မာတိကာသို့ ခုန်သွားရန်

ဆုဖ်ယန် စတီဗင်စ်

ဝီကီပီးဒီးယား မှ
ဆုဖ်ယန် စတီဗင်
၂၀၀၉ ခုနှစ် Port City Music Hall တွင် ဖျော်ဖြေနေသော Sufjan Stevens
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1975-07-01) ဇူလိုင် ၁၊ ၁၉၇၅ (အသက် ၅၀)
ဒီထရွိုက်, မီချီဂန်ပြည်နယ်, အမေရိကန်ပြည်ထောင်စု
ဂီတဟန်
  • Indie folk — အင်ဒီ ဖို့ခ်
  • chamber pop — ခမ်းဘာ ပေါ့ပ်
  • folktronica — ဖို့ခ်ထရိုနီကာ
  • indie rock — အင်ဒီ ရော့ခ်
  • electronica — အီလက်ထရွန်းနစ်
အလုပ်အကိုင်
  • ဂီတပညာ
  • တေးရေး
  • တေးဆို
တက်ကြွသည့်နှစ်များ၁၉၉၅ ခုနှစ်မှ ယနေ့အထိ
တေးသံသွင်း ကုမ္ပဏီ
ဝက်ဘ်ဆိုက်music.sufjan.com
ဆုဖ်ယန် စတီဗင်စ်
လက်မှတ်

ဆုဖ်ယန် စတီဗင်စ် (အင်္ဂလိပ်: Sufjan Stevens) သည် အမေရိကန်နိုင်ငံသား တေးရေး၊ တေးဆို နှင့် တူရိယာအမျိုးမျိုးကိုတီးခတ်နိုင်သော multi-instrumentalist တေးဂီတပညာရှင် တစ်ဦး ဖြစ်သည်။ စတီဗင်စ် သည် ၁၉၇၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုမီချီဂန်ပြည်နယ် ၏အကြီးဆုံးမြို့တော်ဖြစ်သော ဒီထရွိုက် (Detroit ) မြို့တွင် မွေးဖွားခဲ့သည်။ ခရစ်ယာန်ဘာသာ ကိုသက်ဝင်ယုံကြည်သူဖြစ်ပြီး၊ ထို ယုံကြည်ချက်သည်လည်း သူ၏ တစ်ကိုယ်တော်သီချင်း စာသားများတွင် မြင်တွေ့နိုင်သည်။ သူသည် တစ်ကိုယ်တော် စတူဒီယို အယ်လ်ဘမ် (၁၀) ချက်နှင့်အပြင် အခြားသောအနုပညာရှင်များစွာနှင့် ပူးပေါင်းဖန်တီးထားသော အယ်လ်ဘမ်များစွာကို ထုတ်ဝေခဲ့သည်။ စတီဗင်စ် သည် ဂရမ်မီဆု (Grammy Award) နှင့် အော်စကာဆု (Academy Award) ဆန်ကာတင်စာရင်းများတွင် ပါဝင်ဖူးသည့် အနုပညာရှင်တစ်ဦး ဖြစ်သည်။

စတီဗင်စ် ၏ပထမဆုံး အယ်လ်ဘမ် ဖြစ်သော A Sun Came သည် ၂၀၀၀ ခုနှစ်တွင် သူ၏ ဖခင်ဖြစ်သူ လိုဝဲလ် ဘရမ်စ် (Lowell Brams) နဲ့အတူ ပူတွဲတည်ထောင်ခဲ့သည့် Asthmatic Kitty Records မှတစ်ဆင့် ဖြန့်ချိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ထွက်ရှိခဲ့သော Illinois အယ်လ်ဘမ်ကြောင့် စတီဗင်စ် သည်လူသိများလာခဲ့ပြီး Billboard Top Heatseekers ဇယားတွင် နံပါတ် (၁) အထိ ရောက်ရှိခဲ့သည်။ ထို့အပြင် အယ်လ်ဘမ်တွင် ပါဝင်သည့် “Chicago” သီချင်းသည်လည်းအောင်မြင်မှုရရှိခဲ့ပြီး လူကြိုက်များခဲ့ပါသေးသည်။ စတီဗင်စ် သည် ၂၀၁၇ ခုနှစ်တွင်ထွက်ရှိခဲ့သော Call Me by Your Name ရုပ်ရှင်အတွက်ဇာတ်ဝင်တေး များကိုလည်း ရေးစပ်ပေးခဲ့သည်။ ထိုရုပ်ရှင်အတွက် ဖန်တီးခဲ့သော “Mystery of Love” သီချင်းဖြင့် အော်စကာဆု ပေးပွဲ၏ အကောင်းဆုံးမူရင်းဇာတ်ဝင်တေးဆု (Best Original Song) နှင့် ဂရမ်မီဆု ပေးပွဲ၏ ရုပ်ရှင်နှင့်ရုပ်မြင်သံကြားမီဒီယာအတွက် အကောင်းဆုံးရေးစပ်သီချင်းဆုများအတွက်ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။

