ညိုဝင်း

ဝီကီပီးဒီးယား မှ
ညိုဝင်း
မွေးဖွားကျော်ဝင်း
(၁၄-0၂-၁၉၂၄) ဖေဖော်ဝါရီ ၁၄၊ ၁၉၂၄ (အသက် ၂၀၁၀)
ဥက္ကံရှမ်းစုရွာ၊ အင်းစိန်ခရိုင်
အလုပ်အကိုင်တော်လှန်ရေးသမား၊ စာရေးဆရာ၊ ကဗျာဆရာ
နိုင်ငံလူမျိုး မြန်မာ
လူမျိုးဗမာ
ရရှိသည့်ဆုများအမျိုးသားစာပေတစ်သက်တာဆု (၂၀၁၆)
မိဘဦးဘိုးရှင်း နှင့် ဒေါ်ရွှေရီ
ကိုးကွယ်မှုဗုဒ္ဓဘာသာ

ညိုဝင်းသည် ကဗျာဆရာ၊ စာရေးဆရာ နှင့် တော်လှန်ရေးသမားဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုကို ဆရာကြီး မောင်သာနိုး၊ ဆရာကြီး သိန်းသန်းထွန်း)နှင့်အတူ ချီးမြှင့်ခြင်းခံရသည်။[၁]

အစောပိုင်းဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

စာရေးဆရာညိုဝင်း၏ အမည်ရင်းမှာ ဦးကျော်ဝင်းဖြစ်သည်။ မိဘဆွေမျိုးများနှင့် သူ၏ မွေးဇာတိမှ လူများကမူ မောင်ကျော်ဟု ခေါ်ကြသည်။ ဆရာညိုဝင်းကို (၁၂၈၅ ခု၊ တပို့တွဲလဆန်း ၁၀ ရက်) ၁၉၂၄ ခု ဖေဖော်ဝါရီလ ၁၄ ရက် ကြာသပတေးနေ့တွင် အင်းစိန်ခရိုင် (ယခု မှော်ဘီခရိုင်) ဥက္ကံရှမ်းစုရွာတွင် ကျောင်းအုပ်ဆရာကြီး ဦးဘိုးရှင်း နှင့် ဒေါ်ရွှေရီတို့က ဖွားမြင်သည်။ ဖခင်၏ကျောင်းမှာပင် စတုတ္ထတန်း အောင်မြင်သည်။ ဥက္ကံမြို့ အထက်တန်းကျောင်းတွင် ဆက်လက်ပညာသင်ကြားသည်။ အသက် ၁၁ နှစ်အရွယ်မှစ၍ မိဘများနှင့် ခွဲခွာပြီး ကျောင်းအိပ်ကျောင်းစားနေခဲ့သည်။

နိုင်ငံရေးလုပ်ကိုင်ခြင်း[ပြင်ဆင်ရန်]

