တင့်တယ် (စာရေးဆရာ)

ဝီကီပီးဒီးယား မှ
(တင့်တယ် စာ‌ရေးဆရာ မှ ပြန်ညွှန်းထားသည်)

တင့်တယ် [၁၉၁၆ - ၁၉၈ဝ][ပြင်ဆင်ရန်]

ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့ ကင်မွန်းခြံ (ကင်းပွန်းချုံ) လမ်း၌ အဖ ကုန်သည် ဦးဘစိန်၊ အမိ ဒေါ်တင်မေ တို့က ၁၉၁၆ ခုနှစ် ဇူလိုင် ၂၁ ရက် [၁၉၁၇ ခုနှစ် ဇွန်လ ၂၉ ရက် (၁၂၇၉ ခု ဝါဆိုလဆန်း ၁၁ ရက် သောကြာ) ဟု ရှုမဝတွင် ဖော်ပြသည်] နေ့တွင် မွေးဖွားသည်။ တစ်ဦးတည်းသော သား၊ ငယ်မည် မောင်သန်း၊ အမည်ရင်း ဦးဝင်းစိန် ဖြစ်သည်။

တင့်တယ်သည် ‌ရွှေ‌တောင်မြို့ အမျိုးသားအထက်တန်းကျောင်း၊ အစိုးရအထက်တန်း‌ကျောင်းနှင့် ပြည်မြို့ အစိုးရအထက်တန်း‌ကျောင်းတို့တွင် ပညာသင်ခဲ့ပြီး၊ ၁၉၃၄-ခုနှစ်တွင် ပြည်မြို့ အစိုးရအထက်တန်း‌ကျောင်းမှ ဆယ်တန်း‌အောင်မြင်ခဲ့သည်။ ထိုနှစ်မှပင် ရန်ကုန်တက္ကသိုလ်တွင် ဥပစာသိပ္ပံ သင်တန်း၌ ဆက်လက်ပညာသင်သည်။ ဥပစာသိပ္ပံတန်းကို အောင်မြင်ပြီး‌နောက် ဝိဇ္ဇာပညာရပ်ကို ဆက်လက်‌လေ့လာရာ ၁၉၃၉-ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရသည်။

ထို့‌နောက် ၁၉၃၉ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ပန်းတ‌နော်မြို့ အမျိုးသားအထက်တန်း‌ကျောင်း၌ ‌ကျောင်းဆရာအဖြစ် အမှုထမ်းပြီး ၁၉၄၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဥပ‌ဒေသင်တန်းသို့ တက်‌ရောက်၍ ပညာ ဆက်လက်သင်ယူသည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် ကုန်သည်လုပ်ပြီး‌နောက် ပညာ‌ရေးဌာန လက်‌အောက်ရှိ စာ‌ပေနှင့် စာကြည့်တိုက်ဌာနတွင် စာပြုအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ဆက်လက် ပညာသင်ရာ ဥပ‌ဒေဝိဇ္ဇာဘွဲ့ကို ရသည်။ ထိုကာလက အင်္ဂလိပ်စစ်အုပ်ချုပ်‌ရေးလက်‌အောက်ရှိ ပြည်သူ့ဆက်ဆံ‌ရေးဌာနတွင် ဆက်လက် အမှုထမ်းသည်။ ၁၉၄၅ ခုနှစ်မှ ၁၉၄၈-ခုနှစ်အထိ ပြန်ကြား‌ရေးဌာနတွင် ဘာသာပြန်အရာရှိအဖြစ် ဆက်လက် အမှုထမ်းသည်။ ၁၉၄၈-ခုနှစ်မှ ၁၉၅၂-ခုနှစ် အတွင်းတွင် အင်္ဂလန်နိုင်ငံ ဘီ⁠ဘီစီ အသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်၌ ဘာသာပြန်နှင့်သတင်းလွှင့်ထုတ်သူအဖြစ် အမှုထမ်းခဲ့သည်။

