ဉာဏ်ရောင်

ဝီကီပီးဒီးယား မှ

ပညာတည်းဟူသော အလင်းရောင်၊ ပညာအလင်းရောင်။ ဉာဏ်အလင်းရောင်။ [၁]

ဉာဏ်ရောင်၏ စွမ်းအား[ပြင်ဆင်ရန်]

ဓမ္မတာအားဖြင့်သော်ကား ပညာရောင် ဉာဏ်ရောင်ခေါ်သည့် ဉာဏ်အရောင်အလင်းမှာ – သမန္တတော ပတ္ထရတိ ဟူသော ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ[၂]နှင့် အညီ ယောဂီပုဂ္ဂိုလ်၏ ခန္ဓာအိမ်ဝန်းကျင်ပတ်ခြာ အရပ် (၁၀)မျက်နှာ၌ ပျံ့နှံ့ တည်ရှိနေတတ်၏၊ သမာဓိအားကောင်းလျှင် အားကောင်းသလို သမာဓိနှင့် ယှဉ်တွဲနေသော ဉာဏ်၏ အာနုဘော် မှာလည်း ကြီးမားလာတတ်၏၊ ဉာဏ်၏ အာနုဘော်က ကြီးလျှင် ကြီးသလို ယင်းဉာဏ်ကြောင့် ဖြစ်ပေါ်လာသည့် ဉာဏ်အရောင်အလင်းမှာလည်း ပို၍ပို၍ တောက်ပလာတတ်၏၊ ပို၍ပို၍လည်း ကျယ်ပြန့်လာတတ်၏၊ [၃]

ဉာဏ်ရောင်လေးမျိုး[ပြင်ဆင်ရန်]

ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ် အာလောကသုတ္တန်[၄].. စသည်တို့၌ (၁) လရောင်၊ (၂) နေရောင်၊ (၃) မီးရောင်၊ (၄) ပညာရောင် = ဉာဏ်ရောင် - ဟု အရောင်အလင်း (၄)မျိုး ရှိကြောင်းကို ဟောကြားထားတော်မူခဲ့၏၊ ထိုလေးမျိုးတို့တွင် ပညာရောင် (= ဉာဏ်ရောင်) (၄)မျိုးရှိကြောင်းကို အင်္ဂုတ္တရဋီကာ[၂၅၂] ပစလာယမာနသုတ္တန်တွင် ရှင်းပြထား၏၊ [၃]

ဉာဏ်ရောင် (၄) မျိုး[ပြင်ဆင်ရန်]

၁။ ထိနမိဒ္ဓဝိနောဒနအာလောက = ထိနမိဒ္ဓကို ပယ်ဖျောက်တတ်သော, ဒိဗ္ဗစက္ခုအဘိညာဏ် အလို့ငှာ ပွားများ ထားအပ်သော, အထူးသဖြင့် .. အာလောကကသိုဏ်းကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊ ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊

၂။ ကသိဏာလောက = ကောင်းစွာ ပွားများထားအပ်သော အာလောကကသိုဏ်း၏ အရောင်အလင်းကဲ့သို့ ကောင်းစွာ ပွားများထားအပ်သော ကသိုဏ်းဘာဝနာကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊

၃။ ပရိကမ္မာလောက = ပရိကမ္မဘာဝနာကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊

၄။ ဥပက္ကိလေသာလောက = ဝိပဿနာဉာဏ်၏ ညစ်ညူးကြောင်း ဥပက္ကိလေသ အရောင်အလင်း ––

ဤလေးမျိုးလုံးသည် ဉာဏ်ကြောင့်သာလျှင် ဖြစ်ပေါ်လာသော အရောင်အလင်းများတည်း။ ယင်းကဲ့သို့သော အရောင်အလင်းကို ဖြစ်စေတတ်သောဉာဏ်နှင့် အတူယှဉ်တွဲလျက် ဖြစ်သော စိတ်ကို သပ္ပဘာသံ စိတ္တံ = အရောင်အလင်းနှင့်တကွ ဖြစ်သော စိတ်ဟု ဘုရားရှင်က ဟောကြားထားတော် မူ၏၊ [၃]

ဉာဏ်ရောင်ဟူသည်မှာ[ပြင်ဆင်ရန်]

