတ္ထုစာပေ
ထင်ရှားသည့်လက်ရာများလူငယ်နှင့်အတွေးအမြင်
ဒီမိုကရေစီ ပါရာဒိုင်း
ကျောင်းဆရာမှတ်တမ်း
ရိုးမပေါ် ကျတဲ့မျက်ရည်
ရရှိသည့်ဆုများလူငယ်စာပေဆု (၂၀၁၁)
နိုင်ငံရေးစာပေဆု (၂၀၁၂)
အမျိုးသားစာပေဆု (၂၀၁၇)
မိဘအောင်သိန်း၊ ခင်ကြည်

ဦးတင်ညွန့် (၂၄ စက်တင်ဘာ ၁၉၅၅ ဖွား) သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ အယ်ဒီတာတစ်ဦးဖြစ်ပြီး အမျိုးသားစာပေဆုရရှိသူဖြစ်သည်။ ၎င်းသည် ပညာရေးနှင့် နိုင်ငံရေးဆိုင်ရာ စာပေများကို အဓိက ရေးသားသူအဖြစ် လူသိများသည်။ပညာရေးဌာနတွင် ကျောင်းဆရာအဖြစ် နှစ် ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် စာပေလောကသို့ ခြေစုံပစ် ဝင်ရောက်ခဲ့သည်။ ထင်ရှားသော လက်ရာများတွင် “လူငယ်နှင့်အတွေးအမြင်”၊ “ဒီမိုကရေစီ ပါရာဒိုင်း” နှင့် “ရိုးမပေါ် ကျတဲ့ မျက်ရည်” တို့ ပါဝင်သည်။[၁]

ပညာရေးနှင့်လုပ်ငန်းခွင်ဘဝ

[ပြင်ဆင်ရန်]

ဦးတင်ညွန့်ကို ၁၉၅၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပဲခူးမြို့၌ အဖ ဦးအောင်သိန်း၊ အမိ ဒေါ်ခင်ကြည်တို့မှ မွေးဖွားခဲ့သည်။ ၎င်းသည် ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း၊ မြလမ်းတွင် ကြီးပြင်းခဲ့ပြီး ပဲခူးမြို့ BBM ကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ပညာသင်ယူခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် အမှတ် (၄) အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။

ထိုနှစ်တွင် မော်လမြိုင်ကောလိပ်၌ သမိုင်းဘာသာဖြင့် ပထမနှစ် တက်ရောက်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သို့ ပြောင်းရွှေ့ကာ ဒဿနိကဗေဒဘာသာအထူးပြုဖြင့် ဆက်လက်ပညာသင်ယူခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ B.A (Philosophy) ဘွဲ့ ရရှိခဲ့သည်။

၁၉၈၁ ခုနှစ်တွင် ပညာရေးဌာန၌ မူလတန်းပြဆရာအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ပဲခူးချောင်းဖျားဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်းတွင် အလယ်တန်းပြအဖြစ် တိုးတက်ခန့်အပ်ခံရပြီး ဇောင်းတူရွာတွင် တာဝန်ထမ်းဆောင်စဉ် အင်္ဂလိပ်စာကို တွဲဖက်အထက်တန်းအဆင့်အထိ သင်ကြားပေးခဲ့သည်။[၂]

၁၉၉၇ ခုနှစ်တွင် ပညာရေးတက္ကသိုလ်မှ B.Ed ဘွဲ့ကို ထပ်မံရရှိခဲ့ပြီး ၁၉၈၁ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ပညာရေးဌာနတွင် နှစ်ပေါင်း ၂၀ ခန့် တာဝန်ထမ်းဆောင်ကာ အငြိမ်းစားယူခဲ့သည်။[၃]

စာပေဘဝဖြတ်သန်းမှု

[ပြင်ဆင်ရန်]