တင့်တယ်သည် ၁၉၃၆-ခုနှစ် တက္ကသိုလ်‌ကျောင်းသားဘဝကပင် စာ‌ပေနယ်သို့ စတင်ဝင်‌ရောက်ခဲ့သည်။ တင့်တယ်၏ ပထမဆုံးလက်ရာမှာ ၁၉၃၆-ခုနှစ်က ရွှင်‌ပျော်‌ပျော် စာအုပ်တိုက်မှ ထုတ်‌ဝေ‌သော "'မရှက်လို့လား"' ဝတ္ထုဖြစ်သည်။ သို့‌သော် ထိုစဉ်က က‌လောင်နာမည် မပါပဲ ရွှင်‌ပျော်⁠‌ပျော်တိုက်ထုတ်စာအုပ်အဖြစ် ထုတ်‌ဝေခဲ့ရသည်။ ၁၉၃၇-ခုနှစ်တွင် ထုတ်‌ဝေသည့် "'တ‌နေဝင်"' အမည်ရှိ ဝတ္ထု၌ ‌အောင်‌ကျော်ဟူ‌သော က‌လောင် အမည်ကို ယူခဲ့သည်။


၁၉၄၆-ခုနှစ် ဇူလိုင်လတွင် စာပ‌ဒေသာမဂ္ဂဇင်းကို ဦး‌ဆောင်ထုတ်ခဲ့သည်။ ၁၉၄၇-ခုနှစ်တွင် ရှုမဝရုပ်စုံ မဂ္ဂဇင်းကို ရှုမဝဦး‌ကျော်နှင့် တွဲဖက်တာဝန်ယူထုတ်‌ဝေခဲ့သည်။ ၁၉၄၈-ခုနှစ်တွင် ပ‌ဒေသာမဂ္ဂဇင်းထုတ်‌ဝေသူများတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့ပြီး ၁၉၅၅-ခုနှစ် ဩဂုတ်လမှစ၍ ပ‌ဒေသာမဂ္ဂဇင်းကို အ‌မေရိကန်ပြည်‌ထောင်စုထုတ် ရီးဒါးဒိုင်ဂျက် မဂ္ဂဇင်းပုံစံဖြင့် ဦးစီးထုတ်‌ဝေခဲ့သည်။ ၁၉၆၉-ခုနှစ်မှစ၍ စန္ဒာရုပ်စုံမဂ္ဂဇင်း စာတည်း တာဝန်ကို ကွယ်လွန်သည့်အချိန်အထိ ထမ်းရွက်သွားသည်။

တင့်တယ်သည် ၁၉၄၆-ခုနှစ်ထုတ် စာပ‌ဒေသာမဂ္ဂဇင်းတွင် တင့်တယ် က‌လောင်အမည်ကို စတင်သုံးစွဲခဲ့ပြီး ယင်းက‌လောင် အမည်ဖြင့် ၁၉၄၇ ခုနှစ်တွင် ‌ရွှေချစ် ‌ငွေချစ် ဝတ္ထုကို ပထမဆုံး လုံးချင်းဝတ္ထုအဖြစ် ထုတ်‌ဝေခဲ့သည်။

