တကောင်းမြို့သိမ်းတိုက်ပွဲ
| တကောင်းမြို့သိမ်းတိုက်ပွဲ | |||||||
|---|---|---|---|---|---|---|---|
| မြန်မာ့ပြည်တွင်းစစ် (၂၀၂၁–လက်ရှိ)၏ တစ်စိတ်တစ်ပိုင်း | |||||||
| |||||||
| စစ်ရင်ဆိုင်သူများ | |||||||
| တပ်မှူးများနှင့် ခေါင်းဆောင်များ | |||||||
| အမှတ် (၁) စစ်ဒေသ ကွပ်ကဲရေးမှူးများ |
| ||||||
| စစ်အင်အား | |||||||
| မသိရှိရ | မသိရှိရ | ||||||
| အသေအပျောက် | |||||||
| ၂ ဦး သေဆုံး (NUG ထုတ်ပြန်ချက်) |
| ||||||
| မန္တလေးတိုင်းဒေသကြီးအတွင်း NUG မှ နောက်ဆုံးအကြာဆုံး (၁၉ လခန့်) ထိန်းချုပ်ထားနိုင်ခဲ့သည့် လက်ကျန်မြို့ဖြစ်သည်။ | |||||||
တကောင်းမြို့သိမ်းတိုက်ပွဲ သည် မြန်မာ့ပြည်တွင်းစစ် (၂၀၂၁–လက်ရှိ)ကာလအတွင်း မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတစ်ခု ဖြစ်သည်။ အဆိုပါတိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမှတ် (၁) စစ်ဒေသ၏ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက စတင်ဆင်နွှဲခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် မြို့အား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။[၁]
တကောင်းမြို့သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တို့ကို ချိတ်ဆက်ပေးထားသည့် မန္တလေး-ဗန်းမော် လမ်းမကြီးပေါ်တွင် တည်ရှိသဖြင့် စစ်ရေးအရ ဗျူဟာမြောက် အချက်အခြာကျသော မြို့တစ်မြို့ ဖြစ်သည်။ တော်လှန်ရေးအင်အားစုများက မြို့ကို ၁၉ လနီးပါးခန့် ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း၊ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်များက "နယ်မြေရှင်းလင်းရေး" စစ်ဆင်ရေးဖြင့် မြို့အား အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ တကောင်းမြို့သည် မန္တလေးတိုင်းဒေသကြီးအတွင်း NUG က နောက်ဆုံးအကြာဆုံး ထိန်းချုပ်ထားနိုင်ခဲ့သည့် လက်ကျန်မြို့ပြဒေသတစ်ခု ဖြစ်ခဲ့သည်။[၂]
နောက်ခံသမိုင်းကြောင်း
[ပြင်ဆင်ရန်]တကောင်းမြို့သည် မြန်မာ့သမိုင်းတွင် အစောဆုံး မြို့ပြနိုင်ငံတစ်ခုအဖြစ် အစဉ်အလာအရ ယုံကြည်ကြပြီး "မြန်မာ့ယဉ်ကျေးမှု စတင်ရာအရပ်" ဟုလည်း တင်စားကြသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း (မြစ်လက်ဝဲဘက်ကမ်း)၊ မန္တလေးမြို့၏ အထက်ဘက် (၁၂၇) မိုင်အကွာတွင် တည်ရှိပြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စစ်ရေးအရ အချက်အခြာကျသော မန္တလေး-ဗန်းမော် လမ်းမကြီးပေါ်ရှိ မြို့တစ်မြို့ ဖြစ်သည်။ မြောက်ဘက်တွင် ကချင်ပြည်နယ် (ဗန်းမော်လမ်း)၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး (ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ ထီးချိုင့်မြို့)၊ အရှေ့ဘက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း (မိုးကုတ်နှင့် မဘိမ်းမြို့) ၊တောင်ဘက်တွင် မန္တလေးမြို့ (သပိတ်ကျင်းလမ်း) တို့နှင့် ဆက်သွယ်ထားသည်။[၃][၄]
တကောင်းမြို့သိမ်းတိုက်ပွဲသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) နှင့်အပြိုင် နိုင်ငံအလယ်ပိုင်းထိုးစစ်ကို အရှိန်မြှင့်ခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရှမ်း-မန်း စစ်ဆင်ရေးအမည်ရ စစ်ဆင်ရေးဖြင့် သိမ်းပိုက်ခဲ့သည့် မြို့တစ်မြို့ ဖြစ်သည်။တကောင်းမြို့သည် ယင်းစစ်ဆင်ရေး၏ ပထမဆုံး သိမ်းပိုက်နိုင်သည့်စဉ့်ကူးမြို့ပြီးနောက် ဒုတိယမြောက် သိမ်းပိုက်နိုင်ခဲ့သည့် မြို့ဖြစ်သည်။ တော်လှန်ရေးတပ်ပေါင်းစုများသည် မြို့ကို တိုက်ရိုက်မထိုးစစ်ဆင်မီ မတ်လကတည်းက တကောင်းမြို့နှင့် လက်ပံကုန်းကျေးရွာတို့တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ် များကို စတင်တိုက်ခိုက်ခြင်းအပြင်၊ ဇူလိုင်လတွင်လည်း ပတ်ဝန်းကျင်ရှိ တွင်းငယ်နယ်မြေရဲစခန်းနှင့် အင်းနက်ရွာရှိ စစ်ကောင်စီစခန်းများကို ကြိုတင်ဖြတ်တောက်သိမ်းပိုက်သည့် ဗျူဟာကို အသုံးပြုခဲ့သည်။[၅]