စတီဗင်စ်သည် The Age of Adz အယ်လ်ဘမ်အဖြစ် အီလက်ထရိုနီကာ (Electronica) ပုံစံ၊ Seven Swans အယ်လ်ဘမ်အဖြစ် လိုဖိုင်ဖော့ခ် (Lo-fi folk) ပုံစံမှ Illinois အယ်လ်ဘမ်အဖြစ် သံစုံတီးဝိုင်းဆန်သော ပုံစံနှင့် ခရစ္စမတ် အပြင်အဆင်ပါဝင်သည့် Songs for Christmas အယ်လ်ဘမ်များအထိ ဂီတပုံစံ အမျိုးမျိုးကို ထုတ်ဝေခဲ့သည်။ သူသည် တူရိယာအမျိုးမျိုးကို အသုံးပြုလေ့ရှိပြီး သီချင်းတစ်ပုဒ်အတွင်း၌ပင် တူရိယာအများအပြားကို ကိုယ်တိုင်တီးခတ်၍ အသံသွင်းလေ့ရှိသည်။ စတီဗင်စ် ၏သီချင်းများတွင် ဘာသာရေး၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ၊ မိသားစု၊ တစ်စုံတစ်ယောက်အကြောင်းအရာများကိုထင်ရှားစွာ ဖော်ကျူးလေ့ရှိခြင်းကြောင့်လည်း လူသိများသည်။ ၂၀၁၅ ခုနစ်တွင် ထွက်ရှိခဲ့သော Carrie & Lowell အယ်လ်ဘမ်သည် အင်ဒီး အသိုင်းအဝိုင်ကို အတော်လေးလှုတ်ခတ်စေနိုင်ခဲ့ပြီး Pitchfork Magazine ၏ (၂၅) နှစ်တာအတွင်း အကောင်းဆုံး အယ်လ်ဘမ် စာရင်းတွင် နံပါတ် (၁၈) ချိတ်ခဲ့သည်။ သူ၏ ၁၀ ခုမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်သော Javelin ကို လည်း ၂၀၂၃ ခုနှစ်အောက်တိုဘာလတွင် ဖြန့်ချိခဲ့သည်။

ဘဝဇာတ်ကြောင်း၊ မိသားစု နှင့် ပညာရေး

[ပြင်ဆင်ရန်]

စတီဗင်စ် ကို ဒီထရွိုက်မြို့ (Detroit) တွင် မွေးဖွားခဲ့ပြီး အသက် ၉ နှစ်အထိ ထိုမြို့တွင် နေထိုင်ကြီးပြင်းခဲ့သည်။ နောက်ပိုင်းတွင် မီချီဂန်ပြည်နယ် မြောက်ပိုင်းရှိ အလန်ဆန်မြို့ (Alanson) သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ဖခင်ဖြစ်သူ ရက်စ်ဂျစ် (Rasjid) နှင့် မိထွေးဖြစ်သူ ဖတ် (Pat) တို့က ကျွေးမွေးစောင့်ရှောက်ခဲ့ကြပြီး အိုရီဂွန်ပြည်နယ် (Oregon) တွင် နေထိုင်သော မိခင် အရင်းဖြစ်သူ ကာရီ (Carrie) ထံ ရံဖန်ရံခါ သွားရောက်လည်ပတ်လေ့ရှိသည်။ မိခင်ဖြစ်သူသည် နောက်ပိုင်းတွင် လိုဝဲလ် ဘရမ်စ် (Lowell Brams) နှင့်အိမ်ထောင်ပြုခဲ့ပြီး၊ ဘရမ်စ် သည်တေးသံသွင်းအဖွဲ့အစည်းဖြစ်သော Asthmatic Kitty Records ၏အကြီးအကဲ ဖြစ်လာခဲ့သည်။

စတီဗင်စ် သည် လစ်သူယေးနီးယား (Lithuanian) နှင့် ဂရိ (Greek) မျိုးနွယ်ဖွားတစ်ယောက်ဖြစ်သည်။ “ဆုဖ်ယန်” (Sufjan) ဟူသော အမည်သည် အစ္စလာမ်ဘာသာ မတိုင်ခင် အာရပ် သမိုင်းတစ်လျှောက်တွင် သုံးခဲ့သည့် ရှေးဟောင်းအာရပ်အမည်တစ်ခု ဖြစ်ပြီး အဘူ-ဆုဖ်ယန်-အိဗ်နု-ဟာ့ဘ် (Abu Sufyan ibn Harb) အမည်မှ ဆင်းသက်လာသည်။ သူ့မွေးဖွားချိန်တွင် မိဘများ ပါဝင်ခဲ့သည့်ဘာသာပေါင်းစုံ ဝိဉာဉ်ရေးဆိုင်ရာအဖွဲ့အစည်း ဆူဘွတ် (Subud) ကို တည်ထောင်သူက ဤအမည်ကို မှည့်ပေးခဲ့ခြင်းဖြစ်သည်။