တင့်တယ်က‌လောင်အမည်ဖြင့် ထုတ်‌ဝေခဲ့‌သော ဝတ္ထုများအနက် ချစ်နိုင်ငံ (၁၉၄၇)၊ ‌ဖြေ‌လျော့‌ခွေ (၁၉၄၇)၊ ချစ်သက်လက်‌ဆောင် (၁၉၅၀)၊ ကမ္မဖလ (၁၉၅၁)၊ ထား(၁၉၅၇) စသည်တို့သည် ထင်ရှား‌သော ဝတ္ထုအချို့ ဖြစ်သည်။ တင့်တယ် က‌လောင်အမည်ဖြင့်ပင် ချစ်လင် (၁၉၄၇)၊ ပျိုတို့အချစ်‌တော် (၁၉၅၇)၊ အဏ္ဏဝါနှင့် အဖိုးအို (၁၉၆၄)၊ ချာလီနှင့် ယာယီ (၁၉၆၄)၊ လစန္ဒာနှင့် ခြူးပိုက်ဆံ (၁၉၆၄)၊ ‌ရောမကို အာခံသူ (၁၉၆၅)တို့ကိုလည်း ဘာသာပြန်ခဲ့သည်။ တင့်တယ်သည် အများအားဖြင့် အချစ်ဝတ္ထုများကို ‌ရေးခဲ့သည့်ပြင် ဘကြီးမွှန်းကို အဓိကဇာတ်‌ဆောင်ထား၍ အဆင့်နိမ့်လူလတ်တန်းစား ဘဝသရုပ်‌ဖော် ဝတ္ထုတိုများကိုလည်း ‌ရေးခဲ့သည်။ ဝတ္ထု‌ရေးနည်း အ‌ခြေပြ (၁၉၇၄)ကျမ်းတ‌စောင်ကိုလည်း ပြုစုခဲ့သည်။ တင့်တယ်ဟူ‌သော က‌လောင်အမည်အပြင် အမည်ရင်း ဦးဝင်းစိန် အမည်ဖြင့်လည်း ဒုတိယကမ္ဘာစစ် အတွင်းက စာ‌ပေနှင့် စာကြည့်တိုက်ဌာနတွင် အမှုထမ်းစဉ် အ‌ခြေပြကမ္ဘာ့သမိုင်း ဒုတိယတွဲကို ပြုစုခဲ့သည်။ အ‌ရှေ့ဖျားကမ္ဘာ့သမိုင်း စာအုပ်ကိုလည်း ပြုစုခဲ့သည်။

တင့်တယ်၏ အခြားထင်ရှား‌သော က‌လောင်အမည်ပွား တစ်ခုမှာ ‌အောင်မြင် ဖြစ်သည်။ ‌အောင်မြင် က‌လောင်အမည်ဖြင့် အေးစိမ့်ဟူ‌သော အဓိကဇာတ်‌ဆောင်တစ်‌ယောက်ကို ဖန်တီးကာ ဝတ္ထုတိုများ ‌ရေးခဲ့သည့်အပြင် အိုဘယ့်ကံ၊ သည်မိုးသည်‌မြေ စ‌သော ဝတ္ထုများကိုလည်း ဘာသာပြန်ခဲ့သည်။

တင့်တယ်သည် ‌ကျော်‌ဇော၊ စိန်တပွင့်၊ ထွန်းအံ့ဟူ‌သော က‌လောင်အမည်များဖြင့်လည်း ဝတ္ထုများနှင့် သုတစာအုပ်များကို ဘာသာပြန်ခဲ့သည်။

လှပဟူ‌သော က‌လောင်အမည်ကို သုံး၍ ပန်းချီအနုပညာ ဆိုင်ရာ ‌ဆောင်းပါးများကိုလည်း ‌ရေးခဲ့သည်။ ယဉ်မင်းလှ၊ ဦးထွဋ်‌ခေါင်၊ ဦးအသင်္ချေ၊ ဆရာဩဘာက‌လောင်အမည်များကို သုံး၍လည်း ‌ဆောင်းပါးများကို ‌ရေးခဲ့သည်။

တင့်တယ်သည် သူ၏သက်တမ်းတစ်‌လျှောက်တွင် စာမျိုးစုံ ‌ရေးနိုင်‌သော စာ‌ရေးဆရာတစ်‌ယောက်အဖြစ် ထင်ရှားသည်။ တင့်တယ်သည် စာ‌ပေ‌လောကတွင်သာမက ရုပ်ရှင်‌လောကတွင်လည်း ထင်ရှားသည်။ ၁၉၅၄ ခုနှစ်တွင် လာလုလု‌ငေး၊ ၁၉၅၇-ခုနှစ်တွင် ကျမအနုပညာသည်၊ ထား စသည်တို့ကို ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးခဲ့သည့်ပြင် ‌ဖြေ‌လျော့‌ခွေ၊ အ‌ကျော်အ‌မော်၊ ဖိုးပြုံးချို ဇာတ်ကားတို့အတွက် ဇာတ်ညွှန်းများကိုလည်း ‌ရေးခဲ့သည်။

