အက်ဒွပ် လန်းဆီယာ

ဝီကီပီးဒီးယား မှ
(ဆာအက်ဒွင် လန်းဆီယာ မှ ပြန်ညွှန်းထားသည်)

အင်္ဂလိပ် ပန်းချီကျော် ဆာအက်ဒွပ်ဟင်နရီလန်းဆီယာသည် ခွေးများကို အထူးချစ်ခင်သူဖြစ်သည့် အလျောက်ခွေးရုပ်ပန်းချီကားများကို ရေးဆွဲရာ၌ အလွန်လက်ရာမြောက်လေသည်။ လန်းဆီယာ၏ ပန်းချီခန်းတွင် ခွေးရုပ်ပုံ အမျိုးမျိုးကိုတွေ့မြင်နိုင်သည်။ ခွေးကြီးပုံ၊ ခွေးကလေးပုံ၊ ခွေးဆိုးပုံ၊ ခွေးလိမ္မာ ပုံ စသည်တို့မှာ တကယ်ပင်အသက်ရှင်နေသော ခွေးတို့နှင့်မခြား သရုပ် ပေါ်လှပေသည်။ လန်းဆီယာသည် ခွေးများကိုသာမဟုတ်ဘဲ အခြားတိရစ္ဆာန် များကိုလည်းချစ်ခင်သည်။ ယင်းတို့၏ ပုံများကိုလည်းရေးဆွဲခဲ့လေသည်။ လန်းဆီယာကို ၁၈ဝ၂ ခုနှစ် မတ်လ ၇ ရက်နေ့တွင် လန်ဒန်မြို့၌ဖွားမြင်သည်။ သူ၏ဖခင် ဂျှန် လန်းဆီယာ ကိုယ်တိုင် တံဆိပ်ထုဆရာ နှင့် အနုသုခုမပညာအကြောင်းရေးသူ စာရေးဆရာဖြစ်ရာ သူသည် ငယ်စဉ် ကတည်းက ပန်းချီပညာကို ဖခင်ထံတွင်စတင် သင်ယူခဲ့လေသည်။ အသက် ငါးနှစ်အရွယ်တွင် အရုပ်များအသင့်အတင့် ရေးဆွဲတတ်လာ၍ ရှစ်နှစ်သား အရွယ်ရောက်သော် အလွန်လက်ရာကောင်းလာလေသည်။ ၁၁ နှစ်သား အရွယ်တွင်ရေးဆွဲခဲ့သော ပန်းချီကားများအတွက် လန်ဒန်မြို့အနုပညာ အသင်းမှငွေနှင့်ပြုလုပ်ထားသော ပန်းချီဆေးစပ်ပျဉ်ချပ်တစ်ခုကို ဆုအဖြစ် ချီးမြှင့်ခြင်းခံရလေသည်။ ပန်းချီကားအချို့မှာလည်း တော်ဝင်ပညာ့တံခွန် အသင်းပြခန်းတွင် ချိတ်ဆွဲပြသခြင်းခံရလေသည်။


၁၈၁၆ ခုနှစ်တွင် တော်ဝင်ပညာ့တံခွန်အသင်းကျောင်းတွင် ဝင်ရောက် ပန်းချီပညာသင်ကြားရ၏။ လန်းဆီယာသည် လက်နှစ်ဖက်စလုံးဖြင့် ပန်းချီရေးဆွဲနိုင်၏။ လက်ယာလက်ဖြင့် သမင်ခေါင်းပုံကိုရေးဆွဲနေစဉ် လက်ဝဲလက်ဖြင့် မြင်းခေါင်းပုံကိုတစ်ချိန်တည်း ရေးဆွဲနိုင်သည်ဟု ဆိုလေ သည်။ လန်းဆီယာသည် ပန်းချီသင်တန်းတက်နေစဉ် တစ်ခါတစ်ရံ အတန်း မှထွက်ခွာခဲ့ပြီးလျှင် တိရစ္ဆာန်ရုံသို့ သွားရောက်ကာ တိရစ္ဆာန်ကောင် အမျိုးမျိုး၏ ပုံကို သက်ရှိပုံစံများကို ကြည့်၍ရေးဆွဲလေ့ရှိ၏။ လန်းဆီယာ ပထမဦးဆုံ းရေးဆွဲခဲ့သောစိန်ဗားနပ် ခွေးရုပ်ပုံကို သူ၏အစ်ကို တောမတ်လန်းဆီယာက ပုံထွင်း၍လူအများအတွက် ပုံတူကူးကာထုတ်ဝေခဲ့လေ၏။ လန်းဆီယာ ၏လက်ရာအကောင်းဆုံးခွေးရုပ်ပုံမှာ ဂုဏ်ကျက်သရေနှင့် မထီလေးစားခြင်းဟု ခေါင်းစဉ်တပ်ထားသော ခွေးနှစ်ကောင်၏ရုပ်ပုံဖြစ်လေသည်။

လန်းဆီယာသည် ငယ်စဉ်ကပင် တော်ဝင်ပညာ့တံခွန် အသင်းဝင်တစ်ဦးဖြစ် ခဲ့၍ ၁၈၆၅ခုနှစ်၌ ဥက္ကဋ္ဌရာထူးကိုပင် အပ်နှင်းခြင်း ခံရလေသည်။ သို့သော် မယူဘဲငြင်းပယ်ခဲ့၏။ လန်းဆီယာသည် ခွေးရုပ်များသာမဟုတ်ဘဲ ဒရယ်ရုပ်များ၊ ခြင်္သေ့ရုပ်များနှင့် ကျော်စောထင်ရှားသော ပုဂ္ဂိုလ်များ၏ ရုပ်ပုံများကိုလည်း ရေးဆွဲခဲ့လေသည်။ သူသည် ပန်းချီကားပေါင်း ရာထောင်များစွာ ရေးဆွဲခဲ့၏။ သူရေးဆွဲခဲ့သော ပန်းချီကားများကို ရောင်းချရာတွင် အဖိုးသားနား အမြောက်အမြား ရရှိခဲ့လေသည်။ အထူးသဖြင့် သူရေးဆွဲခဲ့သော တိရစ္ဆာန်ပုံများအတွက် သူသည်ထင်ရှားကျော်ကြားလာသည့်ပြင် ကြွယ်ဝချမ်း သာလာလေသည်။

၁၈၅ဝ ပြည့်နှစ်တွင် ဆာဘွဲ့ချီးမြှင့်သူကောင်းပြုခြင်းခံရသည်။ လန်ဒန်မြို့ ထရာဖဲလဂါးစကွဲယားရှိ နယ်လဆင်ကျောက်တိုင်ခြေရင်း၌ တွေ့ မြင်ရသော ခြင်္သေ့ရုပ်လေးရုပ်မှာလည်း လန်းဆီယာသည် ၁၈၇၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကွယ်လွန်ရာ စိန်ပေါ ဘုရားရှိခိုးကျောင်း ၌ သူ၏ရုပ်ကလာပ်ကိုမြှုပ်နှံထားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)