ညီစေမင်း

ဝီကီပီးဒီးယား မှ
ညီစေမင်း
မွေးဖွားကျော်ဇံလှ
(၁၉၄၉-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-0၄)ဇန်နဝါရီ ၄၊ ၁၉၄၉
မြင်းခြံမြို့
ကွယ်လွန်ဩဂုတ် ၉၊ ၂၀၂၁(၂၀၂၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၈"။-0၉) (အသက် ၇၂)
မန္တလေးမြို့
အလုပ်အကိုင်စာရေးဆရာ
ပညာရေးဝိဇ္ဇာဘွဲ့

ညီစေမင်း (၁၉၄၉ ဇန်နဝါရီ ၄ – ၂၀၂၁ ဩဂုတ် ၉) သည် မန္တလေးမြို့မှ စာရေးဆရာ တစ်ဦးဖြစ်သည်။ သူသည် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ဂုဏ်ထူးဆောင်အသင်းသား၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ လူထုကြီးပွားရေးစာအုပ်တိုက် အယ်ဒီတာ လည်း ဖြစ်သည်။[၁]

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

၁၉၄၉-ခု၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် အဖ ဦးမြိုင်၊ အမိ ဒေါ်သိန်းတို့မှ မြင်းခြံမြို့တွင် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးကျော်ဇံလှ ဖြစ်သည်။

၁၉၅၃-၁၉၆၆ ကာလတွင် အထက(၁) မြင်းခြံ၌ ပညာသင်ကြားခဲ့ပြီး ၁၉၆၆-၁၉၆၈ ၌ မန္တလေး ဆရာအတတ်သင်သိပ္ပံ၊ ၁၉၆၈-၁၉၇၃ တွင် မန္တလေးတက္ကသိုလ် ညနေသင်တန်း၊ ၁၉၇၆-၁၉၇၈ အတွင်း ရန်ကုန်ပညာရေးတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ရာ ဝိဇ္ဇာဘွဲ့၊ ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့၊ ဥပဒေပညာ HGP ဘွဲ့များ ရရှိခဲ့သည်။[၂]

သက်မွေးလမ်းကြောင်း[ပြင်ဆင်ရန်]

၁၉၆၈ ခုတွင် ဆရာအတတ်သင်သိပ္ပံမှ ဘွဲ့ရသည်နောက် ကျောင်းဆရာအဖြစ် အလုပ်ဝင်သည်မှာ ၁၉၇၈ ခု အဖမ်းမခံရခင်အထိ ဖြစ်သည်။

၁၉၈၀ ပြည့်တွင် ထောင်မှလွတ်သည်နောက် ကျူရှင်ဆရာလုပ်ကာ အသက်မွေးသည်မှာ နောက် အချိန်ပြည့် စာရေးဆရာအဖြစ် မခံယူခင်အထိဖြစ်သည်။

ကလောင်ရှင်ဘဝ[ပြင်ဆင်ရန်]

ကျောင်းဆရာဖြစ်စ ၁၉၆၇-၆၈ ပညာသင်နှစ်ထုတ် ဆရာအတတ်သင် နှစ်ပတ်လည်မဂ္ဂဇင်းတွင် ဆောင်းပါးရေးကာ စာပေနယ်သို့ ခြေချသည်။

၁၉၇၀ ပြည့်၊ မေလထုတ် ရှုမဝမဂ္ဂဇင်းတွင် မောင်ငြိမ်းခိုင်အမည်ဖြင့် ကဗျာ စပါသည်။ သို့သော် နောက်ပိုင်းတွင် ဆောင်းပါး၊ ဝတ္ထုများကိုသာ အားစိုက်တော့၏။

