ဆရာဉာဏ် (စာရေးဆရာ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဉာဏ်၊ ဆရာ(၁၈၉၇ - ၁၉၇၈)[ပြင်ဆင်ရန်]

သီဟိုဠ်သား ဖြစ်လျက် မြန်မာနိုင်ငံတွင် ထိပ်တန်းပညာရှိကြီး တစ်ဦးအဖြစ် ထင်ရှားခဲ့သော ဆရာဉာဏ်သည် သီဟိုဠ်ကျွန်း ( ယခု သီရိလင်္ကာနိုင်ငံ ) ဟောရာဏ မြို့အပိုင် ကုလုပန ရွာဇာတိ ဖြစ်သည်။ အဖသူကြွယ်မျိုး ဘခတိယန်နှင့် အမိစမ္ပောဟောမိ တို့မှ ခရစ်နှစ် ၁၈၉၇ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ အသက် ရှစ်နှစ်အရွယ်တွင် ဟောရာဏ၌ ရှင်သာမဏေပြုကာ သဒ္ဒါ၊ သင်္ဂြိုဟ်စသော ပိဋကတ် အခြေခံကျမ်းများကို စတင်သင်ယူခဲ့သည်။ သာမဏေဘွဲ့မှာ ရှင်အမတဇောတိ ဖြစ်သည်။ မြန်မာနှစ် ၁၂၆၈ ခုနှစ်တွင် ရွှေကျင်နိကာယ ဥက္ကဋ္ဌ မဟာနာယက ဖြစ်တော်မူသော အဂ္ဂမဟာပဏ္ဍိတ ညောင်တုံးမြို့ ရွှေဟင်္သာတောရတိုက် စံကျောင်းဆရာတော်ဘုရားကြီးသည် သီဟိုဠ်ကျွန်းသို့ ကြွတော်မူခိုက် ဆရာတော် အရှင်ဝိနယာလင်္ကာရသာသနာတော်၌ အလားအလာရှိသော သီဟိုဠ်သား သာမဏေအပါး ( ၂ ၀ ) တို့ကို မြန်မာနိုင်ငံ၌ ပညာသင်ကြားရန် စံကျောင်း ဆရာတော်ဘုရားကြီးထံ အပ်နှံလိုက်သည်။ ယင်းသီဟိုဠ်သား သာမဏေ အပါး ( ၂၀ ) တွင် အသက် ( ၁၀ ) နှစ်အရွယ် အရှင် အမတဇောတိ လည်း ပါဝင်သည်။. ရှင်အမတဇောတို တို့ အဖွဲ့သည် ညောင်တုံးမြို့ ရွှေဟင်္သာတောရတိုက်သို့ ရောက်ရှိလာ၍ ယင်းတိုက်၌ ပညာသင်ယူနေစဉ် အမတဇောတိသည် အလွန်ဉာဏ်ကောင်းလှသောကြောင့် စံကျောင်းဆရာတော်ဘုရားကြီးက ရှင်ဝဇိရဉာဏဟု ဘွဲ့မည်သပေးခဲ့သည်။


ရှင်ဝဇီရဉာဏသည် ( ၁၂ )နှစ်အရွယ်တွင် ရေနံချောင်းစာမေးပွဲ၌ ပထမတန်းကို အောင်မြင်ခဲ့သည်။ တစ်ဆက်တည်းမှာပင် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၌ လည်း အငယ်၊ အလတ်တန်းတို့ကို သာမဏေအဖြစ် ဖြင့်ပင် အောင်မြင်ခဲ့သည်။ ရဟန်းဘဝသို့ ရောက်ရှိပြီးနောက် မကြာမီ အစိုးရပထမကြီးတန်းကိုအောင်မြင်ခဲ့သည်။ ထို့နောက် ရှင်ဝဇီရဉာဏသည် မော်လမြိုင်မြို့ ကျိုက်သလန်ဘုရား အနောက်ဘက် ကြံခင်းကျောင်းတိုက်၌ စာသင်တိုက်တည်ကာ စာပို့ချနေသော အရှင်အာဒိစ္စဝံသထံ၌ အရှင်သေဋ္ဌိလ ( နောင် နိုင်ငံခြားသာသနာပြုဆရာတော် ) နှင့် အတူ ဆက်လက်ပညာသင်ကြားခဲ့သည်။ ၁၂၇၈ ခုနှစ် ရဟန်းတစ်ဝါ ရချိန်တွင် သထုံမြို့ ပရိယတ္တိသာသနိနုဂ္ဂဟ စာမေးပွဲကြီး၌ ရှင်ဝဇီရဉာဏသည် အမှတ်အများဆုံးဖြင့် ပထမကျော်အောင်မြင်ခဲ့သည်။ မန္တလေးမြို့ အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်း ဆရာတော်ဘုရားကြီးထံ၌လည်း ပါဠိပိဋကတ်များကို သင်ယူခဲ့ဖူးသည့်ပြင် ၁၂၇၉ ခုနှစ်တွင် မန္တလေးမြို့ သကျသီဟ စာမေးပွဲကြီး၌ အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သည်။ ရှင်ဝဇီရဉာဏသည် ပါဠိစာပေများအပြင် သက္ကတစာပေများ၌လည်း ထူးချွန်ခဲ့သည်။ ထို့နောက် အရှင်ဝဇီရဉာဏသည် ဆရာဉာဏ် အမည်ခံယူကာ ရဟန်းဘဝမှ လူ့ဘဝသို့ ကူးပြောင်းခဲ့သည်။ လူဝတ်လဲပြီးနောက် ၁၉၂၄ မှ ၁၉၄၃ အထိ ရန်ကုန်မြို့ သုဓမ္မဝတီ ပိဋကတ်ပုံနှိပ်တိုက်၌ ပါဠိဆရာအဖြစ်ဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထို့ နောက် ဆရာဉာဏ်သည် ဟံသာဝတီပိဋကတ် ပုံနှိပ်တိုက်တွင် ပါဠိဆရာအဖြစ် ၁၉၄၃ မှ ၁၉၅၂ ခုနှစ်အထိ ကိုးနှစ်တိတိ လုပ်ကိုင်ခဲ့သည်။ ယင်းကိုးနှစ်အတွင်း ဆာဦးသွင်ကြီးမှူးသော မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ်ကြီးက ယခင် ပုံမနှိပ်ဘူးသေးသော စရိယာ ပိဋက ၊ အဋ္ဌကထာ၊ ပဏ္ဍာသဋီကာ စသော ပါဠိကျမ်းဂန်များကို ရိုက်နှိပ်ရာ၌ ဆရာဉာဏ်ကိုပင် ကြီးကြပ်ပြင်ဆင်ပေးရန် ယုံကြည်စွာ တာဝန်ပေးခဲ့ကြသည်။ ပိဋကတ် တော် မြန်မာပြန်စီမံကိန်းအရ သာသနာ ရေး ဝန်ကြီးဌာန လက်အောက်တွင် ၁၉၅၂ ခုနှစ်မှ စ၍ အယ်ဒီတာအဖြစ် လည်းကောင်း၊ ပိဋကတ်တော်မြန်မာပြန်ဌာန ဒုတိယ အယ်ဒီတာ ချုပ်အဖြစ်လည်းကောင်း၊ ဗုဒ္ဓသာသနာ့ အဖွဲ့ ပုံနှိပ်တိုက် စာပြင်မှူးချုပ် အဖြစ်လည်းကောင်း၊ တွဲဖက်ပုံနှိပ်တိုက်အရာရှိ အဖြစ်လည်းကောင်း အဆင့်ဆင့် တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ ဆရာဉာဏ်သည် မြန်မာ့စွယ်စုံကျမ်း စီစဉ်ရေး အဖွဲ့တွင် အဖွဲ့ဝင်လူကြီးအဖြစ်ဖြင့်လည်း တာဝန်ထမ်းခဲ့သည်။ ဆရာဉာဏ်သည် ရဟန်းဘဝဖြင့် ‘ဉာဏ်အလင်းပြကျမ်း’ ကို ရေးသားခဲ့သည်။ လူဝတ်လဲပြီးနောက် ပါဠိသဒ္ဒါချုပ်၊ အခြေပြုပါဠိဘာသာကျမ်း၊ ဝိပဿနာ အလင်းပြကျမ်း၊ မေတ္တသုတ် အဖွင့်လက်စွဲ၊ ဩကာသ ဘုရားရှိခိုး အလင်းပြ၊ ပါဠိအင်္ဂလိပ်စကားသင်နည်း၊ ပစ္ဆိမာရာမိက မဟာထေရုပ္ပတ္တိ ဝဏ္ဏနာ စတုတ္ထဝဏ္ဏနာ ပါဌ် တို့ကို ရေးသားပြုစုခဲ့သည်။ ဓာတွတ္ထဝဏ္ဏနာ ပါဌ်ကို သီဟိုဠ်ကျွန်း၌ ပုံနှိပ်ထုတ်ဝေခဲ့ပြီး ယင်းကျမ်းကို ‘ပါဠိဓာတ်အဘိဓာန်ကျမ်း’ အမည်ဖြင့် မြန်မာနိုင်ငံ၌ မြန်မာလို ပြန်ဆို ထုတ်ဝေခဲ့သည်။ လယ်တီဆရာတော်ဘုရားကြီး ရေးသား ပြုစုသော ‘အင်္ဂ္ဂဒီပနီကျမ်း ’ ကိုလည်း သီဟိုဠ်ဘာသာဖြင့် ပြန်ဆိုခဲ့သည်။ ထို့ပြင် လောတ္ထသင်္ဂဟဝဏ္ဏနာကျမ်းကို သီဟိုဠ်နိုင်ငံ၌ပင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ပါဠိပိဋကတ် ကျွမ်းကျင်မှုကြောင့် သီဟိုဠ်ကျွန်း မဟာသံဃအဖွဲ့ကြီးက ဆရာဉာဏ်အား ပါဠိပါမောက္ခဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ၁၉၅၆ တွင် မြန်မာနိုင်ငံ အစိုးရ ကလည်း ‘မဟာပညာဗလ’ ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ တစ်ဖန် ၁၉၅၆ ခုနှစ်၌ ပင် သီဟိုဠ်နိုင်ငံ အစိုးရ ယဉ်ကျေးမှုဌာန ရှရီလင်္ကာသာဟိစ္စမဏ္ဏလ အသင်းကြီးက ( F.L.A ) ခေါ် စာပေပါရဂူဘွဲ့ကို ချီးမြှင့်ခဲ့ပြန်သည်။ ယင်းပါရဂူဘွဲ့မှာ တစ်ကမ္ဘာ့လုံးတွင် ( ၁၂ ) ဦးသာ ရရှိသေးရာ ဗြိတိန်မှ နှစ်ဦးနှင့် မြန်မာနိုင်ငံမှ ဆရာဉာဏ်တို့ ပါဝင်လေသည်။ ဆရာဉာဏ်သည် ၁၉၇၈ ခုနှစ်၊ ဇူလိုင်လ ( ၂၃ ) ရက်နေ့တွင် အသက် ( ၈၁ ) နှစ်အရွယ်၌ ကွယ်လွန်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ် ( ၁၉၇၉ ) ၊ စာ ၁၅၂၊ ၁၅၃။