ဉာဏ (စာရေးဆရာ ဒါရိုက်တာ)

ဝီကီပီးဒီးယား မှ
(ညာဏ၊ ဦး၊ စာရေးဆရာ မှ ပြန်ညွှန်းထားသည်)
အလင်္ကာကျော်စွာ
ဦးဉာဏ
စာရေးဆရာ၊ ဒါရိုက်တာ ဦးဉာဏ
မွေးဖွားအုန်းမောင်
(၂၈-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၁၉၀၂)ဒီဇင်ဘာ ၂၈၊ ၁၉၀၂
ဆင်မြီးဆွဲရွာသဲကုန်းမြို့နယ်ပြည်ခရိုင်ပဲခူးတိုင်း
ကွယ်လွန်ဇွန် ၁၊ ၁၉၆၉(၁၉၆၉-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၆"။-0၁) (အသက် ၆၆)
အလုပ်အကိုင်စာရေးဆရာ၊ ဒါရိုက်တာ
ရရှိသည့်ဆုများအလင်္ကာကျော်စွာဘွဲ့(၁၉၅၈)
ဦးဉာဏ

ဦးဉာဏ သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ ဒါရိုက်တာ တစ်ဦး ဖြစ်သည်။ ဦးဉာဏ၏အမည်ရင်းမှာ ဦးအုန်းမောင်ဖြစ်၏။ ဦးအုန်းမောင်သည် ခရစ်နှစ် ၁၉၂ဝ ပြည့်နှစ်ခန့်က 'ကြည်တော် မူဂျာနယ်'၌ ဝတ္ထုတိုများရေးသားရာတွင် 'ဉာဏ'ဟူသည့်ကလောင်အမည်ကို စတင်အသုံးပြုခဲ့သည်။ ထိုအခါမှစ၍ အမည်ရင်းပျောက်ကာ 'ဦးဉာဏ'ဟူ၍ပင် ထင်ရှားခဲ့၏။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးဉာဏကို ခရစ်နှစ် ၁၉ဝ၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (၁၂၆၄ ခုနှစ်၊ နတ်တော်လကွယ် တနင်္ဂနွေနေ့)နံနက် ၁ဝ နာရီ၊ ၃၈ မိနစ်၊ စက္ကန့် ၄ဝ တွင် အဖ ဦးမိုးအေး၊ အမိ ဒေါ်စိန်တို့မှ မွေးဖွားသည်။ ပြည်ခရိုင် သဲကုန်းမြို့နယ် ဆင်မြီးဆွဲရွာဇာတိ ဖြစ်သည်။ ဦးဉာဏ ကိုးနှစ်သားအရွယ်တွင် မိခင် ကွယ် လွန်သဖြင့် ဖခင်၏အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းခဲ့ရသည်။ အရွယ်ရောက်သော် ပြည်မြို့အစိုးရ အထက်တန်းကျောင်း တွင် ပညာသင်ကြားခဲ့၏။ ဦးဉာဏသည် ကျောင်းနေရသည် ကိုမပျော်၊ ကျောင်းစာကို စိတ်မဝင်စားသဖြင့် ငယ်စဉ်က မကြာခဏ ကျောင်းပြေးခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင် ပြည်မြို့၊ အစိုးရအထက်တန်းကျောင်းမှ သတ္တမတန်း စာမေးပွဲအောင်မြင် ခဲ့၏။ ထို့နောက် ကျောင်း ဆက်မနေတော့ပေ။

