တင့်တယ်၊ စာရေးဆရာ

ဝီကီပီးဒီးယား မှ
(တင့်တယ် မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

တင့်တယ် [၁၉၁၆ - ၁၉၈ဝ][ပြင်ဆင်ရန်]

ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့ ကင်မွန်းခြံ (ကင်းပွန်းချုံ) လမ်း၌ အဖ ကုန်သည် ဦးဘစိန်၊ အမိ ဒေါ်တင်မေ တို့က ၁၉၁၆ ခုနှစ် ဇူလိုင် ၂၁ ရက် [၁၉၁၇ ခုနှစ် ဇွန်လ ၂၉ ရက် (၁၂၇၉ ခု ဝါဆိုလဆန်း ၁၁ ရက် သောကြာ) ဟု ရှုမဝတွင် ဖော်ပြသည်] နေ့တွင် မွေးဖွားသည်။ တဦး တည်းသော သား၊ ငယ်မည် မောင်သန်း၊ အမည်ရင်း ဦးဝင်းစိန် ဖြစ်သည်။

အခြေခံ ပညာကို ရွှေတောင်မြို့ အမျိုးသား အထက်တန်း ကျောင်း၊ အစိုးရ အထက်တန်း ကျောင်းနှင့် ပြည်မြို့ အစိုးရ အထက်တန်း ကျောင်းတို့တွင် သင်ယူ ခဲ့ရာ ၁၉၃၄ ခုတွင် ဆယ်တန်း အောင်သည်။ ထိုနှစ်မှာပင် ရန်ကုန် တက္ကသိုလ်၌ သိပ္ပံပညာ ဆက်သင်သည်။ ဥပစာ သိပ္ပံ အောင်ပြီး နောက် ဝိဇ္ဇာ ပညာကို ဆည်းပူးရာ ဝိဇ္ဇာဘွဲ့ (၁၉၃၉)၊ ဥပဒေ ဝိဇ္ဇာဘွဲ့ (၁၉၄၅) တို့ကို ရရှိ ခဲ့သည်။

ပန်းတနော်မြို့ အမျိုးသား အထက်တန်းကျောင်း ကျောင်းဆရာ (၁၉၃၉ - ၄၁)၊ ဒုတိယ ကမ္ဘာစစ် အတွင်းတွင် ကုန်သည်၊ ထို့နောက် ပညာရေး ဌာန လက်အောက်ရှိ စာပေနှင့် စာကြည့်တိုက် ဌာန စာပြု၊ အင်္ဂလိပ် စစ်အုပ်ချုပ်ရေး လက်အောက်ရှိ ပြည်သူ့ ဆက်ဆံရေး ဌာန အမှုထမ်း၊ ပြန်ကြားရေ ဌာန ဘာသာပြန် အရာရှိနှင့် တည်းဖြတ်သူ (၁၉၄၅ - ၄၈)၊ အင်္ဂလန် နိုင်ငံ အသံလွှင့် ဌာန မြန်မာပိုင်း အစီအစဉ် ဘာသာပြန်နှင့် သတင်း ထုတ်လွှင့်သူ (၁၉၄၈ - ၅၂)၊ စာပဒေသာ မဂ္ဂဇင်း (၁၉၄၆)နှင့် ပဒေသာ မဂ္ဂဇင်း (၁၉၄၈) တည်ထောင် သူနှင့် စာတည်း၊ ၁၉၄၇ ခုနှစ်တွင် ရှုမဝ မဂ္ဂဇင်းကို ရှုမဝ ဦးကျော်နှင့် တွဲဖက် တာဝန် ယူခဲ့သည်။ ၁၉၆၉ ခုနှစ်မှ စ၍ စန္ဒာ မဂ္ဂဇင်း စာတည်း တာဝန်ကို ကွယ်လွန်သည် အထိ ထမ်းဆောင် သွားခဲ့သည်။

ပထမဆုံး လက်ရာမှာ ကလောင် အမည် အတပ် မခံရသည့် ရွှင်ပျော်ပျော် တိုက်ထုတ် မရှက်လို့လား (၁၉၃၆) ဝတ္ထု ဖြစ်သည်။ တနေဝင် (၁၉၃၇) တွင် 'အောင်ကျော်' ကလောင် အမည် ယူသည်။ စာပဒေသာ မဂ္ဂဇင်း (၁၉၄၆) တွင် 'တင့်တယ်' အမည် စသုံးသည်။ ရွှေချစ်ငွေချစ် (၁၉၄၇) သည် 'တင့်တယ်' အမည်ဖြင့် ရေးသည့် ပထမဆုံး ဝတ္ထု ဖြစ်သည်။ ချစ်နိုင်ငံ (၁၉၄၇)၊ ဖြေလျော့ခွေ (၁၉၄၉)၊ ချစ်သက် လက်ဆောင် (၁၉၅ဝ)၊ ကမ္မဖလ (၁၉၅၁)၊ လာလုလုငေး (၁၉၅၄)၊ အဏ္ဏဝါနှင့် အဘိုးအို (၁၉၆၄)၊ လစန္ဒာနှင့် ခြူးပိုက်ဆံ (၁၉၆၄)၊ ရောမကို အာခံသူ (၁၉၆၅) တို့မှာ ထင်ရှားသည့် ဘာသာပြန် လက်ရာများ ဖြစ်ကြသည်။ 'လာလုလုငေး'၊ 'မကြင်သာသည်'၊ 'ကွ္ဆန်မ အနုပညာသည်'နှင့် 'ထား' တို့ကို ရုပ်ရှင် ဒါရိုက်တာ အဖြစ် လည်းကောင်း၊ 'ဖြေလျော့ခွေ'၊ 'အကျော်အမော်' နှင့် 'ဖိုးပြုံးချို' တို့ကို ဇာတ်ညွှန်း ရေးသူ အဖြစ် လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ကိုယ်ရေးအတ္ထုပ္ပတ္တိ အဖြစ်တင့်တယ်၏တင့်တယ်ကို ရေးသားခဲ့သည်။