ဉာဏ်အရောင်အလင်းဟူသည်မှာ မည်ကဲ့သို့သော အရာပါနည်းဟု ဆန်းစစ်ရန် ရှိလာပြန်၏၊ ဤမေးခွန်း၏ အဖြေကို ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ ဒုတိယတွဲ၊ ဥဒယဗ္ဗယဉာဏ်ခန်း၊ ဥပက္ကိလေသအပိုင်းတွင် ရှင်းပြထား၏၊ ထိုရှင်းလင်း ချက်များမှာ ဥဒယဗ္ဗယဉာဏ်ကြောင့် ထွက်ပေါ်လာသော အရောင်အလင်းကို ရှင်းလင်းတင်ပြထားသော စကားရပ်များ ဖြစ်ကြ၏၊ ယင်းစကားရပ်များကို ဋီကာဆရာတော်သည် လက္ခဏာဟာရနေတ္တိနည်းအားဖြင့် ဖွင့်ဆိုရေးသားသွားတော် မူသည်ဟု မှတ်ပါ။ ဉာဏ်ကြောင့် ဖြစ်ပေါ်သွားသော အရောင်အလင်းချင်း တူညီ၍ ဥပက္ကိလေသာလောက၌ ထိနမိဒ္ဓဝိနောဒနအာလောက ကသိဏာလောက ပရိကမ္မာလောကတို့ကို စုပေါင်း၍ လက္ခဏာဟာရနေတ္တိနည်း-အရ ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏၊ ယင်းအရောင်အလင်း လေးမျိုးလုံးသည် ဉာဏ်ကြောင့်သာ ဖြစ်ပေါ်လာသော အရောင်အလင်းများ ဖြစ်သောကြောင့်တည်း။ အဆင့်မြင့်မားနေသော သမထဘာဝနာစိတ်နှင့် ဝိပဿနာဘာဝနာစိတ် အားလုံးတို့ကြောင့် ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော လင်းရောင်ခြည်များ ထွက်ပေါ် လာကြောင်း ဘုရားဟောဒေသနာကိုလည်း သတိပြုပါ။ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ၏ ရှင်းလင်းချက်မှာ ဤသို့ ဖြစ်၏၊[၃]

ဝိပဿနောဘာသ = ဝိပဿနာဉာဏ်အရောင်အလင်းဟူသည်[ပြင်ဆင်ရန်]

၁။ ဝိပဿနာစိတ်ကြောင့်ဖြစ်သော စိတ္တဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်တည်ရှိသော, အလွန်တောက်ပသော ဝဏ္ဏဓာတ် (= ရူပါရုံ) ၏ အရောင်အလင်းနှင့် –

၂။ မိမိသန္တာန်၌ ကျရောက်လျက်ရှိသော (ယင်း စိတ္တဇရုပ်ကလာပ်တို့၌ တည်ရှိသော တေဇောဓာတ်) ဥတုကြောင့် ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော, အလွန်တောက်ပသော ဝဏ္ဏဓာတ် (= ရူပါရုံ) ၏ အရောင်အလင်းတည်း။[၅][၃]

ရှင်းလင်းချက်[ပြင်ဆင်ရန်]

နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်နေသော စိတ်တိုင်းစိတ်တိုင်းသည် မိမိ၏ဖြစ်ဆဲ ဥပါဒ်ကာလ၌ပင်လျှင် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော စိတ္တဇဩဇဋ္ဌမကရုပ်တို့ကို တစ်နည်း ရုပ်ကလာပ် တို့ကို ဖြစ်စေနိုင်၏၊[၆] စိတ်တစ်လုံး တစ်လုံးသည် စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်၏၊ ဟဒယဝတ္ထုကို မှီ၍ဖြစ်နေသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းသည် ဖြစ်ဆဲ ဥပါဒ်ကာလ၌ပင်လျှင် ယင်းစိတ္တဇ ရုပ်များကို ဖြစ်စေနိုင်သည်ချည်းသာ ဖြစ်၏၊ ယင်း စိတ္တဇရုပ်ကလာပ် တစ်ခုတစ်ခုကို ဓာတ်ခွဲကြည့်ပါက ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟု ရုပ်သဘောတရား ရှစ်မျိုးစီ အသီးအသီးရှိ၏၊ စိတ်ကြောင့် ဖြစ်သောကြောင့် စိတ္တဇ၊ ဩဇာလျှင် ရှစ်ခုမြောက်ရှိသောကြောင့် ဩဇဋ္ဌမက၊ နှစ်ရပ်ပေါင်းသော် စိတ္တဇဩဇဋ္ဌမကရုပ်ဟု ခေါ်ဆို၏၊ ယင်းရုပ် ရှစ်မျိုးတို့တွင် ပါဝင်သော ဝဏ္ဏဓာတ်ဟုခေါ်ဆိုသော ရူပါရုံမှာ (သမထဘာဝနာစိတ်) ဝိပဿနာ ဘာဝနာစိတ်ကြောင့်ဖြစ်သော ရုပ်ကလာပ်အတွင်း၌ တည်ရှိသော ရူပါရုံဖြစ်ခဲ့လျှင် ဘာသုရရူပ = အလွန်တောက်ပသော ရူပါရုံ ဖြစ်၏၊[၃]

ဉာဏ်၏ အာနုဘော်အရ တောက်ပခြင်း[ပြင်ဆင်ရန်]