ဦးတင်ညွန့် စာပေလောကသို့ ဝင်ရောက်မှုမှာ ၁၉၇၈ ခုနှစ်ထုတ် ရန်ကုန် ဝိဇ္ဇာသိပ္ပံ မဂ္ဂဇင်း တွင် “ဂရက်ဖိုဖီလ်” ဘာသာပြန်ဝတ္ထုတိုနှင့် “ကဗျာဆရာသို့” ကဗျာတို့ကို စတင်ဖော်ပြခံရခြင်းမှ စတင်ခဲ့သည်။ ထို့နောက် နည်းပညာ၊ နိုင်ငံရေး၊ ပညာရေး၊ ဘာသာရေးနှင့် ဝတ္ထုစာပေများအပါအဝင် စာအုပ်များ ရေးသားထုတ်ဝေခဲ့သည်။

၂၀၀၁ ခုနှစ်တွင် ဦးတင်ညွန့် သည် နှစ်ပေါင်း ၂၀ ခန့် ပညာရေးဌာန၌ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည်။ ထို့နောက် ရန်ကုန်မြို့တွင် အခြေချနေထိုင်ကာ စာပေလုပ်ငန်းများတွင် ပါဝင်လှုပ်ရှားခဲ့သည်။[၄]

၂၀၀၁ ခုနှစ်မှစ၍ ကွန်ပျူတာဂျာနယ်၊ ၂၀၀၆ ခုနှစ်တွင် ကြီးပွားရေးမဂ္ဂဇင်း၊ ၂၀၀၈ ခုနှစ်တွင် မျက်မှောက်ရေးရာ မဂ္ဂဇင်း၊ ၂၀၀၉ ခုနှစ်တွင် Personal Computer မဂ္ဂဇင်းနှင့် ၂၀၁၀ ပြည့်နှစ်တွင် Itizen နည်းပညာဂျာနယ်တို့တွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် “လူငယ်နှင့်အတွေးအမြင်” စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းမှ ပေးအပ်သော လူငယ်စာပေဆုကို ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် “ဒီမိုကရေစီ ပါရာဒိုင်း” စာအုပ်ဖြင့် သုတစွယ်စုံ နိုင်ငံရေးစာပေဆုများကို ရရှိခဲ့သည်။

၂၀၁၂ ခုနှစ် တွင် The Voice Weekly ဂျာနယ် တွင် အယ်ဒီတာ အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ခန့်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာများကို ထုတ်ဝေခွင့်ပြုခဲ့သည်။ ထိုနေ့တွင် The Voice Daily၊ စံတော်ချိန်၊ ရွှေနိုင်ငံသစ် နှင့် ပြည်ထောင်စုနေ့စဉ် ဟူသော နေ့စဉ်သတင်းစာ ၄ စောင်ကို တပြိုင်နက်တည်း စတင်ထုတ်ဝေခဲ့သည်။ဤတွင် ဦးတင်ညွန့် သည် The Voice Daily သတင်းစာ ၏ အယ်ဒီတာ တစ်ဦး ဖြစ်လာခဲ့သည်။ထိုတာဝန်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ ထမ်းဆောင်ခဲ့သည်။[၅]

သူသည် စာပေသက်တမ်းတစ်လျှောက်တွင် နိုင်ငံရေးအက်ဆေး၊ ပညာရေးနှင့် ဝတ္ထုရှည်များ အပါအဝင် စာအုပ်ပေါင်း ၅၀ ကျော် ရေးသားထုတ်ဝေခဲ့သည်။ သူ၏ ထင်ရှားသော ဝတ္ထုတစ်ပုဒ်ဖြစ်သည့် ရိုးမပေါ်ကျတဲ့မျက်ရည် သည် စာဖတ်ပရိသတ်အကြား အလွန်ရေပန်းစားခဲ့ပြီး ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးခြင်း ခံခဲ့ရသည်။[၆]

၂၀၂၆ ဖမ်းဆီးခံရမှု

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ဆရာတင်ညွန့်အား သန်လျင်မြို့နယ်ရှိ နေအိမ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့သည်။ ယင်းသို့ ဖမ်းဆီးရခြင်းမှာ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အတွင်း ထုတ်ဝေခဲ့သည့် ခွေးထိန်းငသာ၊ အထွေထွေ၊ ခင်ဗျားကျုပ်ကို ညာခဲ့တယ် နှင့် သန်းရွှေ၏ ယတြာများ စသည့် စာအုပ် ၃ အုပ်နှင့် ဆက်စပ်နေကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။[၇][၈]

