ဟိုစေး ဆာရာမဂို

ဝီကီပီးဒီးယား မှ
(ဆာရာမဂို၊ ဟိုစေး မှ ပြန်ညွှန်းထားသည်)

ဟိုစေးဆာရာမာဂို(၁၉၂၂-၂၀၁၀)

ဟိုစေးဆာရာမဂို

စိတ်ကူးဉာဏ်အားကောင်းသော စာရေးဆရာဖြစ်သူ ဟိုစေးဆာရာမာဂိုသည် ပေါ်တူဂီဘာသာနှင့်ရေးသားပြီး နိုဘယ်လ်ဆုဆွတ်ခူးနိုင်ခဲ့သော ပထမဆုံး စာရေးဆရာဖြစ်သည်။ စိတ်ဝင်စားဖွယ် ကောင်းသော အလင်္ကာအဖွဲ့အနွဲ့များဖြင့် ရေးသားထားသည့်၎င်း၏ Blindness ဝတ္ထုမှာလူသိများသည်။ ဆာရာမာဂိုကို ပေါ်တူဂီနိုင်ငံ ရီဘက်တီဂျိုပြည်နယ် အဇင်ဟာဂါမြို့တွင် မွေးဖွားသည်။ ဖခင်မှာ ပထမ ကမ္ဘာစစ်အတွင်းက အမြောက်တပ်သားအဖြစ်လုပ်ကိုင်ခဲ့သူဖြစ်သည်။ ဆာရာမဂို နှစ်နှစ်အရွယ်တွင် မိသားစုမှာ လစ်စဘွန်းမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ဆာရာမာဂိုသည် စာပေလောကသို့ မရောက်မီအချိန်တွင် အလုပ်ပေါင်းစုံ လုပ်ခဲ့ရသည်။ ၁၉၄၄ ခုနှစ်တွင် အယ်လ်ဒါရီးစ်ဆိုသူနှင့် လက်ထပ်ခဲ့ပြီး လက်နှိပ်စက်စာရေးအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ကွာရှင်းခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ပေါ်တူဂီကွန်မြူနစ်ပါတီတွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ သို့သော် ၎င်းပါတီသည် စစ်အာဏာရှင်စနစ် အုပ်ချုပ်မှုကာလတွင် ဖျက်သိမ်းခဲ့ရသည်။ ဆာရမ်ဂိုသည် ၁၉၇၉ ခုနှစ်မှစ၍ စာရေးခြင်းအလုပ်၌ မြှုပ်နှံထားခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် သတင်းစာဆရာမတစ်ဦးနှင့်လက်ထပ်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင်၎င်း၏(The Gospel According to Jesus Christ)ဝတ္ထုကို အစိုးရကတားမြစ်ပိတ်ပင်ခဲ့သည့်အချိန်မှစ၍ ပြင်သစ်နိုင်ငံ လန်ကရုတ်ကျွန်းသို့ ပြောင်းရွှေ့ခဲ့သည်။ ဆာရာမဂိုသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ကဗျာ၊ ခရီးသွားဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် အနုပညာသမားတစ်ယောက်၏ ဘဝအကြောင်းကို ရေးသားထားသည့် ဝတ္ထုတစ်ပုဒ်ပေါ်ထွက်လာသည်။ ပေါ်တူဂီနိုင်ငံတွင် အာဏာရှင်စနစ် အဆုံးသတ်သွားသည့် ၁၉၈၁ ခုနှစ်ကာလ၌ Journey to Portugal ဝတ္ထုကို ရေးသားထုတ်ဝခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် All the Names ကိုလည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် အိုးထိန်းသည်တစ်ယောက်နှင့်၎င်း၏ မိသားစုအကြောင်း ရေးဖွဲ့ထားသည့် ဘဝသရုပ်ဖော်ဝတ္ထု The Cave ကိုလည်းကောင်းရေးဖွဲ့ခဲ့သည်။ ဟိုစေးဆာရာမာဂိုသည် ပေါ်တူဂီနိုင်ငံ၏ စာပေဩဇာကြီးမားလှသည့် ကမူးစာပေဆုကိုလည်းဆွတ်ခူးရရှိခဲ့ပေသည်။ ၁၉၉၈ ခုနှစ်တွင် စာပေနိုဘယ်လ် ဆုရရှိခဲ့ပြီးအသက် ၈၇ နှစ် အရွယ် ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၈ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။[၁]

ဟိုစေးဆာရာမာဂို၏စာများနှင့် မြန်မာစာဖတ်ပရိသတ်တို့ အကျွမ်းဝင်စေရန် ဆရာမြင့်သန်းက ဆာရာမာဂို၏ 'The cave' ဝတ္ထုကို မြန်မာဘာသာသို့ပြန်ဆိုထုတ်ဝေခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အနှစ်ချုပ်(၂၀၁၁)
  2. မြင့်သန်း၏ ဂူ(၂၀၁၅၊ဒီဇင်ဘာ)-ရာပြည့်စာအုပ်တိုက်