တက်စိန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဦးတက်စိန်ကို ကောဇာသက္ကရာဇ် ၁၂၇၇ တွင် ညောင်လေးပင်နယ်ကျောက်တံခါးမြို့၌ မွေးဖွားပြီး၊ ငယ်မည် မောင်စံတင် ဖြစ်သည်။ အလုပ်အကိုင် လူရွှင်တော် ဖြစ်သည်။ လူရွှင်တော် မဖြစ်မီက ပုလိပ် ဖြစ်ဖူးသည်။ လူရွှင်တော် ဦးချစ်စရာ၏ ဖခင် ဖြစ်သည်။

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

လူရွှင်တော်ဦးတက်စိန်၏ ငယ်ဘဝသည် ဘိုခေတ်ဟု ခေါ်သော ကိုလိုနီခေတ်တွင် မွေးသည် ဖြစ်၍ အလွန် ဆင်းရဲခဲ့သည်။ မိခင်ဖြစ်သူနှင့် အတူနေ၍ လယ်လုပ်၊ နွားကျောင်း၊ ထင်းခွေ၊ ရေခပ်ရင်းဖြင့် ဘုန်းကြီးကျောင်းပညာရေးကို သင်ပြီး ကြီးပြင်းခဲ့သည်။ နွားပျောက်မှု ဖြစ်ရာမှ ဂါတ်တဲ၌ ပုလိပ်၏ အမျိုးစုံ နှိပ်စက်ခြင်းကို ခံရရာ၊ ပုလိပ် ဖြစ်ချင်သွားခဲ့သည်။ သို့နှင့် လူဆိုးထိန်းကို ငွေတမူးနှင့် စွပ်ကျယ်အင်္ကျီ တထည် ကန်တော့လိုက်ရာ ဥုံဖွ ပုလိပ် ဖြစ်သွားသည်။

ညောင်လေးပင် ဒီအက်စ်ပီ ဆရာဘကြင်က "မြန်မာ့ကျက်သရေဆောင်" ဟူသော အမည်ဖြင့် ဇာတ်ထောင်ရာ၊ သဘင်ဝါသနာ ပါသော နှုတ်သွက်လျှာသွက် ကိုစံတင်သည် သံစေ့ အမည်နှင့် လူရွှင်တော် စတင် ကခွင့် ရခဲ့သည်။ ရွှေမန်းတင်မောင်၊ ဦးအောင်မောင်းတို့နှင့် အပြိုင် ဖြစ်သည်။

ပညာသင်ကာစ ဖြစ်၍ လေမမှန်၊ မျက်နှာ မမှန်သေး၍ သူ့ကို "သံစေ့မဖြစ်သေးဘူး၊ ခဲမူးစေ့"ဟု ခေါ်ကြသည်။ နှစ်ပါးခွင်ထဲ၌ ပြက်လုံးများ မှားသွားလျှင် လူကြီးများက "မင်းကိုတော့ အပြစ်မတင်ပါဘူး၊ မင်းဆရာကိုသာ ရိုက်ချင်တော့တာပဲ"ဟု ပြောသည့်အပြင် "ဒီကလေး ဆရာနဲ့ သမားနဲ့ ကြီးလာတာတော့ ဟုတ်ပါတယ်နော်"ဟုလည်း ကော်ကြသည်။ ပရိသတ်ရှေ့တွင် ဖြစ်၍ မျက်ရည်ကျသည် အထိ ကြုံခဲ့ရသည်။

လူရွှင်တော် ဘဝဖြင့် လူကြိုက်များ ထင်ရှားလာသောအခါကျမှ သူ့ဆရာက "ဒီလို နာအောင် ရှက်အောင် ပြောမှ မခံချင်စိတ်နဲ့ ကြိုးစားတော့မှာပေါ့၊ ပို့ပေးနေရင် မင်းနာမည် မကြီးဘူး၊ ငါ လက်ဖက်ရည် အဝသောက်ရမယ်"ဟု ဖွင့်ပြောပြသည်။ ဦးတက်စိန်၏ တွဲဖက် လူရွှင်တော်မှာ သံလုံး ဖြစ်ပြီး၊ သံလုံးညီမှာ ဥပန်း ဖြစ်သည်။ ၎င်းညီသည် လူပြက်ဘဝကနေ၍ ရမည်းသင်းမြို့၌ ပြဇာတ်ထိပ်တင်စိန်အောင်လွင် ဟူ၍ မင်းသား ဖြစ်သွားသည်။

ဂျပန်ခေတ်တွင် ကိုယ်ပိုင် ဇာတ်ထောင်သည်။ လေကြောင်းအန္တရာယ် ရှိသည့်အတွက် ညပွဲမှ နေ့ပွဲ ပြောင်းကခဲ့ကြသည်။ ဗုံးသံ သေနတ်သံကြားဝယ် ရဲဆေးတင်ရင်း အရက်ကို ကြိုက်နှစ်သက်သွားသည်။ ထိုအတွင်း ဦးချစ်စရာကို မွေးသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ချစ်စရာ (ပကြိမ်၊ ၂၀၀၃၊ ဧပြီ). ကျွန်တော်သိမီသော လူရွှင်တော်ကြီးများနှင့် ကျွန်တော်နှင့် ခေတ်ပြိုင်လူရွှင်တော်များ. ကျောက်စိမ်းပုံနှိပ်တိုက်, ၁။