ကျောင်းမှထွက်ပြီးနောက် အိမ်ပြေးအဖြစ် မြန်မာပြည် အနှံ့ လှည့်လည် သွားလာနေရင်း လက်ဖက်ရည်ဆိုင် စားပွဲ ထိုး၊ ပန်းကန်ဆေး အလုပ်သမား၊ လက်ကမ်းကြော်ငြာဝေငှ သူ၊ စာအုပ်ဈေးသည် စသည်ဖြင့် ကြုံရာ အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့သည်။ ထို့နောက် ပြည်မြို့သို့ ပြန်လာပြီးလျှင် လက်ရေးတိုနှင့် လက်နှိပ်စက်ပညာကို သင်ကြားကာ အရေး ပိုင်ရုံးတွင် စာရေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ များမကြာ မီ အရေးပိုင်ရုံးမှထွက်ကာ ရေနံချောင်း ဘီအိုစီ၊ စတီးဘရား သားကုမ္ပဏီ စသည်တို့သို့ အဆင့်ဆင့် ရွှေ့ပြောင်းလုပ်ကိုင်ခဲ့ သည်။ စစ်ထဲသို့လည်း ဝင်ခဲ့ဖူး၏။ စစ်ထဲသို့ ဝင်သောအခါ အသက်မစေ့မှန်း အထက်က သိသောအခါ တပ်မှ ထွက်ခဲ့ရပြန်သည်။ သူ၏ မိဘများသည် မတတ်သာသည့် နောက်ဆုံး ဦးဉာဏ ၁၆ နှစ်သား အရွယ်တွင် မိန်းမ ပေးစားလိုက် လေတော့သည်။ မကြာမီ အမေ ဆုံးပါးခဲ့ရပြီး ဦးညာဏ ၁၇ နှစ်သား အရွယ်တွင် ညီငယ် ဆုံးရပြန်သည်။ အရက် ၂ဝ ကြားတွင် အဖေ ထပ်မံ သေပြန်သည်။ ဤကဲ့သို့ လောကဓံကို ကြံ့ကြံ့ခံရင်း စာပေနယ်သို့ ကူးပြောင်း ဝင်လာ ခဲ့တော့သည်။

အနုပညာလုပ်ငန်းလုပ်ကိုင်ခြင်း[ပြင်ဆင်ရန်]

ယင်းသို့ အလုပ်အမျိုးမျိုး လုပ်ကိုင်ရင်း တစ်ဖက် မှလည်း ဝတ္ထုတိုများကို ရေးသားခဲ့သည်။ ထိုအခါက တမူး တန်ဝတ္ထုများ ခေတ်စားခဲ့ရာ ဦးဉာဏသည် တမူးတန်ဝတ္ထု ပေါင်း ၃ဝ ခန့် ရေးသားခဲ့၏။ ယင်းတို့အနက် မိထွေးလင်ကိုးလင် စသော ဝတ္ထုများမှာ ထင်ရှားလာသည်။ စာပေ ရေးသားခြင်းဖြင့် နာမည် ရလာသောအခါ ဦးဉာဏသည် ရန်ကုန်မြို့သို့ ရွှေ့ပြောင်းနေထိုင်ပြီးသော် စာပေလောကတွင် ကျင်လည်နေခဲ့၏။

၁၉၂ဝ ပြည့်နှစ်တွင် ဒဂုန်ရွှေမျှားနှင့် အပေါင်းပါ သုံးဦး စပ်ပေါင်းပြီး ထုတ်ဝေသော ကြည်တော်မူ မဂ္ဂဇင်းသို့ ပထမဆုံး အကြိမ် ဝတ္ထုတို တစ်ပုဒ် သွားရောက်ပို့ခဲ့ရာ အယ်ဒီတာ အဖွဲ့ဝင်များ ကြိုက်၍ ပုံနှိပ် ဖော်ပြခြင်း ခံရသည့်အပြင် စာမူခ ၁ဝ ကျပ်ကိုလည်း ချီးမြှင့်ခြင်း ခံရသည်။ တစ်ပုဒ်ကနေ နှစ်ပုဒ်၊ သုံးပုဒ်အထိ ရေးပြီးပို့ခဲ့ရာ အပုဒ်တိုင်းလိုလို ဖော်ပြခြင်း ခံရသည်။ စာမူခ ၁ဝ ကျပ် ချီးမြှင့်ခြင်း ခံခဲ့ရာမှ ၁၅ ကျပ်အထိ တိုးမြှင့်ခဲ့လေသည်။ ယင်းအချိန်တွင် ဦးညာဏသည် ဆရာဇယျ ပြည်မြို့တွင် ၁ဝ တန်းကျောင်းသား ဘဝနှင့် ရှိစဉ်ကတည်းက ရင်းနှီးခွင့် ရခဲ့ကြလေသည်။