ထိုမတိုင်ခင်က တကောင်းမြို့၏ မြောက်ဘက် မိုင် ၂၀ ကျော်အကွာ ထီးချိုင့်မြို့၏ တစ်ဖက်ကမ်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မောင်းကုန်းရွာအနီးတွင် တည်ရှိသည့် တကောင်းနီကယ်စီမံကိန်းသည် တော်လှန်ရေးအဖွဲ့များ၏ လက်အောက်သို့ ကျရောက်ခဲ့သည်။၁၀၂၇ စစ်ဆင်ရေးအတွင်း စီမံကိန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သည် ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်တွင် တော်လှန်ရေးအင်အားစုများထံ လက်နက်ချခဲ့ကြပြီး စီမံကိန်းအနာဂတ်နှင့် ပတ်သက်၍ NUG နှင့် တရုတ်အစိုးရတို့အကြား ဆွေးနွေးမှုများ ရှိခဲ့ကြသည်။အဆိုပါစီမံကိန်းကို ၂၀၀၈ ခုနှစ်မှ စတင်ကာ တရုတ်နိုင်ငံပိုင် China Nonferrous Metal Mining and Construction နှင့် မြန်မာအစိုးရ၏ အမှတ် (၃) သတ္တုတွင်းလုပ်ငန်းတို့က ထုတ်လုပ်မှုအပေါ် အကျိုးခွဲဝေခံစားသည့်စနစ်ဖြင့် နှစ် ၂၀ စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ကြသည်။[၆]
တိုက်ပွဲဖြစ်ပွားခြင်း
[ပြင်ဆင်ရန်]တကောင်းမြို့သိမ်းတိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်းတာဝန်ခံရုံး၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းတွင် စတင်ဆင်နွှဲခဲ့ကြသည်။ အဆိုပါထိုးစစ်တွင် အထူးလှုပ်ရှားတပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၄၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့နှင့် သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့ကြပြီး ဩဂုတ်လ ၁၂ ရက် ညနေပိုင်းတွင် မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ အမှတ် (၁) စစ်ဒေသ၏ သတင်းထုတ်ပြန်ချက်အရ နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၆၄ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော်နှစ်ဦး သေဆုံးခဲ့သည်။[၇]
တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ ၈၃ လက်၊ ကျည်မျိုးစုံ ၁၄,၀၀၀ ကျော်နှင့် ဗုံးသီးမျိုးစုံ ၁၃၀ ခန့်ကို သိမ်းဆည်းရမိခဲ့ပုံကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပေးခဲ့သည်။[၈]
၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်တွင် တကောင်းမြို့သည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားစုများ အခြေခိုင်မာစွာ တည်ဆောက်နိုင်ခဲ့သည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် NUG/PDF ပူးပေါင်းတပ်ဖွဲ့များက မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် (၁၉) လကြာ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်နိုင်ခဲ့သည်။ ၎င်းသည် မန္တလေးတိုင်းအတွင်း PDF တပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့သည့် ပထမဆုံးနှင့် အကြာဆုံး ထိန်းချုပ်ထားနိုင်ခဲ့သည့် မြို့ပြဒေသတစ်ခု ဖြစ်ခဲ့သည်။[၉]
တန်ပြန်ထိုးစစ်နှင့် မြို့ကို လက်လွှတ်ရခြင်း
[ပြင်ဆင်ရန်]တော်လှန်ရေးအင်အားစုများအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ တကောင်းမြို့နှင့် ဝန်းကျင်ဒေသများကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍ ၁၉ လနီးပါးခန့် ယာယီစိုးမိုးထားခဲ့သည်။စစ်တပ်က ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် သပိတ်ကျင်းမြို့ကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး နောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းနှင့် မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းကြောင်းများကို ဆက်လက် ပြန်လည်ထိန်းချုပ် ခဲ့သည်။ထို့နောက် တကောင်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှစ၍ နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်ခဲ့သည်။[၁၀]