TikTok လိုင်းပေါ် တွင် စာအုပ်ရောင်းချသူတစ်ဦးက ယင်းစာအုပ်များကို ရောင်းချနေကြောင်း တိုက်ရိုက်ထုတ်လွှင့် (Live) ထုတ်လွှင့် ရာမှတစ်ဆင့် ဖမ်းဆီးမှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ဆရာတင်ညွန့်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ပြီး သူ၏သားဖြစ်သူနှင့် စာအုပ်ထုတ်ဝေသူ၊ ရောင်းချသူတို့လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ထို့နောက် ဦးတင်ညွန့် နှင့် သားအငယ်ဖြစ်သူတို့သည် ပုဒ်မ ၅၀၅-က ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။[၉] [၁၀][၁၁]

ရရှိခဲ့သော ဆုများ

[ပြင်ဆင်ရန်]
  • လူငယ်စာပေဆု (၂၀၁၁)
  • နိုင်ငံရေးစာပေဆု (၂၀၁၂)
  • အမျိုးသားစာပေဆု (၂၀၁၇)

ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

[ပြင်ဆင်ရန်]
  1. ဒစ်ဂျစ်တယ်နည်းပညာနှင့် မျိုးဆက်သစ်ပရိုဆက်ဆာ
  2. ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ (ပထမတွဲ)
  3. ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ (ဒုတိယတွဲ)
  4. ဒီမိုကရေစီနိုင်ငံတော် ဒီမိုကရေစီနိုင်ငံသား
  5. ကမ္ဘာ့ပညာခေတ်အား လှမ်းမျှော်ကြည့်ခြင်း
  6. ဒီမိုကရေစီ ပါရာဒိုင်း
  7. ဒစ်ဂျစ်တယ်တော်လှန်ရေးနှင့် အိုင်စီတီပြုပြင်ပြောင်းလဲရေး
  8. ကောင်တာဒီမိုကရေစီ
  9. သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး
  10. ဒီမိုကရေစီပညာရေး
  11. အမျိုးသမီးအခွင့်အရေး ဆုံးရှုံးနေသူများနှင့် ဗိုက်အငှားလိုက်သူတစ်ဦး၏ဘဝ
  12. ဦးသန်းရွှေ၏ ယတြာများနှင့် အခြားစိတ်ဝင်စားဖွယ် အဖြစ်အပျက်များ
  13. အဖေ့စကားလောကကျင့်ဝတ်များ
  14. အာဏာရှင်တို့ နေဝင်ချိန်
  15. ဦးနေဝင်း၏ နောက်ဆုံးနေ့များ
  16. မြန်မာသူဌေးကြီးများ နောက်ကွယ်ကဖြစ်ရပ်မှန်များနှင့် ဝဒေသအတွင်းရေး
  17. ကမ္ဘာကျော် သားတော်သမီးတော်များ
  18. လူငယ်နှင့်အတွေးအမြင်
  19. ကျောင်းဆရာမှတ်တမ်း
  20. ရိုးမပေါ်မှာ ကျတဲ့မျက်ရည် (ဝတ္ထုရှည်)
  21. သူတို့ဘာကြောင့် အောင်မြင်ရသလဲ
  22. ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည်
  23. နော် (ဝတ္ထုရှည်)
  24. လွတ်မြောက်ရာလမ်း
  25. ၂၁ ရာစု ပြည်သူ့နီတိ
  26. ဖင်လန်နိုင်ငံပညာရေးစနစ် လေ့လာဆန်းစစ်ချက်များ
  27. ကွန်ဖြူးရှပ်၏ စီးပွားရေးဒဿန
  28. တရုတ်နိုင်ငံပညာရေးစနစ် လေ့လာဆန်းစစ်ချက်များ
  29. လူငယ်နှင့် ကမ္မဗေဒ
  30. တော်လှန်သောကျောင်းဆရာ
  31. အညာစောင် (ဝတ္ထုတိုပေါင်းချုပ်)
  32. ဒေါသ
  33. ခွေးထိန်းငတာ
  34. ရိုးမခေါ်သံ (ဝတ္ထုရှည်)
  35. စင်ကာပူနိုင်ငံပညာရေးစနစ် လေ့လာဆန်းစစ်ချက်များ
  36. ကျောင်းဆရာဇာတ်လမ်း
  37. သူနှင့်သူမ
  38. နိဗ္ဗာန်ကိုဖွေရှာခြင်း
  39. ဇက်မျိုးဆက်တော်လှန်ရေး
  40. ကောင်လေးတစ်ယောက်အကြောင်း
  41. ပန်းနီနီကျိန်စာ
  42. တယောအို
  43. ဂျပန်နိုင်ငံပညာရေးစနစ် လေ့လာဆန်းစစ်ချက်များ
  44. ပညာပါရာဒိုင်း
  45. ရာစု၏သမီးပျို နှစ် ၁၀၀ တက္ကသိုလ်
  46. သုညမှ သုခသို့ (မရှိခြင်းဖြင့် ချမ်းသာခြင်း)
  47. ယူကရိန်းသမ္မတ ဇီလန်းစကီး သို့မဟုတ် ပူတင်ကို အာခံသူ
  48. ဂျပန်စိတ်ဓာတ်
  49. ၃၃ (ဝတ္ထုရှည်)

