တင်စိုး (ပါမောက္ခ)

ဝီကီပီးဒီးယား မှ

ပါမောက္ခ ဒေါက်တာတင်စိုး (၁၉၄၅ - ) သည် မြန်မာနိုင်ငံသား စာရေးဆရာနှင့် အငြိမ်းစား ဘောဂဗေဒ ပါမောက္ခ ဆရာတစ်ဦး ဖြစ်သည်။ ကလောင်အမည်ခွဲများမှာ တင်စိုး (ဘောဂဂုဏ်)၊ တက္ကသိုလ် တောသား၊ တက္ကသိုလ် မောင်လူငယ် ဖြစ်သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

၁၉၄၅ - မွန်ပြည်နယ် ကျိုက်မရော မြို့နယ်၊ ကလိုင်းကနိုင် ကျေးရွာတွင် မွေးဖွားသည်။ ၁၉၆၂ တွင် ကျိုက်မရော အ.ထ.က မှ ၁၀ တန်း (တက္ကသိုလ်ဝင်တန်း) အောင်မြင်ပါသည်။

ပညာရေး[ပြင်ဆင်ရန်]

၁၉၆၄ တွင် မော်လမြိုင် ကောလိပ် မှ B.A Part (A) တန်းအောင်သည်။ ၁၉၆၆ တွင် ရန်ကုန် စီးပွားရေး တက္ကသိုလ် မှ B.A (Hons) (Econ) ဘွဲ့ရသည်။ ၁၉၇၃ တွင် ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ M.A (Economics) ဘွဲ့ရသည်။၁၉၇၇- ၈၀ တွင် ဂျပန်နိုင်ငံသို့ ပညာသင်သွားခဲ့သည်။ ၁၉၇၇ စက်တင်ဘာလတွင် ဂျပန်နိုင်ငံ အိုဆကာ နိုင်ငံခြားဘာသာသင် တက္ကသိုလ်မှ အခြေခံ ဂျပန်စကားနှင့် စာပေ လက်မှတ် ရရှိခဲ့သည်။ ၁၉၈၀ ဖေဖော်ဝါရီလတွင် တိုကျို တက္ကသိုလ်မှ ဘွဲ့လွန် သုတေသီ ပညာရှင် လက်မှတ် (EPGRF) ရရှိခဲ့သည်။ ၁၉၇၉တွင် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှု အသင်း၊ တိုကျို (KAK) မှ ဦးစီး ကျင်းပသည့် နိုင်ငံခြားသားများသာ ယှဉ်ပြိုင်ခွင့် ရှိသည့် ဂျပန်ရေးရာ ဗေဒ စာတမ်းပြိုင်ပွဲ (japanology Essay contest) တွင် ပထမဆု ရခဲ့ပြီး ဂျပန်ရေးရာ ဗေဒပညာရှင် (Japanologist) အဖြစ် ဂုဏ်ပြု ဖော်ပြခြင်း ခံခဲ့ရသည်။ ၁၉၈၆-၉၀တွင် ဩစတြေးလျ နိုင်ငံသို့ ပညာသင်သွား၊ ဩစတြေးလျ နိုင်ငံ၊ ဆစ်ဒနီ တက္ကသိုလ်မှ ၁၉၉၁ ခုနှစ်တွင် စိုက်ပျိုးရေး ဘောဂဗေဒ ဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ (Ph.D) ရရှိခဲ့သည်။

နိုင်ငံ့ဝန်ထမ်း[ပြင်ဆင်ရန်]