အောင်မြင်၊ ကျော်ဇော၊ ဆရာ ဩဘာ၊ စိန်တပွင့်၊ လှပ စသည့် ကလောင် အမည်ခွဲ မြောက်များ စွာဖြင့် စာမျိုးစုံ ရေးနိုင်သော စာရေးဆရာ အဖြစ် ထင်ရှား၏။ ၁၉၅၈ ခုနှစ်တွင် 'ပျိုတို့ အချစ်တော်' ဝတ္ထုဖြင့် စာပေဗိမာန် ဘာသာပြန်ဆု ရရှိ ခဲ့သည်။ ၁၉၇၄ - ဝတ္ထုရေးနည်းအခြေပြ စာအုပ်ထွက်။

တင့်တယ်သည် အချစ်ဝတ္ထုများ၊ ဘာသာပြန်ဝတ္ထုများအပြင် သိပ္ပံပညာရပ်၊ သုတပညာပေးစာအုပ်များ၊ ကျောင်းသုံး ကမ္ဘာ့သမိုင်း စာအုပ်များလည်း ပြုစုခဲ့သည်။ အောင်မြင်၊ ကျော်ဇော်၊ ဆရာဩဘာ၊ စိန်တပွင့်၊ လှပ၊ အေးစိမ့်၊ ဦးဝင်းစိန် (ဘီအေဘီအယ်)၊ အောင်ကျော်၊ ဒေါ်ယဉ်မင်းလှ စသည်ဖြင့် ကလောင်အမည်ခွဲ များစွာဖြင့် စာအမျိုးမျိုးရေးခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၈ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်နေ့ နေ့လယ် ၃း၄၆ နာရီတွင် ရန်ကုန် မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်စိန်နှင့်အတူ သားသမီး (၆)ယောက်၊ မြေး (၁၀)ယောက် ကျန်ရစ်ခဲ့သည်။

ထင်ရှားသောစာအုပ်အချို့[ပြင်ဆင်ရန်]

  1. ကမ္မဖလ
  2. ပန်းရောင်
  3. မြမန်းမေမျိုးမြတ်
  4. ရွှေချစ်ငွေချစ်
  5. ဖိုးပြုံးချို
  6. ဖြေလျော့ခွေ
  7. လာလုလုငေး
  8. ဖဲမွေ့ယာပေါ်ဝယ်

ဘာသာပြန်[ပြင်ဆင်ရန်]

  1. ရောမကိုအာခံသူ
  2. လေရဟတ်နီ
  3. ပျိုတို့အချစ်တော် (ဘာသာပြန်ဆုရ)
  4. လစန္ဒာနှင့်ခြူးပိုက်ဆံ
  5. အဏ္ဏဝါနှင့်အဖိုးအို
  6. အိုက်ဆင်ဟောင်ဝါ
  7. မိုဗီဒစ်

သမိုင်း[ပြင်ဆင်ရန်]

  1. ကမ္ဘာ့သမိုင်းအခြေပြ
  2. ကမ္ဘာ့အရှေ့ဖျားနိုင်ငံများ ခေတ်သစ်သမိုင်းအခြေပြ
  3. ကမ္ဘာ့အရှေ့ဖျားနိုင်ငံများ မေးခွန်းငါးဆယ် အဖြေလွယ်

သိပ္ပံ၊ သုတ[ပြင်ဆင်ရန်]

  1. လျှပ်စစ်ရာဇဝင်
  2. မွေအဏ္ဏဝါ၏ လျှို့ဝှက်ချက်များ
  3. မြစ်တို့၏ သဘာဝသမိုင်း

စာညွှန်း[ပြင်ဆင်ရန်]

  1. ဒဂုန် ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ရ၁ - ရ၂။
  2. မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၂)။ စာ ၂၁ဝ - ၂၂၅။
  3. မလိခ။ မြန်မာ စာပေ အဘိဓာန် (၃)။ စာ ၄၂ - ၄၄။
  4. မောင်ကျော်သာ။ တစေ့တစောင်း စာရေးဆရာ တို့၏ အကြောင်း။ စာ ၅ - ၂၃။
  5. ဒဂုန် တာရာ။ တင့်တယ် သို့မဟုတ် နှုတ်ခမ်းနီ ကလေး တို့၏ အသည်းစွဲ၊ ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ။ စာ ၂၁၄ - ၂၂၃။
  6. ပြန်/ဆက် စာတည်း အဖွဲ့။ နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစု စာရင်း။ စာ ၉၇ - ၁ဝ၁။
  7. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၁)။ စာ ၁၆၅ - ၁၆၇။
  8. ရှုမဝ စာတည်း အဖွဲ့။ ဝမ်းနည်း မှတ်တမ်း၊ ရှုမဝ (ဖေဖော်ဝါရီ ၁၉၈ဝ)။ စာ ၁၇၃။]