ရုပ်ရှင်မျက်မှန်၊ ပန်းတိုင်၊ မြန်မာ့ဓန၊ ဗြူးတီး၊ ရုပ်ရှင်သစ္စာ၊ စံပယ်ဖြူ စသည်တို့တွင် ဆောင်းပါးများ၊ ဘာသာပြန်ဝတ္ထုများ ရေးခဲ့သည်။ မန္တလေးအခြေစိုက် ပန်မဂ္ဂဇင်း၏ အယ်ဒီတာချုပ်ဖြစ်ဖူးပြီး မြန်မာ့ဓန စီးပွားရေးမဂ္ဂဇင်းတွင် ပင်တိုင်ဆောင်းပါးရှင်ဖြစ်၏။

ရေးသားသော စာအုပ်များ[ပြင်ဆင်ရန်]

ထုတ်ဝေနှစ် ခေါင်းစီး ပုံနှိပ်တိုက် မှတ်ချက်
၂၀၀၃ ဒါဖတ်ပြီးမှ ...
၂၀၀၉ သတင်းသမားကောင်းဖြစ်ဖို့
၂၀၁၄ နပိုလီယံကိုခြောက်တဲ့တစ္ဆေနှင့်အခြားဝတ္ထုတိုများ ဘာသာပြန်
ပေါက်ဖော်ဆွေရင်းနံနက်ခင်း စာစုများ
ဟယ်လင်ကဲလား ဘာသာပြန်
စန္ဒာရှင်မနှင့်ခေတ်စမ်းပုံပြင်များ ဘာသာပြန်
၂၀၁၄ ဝိရောဓိများစုဆုံရာ
၂၀၁၇ သမိုင်းရိပ်ထင်ဂန္ထဝင်ရုပ်ရှင်ကားများ
ခေါ်ခင်မျိုးချစ်မှသည် ဒေါ်အောင်ဆန်းစုကြည်ထိ ဘာသာပြန်
၂၀၂၀ နိုင်ငံတော်စစ်ဆေးရေးမှူးချုပ်
၂၀၁၅ ခေတ်နှစ်ခေတ် ထောင်နှစ်ထောင်

နိုင်ငံရေးလှုပ်ရှားမှုများ[ပြင်ဆင်ရန်]

၁၉၆၃-၆၄ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

ရန်ကုန် ပညာရေးတက္ကသိုလ်၌ ပညာသင်နေစဉ် ကွန်မြူနစ်ဝါဒ တက်ကြွလှုပ်ရှားသူများနှင့် ပေါင်းသင်းကာ မြေအောက်လှုပ်ရှားမှုတို့တွင် ပါဝင်ခဲ့သည်။ ယင်းသို့ ပါဝင်မှုကြောင့် ၁၉၇၈-၁၉၈၀ ကာလကို အင်းစိန်ထောင်တွင် နေထိုင်ဖြတ်သန်းရသည်။

၁၉၈၉-၉၄ ကာလတွင် ဒီမိုကရေစီရေးလှုပ်ရှားမှုတို့ကြောင့် မန္တလေး အိုးဘိုထောင်တွင် အချိန်ကုန်ရပြန်သည်။ [၃]

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၂၁ ခု၊ ဩဂုတ်လ ၉ ရက်နေ့တွင် ကိုဗစ် ၁၉ ရောဂါဖြင့် မန္တလေးဆေးရုံကြီးတွင် ကွယ်လွန်သည်။ [၂][၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ထင်ရှားတဲ့ မြန်မာ ကဗျာနဲ့စာရေးဆရာ သုံးဦး တနင်္လာနေ့က ကွယ်လွန် (in my)။ ၁၁ ဩဂုတ် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ မန္တလေးက လူထုကြီးပွားရေးစာအုပ်တိုက် အယ်ဒီတာ ညီစေမင်း ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန် (in en) (9 ဩဂုတ် 2021)။ ၁၁ ဩဂုတ် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  3. ညီစေမင်း (၂၀၁၅) " ခေတ်နှစ်ခေတ် ထောင်နှစ်ထောင် "။
  4. အထက်ဗမာနိုင်ငံစာရေးဆရာအသင်း (မန္တလေး)။ " ဝမ်းနည်းကြောင်းသဝဏ်လွှာ "။ ၂၀၂၁ ဩဂုတ် ၁၁။