၁၉၆၆ တွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ဘောဂဗေဒ ဌာနတွင် နည်းပြဆရာ အဖြစ် စတင် တာဝန်ထမ်းဆောင်သည်။ ၁၉၆၉-၇၃တွင် မေမြို့ စစ်တက္ကသိုလ်၊ ဘောဂဗေဒ ဌာနတွင် နည်းပြဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၉ဝ တွင် စင်ကာပူနိုင်ငံ IEAS မှ ထုတ်ဝေသည့် Myanmar Dilemmas and Options စာအုပ်တွင် ပါဝင် ရေးသားခဲ့သည်။ ၁၉၉၃တွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ဘောဂဗေဒ ဌာန၊ တွဲဖက် ပါမောက္ခဖြစ်။ ၁၉၉၄ - ပါမောက္ခဌာနမှူး ရာထူး တိုးမြှင့်ခံခဲ့ရသည်။ အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်များ၊ ဆီမီနာများ၊ ဆင်ပိုဇီယမ်များတွင် နိုင်ငံတော်က စေလွှတ်သော ကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် သွားရောက်၍ စာတမ်းများ ဖတ်ကြား တင်သွင်းခဲ့။ စာတမ်း၊ ဆောင်းပါး အချို့အား နိုင်ငံတကာ အဆင့်ရှိ ဂျာနယ်၊ စာစောင်များတွင် ပုံနှိပ် ဖော်ပြခြင်း ခံခဲ့ရသည်။ ၂၀ဝ၅တွင် ပါမောက္ခ / ဌာနမှူး ရာထူးမှ အငြိမ်းစားယူခဲ့သည်။ ၂၀ဝ၆ တွင် ဂျပန်နိုင်ငံ ကိုဘဲ တက္ကသိုလ် (Kobe University) တွင် ဧည့်ပါမောက္ခ (Vesiting Professor) အဖြစ် သွားရောက် လုပ်ကိုင်ခဲ့သည်။ ရန်ကုန်လုပ်သားများ ကောလိပ်နှင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (NDC) တို့တွင် ဧည့်ပါမောက္ခ အဖြစ် ကာလ ကြာရှည်စွာ လုပ်ကိုင်ခဲ့သည်။ ဝန်ကြီးဌာနများ (ဖိတ်ကြားချက် အရ) နှင့် ပူးပေါင်း၍ သုတေသနများ ဆောင်ရွက်ခဲ့၊ ဘာသာရပ် စာပေ ပို့ချခြင်းနဲ့ ဟောပြောပို့ချမှုများ လုပ်ကိုင်ပေးခဲ့သည်။

စာပေရေးသားခြင်း[ပြင်ဆင်ရန်]

၁၉၆၄ တွင် ရန်ကုန် စီးပွားရေး တက္ကသိုလ်တွင် ဘောဂဗေဒ ဂုဏ်ထူးတန်း နောက်ဆုံးနှစ် ကျောင်းသားဘဝ ကတည်းက တင်စိုး (ဘောဂဂုဏ်) အမည်ဖြင့် ဆောင်းပါးများ စတင်ရေးခဲ့သည်။ တက္ကသိုလ် တောသား၊ တက္ကသိုလ် မောင်လူငယ် စသော ကလောင် အမည်များဖြင့် ဝတ္ထုတိုနှင့် ကဗျာများလည်း ရေးသားခဲ့သည်။ ၁၉၇ဝတွင် ရန်ကုန် တက္ကသိုလ် နှစ် ၅၀ ပြည့် ရွှေရတုသဘင် ကာလတွင် ကဗျာ ၅၀၊ နှစ် ၅၀ကဗျာစာအုပ်ကို ထုတ်ဝေခဲ့သည်။ ၎င်းအပြင် အဆင့်မြင့် ပညာဦးစီးဌာနက ထုတ်ဝေသော တက္ကသိုလ် ပညာပဒေသာ စာစောင်၊ ပညာလောက စာစောင်တို့တွင်လည်း ဘာသာရပ် ဆိုင်ရာ ဆောင်းပါးများ၊ စာတမ်းများ ရေးသားခဲ့သည်။၂၀၁၀ - ဘာလဲဟဲ့ ဒေါက်တာဘွဲ့ စာအုပ်ဖြင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့မှ ကြီးမှူး၍ ၂၀ဝ၈ ခုနှစ်၊ ပဉ္စမအကြိမ် သုတစွယ်စုံ စာပေ သုတစွယ်စုံ (လူငယ်) စာပေဆုကို ချီးမြှင့်ခံရသည်။[၁] ဗိုလ်ချုပ်အောင်ဆန်း၏ စီးပွားရေး အမြင် စာအုပ်ကို လောကသရဖူ စာအုပ်တိုက်မှ ဒုတိယအကြိမ် ပြန်လည် ထုတ်ဝေခဲ့သည်။[၂]

မိသားစု[ပြင်ဆင်ရန်]

ဇနီး (ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန-ငြိမ်း) နှင့်အတူ သားတစ်ဦး၊ သမီးတစ်ဦး ထွန်းကားခဲ့သည်။ ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. http://archive-1.mizzimaburmese.com/news/inside-burma/7421-2011-04-22-11-32-56.html[လင့်ခ်သေ]
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 14 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2019 တွင် ပြန်စစ်ပြီး။