စတီဗင်စ်သည် Detroit Waldorf School၊ Alanson အစိုးရကျောင်းနှင့် Interlochen Arts Academy တို့တွင် ပညာသင်ကြားခဲ့ပြီး Harbor Light Christian School မှ ဘွဲ့ရရှိခဲ့သည်။ ထို့နောက် မီချီဂန်ပြည်နယ် ဟော်လန် (Holland) မြို့ရှိ Hope College သို့ တက်ရောက်ခဲ့ကာ ဂုဏ်ထူး အဆင့်ဖြင့်ဘွဲ့ရရှိခဲ့သည်။ နယူးယောက်မြို့ရှိ The New School မှ (Creative Writing) ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ (MFA) ထပ်မံရရှိခဲ့သည်။ ကျောင်းတက်နေစဉ် ကာလအတွင်း စတီဗင်စ် သည် အော်ဘို (Oboe) နှင့် အင်္ဂလိပ်ဟွန်း (English horn) သို့မဟုတ် (Cor anglais) လေမှုတ်တူရိယာတို့ကို လေ့လာခဲ့ပြီး သူ့၏ အယ်လ်ဘမ်များတွင်လည်း ကိုယ်တိုင်တီးမှုတ်အသံသွင်းခဲ့သည်။ စတီဗင်စ် သည် Hope College သို့ မတက်ရောက်မီအထိ ဂစ်တာတီးခြင်းကို မသင်ယူခဲ့သေးပေ။

ဂီတလုပ်ငန်းသက်တမ်း

[ပြင်ဆင်ရန်]
၂၀၀၅ ခုနစ် Belfast Bar တွင်ဖျော်ဖြေနေသော စတီဗင်စ်

စတီဗင်စ် သည် မီချီဂန်ပြည်နယ် ဟော်လန် (Holland) မြို့တွင် Marzuki အမည်ရှိသည့်(Folk-rock) တီးဝိုင်း နှင့် Con Los Dudes တီးဝိုင်းတို့တွင်အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ကာ ဂီတ လောကထဲသို့ စတင်ခြေလှန်း ဝင်ရောက်ခဲ့သည်။ ထို့အပြင် Danielson Famile တီးဝိုင်းအတွက်လည်း တူရိယာအမျိုးမျိုးကို ပါဝင် တီးခတ်ပေးခဲ့သည်။ နောက်ဆုံးစာသင်နှစ်အတွင်း စတီဗင်စ် ၏ ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်သော A Sun Came ကို ကိုယ်တိုင်ရေးစပ်အသံသွင်းခဲ့ပြီး ဖခင်ဖြစ်သူ လိုဝဲလ် ဘရမ်စ် (Lowell Brams) နဲ့အတူ Asthmatic Kitty Records မှတစ်ဆင့် ဖြန့်ချိခဲ့သည်။ နောက်ပိုင်းတွင် နယူးယောက်မြို့သို့ ရွှေ့ပြောင်းနေထိုင်ကာ The New School for Social Research တွင် စာပေရေးသားခြင်ဆိုင်ရာ သင်တန်းကို တက်ရောက်ခဲ့သည်။ ကျောင်း၌ ရှိနေစဉ်အတွင်း ဝတ္ထုတိုရေးနည်းများကို လေ့လာခဲ့ပြီး ဝတ္ထုရှည်တစ်ပုဒ်ရေးသားနိုင်ရန် ရည်ရွယ်ခဲ့သော်လည်း နောက်ဆုံးတွင် သီချင်းရေးစပ်ခြင်းဘက်ကိုသာ ပြန်လည်ဦးတည်လာခဲ့သည်။

Michigan အယ်လ်ဘမ်

[ပြင်ဆင်ရန်]

