ဇမ္ဗူရာဇ်ရွှေ

ဝီကီပီးဒီးယား မှ

ဇမ္ဗူရာဇ်ရွှေသည် ဇမ္ဗူ့သပြေသီးမှ ဖြစ်သော ရွှေဖြစ်သည်ဟု ကျမ်းဂန်တို့တွင်ဆို၏။ ယင်းကို ဇမ္ဗူနဒရွှေဟု ပြသည်။ လူတို့ သုံးဆောင်ကြသော ရွှေမှာ အဘိဓာန်ဋီကာ၊ အင်္ဂုတ္တိုရ် စသည့်ကျမ်းတို့ အလိုအားဖြင့် အမျိုးမျိုးအပြားပြား ရှိကြရာ၊ ဇမ္ဗူရာဇ်ရွှေသည် အကောင်းဆုံး ရွှေတစ်မျိုးဖြစ်၏။ ဤကိုရည်လျက်၊ ဦးတိုးက ရာမရကန်တွင် 'ရွှေနာရနီ၊ သိင်္ဂီနိက္ခ၊ ဟေမစာရု၊ ဝေလုရိယာ၊ နာလာမုတ္တာ၊ အဉ္စနာနှင့် နာရကာ၊ နာရဝေါ၊ သီးသန့်၍ပြောလွန်းလျှင်၊ ကြောမစင်းတန်၊ ကြောစင်းပြန်မည်ကြောင့်၊ ဝေဖန်ခြားနား၊ ခေါင်းစဉ်လို့သွား ရော့မည်။ နဂါးရင်းမြစ်၊ မြေကဖြစ်နှင့်၊ ရွှေနှစ်ဇော်ဂျီ၊ နင်းခွက် ကျစီခဲ့သည်။ လောဟီတွင်းစံ၊ နီဖလံကို၊ ဟန်တမ်းခွန်ထူ၊ ပြိုင်ရည်တူသော်လည်း၊ ရွှေဇမ္ဗူရာဇ်၊ ပင်ကြီးဖြစ်ကို၊ ဦးသစ် ရောင်မှိုင်း၊ ရွှေမြင်တိုင်းတို့၊ မင်းတိုင်မှာဆုံရမည်ဖြစ်သည်'ဟူ၍ ဇမ္ဗူရာဇ်ရွှေကို ချီးကျူး ဖွဲ့ဆိုထားသည်။

သာရတ္ထသင်္ဂဟကျမ်း၊ မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသအဋ္ဌ ကထာ၊ တိကနိပါတ်၊ အင်္ဂုတ္တရဋီကာကြီးနှင့် အဘိဓာန်တို့အလို အရ ဇမ္ဗူဒီပါ တောင်ကျွန်းဦးတွင်သာပေါက်သော ဇမ္ဗူ့သပြေ ပင်တွင် ဆင်ပြောင်ကြီး ပမာဏ၊ အိုးစရည်းကြီးပမာဏရှိကုန် သော အသီးတို့ရှိ၏။ ဇမ္ဗူဒိပ်ကျွန်း

သပြေသီးတို့ မှည့်၍ကျရာအရပ်၌ ရွှေအညွန့်၊ ရွှေပင်တို့သည် ပေါက်ကုန်သည်ဟုဆိုသည်။ ဤကိုရည်၍ ရှင်မဟာရဋ္ဌသာရ ၏ ဘူရိဒတ်ဇာတ်ပေါင်းပျို့၌ 'ဤမှတဆန်း၊ ငါတို့ကျွန်း၌၊ မြင့်သွန်းယူဇနာ၊ တရာမျှလောက်၊ ဖြူဖြူရောက်သား၊ ပင် အောက်သပြေ၊ အသီးကြွေသော်၊ ရွှေတိဖြစ်ရှောင်း'ဟူ၍ စပ်ဆို ထားသည်။