ဦးညာဏသည် နောက်ဆုံး ဇနီးဖြစ်သူ ဒေါ်မြနှင့် အတူ ရန်ကုန်မြို့သို့ တက်လာပြီး စာရေးခြင်းဖြင့် အသက်မွေး ဝမ်းကျောင်းဘဝကို စလေတော့သည်။ ရန်ကုန်သို့ ရောက်သောအခါ ဆူးလေဘုရား စာအုပ်ဆိုင် ကျပ်ကျပ်ကလေး တဆိုင်မှာ လင်မယား နှစ်ယောက် ဖြစ်သလို နေထိုင် ခဲ့ကြလေသည်။ စားဝတ် နေရေးအတွက် တဖက် တလမ်းမှ ကြော်ငြာကမ်း၊ စာအုပ်ရောင်း၊ သောင်းပြောင်း ထွေလာဖြင့် ဘဝ အမျိုးမျိုးကို ကျင်လည်ခဲ့ရာမှ နောက်ဆုံးတွင် ဒဂုန် ရွှေမျှား၊ ဒဂုန် ဇေယျ၊ ဒဂုန်ဉာဏ ဖြစ်လာခဲ့သည်။ ထိုနှစ်ယောက်တွင် ဦးညာဏသည် အငယ်ဆုံး ဖြစ်သည်။

ရုပ်ရှင်လုပ်ငန်းသို့ ဝင်ရောက်ခြင်း[ပြင်ဆင်ရန်]

ဆရာစံ လယ်သမားအရေးတော်ပုံ ခေတ် ၁၉၃ဝ ပြည့်နှစ်တွင် ဝတ္ထုများ ရေးလာခဲ့ရာမှ ဆောင်းပါးကဏ္ဍ၊ ရုပ်ရှင် ကဏ္ဍကို တဖက် တလမ်းက လိုက်စားခဲ့လေသည်။ ၁၉၂ဝ ခုနှစ်မှ စ၍ မြန်မာပြည် ရုပ်ရှင်လုပ်ငန်း စတင် ပေါ်ပေါက် လာခဲ့သော်လည်း ရုပ်ရှင် ဇာတ်ထုပ်များကို ဒါရိုက်တာ လုပ်သူ ကိုယ်တိုင် ဇာတ်ညွှန်းရေး၍ ရိုက်ကူးခြင်းမှာ ဓမ္မတာလို ဖြစ်နေခဲ့၏။

ထို့နောက် ၁၉၂၆ ခုနှစ်တွင် ဗြိတိသျှဘားမားရုပ်ရှင် ကုမ္ပဏီသို့ လခစား ဇာတ်ညွှန်းရေးဆရာအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ယုဇနသိင်္ဂီ၊ ပဒုမ္မဒေဝီ၊ မြနန်းရှင်၊ယောက်ျား တံခွန် စသည့် ဇာတ်ညွှန်းများကို ရေးသားခဲ့၏။ ထိုမှတစ်ဆင့် တက်၍ မေမေ ဇာတ်ကားကို ဇာတ်ညွှန်းနှင့် ဇာတ်ဝင်သီချင်း များ ရေးသားရုံမျှမက ကိုယ်တိုင် ဒါရိုက်တာအဖြစ် တာဝန်ယူ ၍ ရိုက်ကူးခဲ့သည်။ ထို့နောက် ဘီအေမေချစ်ရနံ့ကြိုင်ကမ္ဘာနှင့်ဗမာ စသည့် ဇာတ်ကားများကို ဆက်လက်ရိုက်ကူး ခဲ့၏။ ၁၉၃ဝ ပြည့်နှစ်တွင် ဦးဉာဏသည် မြန်မာနိုင်ငံ၏ ပထမဆုံး အသံထွက် ရုပ်ရှင်ဇာတ်ကားဖြစ်သော ပဋိက္ခရား ဇာတ်ကားကို တီထွင်၍ ရိုက်ကူးခဲ့သည်။