စတီဗင်စ် သည် နယူးယောက်မြို့ တွင် နေထိုင်စဉ်ကာလအတွင်း တရုတ်ရာသီခွင် (၁၂) ရာသီဖွား တိရစ္ဆာန်များကိုအခြေခံကာ ဒုတိယမြောက် အယ်လ်ဘမ်ဖြစ်သော 'Enjoy Your Rabbit ' ကို အီလက်ထရွန်နီကာဂီတ အမျိုးအစားအဖြစ် ဖန်တီးခဲ့သည်။ ထို့နောက် စတီဗင်စ် သည် Folk ဂီတနှင့် တူရိယာသီးသန့်တီးခတ်မှုများ ပါဝင်သည့် 'Michigan' အယ်လ်ဘမ်ကို အသက် (၂၈)နှစ်ပြည့်မွေးနေ့ဖြစ်သော ဂျူလိုင်လ ၁ ရက်နေ့၊ ၂၀၀၃ ခုနစ်တွင်ထုတ်ဝေခဲ့သည်။ မီချီဂန်ပြည်နယ် သည် စတီဗင်စ် ၏မွေးရပ်မြေဖြစ်ပြီး တစ်ချိန်တွင် အမေရိကန် ၏စီးပွားရေးအဖွံဖြိုးဆုံးပြည်နယ်များထဲ တစ်ခုဖြစ်သော်လည်း နောက်ပိုင်းတွင်မှု စီးပွားရေးဆိုင်ရာ မပြေလည်မှု များလာသည်နဲ့အမျှ အလုပ်လက်မဲ့များ၊ လူဦးရေကျဆင်းမှုများကြောင့် အမေရိကန် ၏ "Rust Belt" ပြည်နယ်အဖြစ် ပါဝင်လာခဲ့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး စတီဗင်စ် သည် မီချီဂန်ပြည်နယ် အကြောင်းဖွဲ့ဆိုထားသည် 'Michigan' အယ်လ်ဘမ် တွင် အလုပ်ကိုင်အခွင့်အလမ်းရှာပါးမှုများ၊ စီးပွားရေးဆိုင်ရာအခက်ခဲတွေအကြောင်း၊ တစ်ဖက်တွင်လည်း မီချီဂန်ပြည်နယ် ၏ အလှတရားများ၊ သမိုင်းကြောင်းဆိုင်ရာ အပြင် စတီဗင်စ် ၏ ငယ်ဘဝအကြောင်းအရာများစွာကိုပါ စုံစုံလင်လင် ဖော်ပြထားသည်။ 'Michigan' အယ်လ်ဘမ် သည် experimental သံစဉ်အဖြစ်တည်ရှိသော်လည်း ပိုပြီး နူးညံ့သော Chamber Folk/ Pop သံစဉ်ဘက်ကိုကူးပြောင်းလာသော စတီဗင်စ် ၏ ပထမဆုံး Record ဖြစ်လာခဲ့သည်။

Illinois အယ်လ်ဘမ် နှင့် ပြည်နယ် ၅၀ ပရောဂျက်

[ပြင်ဆင်ရန်]
၂၀၁၀ ခုနစ် Paramount Theatre တွင် ဖျော်ဖြေနေသော စတီဗင်စ်

ထို အယ်လ်ဘမ်မှစတင်၍ စတီဗင်စ် သည် အမေရိကန်ပြည်ထောင်စု ၏ ပြည်နယ် ၅၀ အတွက် အယ်လ်ဘမ်တစ်ခုထုတ်ဝေမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ယင်းအစီအစဉ်ကို “ပြည်နယ် ၅၀ ပရောဂျက်” (Fifty States Project) ဟု အမည်ပေးခဲ့သည်။ ထို ပရောဂျက်အတွက် ဒုတိယမြောက်လက်ရာဖြစ်သော Illinois အယ်လ်ဘမ်ကိုလည်း ၂၀၀၅ ခုနစ်တွင်ဖြန့်ချိခဲ့သည်။ llinois အယ်လ်ဘမ်သည် ချီကာဂိုမြို့ (Chicago)၊ ဒီကေတာမြို့ (Decatur) နှင့် ဂျက်ဆင်ဗီးလ်မြို့ (Jacksonville) အကြောင်း ၊ ၁၈၉၃ ခုနှစ်က ကမ္ဘာ့ပြပွဲ (World’s Columbian Exposition) အကြောင်း ၊ ကာစီမီယာ ပူလက်စကီးနေ့( Casimir Pulaski Day) တွင် သူ့၏သူငယ်ချင်း ကွယ်လွန်သွားခြင်းအကြောင်း၊ ကဗျာဆရာ ကားလ် ဆန်းဘာ့ဂ် (Carl Sandburg)နှင့် ကွင်းဆက်လူသတ်သမား ဂျွန်ဝိန်းဂေစီ(John Wayne Gacy) တို့အကြောင်းများ ပါဝင်သည်။ စတီဗင်စ် သည် ၂၀၀၄ ခုနှစ် ဒုတိယနှစ်ဝက်တစ်ခုလုံးကို ထိုအယ်လ်ဘမ်အတွက် အချက်အလက်ရှာဖွေခြင်းနှင့် သီချင်းရေးသားခြင်းတို့ဖြင့် အချိန်ကုန်ဆုံးခဲ့သည်။အဆိုပါ အယ်လ်ဘမ်ကို ၂၀၀၅ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ဖြန့်ချိရန် စီစဉ်ထားသော်လည်း မူရင်းအယ်လ်ဘမ်ကာဗာ တွင် စူပါမန်း (Superman) ပုံရိပ်ကို DC ရုပ်ပြစာအုပ်တိုက်၏ခွင့်ပြုချက်မရှိပဲ အသုံးပြုထားသောကြောင့် ဥပဒေရေးရာ ပြဿနာအနည်းငယ်ဖြစ်ပေါ်ခဲ့ပြီး ထုတ်ဝေမှုနှောင့်နှေး စေခဲ့သည်။ နောက်ပိုင်းတွင် ဗီနိုင်းဓာတ်ပြား နှစ်ချပ်တွဲ ပါဝင်သော ပထမဆုံးအချပ်ရေ ၅,၀၀၀ ၏ မျက်နှာဖုံးရှိ စူပါမန်းပုံပေါ်၌ ပူဖောင်းစတစ်ကာ ကပ်ထားခဲ့ရသည်။ ပုံနှိပ်မှုများနှင့် CD ထွက်ရှိမှုများတွင်မူ စူပါမန်းပုံရိပ်ရှိသည့် နေရာကို အလွတ်ထားခဲ့ကြရသည်။