ယင်းဘာသုရရူပ (= တောက်ပသော ရူပါရုံ)မှာ စိတ္တဇရုပ်ကလာပ်တိုင်းတွင် ပါဝင်သဖြင့် စိတ္တဇရုပ်ကလာပ် အရေအတွက် များလျှင်များသလို တောက်ပသော ရူပါရုံအရေအတွက်မှာလည်း များသည်သာ ဖြစ်၏၊ ယင်း ရူပါရုံတို့၏ တောက်ပမှုမှာလည်း ဉာဏ်၏အာနုဘော်အားလျော်စွာသာလျှင် တောက်ပ၏၊ ဉာဏ်၏အာနုဘော်က ကြီးမားလျှင် ကြီးမားသလို တောက်ပ၍ ဉာဏ်၏အာနုဘော်က သေးလျှင်သေးသလို လျော့၍ တောက်ပ၏၊ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ ထိုထို သမထအာရုံ ဝိပဿနာအာရုံတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော (သမထ ဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့နှင့် အတူယှဉ်တွဲဖြစ်ကြသော နာမ်တရားစုတို့မှာ ယေဘုယျအားဖြင့် (၃၄)လုံးခန့် ရှိ၏၊

၁။ ပထမစျာန်၌ စျာန်နာမ်တရား (၃၄)

၂။ ဒုတိယစျာန်၌ စျာန်နာမ်တရား (၃၂)

၃။ တတိယစျာန်၌ စျာန်နာမ်တရား (၃၁)

၄။ စတုတ္ထစျာန်၌ စျာန်နာမ်တရား (၃၁)

၅။ ကရုဏာစျာန်၌ ကရုဏာထပ်တိုးသဖြင့် စျာန်နာမ်တရား (၃၅/၃၃/၃၂)

၆။ မုဒိတာစျာန်၌ မုဒိတာထပ်တိုးသဖြင့် စျာန်နာမ်တရား (၃၅/၃၃/၃၂)

၇။ ဝိပဿနာစိတ်တို့၌ ဉာဏ်-ပီတိ ယှဉ်-မယှဉ်သို့လိုက်၍ နာမ်တရား (၃၄/၃၃/၃၃/၃၂) အသီးအသီး ရှိ၏၊ ယင်းနာမ်တရားစုတို့တွင် (ယေဘုယျအားဖြင့်) ပညိန္ဒြေစေတသိက်ဟု ခေါ်ဆိုသော ဉာဏ် (= ပညာ)လည်း ပါဝင်၏၊ ယင်းဉာဏ်၏ အာနုဘော်က ကြီးမားလျှင် ကြီးမားသလို ဉာဏ်၏ အာနုဘော်က သေးလျှင် သေးသလို ရူပါရုံမှာ တောက်ပသည် ဟူလိုသည်။[၃]

စိတ္တဇဥတုသမုဋ္ဌာန်ရုပ်[ပြင်ဆင်ရန်]

တစ်ဖန် ယင်း စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ်လည်း ပါဝင်လျက် ရှိ၏၊ ဥတုဟု ခေါ်ဆို၏၊ ယင်း တေဇောဓာတ် (= ဥတု)ကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များကို ဖြစ်စေပြန်၏၊ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့က အာနုဘော်ကြီးလျှင် ကြီးသလို စိတ္တဇရုပ်ကလာပ်တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော တစ်ခုသော တေဇောဓာတ် (= ဥတု)သည် မိမိ၏ ဌီကာလသို့ ရောက်ရှိခိုက်၌ ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်၏၊ ယင်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တိုင်းတွင် ပါဝင်သော ဝဏ္ဏခေါ် ရူပါရုံကလည်း ဘာသုရရူပ (= အလွန်တောက်ပသော ရူပါရုံ) ပင် ဖြစ်၏၊ ယင်းရူပါရုံ၏ တောက်ပမှုမှာလည်း ဉာဏ်၏ အာနုဘော်က ကြီးလျှင် ကြီးသလို သေးလျှင် သေးသလိုပင် တောက်ပ၏၊ ယင်းဥတုဇရုပ်တို့ကို သသန္တတိပတိတ ဥတုသမုဋ္ဌာန = မိမိ၏ ရုပ်သန္တတိအစဉ်၌ ကျရောက်လျက်ရှိသော ဥတုဇရုပ်များ ဥတုသမုဋ္ဌာန် ရုပ်များဟု မဟာဋီကာဆရာတော်က ခေါ်ဝေါ်သုံးစွဲထားပေသည်။[၇]