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  1. ↑ Khet Nway၊ Maung။ "National Literature Award winner U Tin Nyunt and two others arrested over three old books"၊ Mizzima News၊ 27 April 2026။
  2. ↑ Save The Library in Myanmar | Author. တင်ညွှန့်။ 2026-05-01 တွင် ပြန်စစ်ပြီး။
  3. ↑ မြင့်မြတ်၊ အိန္ဒြာကျော်ဇင်တို့ ပါဝင်သည့် ဖြစ်ရပ်မှန်ရုပ်ရှင်-ရိုးမပေါ်ကျတဲ့ မျက်ရည်(နမူနာ) (in en)။ 2026-05-01 တွင် ပြန်စစ်ပြီး။
  4. ↑ “ဇာတ်လိုက်” ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီး ပဲခူးရိုးမတောထဲရှိ ရှိန်းခါးရွာတွင် သွားရောက်ရိုက်ကူးမည် (in my)။ 2026-05-01 တွင် ပြန်စစ်ပြီး။
  5. ↑ မြန်မာပုဂ္ဂလိက သတင်းစာများ စတင်ထုတ်ဝေ (in my) (2013-04-01)။ 2026-05-01 တွင် ပြန်စစ်ပြီး။
  6. ↑ "Writer Tin Nyunt arrested over books published during civilian government era"၊ Maun News၊ 27 April 2026။
  7. ↑ "အမျိုးသားစာပေဆုရ စာရေးဆရာ တင်ညွန့်ဖမ်းဆီးခံရ"၊ The Irrawaddy၊ 27 April 2026။
  8. ↑ စာရေးဆရာကြီး တင်ညွန့် အပါအဝင် ၃ ဦးကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် (in en)။ 2026-04-30 တွင် ပြန်စစ်ပြီး။
  9. ↑ ၂၀၂၆ ဇွန် ၁၈ ရက် ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု - အာရက္ခတပ်တော်(အေအေ) ထိန်းချုပ် ကျောက်တော်မြို့ လေကြောင်းဗုံးကြဲခံရမှု သေဆုံးသူ ၈ ဦးရှိလာ (in my) (2026-06-18)။ 2026-06-18 တွင် ပြန်စစ်ပြီး။
  10. ↑ "Writer Tin Nyunt and son among three arrested"၊ Voice of Myanmar (VOM)၊ 27 April 2026။
  11. ↑ "စာရေးဆရာ တင်ညွန့် နဲ့ စာအုပ်ရောင်းသူ၊ ထုတ်ဝေသူတို့ သုံးဦး ဖမ်းဆီးခံရ"၊ Radio Free Asia၊ 27 April 2026။