llinois အယ်လ်ဘမ်သည် လူအများ၏ ချီးကျူးခြင်းကိုခံခဲ့ရပြီး Metacritic ဝဘ်ဆိုက်တွင် ၂၀၀၅ ခုနှစ်၏ အဆင့်သတ်မှတ်ချက် အမြင့်ဆုံးအယ်လ်ဘမ် ဖြစ်ခဲ့သည်။ ၂၀၀၆ ခုနှစ် PLUG Independent Music Awards တွင်စတီဗင် သည် တစ်နှစ်တာအကောင်းဆုံးအယ်လ်ဘမ်ဆု၊ အကောင်းဆုံးအယ်လ်ဘမ်မျက်နှာဖုံးဆုနှင့် တစ်နှစ်တာအကောင်းဆုံး အမျိုးသားအနုပညာရှင်ဆုတို့ကို ရရှိခဲ့ကြသည်။ Pitchfork၊ No Ripcord နှင့် Paste မဂ္ဂဇင်းတို့ကလည်း Illinois ကို၂၀၀၅ ခုနှစ်၏ အကောင်းဆုံး အယ်လ်ဘမ် အဖြစ်ရွေးချယ်ခဲ့ကြသည်။ ထို့အပြင် စတီဗင်စ် သည်အချပ်ရေ ၅ သိန်းအောက်သာ ရောင်းချရခဲ့ရသော်လည်း ထူးခြားထင်ရှားသည့်အယ်လ်ဘမ်များကို ပေးအပ်သည့် ၂၀၀၅ ခုနှစ် Pantheon ဆုကိုလည်း ရရှိခဲ့သေးသည်။ စတီဗင်စ် သည် llinois အသံသွင်းစဉ်က ကျန်ရှိနေခဲ့သော တေးဂီတ (၂၁) ပုဒ်ကို စုစည်း၍ The Avalanche အမည်အဖြစ် ၂၀၀၆ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ အယ်လ်ဘမ်အသစ် ထုတ်ဝေမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် CD ၅ ချပ်ပါဝင်သော Songs for Christmas အယ်လ်ဘမ်ကို ထပ်မံ ဖြန့်ချိခဲ့သည်။ စတီဗင်စ် ၏ နောက်ဆက်တွဲလက်ရာများသည် နောက်ထွက်ရှိလာမည့် “ပြည်နယ် ၅၀” ပရောဂျက်များနှင့်ဆက်စပ်နေနိုင်သည်ဟု ဆိုကြသည်။ သို့သော် နောက်ပိုင်းတွင် ထိုပရောဂျက်သည် အမှန်တကယ် အပြီးသတ်ရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ ‘ကြော်ငြာပရိုမိုးရှင်းလှည့်ကွက် (Promotional Gimmick) ဖြစ်ကြောင်း ဝန်ခံခဲ့သည်။