တစ်ဖန် ထို (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ်, ထိုမှ ထပ်ဆင့် ဖြစ်ပွားလာသော ယင်းရုပ်ကလာပ်တို့၏ တေဇောဓာတ် ဥတုကြောင့်ဖြစ်သော ဥတုသမုဋ္ဌာန်ရုပ် ဤရုပ်နှစ်မျိုးတို့တွင် စိတ္တသမုဋ္ဌာန်-ဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ) အရောင်အလင်းသည် ယောဂါဝစရ ပုဂ္ဂိုလ်၏ ရူပကာယကိုယ်အတွင်း၌သာလျှင် ပျံ့နှံ့၍ တည်၏ (ဗဟိဒ္ဓသို့ ပျံ့နှံ့၍ မထွက်)။ ဥတုသမုဋ္ဌာန်-ဩဇဋ္ဌမက ရုပ်ကလာပ်များတွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ) အရောင်အလင်းသည်ကား ခန္ဓာကိုယ်၏အတွင်း၌သာမက ခန္ဓာကိုယ်၏ ပြင်ပဖြစ်သည့် ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာသို့တိုင်အောင် သမထဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ်တို့နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်၏ အာနုဘော်ကကြီးလျှင် ကြီးသည့်အားလျော်စွာ အဝေးသို့တိုင်အောင် ပျံ့နှံ့၏၊ ဉာဏ်၏အာနုဘော်က သေးလျှင်လည်း သေးသည့်အားလျော်စွာ ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာ၌ ပျံ့နှံ့၏၊ ထိုအရောင်အလင်းသည်ကား ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌သာလျှင် ထင်ရှား၏၊ (ဘေးပတ်ဝန်းကျင်၌ တည်ရှိကြသော လူအပေါင်းတို့အဖို့ မထင်ရှား ဟူလိုသည်။) ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့၍ တည်နေသော ထိုအရောင် အလင်းနှင့် တွေ့ထိမိရာအရပ်၌ တည်ရှိသော ရူပါရုံအမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် တွေ့မြင်နေပေ၏၊ ထိုသို့ တွေ့မြင်ရာဝယ် စက္ခုဝိညာဏ်ဖြင့်ပင် တွေ့မြင်လေသလော သို့မဟုတ် မနောဝိညာဏ်ဖြင့်ပင် တွေ့မြင်လေသလော ဟူသော အချက်ကို စူးစမ်းဆင်ခြင်သင့်သည်ဟု ဆရာမြတ်တို့က မိန့်ဆိုတော်မူကြကုန်၏၊ (မိမိ မဟာဋီကာဆရာ၏ အယူအဆမှာမူ) ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်ကို ရရှိတော်မူကြကုန်သော သူတော်ကောင်းတို့သည် ထိုရူပါရုံကို ဒိဗ္ဗစက္ခု အဘိညာဏ်ဟူသော မနောဝိညာဏ်စိတ်ဖြင့် တွေ့မြင်သကဲ့သို့ အလားတူပင် ဤအရာ၌လည်း ထိုရူပါရုံအပေါင်းကို (သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ဟူသော) မနောဝိညာဏ်ဖြင့်သာလျှင် သိမြင်ကြ၏ဟူသော စကားသည် သာလျှင် သင့်မြတ်သကဲ့သို့ ထင်ပေသည်။[၃]

ပါရမီ၏စွမ်းအင်နှင့် သမာဓိစွမ်းအင်[ပြင်ဆင်ရန်]

အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးတို့ကဲ့သို့ ပညာဉာဏ် ကြီးမားခြင်းအကြောင်း ပါရမီတရားကောင်းတို့ကို ဖြည့်ကျင့်ဆည်းပူးထားပြီးသော သူတော်ကောင်းကြီးတို့၏ ပညာဉာဏ်၏ အာနုဘော်မှာလည်း ကြီးမားတတ်၏၊ ပါရမီ အရှိန်အဝါက အထက်တန်းကျလျှင် ဉာဏ်၏အာနုဘော်မှာ ပိုမို ကြီးမားတတ်၏၊ ပါရမီအရှိန်အဝါက သေးသိမ် မှေးမှိန်လျှင် ဉာဏ်၏အာနုဘော်မှာလည်း သေးသိမ်မှေးမှိန်တတ်၏၊ ဉာဏ်အာနုဘော် ကြီးမားမှု မကြီးမားမှု၏ အနီးကပ်ဆုံးသော အခြားအကြောင်းတစ်ရပ်မှာ သမာဓိပင် ဖြစ်၏၊

တည်ကြည်သောသမာဓိရှိသောပုဂ္ဂိုလ်သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏၊[၈] ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် သမာဓိသည်လည်း ဉာဏ်ပညာ ကြီးမားမှု မကြီးမားမှု၏ အနီးကပ်ဆုံးသော အကြောင်းတစ်ရပ်ပင် ဖြစ်သည်။ သမာဓိ၏ စွမ်းအားရှိန်စော် အာနုဘော်က ကြီးမားပါက ဉာဏ်၏ အာနုဘော်မှာလည်း ကြီးမားတတ်၍ သမာဓိ၏ စွမ်းအားရှိန်စော် အာနုဘော်က ပျော့ညံ့နေပါက ဉာဏ်၏ အာနုဘော်မှာလည်း ပျော့ညံ့ နေတတ်၏၊ ထိုကြောင့် ဉာဏ်၏ အရောင်အလင်းကို များများတောက်ပလိုပါက ဉာဏ်ကြောင့် အရောင်အလင်း များသည် ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသည်ကို အလိုရှိပါက သမာဓိကိုလည်း အလွန်နက်ရှိုင်း၍ အလွန့်အလွန် စွမ်းအားရှိန်စော် အာနုဘော်နှင့် ပြည့်စုံလာအောင် များများထူထောင်ပေးပါ။[၃]

ဖလူပစာရစကားဟု မှတ်ပါ[ပြင်ဆင်ရန်]

ဤအထက်ပါ မဟာဋီကာဆရာတော်၏ ရှင်းလင်းချက်များနှင့် အညီ ဉာဏာလောက = ဉာဏ်အရောင် အလင်းဟူသော စကားမှာ အကျိုး၏အမည်ကို အကြောင်း၌ တင်စား၍ ခေါ်ဝေါ်သုံးစွဲထားသော (ပုဒ်စစ် သဒ္ဒါစစ် ကျမ်းအရ) ဖလူပစာရစကား ဖြစ်သည်။ ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ် တို့ကြောင့် ဖြစ်ပေါ်လာသော အကျိုးဖြစ်သော စိတ္တဇရုပ် ဥတုဇရုပ်တို့၌ ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ)၏ အာလောက (= ဩဘာသ = အရောင်အလင်း)ဟူသော အမည်ကို အကြောင်းဖြစ်သော ဉာဏ်အပေါ်၌ တင်စား၍ (သမထဉာဏ်ရောင်) ဝိပဿနာဉာဏ်ရောင်ဟု ခေါ်ဝေါ်သုံးစွဲထားသော ဖလူပစာရစကားဟု မှတ်သားပါလေ။ ဤရှင်းလင်းချက်အရ ဉာဏ်၌ အရောင်အလင်း မရှိ၊ ဉာဏ်ကြောင့်ဖြစ်သော ရုပ်တရားတို့၌သာ အရောင်အလင်း ရှိသည်ဟု အတိုချုပ် မှတ်သားပါလေ။[၃]

မဟာဋီကာအဖွင့်[ပြင်ဆင်ရန်]

ဤအရာတွင် မဟာဋီကာအဖွင့်အရ ပြောဆိုရမူ – ဤ၌ ဖလူပစာရ စကား မဟုတ်ဘဲ ကာရဏူပစာရစကားဟု မှတ်ပါ။ အကျိုးဖြစ်သော ရုပ်တရားတို့၏ အရောင်အလင်းဟူသော အမည်ကို အကြောင်းဖြစ်သော ဉာဏ်အပေါ်၌ တင်စား၍ ဉာဏာလောက (= ဉာဏ်အရောင်အလင်း)ဟု ခေါ်ဝေါ်သုံးစွဲထားပေသည်ဟု မှတ်ပါ။[၉][၃]

မုချနှင့် ဥပစာ[ပြင်ဆင်ရန်]

သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ အရောင်အလင်း ရှိမှုကို သို့မဟုတ် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း ရှိမှုကို အချို့သော ဆရာမြတ်တို့ကား လက်မခံ လိုကြပေ။ မလွှဲမရှောင်သာသဖြင့် ဥဒယဗ္ဗယဉာဏ်၌ အရောင်အလင်းရှိသည်ကိုကား သို့မဟုတ် ဥဒယဗ္ဗယဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း ရှိသည်ကိုကား လက်ခံလိုကြ၏၊ ထိုသို့ လက်ခံနိုင်သော်လည်း သမထဘာဝနာ စိတ်နှင့် ကြွင်းသော ဝိပဿနာစိတ်တို့၌ အရောင်အလင်းရှိမှုကိုကား ငြင်းပယ်တော်မူကြပြန်၏၊ ထိုဆရာမြတ်တို့၏ အကြောင်းပြချက်မှာ ဤသို့ ဖြစ်၏၊

စိတ်ဝယ် ဝဏ္ဏ (= အရောင်) မည်သည် ရှိပါသလောဟု မေးခဲ့သော် မရှိပါဟုပင် ဖြေဆိုလေရာ၏၊ မှန်ပေသည် အညိုစသော အရောင်တို့တွင် တစ်မျိုးမျိုးသော အရောင်သည်မူလည်း ဖြစ်ချင်ဖြစ်ပါစေ, မထင်ရှားသော အရောင်မူ လည်း ဖြစ်ချင်ဖြစ်ပါစေ, သို့မဟုတ် ရွှေရောင်မူလည်း ဖြစ်ချင်ဖြစ်ပါစေ၊ မည်သည့်အရောင်မဆို စင်ကြယ်နေသည့် အတွက်ကြောင့် ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပလျက်ဟုပင် ဆိုရ၏၊[၁၀]

ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပမှု ပဘဿရ စသည်တို့မည်သည် ဝဏ္ဏဓာတ် (= ရူပါရုံ)၌ ရသင့် ရထိုက်သော ဂုဏ်ထူးဝိသေသတို့ ဖြစ်သောကြောင့် စိတ်ဝယ် ဝဏ္ဏ (= အရောင်) မည်သည် ရှိပါသလော ဟူသော မေးခွန်းကို အဋ္ဌကထာက တင်ပြထားခြင်း ဖြစ်၏၊ စိတ်ကား နာမ်တရားဖြစ်ခြင်းကြောင့် နတ္ထိ = မရှိပါဟု ပယ်မြစ်ပြီး၍ ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ –– ဟူသော ဤဒေသနာတော်သည် ပရိယာယကထာ (= ပရိယာယ်အားဖြင့် တင်စား၍ ဟောကြားတော်မူအပ်သော ဒေသနာတော်) ဖြစ်၏၊ ထိုကဲ့သို့သော ဘဝင်စိတ်, ဘဝင်စိတ်နှင့် အလားတူ ရှုအပ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် စသည်၏ စင်ကြယ်သော ဘာဝနာစိတ် ဖြစ်ကြောင်းကို ထင်ရှားစေခြင်းငှာ ဟောကြားတော်မူသော ပရိယာယကထာဒေသနာတော် ဖြစ်ကြောင်းကို ထင်ရှားပြလိုသည့်အတွက် –– သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ[၁၁] = ထိုယောဂါဝစရ ရဟန်းတော်သည် ဤသို့လျှင် တည်ကြည်သော စတုတ္ထစျာန်သမာဓိနှင့် ယှဉ်သောစိတ်သည် ထက်ဝန်းကျင် ဖြူစင်လတ်သော်, ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလတ်သော် ဤသို့စသော တရားစကားတော်ကို ဘုရားရှင်သည် ဟောကြားတော်မူခဲ့၏၊[၁၂] ဘုရားရှင်သည် စတုတ္ထစျာန်သမာဓိကို ဂုဏ်တင်ကာ ချီးမွမ်းတော်မူရာ၌ ပရိသုဒ္ဓေ ပရိယောဒါတေ = ထက်ဝန်းကျင် ဖြူစင်လတ်သော်, ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလတ်သော် စသည်ဖြင့် ဂုဏ်တင်ကာ ချီးမွမ်းမြှောက်စားတော် မူလေ့ရှိ၏၊ ယင်းကဲ့သို့သော ဒေသနာတော်တို့မှာ စတုတ္ထစျာန်စိတ်၌ ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော လင်းရောင်ခြည်ရှိ၍ မုချအားဖြင့် ဟောကြားထားတော်မူအပ်သော ဒေသနာတော်တို့ကား မဟုတ်ကြပေ။ ဖလူပစာရ သို့မဟုတ် ကာရဏူပစာရတည်းဟူသော အကြောင်းပရိယာယ် တစ်မျိုးအားဖြင့် ဟောကြားထားတော်မူခြင်းသာ ဖြစ်သည် ဟူလို။