ထို့နောက် ဗြိတိသျှဘားမားမှ နုတ်ထွက်ပြီးလျှင် ပြင်ပ ရုပ်ရှင်ကုမ္ပဏီများအတွက် မင်းအာဏာ၊ ရွှေဂုန်သူ၊ မိန်းမတံခွန်၊ ဒို့လယ်သမား၊ ကျားစသည့် ဇာတ်ညွှန်းများ ကို ရေးသားပေးခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းတွင် ဦးဉာဏသည် 'ဗမာသစ်ပြဇာတ်'၊ 'ဗမာတွေမပူ'နှင့် စသည့် စာအုပ်များကို ရေးသားခဲ့သည်။ ဗမာသစ်ပြဇာတ်မှာ မြန်မာ စာပေလောကတွင် အလွန် နာမည်ကြီးသော ပြဇာတ်ဖြစ်၏။ ၁၉၄၅-၄၆ တွင် ဦးဉာဏသည် ဉာဏအမည်ဖြင့်လည်း ကောင်း၊ ဂျိုကာအမည်ဖြင့်လည်းကောင်း ရှေ့ဆောင်သတင်း စာနှင့် မြန်မာ့အလင်းသတင်းစာတို့တွင် သတင်းစာဆောင်းပါး များ ရေးသားခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်၊ ဗိုလ်ချုပ်အောင် ဆန်းခေါင်းဆောင်သော ဖဆပလ ကြားဖြတ်အစိုးရ လက် ထက်တွင် ဦးဉာဏသည် ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန် အဖြစ် ခန့်ထားခြင်းခံရသည်။ ထို့နောက် ၁၉၄၈ ခုနှစ်တွင် ရုပ်ရှင်နှင့်ပြဇာတ်ဌာနခွဲ ညွှန်ကြားရေးဝန်အဖြစ် ခန့်ထား ခြင်း ခံရပြန်သည်။ သို့သော် အစိုးရ လခစားလုပ်ရသည်ကို မပျော်ပိုက်သဖြင့် ၁၉၅၁ ခုနှစ်တွင် ညွှန်ကြားရေးဝန်ရာထူး မှ နုတ်ထွက်လိုက်သည်။

ထို့နောက် ဦးဉာဏသည် ရုပ်ရှင်ဒါရိုက်တာအဖြစ် ဖြင့်လည်းကောင်း၊ ရုပ်ရှင်ဇာတ်ညွှန်း ရေးသားခြင်းဖြင့်လည်း ကောင်း၊ ပြဇာတ်နှင့်သီချင်းများ ရေးသားခြင်း အသက်မွေး ဝမ်းကျောင်းပြုကာ ကျင်လည်နေထိုင်ခဲ့သည်။ စာနယ်ဇင်း များတွင်လည်း ဆောင်းပါးများရေးသားခဲ့သည်။

၁၉၅၆ ခုနှစ်တွင် ဦးဉာဏသည် မြန်မာ့ရုပ်ရှင်ကိုယ် စားလှယ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ရောက်ရှိခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပသော အာရှ၊ အာဖရိကစာရေးဆရာ ညီလာခံသို့လည်းကောင်း၊ ၁၉၅၈ ခုနှစ်တွင် အီဂျစ်နိုင်ငံ၊ (ယခု ယူအေအာ) ကိုင်ရိုမြို့တွင်ကျင်းပသော အာရှ၊ အာဖရိက သွေးသည်းညီညွတ်ရေး ညီလာခံသို့လည်းကောင်း ကိုယ်စား လှယ်အဖြစ် တက်ရောက်ခဲ့ရသေးသည်။

နိုင်ငံရေး လုပ်ကိုင်ခြင်း[ပြင်ဆင်ရန်]