စစ်တပ်စစ်ကြောင်းသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ် အတွင်းရှိ ရေချမ်းစဉ်ကျေးရွာ၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ရှားတောကျေးရွာ၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဗနွဲ့ကျေးရွာ၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ဒေါင်းပုန်းကျေးရွာ၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ရွှေကျွန်းပင်ကျေးရွာ၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပေါက်တပင်ကျေးရွာ၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် သီးကုန်းကျေးရွာ၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ဝါးရုံးကုန်းကျေးရွာ၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ရွှေစကာကျေးရွာ၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် မြင်သာကျေးရွာနှင့် ကြာညှပ်ကျေးရွာ၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ကိုးပင်ကျေးရွာနှင့် ပုတီးဖြူကျေးရွာ၊ မတ် ၂ ရက်နေ့တွင် မင်းကုန်းကျေးရွာ၊ မတ် ၄ ရက်နေ့တွင် ဆယ်ဇင်းကုန်းကျေးရွာ၊ မတ် ၅ ရက်နေ့တွင် လက်ပန်ကုန်းကျေးရွာ၊ မတ် ၇ ရက်နေ့တွင် ရေယာဉ်ကျေးရွာ၊ မတ် ၈ ရက်နေ့တွင် ဝဲကြီးကျေးရွာနှင့် ပေါ်တော်မူကျေးရွာ၊ မတ် ၉ ရက်နေ့တွင် မန်ကျည်းကုန်းကျေးရွာနှင့် ဆင်ညှပ်ကုန်းကျေးရွာ၊ မတ် ၁၀ ရက်နေ့တွင် တကောင်းလမ်းဆုံနှင့် ညောင်လေးပင်ကျေးရွာ၊ မတ် ၁၂ ရက်နေ့ တွင် တကောင်းမြို့တွင်း သို့ ဝင်ရောက်ထိန်းချုပ်ခဲ့သည်။ဤဖြစ်စဉ်သည် မန္တလေးတိုင်းဒေသကြီးအတွင်း တော်လှန်ရေးအင်အားစုများ အကြာဆုံး ထိန်းချုပ်ထားနိုင်ခဲ့သည့် မြို့ပြဒေသတစ်ခုကို စစ်ကောင်စီဘက်က ပြန်လည်ရရှိသွားခြင်း ဖြစ်သည်။[၁၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Now၊ Myanmar (2026-03-09)။ တကောင်းမြို့အနီးထိ စစ်တပ်ရောက်လာ၊ တိုက်ပွဲပြင်းထန်နေ (in en-US)။ 2026-04-18 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ တကောင်းမြို့မှ တော်လှန်ရေးတပ်များ ဆုတ်ပေးရနိုင် (in en)။ 2026-04-18 တွင် ပြန်စစ်ပြီး။
- ↑ နေမင်းနီ (2026-02-19)။ တကောင်းနှင့်သပိတ်ကျင်း နယ်စပ်မှ ကျေးရွာကို စစ်တပ် စတင်သိမ်းပိုက် (in en-US)။ 2026-04-18 တွင် ပြန်စစ်ပြီး။
- ↑ တကောင်းမြို့ကို NUG တပ်များ သိမ်းပိုက် (in en-US) (2024-08-13)။ 2026-04-18 တွင် ပြန်စစ်ပြီး။
- ↑ ရှမ်း-မန်း စစ်ဆင်ရေးကြောင့် မန္တလေးမှာ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့် (in my) (2024-07-15)။ 2026-04-18 တွင် ပြန်စစ်ပြီး။
- ↑ Now၊ Myanmar (2024-08-02)။ တရုတ်ပိုင် တကောင်းနီကယ်စက်ရုံကို PDF သိမ်းပိုက်၊ NUG နှင့် တရုတ် စက်ရုံအနာဂတ်အတွက် ဆွေးနွေးနေ (in en-US)။ 2026-04-18 တွင် ပြန်စစ်ပြီး။
- ↑ ludunwayoo (2024-08-13)။ တကောင်းမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ် ၆၄ ဦး သေ၊ ၂ဝ အရှင်ဖမ်းမိ၊ လက်နက်မျိုးစုံ ၈၃ လက် သိမ်းဆည်းရရှိ (in my-MM)။ 2026-04-18 တွင် ပြန်စစ်ပြီး။
- ↑ MPM (2024-08-17)။ တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၄ ဦး သေဆုံးပြီး အရှင် ၂၀ ဦး ဖမ်းမိခဲ့ » Myanmar Peace Monitor (in my-MM)။ 2026-04-18 တွင် ပြန်စစ်ပြီး။
- ↑ Agency၊ Yangon Khit Thit News (2024-08-13)။ တကောင်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၆၄ ဦးသေသုံးပြီး ၂၀ ဦး အရှင်ဖမ်းမိကာ သေနတ်မျိုးစုံ ၈၃ လက် သိမ်းဆည်းရရှိ (in en-US)။ 5 December 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-04-18 တွင် ပြန်စစ်ပြီး။
- ↑ ■ တကောင်းမြို့သိမ်းတိုက်ပွဲဝင် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ (in my)။ 2026-04-18 တွင် ပြန်စစ်ပြီး။
- ↑ တကောင်းမြို့ကို ပြန်ရပြီလို့ စစ်တပ် ကြေညာ (in my) (2026-03-13)။ 2026-04-18 တွင် ပြန်စစ်ပြီး။