ဇမ္ဗူရာဇ်ရွှေမှာ မီးနှင့်တူသောအရောင်ရှိသည်ဟု အဘိဓာန် ဋီကာပါဌ်၌ ဆို၏။ ထိုကြောင့် ရွှန်းပတောက် ပြောင်သော အဆင်းအရောင်မျိုးကို ဇမ္ဗူရာဇ်ရွှေရောင်ဖြင့် ဥပမာတင်စား ပြောဆိုလေ့ရှိကြသည်။ 'နာလိမုတ္တ၊ မည်ထုတ်စသည်၊ ကမ္ဘာ့ ကျက်သရေ၊ ဆယ်ပါးရွှေ'ဟူ၍ ဘုံခဏ်းပျို့၌ စပ်ဆိုထားသည်။ သို့သော် ရွှေအကောင်းအညံ့အလိုက် ၁၂ မျိုးခွဲထား၍၊ ဇမ္ဗူရာဇ် ရွှေစင်အရည်မှီအောင် သာမန်ရွှေကို အဆင့်ဆင့်လှော်လျှင် ဖြစ် နိုင်ကြောင်း ရာဇောဝါဒကျမ်း၊ သမန္တစက္ခုဒီပနီကျမ်းတို့တွင် ဤသို့ဖော်ပြထား၏။

'နီဖလံရွှေ ၈ဝ ကျပ်ကို ၆ဝ ကျပ်တင်အောင်လှော်သော်၊ နာရဏီရွှေဖြစ်၏။ နာရဏီရွှေကို ၄၅ ကျပ် တင်အောင်လှော် သော်၊ နာရဝေါရွှေဖြစ်၏။ နာရဝေါရွှေကို ၃၃ ကျပ် ၇ မူး ၃ ပဲ ၂ ရွေးတင်အောင် လှော် သော်၊ နာလိကာရွှေဖြစ်၏။ ယင်း နာလိကာရွှေကို ၂၅ ကျပ် ၃ မူး ၂ ရွေးတင်အောင်လှော်သော်၊ နာလိမုတ္တာ ရွှေဖြစ်၏။ ထိုရွှေကို ၁၉ ကျပ် ၂ ရွေး ၂ ဆန် တင်အောင်လှော်သော်၊ အဉ္စနီရွှေဖြစ်၏။ ထိုရွှေကို ၁၄ ကျပ် ၂ မူး ၁ ပဲ ၂ နှမ်းတင်အောင်လှော်သော်၊ အဉ္စနီမုတ္တာရွှေဖြစ်၏။ ထိုရွှေကို ၁ဝ ကျပ်သား ၁၆ မူး ၁ပဲ ၄ ရွေး တဆန် တနှမ်း ၃ မုန်ညင်း ၂ သန်းခေါင်းတင်အောင်လှော်မှ အဇတဝနီရွှေဖြစ် ၏။ ထိုရွှေကို ၈ ကျပ် ၁ ရွေး ၃ နှမ်း ၂ မုန်ညင်း ၁ သန်း ခေါင်း ၃ ကညစ်ချေးတင်အောင်လှော်မှ ဇာတရူပရွှေဖြစ်၏။ ထိုရွှေကို ၆ ကျပ် ၃ ဆန် ၃ နှမ်း ၄ သန်းခေါင်း ၄ ကညစ် ချေး တင်အောင်လှော်မှ ဥရဏီတာရွှေဖြစ်၏။ ယင်းကို ၄ ကျပ် ၂ မတ် ၂ ဆန် ၃ နှမ်း ၁ မုန်ညင်း ၆ သန်းခေါင်း ၂ ကညစ်ချေး တင်အောင်လှော်မှ သင်္ဂီနိက္ခ ရွှေဖြစ်သည်။ ယင်း ရွှေကို ၃ ကျပ် ၃ မူး ၁ ပဲ ၄ ရွေး ၂ ဆန် ၂ နှမ်း ၃ သန်း ကောင်း ၂ ကညစ်ချေး တင်အောင်လှော်မှ ဇမ္ဗူရာဇ်ရွှေဖြစ်လေ သည်။'[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)