Carrie & Lowell အယ်လ်ဘမ်

[ပြင်ဆင်ရန်]
၂၀၁၀ ခုနစ် Paramount Theatre တွင် ဖျော်ဖြေနေသော စတီဗင်စ်

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် Asthmatic Kitty Records က Carrie & Lowell အမည်ရှိ အယ်လ်ဘမ်အသစ်ကို ထုတ်ဝေမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အယ်လ်ဘမ် ထွက်ရှိပြီးချိန်တွင် ဝေဖန်ရေးဆရာများ၏ ချီးကျူးမှုများစွာကို ရရှိခဲ့သည့်အပြင် Stereogum က ယင်းအယ်လ်ဘမ်ကို ဆယ်စုနှစ်တာအတွင်း အကောင်းဆုံးအယ်လ်ဘမ် အဖြစ်စာရင်းထည့်သွင်းခြင်းခံခဲ့ရသည်။ သာမန်သီချင်းအယ်လ်ဘမ် တစ်ခုထက် သာမကဘဲ တစ်စုံတစ်ယောက် ချစ်ရသူတစ်ဦးဦးကို ဆုံးရှုံးလိုက်ရသူတိုင်းအတွက် စိတ်ပိုင်းဆိုင်ရာ ကုစားမှုပေးနိုင်သည့် ဂီတအနုပညာလက်ရာတစ်ခုအဖြစ် ယနေ့တိုင် တန်ဖိုးထားခြင်းခံရသည်။ ထိုအယ်လ်ဘမ်သည် စတီဗင်စ် ၏ မိခင် ဖြစ်သူ Carrie နှင့် ဖြတ်သန်းခဲ့ရသော ဘဝအတွေ့အကြုံ၊ သားအမိဆက်ဆံရေး၊ ခါးသီးသော ဘဝအတွေ့အကြုံများကြားက အခက်အခဲများကို အခြေခံ၍ ရေးစပ်ထားခြင်းဖြစ်သည်။ မိခင် ဖြစ်သူ Carrie သည် ဘိုင်ပိုလာရောဂါ (Bipolar) နှင့်စကစ်ဇိုဖရီးနီးယား (Schizophrenia) ရောဂါ များ ခံစားခဲ့ရပြီး မူးယစ်ဆေးဝါးလည်း စွဲလမ်းခဲ့ဖူးသည်။ ထိုအကြောင်းကြောင့် စတီဗင်စ် အသက် ၁ နှစ်သားအရွယ်တွင်မိခင်ဖြစ်သူ Carrie က စွန့်ခွာသွားခဲ့သည်။ အယ်လ်ဘမ်တွင် စတီဗင်စ် ၏ ဘဝအပေါ် ကောင်းမွန်စွာပြုစုပေးခဲ့သော ပထွေးဖြစ်သူ Lowell Brams နှင့် ပတ်သက်သော အမှတ်တရ အကြောင်းအရာများလည်း ပါဝင်ရေးစပ်ထားသည်။ ၂၀၁၂ ခုနှစ်တွင် မိခင်ဖြစ်သူသည် အစာအိမ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန် သွားခဲ့သည်။ စတီဗင်စ် သည် မိခင်ကွယ်လွန်ခြင်းအတွက် အလွန်အမင်းဝမ်းနည်းကြေကွဲခဲ့ရပြီး ထိုခံစားချက်ကို ရင်ဆိုင်ဖြေရှင်းရန်၊ မိခင်နှင့် အတိတ်က ဆက်ဆံရေးကို ပြန်လည် တမ်းတနားလည်လက်ခံနိုင်ရန်ကြိုးစားရင်း ဤအယ်လ်ဘမ်ကိုရေးသားခဲ့ခြင်း ဖြစ်သည်။

ဤအယ်လ်ဘမ်ကို ရေးသားနေစဉ်နှင့် အသံသွင်းနေစဉ်ကာလသည် သူ၏ဘဝတွင် "အလွန်မှောင်မိုက်သော နှစ်တစ်နှစ်" ဖြစ်ခဲ့သည်ဟု ပြောခဲ့သည်။ သီချင်းရေးလိုက်လျှင် စိတ်သက်သာရာရမည်ဟု မျှော်လင့်ခဲ့သော်လည်း အမှန်တကယ်တွင် သောကနှင့် သံသယများ ပိုမိုနက်ရှိုင်းသွားစေခဲ့သည်။ အယ်လ်ဘမ်ရှိ သီချင်းအချို့ကို လမ်းဘေးဟိုတယ်အခန်းငယ်လေးများထဲတွင် iPhone တစ်လုံးကိုသာ အသုံးပြု၍ အကြမ်းဖျင်း အသံဖမ်းယူခဲ့သည်ဟုဆိုသည်။ အယ်လ်ဘမ်တွင် နားဆင်သူတိုင်း ဝမ်းအနည်းရဆုံး သီချင်းဖြစ်သော Fourth of July (ဂျူလိုင်လ ၄ ရက်)သည် ဆေးရုံခုတင်ပေါ်တွင်မိခင်ဖြစ်သူနှင့် နောက်ဆုံးပြောခဲ့သောစကားများကို အပြန်အလှန် ပုံစံမျိုးဖြင့်ရေးဖွဲ့ထားသည်။သီချင်းထဲတွင် မိခင်ဖြစ်သူက ပူဆွေးနေသော သားဖြစ်သူ စတီဗင်စ် ကို


အမေတို့ လမင်းကြီးကို ကြည့်သင့်ပြီလား...