တင့်တယ်၏ တင့်တယ် အမည်ရှိ ကိုယ်‌ရေးအတ္ထုပ္ပတ္တိ တစ်‌စောင်ကိုလည်း ‌သွေး‌သောက်မဂ္ဂဇင်းတွင် ၁၉၆၅-ခုနှစ် အောက်တိုဘာလမှစ၍ ၁၉၇၁-ခုနှစ် ဧပြီလအထိ ‌ရေးသားခဲ့‌လေသည်။[၁]

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၈၀- ပြည့်နှစ်၊ ဇန်နဝါရီ (၄)ရက်နေ့ နေ့လယ် ၃း၄၆ နာရီတွင် ရန်ကုန် မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်စိန်နှင့်အတူ သားသမီး (၆)ယောက်၊ မြေး (၁၀)ယောက် ကျန်ရစ်ခဲ့သည်။

ထင်ရှားသောစာအုပ်အချို့[ပြင်ဆင်ရန်]

  1. ကမ္မဖလ
  2. ပန်းရောင်
  3. မြမန်းမေမျိုးမြတ်
  4. ရွှေချစ်ငွေချစ်
  5. ဖိုးပြုံးချို
  6. ဖြေလျော့ခွေ
  7. လာလုလုငေး
  8. ဖဲမွေ့ယာပေါ်ဝယ်
  9. ထား

ဘာသာပြန်[ပြင်ဆင်ရန်]

  1. ရောမကိုအာခံသူ
  2. လေရဟတ်နီ
  3. ပျိုတို့အချစ်တော် (ဘာသာပြန်ဆုရ)
  4. လစန္ဒာနှင့်ခြူးပိုက်ဆံ
  5. အဏ္ဏဝါနှင့်အဖိုးအို
  6. အိုက်ဆင်ဟောင်ဝါ
  7. မိုဗီဒစ်
  8. လိုက်တော်မူသင့်ပါငဲ့
  9. မာနနှင့် အာယာတ
  10. အိုဘယ့် ကံ (The Scarlet Letter)

သမိုင်း[ပြင်ဆင်ရန်]

  1. ကမ္ဘာ့သမိုင်းအခြေပြ
  2. ကမ္ဘာ့အရှေ့ဖျားနိုင်ငံများ ခေတ်သစ်သမိုင်းအခြေပြ
  3. ကမ္ဘာ့အရှေ့ဖျားနိုင်ငံများ မေးခွန်းငါးဆယ် အဖြေလွယ်

သိပ္ပံ၊ သုတ[ပြင်ဆင်ရန်]

  1. လျှပ်စစ်ရာဇဝင်
  2. မွေအဏ္ဏဝါ၏ လျှို့ဝှက်ချက်များ
  3. မြစ်တို့၏ သဘာဝသမိုင်း

စာညွှန်း[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)
  1. ဒဂုန် ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ရ၁ - ရ၂။
  2. မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၂)။ စာ ၂၁ဝ - ၂၂၅။
  3. မလိခ။ မြန်မာ စာပေ အဘိဓာန် (၃)။ စာ ၄၂ - ၄၄။
  4. မောင်ကျော်သာ။ တစေ့တစောင်း စာရေးဆရာ တို့၏ အကြောင်း။ စာ ၅ - ၂၃။
  5. ဒဂုန် တာရာ။ တင့်တယ် သို့မဟုတ် နှုတ်ခမ်းနီ ကလေး တို့၏ အသည်းစွဲ၊ ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ။ စာ ၂၁၄ - ၂၂၃။
  6. ပြန်/ဆက် စာတည်း အဖွဲ့။ နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစု စာရင်း။ စာ ၉၇ - ၁ဝ၁။
  7. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၁)။ စာ ၁၆၅ - ၁၆၇။
  8. ရှုမဝ စာတည်း အဖွဲ့။ ဝမ်းနည်း မှတ်တမ်း၊ ရှုမဝ (ဖေဖော်ဝါရီ ၁၉၈ဝ)။ စာ ၁၇၃။
  9. ၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ။