ဉာဏဝရ၊ ရှင် (ပထမကျော်အောင်စံထားဆရာတော်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဉာဏဝရ၊ ရှင် (ပထမ ကျော်အောင်စံထား ဆရာတော်)[ပြင်ဆင်ရန်]

(မြန်မာနှစ် ၁၀၆၇ - ၁၁၁၅)

ပထမ ကျော်အောင်စံထား ဆရာတော်လောင်းလျာကို ပုခန်းကြီးမြို့ မြောက်လက်ပိုင်သင်ရွာ၌ အဖ ဦးရွှေအောင်၊ အမိ ဒေါ်ကြုတ်တို့မှ သက္ကရာဇ် ၁၀၆၇ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ပန်းအောင် ဖြစ်သည်။ ငါးနှစ်သား အရွယ်သို့ ရောက်သောအခါ မိဘနှစ်ပါးက ပုခန်းကြီးတောင် နောက်အရွာ နိဗ္ဗာန်ကျောင်း ဆရာတော် အရှင်ဓမ္မာနန္ဒာလင်္ကာရ၏ တပည့် အရှင်စန္ဒမဉ္ဇူသာ ဆရာတော်ထံတွင် အပ်နှံ၍ ကျမ်းဂန်အရပ်ရပ်၊ ပိဋကတ် သုံးပုံ တို့ကို သင်ကြားစေခဲ့လေသည်။ ( ၁၂ )နှစ် သို့ ရောက်သောအခါ မိဘနှစ်ပါးတို့သည် သာမဏေ ရပဗ္ဗဇ္ဇအဖြစ်သို့ သွတ်သွင်းချီးမြှင့်ကြသဖြင့် ကိုရင်ကလေး အဖြစ်သို့ ရောက်သောအခါ ဘွဲ့တော်မှာ အရှင်ဉာဏဝရ ဟူ၍ ဖြစ်သည်။ အရှင်ဉာဏဝရသည် အသက်ပင်ငယ်သော်လည်း ရည်ရွယ်ချက်ကြီးမားလှသော သာသနာ့အာဇာနည်လောင်း သာသနာ့သူရဲကောင်းပီပီ ကျမ်းဂန်အတန်တန် တို့ကို စွမ်းစွမ်းတမံ ကြိုးကုတ် သင်ကြားလေ့လာမှုကြောင့် တောနယ်အတွင်း ကျော်စော ထင်ရှားခဲ့လေသည်။


ထို့နော်က ၁၀၈၅ ခုနှစ်၊ တပို့တွဲလဆန်း ( ၈ )ရက်နေ့တွင် အင်းဝမြို့တွင် ထင်ရှားကျော်စောလှသော အောင်စံတုလွှတ်ကျောင်းကြီးတွင် သီတင်းသုံးနေသည့် မိုးထိ ဆရာတော်ကြီးထံ ဂန္ထတရ ( ပါဠိတော် အဋ္ဌကထာဋီကာ အနုမခု လက်သန်းပဏ္ဍိတို့မှ တစ်ပါး ပိဋကတ်နှင့် ဆိုင်သော ကျမ်းဂန်များ) တို့ကို ဆက်ကပ်ဆည်းပူးယူခဲ့သည်။ မိုးထိဆရာတော်ကြီး၏ ခြေတော်ရင်း၌ သာမဏေဘဝဖြင့် ဂန္ထတရတို့ကို အားထုတ်ဆည်းပူးရင်း အသက် ( ၁၉ )နှစ် သက္ကရာဇ် ၁၀၈၆ ခုတွင် အင်းဝ နေပြည်တော်တွင် ကျင်းပခဲ့သည့် သုဓမ္မာစာပြန်ပွဲကို ဝင်ရောက်ဖြေဆိုရာ အောင်မြင်ခဲ့သည်။ ပြန်ဆိုရသော ကျမ်းစာများမှာ

  • သဒ္ဒါကြီးနှင့် သဒ္ဒနီတိ ( ၃ ) ကျမ်း၊
  • အဘိဓမ္မာဘက်ဆိုင်ရာ ( ၃ ) ကျမ်း၊
  • ဝိနည်းဘက်ဆိုင်ရာ ( ၃ ) ကျမ်း၊
  • ဝိနည်းအဋ္ဌကထာဘက်ဆိုင်ရာ ( ၃ ) ကျမ်း၊
  • သုတ္တန်ဘက်ဆိုင်ရာ ( ၂ ) ကျမ်း၊
  • ဆန်းဘက်ဆိုင်ရာ ( ၂ ) ကျမ်း၊
  • အလင်္ကာဘက်ဆိုင်ရာ ( ၂ ) ကျမ်း၊
  • အဘိဓာန်ဘက်ဆိုင်ရာ ( ၂ ) ကျမ်း၊ ပေါင်း ( ၂၁ ) ကျမ်းကို အာဂုံပြန်ဆိုရလေသည်။ ဤ ( ၂၁ ) ကျမ်းတို့၏ အဋ္ဌကထာဋီကာတို့ သဘောအယူအဆတို့ကို သတ်ပုံမှန်ကန်၍ လက်ရေးလက်သားကောင်းမွန်စေရခြင်း၊ သတ်ပုံကျမ်းမှာ အက္ခရာပဘေဒနှင့် သဗ္ဗဉာဏံ ချီသတ်ပုံ၊ ဝဏ္ဏဗောဇနသတ်အင်း၊ သတ်ညွှန်းကြီးများကိုလိုက်နာရခြင်းတို့ ဖြစ်သည်။

ထိုသုဓမ္မာစာပြန်ပွဲတော်ကြီးမှာ နှစ်စဉ် နယုန်လဆန်း ( ၁ ) ရက်နေ့မှ လပြည့်အထိ ( ၁၅ ) ရက်တိုင်ကျင်းပကြလေသည်။ စာပြန်ပွဲဝင်ရဟန်းတော်များမှာ လူဝတ်လဲစေ၍ ဖြေဆိုကြရသည်။ ထိုနှစ်က ပထမကျော်တန်းဝင် လူပြန်တော်များမှာ ( ၃၀ဝ ) ကျော်ထက်မနည်း ဖြစ်ပေသည်။ ထိုအထဲတွင် ကျော်အောင်စံထား လောင်းလျာ မောင်ပန်းအောင်နှင့် ဗားကရာတိုက်လူပြန်တော် ရှင်ဓမ္မတို့နှစ်ယောက်သာ အထူးချွန်ဆုံး ဖြစ်နေလေသည်။ သုဓမ္မာဆရာတော်တို့ မေးသမျှကို မိုးသီးမိုးပေါက်ပမာ ဖြေဆိုနိုင်ကြသည်။ ဉာဏ်ရည်ချင်း၊ သတ္တိချင်း တူနေကြပေရာ သုဓမ္မာဆရာတို့မှာ အခက်ကြုံနေကြပေသည်။ အဘယ်ကြောင့်ဆိုသော ပထမကျော်ဘွဲ့ထူးမှာ တစ်ပါးသာပေးရမည့် ထုံးတမ်းစဉ်လာ သတ်မှတ်ချက်ကြီး ရှိနေသောကြောင့်ပင်။ သို့အတွက် နောက်ဆုံးအနေဖြင့် လက်ရေးလက်သားနှင့် သတ်ပုံတို့ကို စစ်ကြသောအခါ ဗားကရာလူပြန်တော် ရှင်ဓမ္မာ မျဉ်းကြောင်းလွတ်ရေးထားခြင်း၊ အသတ်အတင် အငင်အဆွဲ ညီညွတ်၍ စာလုံးလှသော်လည်း သတ်ပုံသတ်ညွှန်းမမှန်ကန်ခြင်းတို့ကြောင့် ကျော်အောင်စံထား လောင်းလျာ လူပြန်တော် မောင်ပန်းအောင် ဝါဆိုလပြည့်နေ့တွင် ရဟန်းဘောင်တက်စေ၍ သိမ်အထွက်တွင် လောကသရဖူ ဒါယကာ မင်းတရားကြီးကိုယ်တော်တိုင် ပထမကျော် ရှင်ဉာဏဝရ ဟူသော ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်တော်မူလေ၏။ ထို့ပြင် အင်းဝမြို့တော်တောင်မျက်နှာတွင် ဆင်တဲအရပ်၌ ယာယီစံနန်းတော်ဖြစ်သော ကျော်အောင်စံထားနန်းတော်ကို ဖျက်ခဲ့၍ ကျောင်းတစ်ရာအရန်တို့ဖြင့် ဆောက်လုပ်ထားအပ်သော ကျော်အောင်စံထား အမည်ရှိသော တိုက်တော်ကြီးကို ထိုရဟန်းခံသော နေ့တွင် ပင် တင်လှူတော်မူ၍ ’ဇိနစက်ကာဘိရာမရာဇာဓိရာဇဂုရု‘‘ ဟူသော ဘွဲ့တံဆိပ်တော်ကိုပါ အလှူခံတော်မူရသဖြင့် ထိုအချိန်မှစ၍ ကျော်အောင်စံထားဆရာတော် ပထမကျော် ရှင်ဉာဏဝရ ဟု နေပြည်တော်မဆံ့ပျံ့နှံ့သင်းလှိုင်မွှေးကြိုင်၍ လာခဲ့တော့သည်။


ယနေ့တိုင်အောင် သာသနာတော်သမိုင်း၌ ယနေ့ ရဟန်းဖြစ်။ ယနေ့ ဘွဲ့တံဆိပ်တော်နှစ်ထပ်ရကျောင်းငယ်တစ်ရာ အရန်နှင့် ရွှေကျောင်းတော်ကြီးကိုလည်း အလှူခံရသော ၊ အကျိုးပေးကြီးမြတ်သော ပုဂ္ဂိုလ်ကား ကျော်အောင်စံထား ဆရာတော်မှ လွဲ၍ မပေါ်ပေါက်ခဲ့သေးချေ။ ပထမ ကျော်အောင်စံထား ဆရာတော်သည် အင်းဝနေပြည်တော်ကျော်အောင်စံထား တိုက်တော်၌ သီတင်းသုံးနေစဉ် ၁၀၈၉ ခုနှစ်တွင် ပုခန်းကြီးမြို့ စည်ရှည်ဘုရား၏ အနောက်မျက်နှာ ဒါယကာ မောင်အောင်ဇေယျ ဆောက်လုပ်လှူဒါန်းသော သုံးထပ်ကျောင်းကြီးကို အလှူခံ၍ ပြောင်းရွှေ့သီတင်းသုံးတော်မူပြီးလျှင် ဂန္ထဓုရပရိယတ္တိဓမ္မတို့ကို ပို့ချသင်ကြားရာ သာသနာတော်၏ အကျိုးကို ထမ်းရွက်တော်မူခဲ့လေသည်။


ထို့နောက်နေပြည်တော်နှင့် ကွဲကွာ၍ နေခြင်းငှာ မသင့်ဟု မင်းနှင့်တကွသော နေပြည်တော်သူ နေပြည်တော်သားများက ၁၀၉၄ ခုနှစ်တွင် ပြန်လည်ပင့်သဖြင့် ရတနာပူရ အင်းဝနေပြည်တော်ရှိ ကျော်အောင်စံထားတိုက်တော်သို့ ပြန်လည်သီတင်းသုံးတော် မူခဲ့လေသည်။ သက္ကရာဇ် ၁၁၁၀ ပြည့်နှစ်သို့ ရောက်သော အခါ လောကသရဖူစေတီတော် ဒါယကာ မာဂဓအဘိဓာန် နိဿယ၊ ကဝိလက္ခဏာခေါ် သဒ္ဒါပမတ် အဆုံးအဖြတ် ဖြစ်သော မြန်မာသဒ္ဒါကျမ်း၊ နေပြည်တော်တွင် ရဟန်းရှင်လူတို့ သေဖိုသေမ ရဟန်းသောက်ကောင်း၊ မသောက်ကောင်း အငြင်းဖြစ်ပွားကြ၍ သုရာဝိနိစ္ဆယကျမ်း၊ ပါဒနက္သန် ရှိခိုးဂါထာများကို ရေးသားပြီးခါစနှစ်ဖြစ်၍ အနားယူလိုသည်က တစ်ကြောင်း၊ တိုင်းပြည်ရေးရာ မှာ ရှုပ်ထွေးလာမည်ကို သိတော်မူသည်က တစ်ကြောင်း၊ ညောင်ကန်ရွာ၌ သာသနာပြုရန်ပင့်လျောက်ကြပြန်သောကြောင့် တစ်ကြောင်းဆရာတော်သည် ဘုရင်မင်းမြတ်ထံ သုံးကြိမ်တိုင်တိုင် စာတင်၍ ညောင်ကန်ရွာသို့ ပြောင်းရန် တောင်းဆိုတော်မူသည်။


သို့ဖြင့် ညောင်ကန်ရွာ အနောက်တိုက် မြောက်ဘက်နားရှိ လောကမှန်ကူ ကျောင်းတိုက်ကြီးသို့ ကြွရောက်သီတင်းသုံးပြီးလျှင် သာသနာတော်၏ အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူပြန်သည်။ လောကမှန်ကူကျောင်းတိုက်ကြီးတွင် သီတင်းသုံးတော်မူရင်း အောက်ပါ ကျမ်းဂန်များကို ပြုစုတော်မူခဲ့လေသည်။ ပါတိမောက္ခလေစန လက်သန်းအဋ္ဌကထာ ပါဌ်၊ အဘိဓမ္မာသင်္ဂြိုဟ်ဂဏ္ဌိပဗ္ဗကျမ်း၊ ရာဇလင်္ကာရကျမ်း၊ အဘိဓမ္မတ္ထသဂင်္ဟအဋ္ဌကထာ၊ အနုသုရာ ဝိနိစ္ဆာယ၊ ဝုတ္တောဒယဆန်းကျမ်း စာကိုယ် နိဿယ၊ ကစ္စာယနသာရ နိဿယသစ် အကျယ်၊ ကမ္မဝါစာဂဏ္ဌိ၊ စကင်္ဂိကဝိနစ္ဆယ၊ အနုသုရာ ဝိနစ္ဆာယ၊ ဒုဋ္ဌက္ခရ ပဏ္ဌိကျမ်း စသည်တို့ကို ပြုစုတော်မူ၍ နေ့ညဉ့်မဟူ ဖြည့်စွမ်းတော်မူလေသည်။ သို့ကလို လူ၊နတ်၊ ဗြဟ္မာသတ္တဝါတို့၏ အကျိုးငှာ သာသနာတော်ကြီး၏ အုတ်မြစ်အရင်းခံ ဖြစ်သော ပရိယတ္တိဓမ္မတို့ကို ပို့ချသင်ကြား ပြုစုတော်မူရင်း သက္ကရာဇ် ၁၁၁၅ ခု၊ သက်တော် ( ၄၈ ) နှစ်၊ သိက္ခာတော် ( ၂၈ ) တွင် ပစ္စုပ္ပန် ဘဝ ထွန်းတောက်ကြွချိန်ရောက်သဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့လေသည်။

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]

  • ( က ) လှသမိန်၊ ဂန္တဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ် ၊ ဟံသာဝတီပုံနှိပ်တိုက်၊ ၁၉၆၁ ၊ စာ ၂၁ -၂၂ ။
  • ( ခ ) အရှင်ဝါယမာဘိဝံသမထေရ် ‘ကျော်အောင်စံထားတိုက်နှင့် ဆရာတော်များ’ ၊ ကျော်အောင်စံထား မြန်စာပြန့်၊ ပကြိမ်၊ ၁၉၇၀ ။ စာ ၁၆၄ - ၁၇၂။