အမေ့ရဲ့ တင်ကြီးငှက်ကလေးရယ်။ ဘာလို့များ ငိုနေရတာလဲ။

ဘဝကြီးကို အကောင်းဆုံးဖြတ်သန်းလိုက်၊ အချိန်တွေရှိနေတုန်း။

မီးစာတွေကျန်နေသေးတုန်း။

သား စကားတွေ လုံလောက်အောင်ပြောခဲ့ပြီးပါပြီ။

အမေ့ရဲ့ သိန်းငှက်ငယ်လေးရယ်.. ဘာလို့များ ငိုနေရတာလဲ။

Tillamook မီးလောင်မှုကြီးကနေ သားဘာတွေများ လေ့လာခဲ့သလဲအမေ့ကိုပြောစမ်းပါဦး။

ဒါမှမဟုတ် ဇူလိုင်လ ၄ ရက်နေ့ကပဲဖြစ်ဖြစ်ပေါ့။

အမေတို့ အားလုံး သေကြရမှာပဲကွယ်....


ဆိုသည့် စာသားဖြင့် အဆုံးသတ်ထားသည်။ ဤအယ်လ်ဘမ်သည် ဖန်တီးသူ အနုပညာရှင်ကိုယ်တိုင် ပြန်တွေးတိုင်း နာကျင်ရသည့် ဘဝဒဏ်ရာတစ်ခုဖြစ်သော်လည်း၊ ကမ္ဘာတစ်ဝန်းရှိ သောကရောက်နေရသော နားဆင်သူ သန်းပေါင်းများစွာအတွက်မူ စိတ်ပိုင်းဆိုင်ရာ ကုစားရာ ကရုဏာတရားအပြည့်ရှိသည့် လက်ရာတစ်ခု အဖြစ် သမိုင်းတွင်ကျန်ရစ်စေခဲ့သည်။

Javelin အယ်လ်ဘမ်

[ပြင်ဆင်ရန်]

စတီဗင်စ် သည် ဂီတ သက်တမ်း (၂၈) နှစ် အတွင်း တွင်ထမဆုံးအနေဖြင့်သူ့၏ လိင်ရပ်တည်ချက်နှင့် သူ့ချစ်သူအကြောင်း ဖွင့်ချခဲ့ပါသည်။ သူ့၏ (၁၀)ချပ်မြောက် အယ်လ်ဘမ်သစ်ဖြစ်သော Javelin သည် ၂၀၂၃ ခုနစ်၊ ဧပြီလ တွင်ဆုံးပါးသွားပြီဖြစ်သော သူ့၏ချစ်သူ Evans Richardson အတွက် ရည်စူးပြီးထုတ်ထားသည့်အကြောင်း အင်စတာဂရမ် အကောင့်မှ တဆင့် ပွင့်လင်းစွာ ရေးသားရင်း သူ၏ Queer ဖြစ်တည်မှုကို ပထမဆုံးအကြိမ် တရားဝင် အသိပေးရှင်းပြခဲ့သည်။ စတီဗင်စ် သည် ဆယ်စုနှစ်နှစ်ခုကျော်ကြာ အောင်မြင်ခဲ့သော်လည်း သူ့၏ ပုဂ္ဂိုလ်ရေးကိစ္စ နဲ့ လိင်စိတ်တိမ်းညွတ်မှုကို လုံးဝလျှို့ဝှက်ထားခဲ့သူ ဖြစ်သည်။ ယခင်ကတည်းက သီချင်းစာသားများထဲတွင်အမျိုးသားအချင်းချင်း ချစ်ခင်နှစ်သက်သော အကြောင်းများကို ထည့်သွင်းရေးသားလေ့ရှိသည်။ The Predatory Wasp of the Palisades: စကောက်စကင်မ့် (Boy Scout) တက်ခဲ့စဉ်က သူငယ်ချင်းအချင်းချင်း မေတ္တာမျှခဲ့သည့် အမှတ်တရ အကြောင်း၊ Casimir Pulaski Day: တွင်ကင်ဆာရောဂါဖြင့်ဆုံးပါးသွားသော ငယ်ချစ်ဦး သူငယ်ချင်းတစ်ဦးအကြောင်း များရေးထားသောကြောင့် ပရိသတ် အများစုသည် သူ့၏ လိင်စိတ်တိမ်းညွှန်မှုကို စိတ်ဝင်စားစွာ စောင့်ကြည့်နေခဲ့ကြသည်။ သူ့သီချင်းများသည် ကျား/မ ရှူ့ထောင့်နှစ်မျိုး ရေးထားသည်ဟု ဆိုကြသလို တချို့သည်လည်း စတီဗင်စ် သည် ခရစ်ယာန်ဘာသာ စစ်စစ် ဖြစ်သောကြောင့် သီချင်းစာသားများသည် ယေရှု ကိုရည်ညွှန်းကြသည့်ဟု ငြင်းခုန်လေ့ရှိကြသည်။

Javelin သည် သူ့၏ indie folk အယ်လ်ဘမ်ဟောင်းများ ဖြစ်ကြသော All Delighted People, Seven Swans နှင့် Carrie & Lowell တို့၏ အငွေ့အသက် များ အားလုံးကို ပြန်လည်ခံစားရစေပါသည်။ သီချင်း(၁၀)ပုဒ်လုံးသည် တစ်ပုဒ်နှင့် တစ်ပုဒ်အချိတ်အဆက် မိမိရှိလှသလို အပိတ်သီချင်းကလည်း ရုပ်ရှင်ကားတစ်ကား၏ လွမ်းမောစရာဇာတ်သိမ်းခန်းလေးတစ်ခု ကြည့်ရသလိုခံစားရစေပါသည်။ စာပေလေ့လာလိုက်စားပြီး ပန်းချီ နှင့် ကဗျာဘက်အားသန် သော ဂီတသမားတစ်ယောက်ဖြစ်သည့်အတွက် စာသားရေးဖွဲ့ပုံလည်း ခမ်းနား လှပါသည်။ Javelin အယ်လ်ဘမ်သည် Pitchfork ၏ Best New Album 8.6/10 အဖြစ်ဖော်ပြခြင်းလည်းခံခဲ့ရသည်။

Sufjan Stevens ရရှိခဲ့သော ဆုများနှင့် ဆန်ခါတင်စာရင်းများ
Award Year Nominee(s) Category Result Ref.
Academy Awards 2018 "Mystery of Love" Best Original Song ဆန်ခါတင် []
AMFT Awards 2017 Best Song Written For Visual Media ဆုရရှိ []
Awards Circuit Community Awards 2017 Best Original Song ဆုရရှိ []
Critics Choice Awards 2018 Best Song ဆန်ခါတင် []
David di Donatello Awards 2019 Best Original Song ဆုရရှိ []
Dorian Awards 2019 2018 Oscar's Performance TV Musical Performance of the Year ဆန်ခါတင် []
Georgia Film Critics Association 2018 "Mystery of Love" Best Original Song ဆန်ခါတင် []
Gold Derby Awards 2018 Original Song ဆန်ခါတင် []
"Visions of Gideon" တမ်းပလိတ်:WON
2020 Original Song of the Decade ဆန်ခါတင်
"Mystery of Love" ဆန်ခါတင်
Grammy Awards 2019 Best Song Written for Visual Media ဆန်ခါတင် []
Guild of Music Supervisors Awards 2018 Best Song/Recording Created for a Film ဆုရရှိ []
Hawaii Film Critics Society 2018 Best Original Song ဆန်ခါတင် []
Houston Film Critics Society Awards 2018 "Visions of Gideon" Best Original Song ဆန်ခါတင် []
International Cinephile Society Awards 2018 "Call Me By Your Name" Best Original Score ဆန်ခါတင် []
International Online Cinema Awards 2018 "Mystery of Love" Best Original Song ဆုရရှိ []
"Visions of Gideon" ဆန်ခါတင်
New Mexico Film Critics 2017 "Mystery of Love" Best Original Song ဆုရရှိ []
Online Film & Television Association 2018 "Mystery of Love" Best Music, Original Song ဆန်ခါတင် []
"Visions of Gideon" ဆန်ခါတင်
PLUG Independent Music Awards 2006 "Illinois" Album of the Year ဆုရရှိ []
Album/Art Packaging of the Year ဆုရရှိ
Indie Rock Album of the Year ဆန်ခါတင်
Himself Artist of the Year ဆန်ခါတင်
Male Artist of the Year ဆုရရှိ
"Chicago" Song of the Year ဆန်ခါတင်
2007 Himself Male Artist of the Year ဆန်ခါတင်
Shortlist Music Prize 2005 "Illinois" ဆုရရှိ [][]

Collaborative albums

[ပြင်ဆင်ရန်]

Compilations and additional releases

[ပြင်ဆင်ရန်]
  1. Oscars 2018: Sufjan Stevens Nominated for Best Original Song (January 23, 2018)။
  2. Winners AMFT Awards။
  3. 1 2 3 4 5 6 7 8 9 10 11 12 Sufjan Stevens- Awards IMDb
  4. "Complete List of nominees and winners of the 23rd critic choice awards"။
  5. Sufjan Stevens- Grammy Awards
  6. "Bloc Party, Sufjan Win At Plug Awards"Spin။ February 3, 2006။
  7. Shortlist Music Prize Finalists Announced (April 27, 2007)။
  8. Sufjan Stevens wins new pantheon Award MTV April 5, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။