ရှစ်တန်းရောက်သောအခါ ရန်ကုန်မြို့ လမ်းမတော် သရက်တောကျောင်းတိုက်ဆရာတော် ဦပရမ၏ အစိုးရအထက်တန်းကျောင်းတွင် ပြောင်းရွှေ့ သင်ကြားသည်။ သို့သော် မြန်မာကုလား အဓိကရုဏ်းဖြစ်ပွားသဖြင့် ဥက္ကံသို့ပြန်ရသည်။ ထိုနှစ်မှာပင် ကျောင်းသားအရေးတော်ပုံ ဖြစ်ပွားသည်။ ဗိုလ်အောင်ကျော်ကျဆုံးပြီး တစ်ပြည်လုံးသို့ ကျောင်းသားသပိတ် ပျံ့နှံ့သွားသည်။ သူလည်း သပိတ်မှောက်ကျောင်းသား ဖြစ်ရသည်။ ဥက္ကံ အထက်တန်းကျောင်း ကျောင်းသားသမဂ္ဂတွင် ဝါဒဖြန့်ချိရေးမှူးဖြစ်လာသည်။ သပိတ်ပြီးသည့် နောက်တွင်လည်း သူ့၌ အမျိုးသားရေးစိတ်ဓာတ်ကိန်းအောင်း၍ ကျန်ခဲ့သည်။ တို့ဗမာအစည်းအရုံးမှ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်ပြီး ကျောင်းတွင် အမျိုးသားအောင်ပွဲနေ့၊ ပါတော်မူနေ့များ ကျင်းပသည်။ လက်ရေးမဂ္ဂဇင်းလည်း ထုတ်ဝေသည်။ ဆယ်တန်းနှစ်တွင် ရန်ကုန် သရက်တောကျောင်းတိုက် ဦပရမ ကျောင်းသို့ ရောက်ပြန်သည်။ ကမာရွတ်မှ ကျောင်းတက်သည့် ကမာရွတ် ဇာတိဖြစ်သော သန်းဆွေနှင့် သူငယ်ချင်းဖြစ်ရသည်။ စစ်ဖြစ်သဖြင့် စာမေးပွဲ မဖြေလိုက်ရ။ ဥက္ကံရှမ်းစုသို့ ပြန်ခဲ့ရသည်။ ဂျပန်ခေတ်တွင် ရန်ကုန်သို့ ပြန်လာပြီး သန်းဆွေနှင့်အတူ စာပေဖတ်ရှုလေ့လာပြီး ဆွေးနွေးကြသည်။ ဂျပန်ခေတ်မှာပင် ဆယ်တန်း စာမေးပွဲဖြေသည်။ ထို့နောက် ဆရာဖြစ် သင်တန်း ခြောက်လတက်ပြီး အောင်မြင်ခဲ့သည်။ ဖခင်၏ ကျောင်းတွင် ခေတ္တ ကျောင်းဆရာဝင်လုပ်ပြီး ရန်ကုန်သို့ ပြန်ခဲ့သည်။ သန်းဆွေနှင့်အတူ ဂျပန်ကြေးနန်းအတတ်သင်ကျောင်းသို့ တက်ရောက်ကြသည်။ အောင်မြင်သည်။ သာယာဝတီကြေးနန်းရုံး သို့ ပို့သည်။ သို့သော်အလုပ်မဝင်ဖြစ်ပေ။ ဂျပန်တော်လှန်ရေးဖြစ်ပေါ်သည်။ တော်လှန်ရေးတွင် သူပါဝင်သည်။ စစ်ပြီးသောအခါ ဥက္ကံမြို့နယ်၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့ အတွင်းရေးမှူးဖြစ်လာသည်။ ပြည်သူ့ ရဲဘော်များတောခိုသောအခါ သူမပါဝင်ဘဲ နိုင်ငံရေးကို စိတ်ပျက်ကာ ရန်ကုန်သို့ရောက်ရှိခဲ့ပြန်သည်။

စာပေရေးသားခြင်း[ပြင်ဆင်ရန်]