ထို့ကြောင့် ဤကျမ်းကလည်း သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ အရောင်အလင်း ရှိသည်ဟူ၍ မဆိုလိုပါ။ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ်, ထို စိတ္တဇတေဇောဓာတ် ကြောင့် ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်တို့၌ တည်ရှိသော ရူပါရုံ၏ တောက်ပမှုသာဟု ဆိုပေသည်။ သို့သော် ထိုအရောင်အလင်းမှာ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်သော ဉာဏ်၏ စွမ်းအင်အာနုဘော် အပေါ်၌ အခြေစိုက်၍ ဖြစ်ပေါ်လာခြင်းကြောင့် ဖလူပစာရအားဖြင့် သို့မဟုတ် ကာရဏူပစာရအားဖြင့် ဉာဏ်ရောင် ဟူ၍သာ တင်စား၍ ခေါ်ဆိုခြင်းဖြစ်သည် ဟူပေ။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ဧတဒဂ္ဂံ ဘိက္ခဝေ ဣမေသံ စတုန္နံ အာလောကာနံ ယဒိဒံ ပညာလောကော။ အံ၊၁၊၄၅၆။ (အဘိ၊ဋ္ဌ၊၁၊၁၉၂။ ပဋိသံ၊ဋ္ဌ၊၁၊၃၄၃။ ပဋိသံ၊ဋ္ဌ၊၂၊၁၇၈။ စူဠနိ၊ဋ္ဌ၊၄၁။)
  2. (မဟာဋီ၊၂၊၄၂၉၊ စာပိုဒ်၊၇၃၃။)
  3. ၃.၀၀ ၃.၀၁ ၃.၀၂ ၃.၀၃ ၃.၀၄ ၃.၀၅ ၃.၀၆ ၃.၀၇ ၃.၀၈ ၃.၀၉ ၃.၁၀ ၃.၁၁ ဖားအောက်တောရဆရာတော်နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း
  4. (အံ၊၁၊၄၅၆။)
  5. ဝိပဿနောဘာသောတိ ဝိပဿနာစိတ္တသမုဋ္ဌိတံ သသန္တတိပတိတံ ဥတုသမုဋ္ဌာနဉ္စ ဘာသုရံ ရူပံ။ တတ္ထ ဝိပဿနာစိတ္တသမုဋ္ဌိတံ ယောဂိနော သရီရဋ္ဌမေဝ ပဘဿရံ ဟုတွာ တိဋ္ဌတိ၊ ဣတရံ သရီရံ မုဉ္စိတွာ ဉာဏာနုဘာဝါနုရူပံ သမန္တတော ပတ္ထရတိ၊ တံ တေဿဝ ပညာယတိ၊ တေန ဖုဋ္ဌောကာသေ ရူပဂတမ္ပိ ပဿတိ၊ ပဿန္တော စ စက္ခုဝိညာဏေန ပဿတိ၊ ဥဒါဟု မနောဝိညာဏေနာတိ ဝီမံသိတဗ္ဗန္တိ ဝဒန္တိ။ ဒိဗ္ဗစက္ခုလာဘိနော ဝိယ တံ မနောဝိညာဏဝိညေယျမေဝါတိ ဝုတ္တံ (ယုတ္တံ) ဝိယ ဒိဿတီတိ။ (မဟာဋီ၊၂၊၄၂၈-၄၂၉။)
  6. မှတ်ချက်---- ပဋိသန္ဓေစိတ်က ရုပ်ကို မဖြစ်စေနိုင်ကြောင်း အဆိုအမိန့်မှာလည်း တူညီလျက်ရှိ၏၊ စုတိစိတ်တို့တွင် ရဟန္တာ အရှင်မြတ်တို့၏ စုတိစိတ်တော်မှာ ရုပ်ကို မဖြစ်စေနိုင်ကြောင်း အဆိုအမိန့်မှာလည်း တူညီလျက်ပင်ရှိ၏၊ ကျန်စုတိစိတ်များက စိတ္တဇရုပ်ကို ဖြစ်စေနိုင် မဖြစ်နိုင်ဟူသော အချက်နှင့် ပတ်သက်၍ကား ကျမ်းဂန်များ၌ အချီအချ စကားများလျက် ရှိ၏၊
  7. မှတ်ချက်--- သသန္တတိပတိတ ဥတုသမုဋ္ဌာန = မိမိ၏ ရုပ်သန္တတိအစဉ်၌ ကျရောက်လျက်ရှိသော ဥတုသမုဋ္ဌာန်ရုပ်ဟု ဆိုသဖြင့် မိမိ၏ ရုပ်သန္တတိအစဉ်၌ပင် ကျရောက်ဖြစ်ပွားလျက်ရှိသော ကမ္မဇရုပ်ကလာပ်တို့တွင် တည်ရှိသော ကမ္မဇတေဇောဓာတ်, အာဟာရဇရုပ်ကလာပ်တို့တွင် တည်ရှိသော အာဟာရဇတေဇောဓာတ်ဟူသော တေဇောဓာတ် (= ဥတု)တို့ကြောင့်ဖြစ်သော ဥတုဇရုပ်များလည်း ပါဝင်နိုင်သည်ဟုကား မယူဆပါနှင့်၊ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့နှင့် ဆိုင်သော ဥတုသမုဋ္ဌာန်ရုပ်တို့ကိုသာ ပြဆိုရာအပိုင်းဖြစ်သောကြောင့် စိတ္တဇတေဇောဓာတ် ဥတုကြောင့်ဖြစ်သော ဥတုသမုဋ္ဌာန်ရုပ်တို့ကိုသာ ဤ၌ ဆိုလိုရင်း ဖြစ်သည်ဟု မှတ်ပါ။ ယင်းသို့ဖြစ်လျှင် ကမ္မဇရုပ်ကလာပ်တို့၌ ပါဝင်သော ရူပါရုံ, ကမ္မဇတေဇောဓာတ်ကြောင့် ဖြစ်သော ဥတုဇရုပ်တို့တွင်ပါဝင်သော ရူပါရုံတို့သည်လည်း မတောက်ပတော့ပြီလောဟု မေးရန် ရှိလာပြန်၏၊ ဤအပိုင်းကား အတိတ်ကံနှင့်သာ သက်ဆိုင်၏၊ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် မသက်ဆိုင်ပေ။ ပဘာဝတီ၏ သန္တာန်၌ အတိတ်ကံ၏ စွမ်းအင်သတ္တိကြောင့် ကိုယ်ရောင်ကိုယ်ဝါများ ထွန်းလင်းတောက်ပ သကဲ့သို့ မှတ်ပါ။ သို့သော် ခန္ဓာအိမ်တစ်ခု အတွင်းဝယ် ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောနှောထားသကဲ့သို့ ရုပ်ကလာပ်တစ်ခုနှင့် ရုပ်ကလာပ်တစ်ခုတို့ အလွန် ပွတ်ချုပ်ထိခိုက်ကာ ရှေ့နှင့် နောက် ဆက်စပ်လျက် အဆက်မပြတ် အထပ်ထပ် ဖြစ်နေရာဝယ် အိမ်တစ်အိမ်ကို ပြင်းထန်စွာ မီးစွဲလောင်ပါက ပွတ်ချုပ် ထိခိုက်လျက် နီးကပ်စွာ တည်နေသော အခြားတစ်အိမ်သို့လည်း ကူးစက်၍ လောင်တတ်သကဲ့သို့ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ်တို့၏ ရူပါရုံ, ထိုမှ ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်တို့၏ ရူပါရုံအရောင်တို့က အလွန်တောက်ပလာသော် အခြားသော ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇ ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်တို့မှာလည်း ရောနှော၍ တောက်ပနေသည်သာ ဖြစ်သည်။ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ခန္ဓာကိုယ်၏ အတွင်းအပြင် ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာ၌ အရောင်အလင်းများကို တွေ့ရှိနေခြင်း ဖြစ်သည်။ ယင်းလင်းရောင်ခြည်ကို ပရမတ်သို့ ဆိုက်အောင် ဓာတ်မခွဲနိုင်မီ ထိုကဲ့သို့ တွေ့ရှိရခြင်းသာ ဖြစ်၏၊ ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းနိုင်သောအခါ ယင်းလင်းရောင်ခြည်ဟူသည်မှာလည်း သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့်ဖြစ်သော စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်, ထိုမှ ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိကြသော ရူပါရုံတို့၏ အပေါင်းအစုသာ ဖြစ်သည်ကို သိမ်းဆည်းနိုင်မည် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် သဘောကျနိုင်မည် ဖြစ်ပေသည်။ ဤသို့ အခြားသော စတုဇရုပ်တို့၏ ရူပါရုံအရောင်ဟူသည် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၏ အကြားအကြား၌ ဖြစ်လေ့ရှိသော ဘဝင်စိတ် စသည့် ထိုထိုစိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်ကလာပ်နှင့် ကမ္မဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်တို့၌ တည်ရှိသော ရူပါရုံ, ယင်းရုပ်ကလာပ်တို့၌ပင် တည်ရှိသော တေဇောဓာတ် (= ဥတု)ကြောင့် ဖြစ်သော ဥတုဇရုပ်တို့၏ ရူပါရုံ---- ဤစတုဇရုပ်တို့၏ ရူပါရုံအရောင်ကို ဆိုလိုသည်။
  8. သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ။ (အံ၊၃၊၂၅၉။)
  9. ဩဘာသော ဓမ္မောတိ ကာရဏူပစာရေနာဟ။ ဤဒိသံ ဩဘာသံ ဝိဿဇ္ဇေန္တော မမ အရိယမဂ္ဂေါတိ အတ္ထော။ (မဟာဋီ၊၂၊၄၂၇)
  10. ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီတိ နတ္ထိ။ နီလာဒီနဥှိ အညတရဝဏ္ဏံ ဝါ ဟောတု အဝဏ္ဏံ ဝါ (သုဝဏ္ဏံ ဝါ) ယံ ကိဉ္စိ ပရိသုဒ္ဓတာယ ပဘဿရန္တိ ဝုစ္စတိ။ (အံ၊ဋ္ဌ၊၁၊၄၅။) ပဘဿရတာဒယော နာမ ဝဏ္ဏဓာတုယံ လဗ္ဘနကဝိသေသာတိ အာဟ ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီတိ။ ဣတရော အရူပတာယ နတ္ထီတိ ပဋိက္ခိပိတွာ ပရိယာယကထာ အယံ တာဒိသဿ စိတ္တဿ ပရိသုဒ္ဓဘာဝနာဒီပနာယာတိ ဒေဿန္တော နီလာဒီနန္တိအာဒိမာဟ။ တထာ ဟိ သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေတိ ဝုတ္တံ။(အံ၊ဋီ၊၁၊၉၉-၁၀၀။)
  11. (ဒီ၊၁၊၇၆-၇၇။ မ၊၁၊၃၁၄-၃၁၅၊၃၄၆-၃၄၇။ ဝိ၊၁၊၅။)
  12. ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီတိ နတ္ထိ။ နီလာဒီနဥှိ အညတရဝဏ္ဏံ ဝါ ဟောတု အဝဏ္ဏံ ဝါ (သုဝဏ္ဏံ ဝါ) ယံ ကိဉ္စိ ပရိသုဒ္ဓတာယ ပဘဿရန္တိ ဝုစ္စတိ။ (အံ၊ဋ္ဌ၊၁၊၄၅။) ပဘဿရတာဒယော နာမ ဝဏ္ဏဓာတုယံ လဗ္ဘနကဝိသေသာတိ အာဟ ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီတိ။ ဣတရော အရူပတာယ နတ္ထီတိ ပဋိက္ခိပိတွာ ပရိယာယကထာ အယံ တာဒိသဿ စိတ္တဿ ပရိသုဒ္ဓဘာဝနာဒီပနာယာတိ ဒေဿန္တော နီလာဒီနန္တိအာဒိမာဟ။ တထာ ဟိ သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေတိ ဝုတ္တံ။(အံ၊ဋီ၊၁၊၉၉-၁၀၀။)