၁၉၆၄ ခုနှစ်တွင် ဦးဉာဏသည် မြန်မာဆိုရှယ်လစ် ပါတီသို့ ဝင်ရောက်ခဲ့သည်။ ရုပ်ရှင်ဇာတ်ညွှန်းနှင့် စာပေများ ရေးသားပြုစုရင်း တစ်ဖက်မှလည်း ပါတီလုပ်ငန်းများကို တက်တကြွ်ကြွက လုပ်ကိုင်ဆောင်ရွက်ခဲ့၏။ ၁၉၆၉ ခုနှစ်၊ မတ်လမှစ၍ ရှုဒေါင့်ဂျာနယ်၏ ဦးစီးနာယကအဖြစ် ဆောင် ရွက်ကာ အပတ်စဉ် ဆောင်းပါးများ ရေးသားခဲ့၏။ ဦးဉာဏသည် ဝတ္ထုပေါင်း မြောက်မြားစွာ ဆောင်းပါးပေါင်း မြောက်မြားစွာ၊ ဇာတ်ညွှန်းပေါင်း မြောက်မြားစွာနှင့် ပြဇာတ်များကို ရေးသားပြုစုခဲ့သည်။ ဦးဉာဏသည် သီချင်းရေးဆရာ တစ်ဦးလည်းဖြစ် သည်။ ပျော်ပျော်နေတတ်သူ ဖြစ်သည်။ တစ်ကိုယ်ကောင်း စိတ်ထားကင်းစင်သူဖြစ်ပြီးလျှင် ဆင်းရဲပင်ပန်းမှုဒဏ်ကိုလည်း ခံနိုင်စွမ်းရှိသူဖြစ်၏။ ရုပ်ရှင်ဇာတ်ညွှန်းပေါင်းများစွာကို ရေး သားခဲ့သော်လည်း ဦးဉာဏသည် မချမ်းသာပေ။ ငွေကြေး အရင်းအနှီး ချို့တဲ့သော ရုပ်ရှင်ကုမ္ပဏီများကို အခကြေးငွေ မယူဘဲ ဇာတ်ညွှန်း ရေးသားပေးခဲ့ကြောင်း သိရှိရ၏။

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

ဦးဉာဏသည် ဘရင်ဂျီနာရောဂါဖြင့် ၁၉၆၉ ခုနှစ်၊ ဇွန်လ ၁ ရက်၊ တနင်္ဂနွေနေ့ (၁၃၃၁ နယုန်လဆုတ် ၂ ရက်) တွင် ကွယ်လွန်ခဲ့သည်။ ဦးဉာဏကွယ် လွန်ပြီးသောအခါ စာပေလောကနှင့် ရုပ်ရှင်လောကမှ ပုဂ္ဂိုလ် များက 'ဉာဏနှင့် ဉာဏလုပ်ရပ်များ ဖော်ထုတ်ရေးကော်မတီ' ကို ဖွဲ့စည်းပြီးလျှင် ဦးဉာဏ၏ လုပ်ရပ်များကို ရှာဖွေဖော် ထုတ်ခြင်း၊ ဉာဏရုပ်ရှင် ရက်သတ္တပတ် ကျင်းပခြင်း စသည် တို့ဖြင့် ဦးဉာဏကို ဂုဏ်ပြုခဲ့ကြပြီးသော် 'ဉာဏနိဒါန်း' အမည်ရှိ စာအုပ်ကိုလည်း ပုံနှိပ်ထုတ်ဝေခဲ့ပေသည်။[၁]

မိသားစု[ပြင်ဆင်ရန်]

ဇနီးအမည်မှာ ဒေါ်မြဖြစ်ပြီး သမီးများ၏ အမည်မှာ မလှမြင့်၊မြမြဝင်း၊ဖြူဖြူ ဝင်း၊နီနီဝင်း ဖြစ်သည်။ သားများ၏အမည်မှာ စောထွဋ်၊ ရဲထွဋ်၊ ငွေထွဋ် တို့ဖြစ်သည်။ ဒေါ်မြ နှင့် (၁၆) နှစ် အရွယ်တွင် အိမ်ထောင်ကျခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. သုတေသီ ရေး ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ
  2. ဉာဏနိဒါန်း ပြည်သူ့ စာတိုက်ကြီး
  3. မောင်သုတ။ "ဦးဉာဏ (၁၂၆၄ - ၁၃၃၁)"။ in မောင်ခင်မင် (ဓနုဖြူ) (ed.)။ စာဆိုတော်များ အတ္ထုပ္ပတ္တိ (ပဉ္စမအကြိမ် ed.)။ ရာပြည့် စာအုပ်တိုက်။ Text "date ၁၊ ဩဂုတ်၊ ၂ဝဝ၂" ignored (အကူအညီ)