ထိုအချိန်တွင် သန်းဆွေက ချစ်ကြွေးမပြေ ဝတ္ထုဖြင့် နာမည်ရပြီး အရှေ့တိုင်းဂျာနယ်တွင် လုပ်ဆောင်လျက်ရှိသည်။ နောက် သန်းဆွေ သွေးသောက် မဂ္ဂဇင်းသို့ရောက်သည်။ သူလည်း သန်းဆွေခေါ်သဖြင့် သွေးသောက်သို့ရောက်သည်။ ၁၉၄၈ ခု ဇူလိုင်ထဲတွင်ဖြစ်သည်။ သုံးလခန့် အကြာတွင် သန်းဆွေ သွေးသောက်မှ ထွက်သွားသည်။ သူ ကျန်ရစ်သည်။ ထိုနှစ်မှာပင် သူသွေးသောက် မဂ္ဂဇင်း၌ ကဗျာတစ်ပုဒ် စတင်ရေးခဲ့သည်။ ထို့နောက် သွေးသောက်တွင် ကလောင်နာမည်သုံးလေးမျိုးဖြင့် ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးများရေးသားသည်။  ဂေါ်ရင်ဂျီနှင့် ကိုဖုန်းတို့မှာ သူ၏ ကလောင်အမည်ခွဲများ ဖြစ်ကြသည်။ ၁၉၅၀ ပြည့်နှစ်တွင် သွေးသောက်မှ ထွက်သည်။ ကြေးမုံမဂ္ဂဇင်းနှင့် ကလောင်စုံ မဂ္ဂဇင်းတို့တွင် အယ်ဒီတာလုပ်ခဲ့သည်။ ၁၉၅၂ ခုနှစ် စာဆိုတော်နေ့တွင် ကျင်းပသော စာရေးဆရာအသင်း၏ စာပေပြိုင်ပွဲတွင် ကဗျာရွှေတံဆိပ်ဆုရသည်။ သား သေကောင်ပေါင်းလဲ ဖြစ်သောအခါ ယင်းရွှေတံဆိပ်ကိုရောင်းပြီး ဆေးကုရသည်။ ၁၉၅၃ ခုနှစ်တွင် အစိုးရရုပ်ရှင်နှင့် ပြဇာတ်ဌာနတွင် ရုပ်ရှင်အရာရှိဝင်လုပ်သည်။  ၁၉၆၀ ပြည့်တွင် အလုပ်မှထွက်၍ စာရေးသည်။ ပြားခြောက်ဆယ်တန် ခေတ်နှင့် ကြုံရသည်။ ရုပ်ရှင်ပဒေသာ၊ ရဲကြေးမုံ၊ မှုခင်းနှင့် ပစ်မှုတို့တွင် အယ်ဒီတာလုပ်သည်။ မြ စာပေတွင် တစ်နှစ်ခွဲခန့်လုပ်သည်။ ကဗျာမြောက်မြားစွာ၊ ဝတ္ထုတို သုံးလေးဆယ်နှင့် လုံးချင်း ငါးဆယ်ကျော် ရေးခဲ့သည်။ ယင်းအနက်မှ ဆယ့်တစ်ပုဒ်ကို ရုပ်ရှင်ရိုက်ကူးခဲ့သည်။ "ဘဝများကဗျာ" အမည်ဖြင့် ကဗျာစာအုပ်ထုတ်ဝေခဲ့သည်။ "မှောင်လွန်းသော ညများ" ကို မြစာပေက ၁၉၆၇ ခုနှစ်၊ ဇန်နဝါရီလတွင် ပထမ အကြိမ်ထုတ်ဝေသည်။ ယင်းနှစ်အတွက် အမျိုးသားစာပေ ဝတ္ထုရှည်ပထမဆုကို ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ်အတွက် ဒုတိယသမ္မတဦးမြင့်ဆွေက အမျိုးသားစာပေတစ်သက်တာဆုရကို ဆရာကြီးဦးသာနိုး (မောင်သာနိုး)၊ ဆရာကြီး ဦးသိန်းသန်းထွန်း(သိန်းသန်းထွန်း)နှင့်အတူ ချီးမြှင့်းခဲ့သည်။

ရေးသား ထုတ်ဝေခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ရွှေတည် (၁၉ နိုဝင်ဘာ ၂၀၁၇)။ ၂၀၁၆ခုနှစ်အတွက်အမျိုးသားစာပေတစ်သက်တာဆု၊အမျိုးသားစာပေဆုနှင့်စာပေဗိမာန်စာမူဆုချီးမြှင့်ပွဲကျင်းပ။ နိုင်ငံတော်သမ္မတရုံး။ ၂၀ နိုဝင်ဘာ ၂၀၁၇ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  • မလိခ (မြန်မာဝတ္ထုအညွှန်းပေါင်းချုပ်)