မာတိကာသို့ ခုန်သွားရန်

ဆဋ္ဌမမြောက် အက်ဒွပ်ဘုရင်

ဝီကီပီးဒီးယား မှ
ဆဋ္ဌမမြောက် အက်ဒွပ်ဘုရင်
Formal portrait in the Elizabethan style of Edward in his early teens. He has a long pointed face and a small full mouth.
Portrait c. 1550
အင်္ဂလန်နိုင်ငံ၏ဘုရင် နှင့် အိုင်ယာလန်နိုင်ငံ၏မင်းဆက်များ
နန်းသက်၂၈ ဇန်နဝါရီ ၁၅၄၇ - ၆ ဇူလိုင် ၁၅၅၃
နန်းတက်ချိန်၂ဝ ဖေဖော်ဝါရီ ၁၅၄၇
ရှေ့မင်းဆက်အဋ္ဌမမြောက် ဟင်နရီဘုရင်ကြီး
နောက်မင်းဆက်လေဒီဂျိန်းဂရေး (ဖယ်ရှားခံရ) သို့ ပထမမြောက်မေရီဘုရင်မ
ရင်ခွင်ပိုက် အုပ်စိုးသူဆိုးမားဆက်မြို့စားအက်ဒွပ်ဆေးမွား (၁၅၄၇-၁၅၄၉)
နော့ခ်သန်းဗားလန်းမြို့စားဂျွန်ဒက်လေ (၁၅၅၀-၁၅၅၃)
မွေးဖွား၁၂ အောက်တိုဘာ ၁၅၃၇
ဟမ်ပတန်ကို့ခ်နန်းတော်၊ ဆာရေးမြို့၊ အင်္ဂလန်နိုင်ငံ
ကွယ်လွန်၆ ဇူလိုင် ၁၅၅၃ (အသက် ၁၅)
ပလက်စန်းတီးယားနန်းတော်, ဂရင်းနစ်မြို့၊ အင်္ဂလန်နိုင်ငံ
ထာဝရ အိပ်စက်ရာ နေရာ၈ ဩဂုတ် ၁၅၅၃
ဝက်စ်မင်စတာဘုရားရှိခိုးကျောင်း
စံအိမ်တူးဒါအိမ်တော်
ခမည်းတော်အဋ္ဌမမြောက် ဟင်နရီဘုရင်ကြီး
မယ်တော်ဂျိန်းဆေးမွား
ကိုးကွယ်မှုပရိုတက်စတင့်ဝါဒ
လက်မှတ်

ဆဌမမြောက် အက်ဒွပ်ဘုရင် (အောက်တိုဘာ ၁၂၊ ၁၅၃၇ - ဇူလိုင် ၆၊ ၁၅၅၃) သည် ၁၅၄၇ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှ ၁၅၅၃ ခုနှစ် သူကွယ်လွန်သည်အထိ အင်္ဂလန်နှင့် အိုင်ယာလန်နိုင်ငံ၏ ဘုရင်ဖြစ်ခဲ့သည်။ သူသည် ၁၅၄၇ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အသက်ကိုးနှစ်အရွယ်ဖြင့် နန်းတက်ဘိသိက်ခံခဲ့သည်။ ဟင်နရီ (၈) နှင့် သူ၏တတိယမြောက်ဇနီး ဂျိန်းဆေမွား တို့မှ ဆင်းသက်လာသော တစ်ဦးတည်းသော သားကျန်ရစ်သူဖြစ်ပြီး၊ အင်္ဂလန်သမိုင်းတွင် ပရိုတက်စတစ် ဘာသာဝင်အဖြစ် ပထမဆုံးပျိုးထောင်ကြီးပြင်းလာခဲ့ရသော အင်္ဂလန်ဘုရင်ဖြစ်သည်။[၁] အက်ဒွပ် သည် အရွယ်မရောက်သေးသဖြင့် သူ၏စိုးစံကာလတစ်လျှောက်တွင် တိုင်းနိုင်ငံကို ရာဇပလ္လင်ထိန်းသိမ်းရေးကောင်စီက အုပ်ချုပ်ခဲ့သည်။ ဤကောင်စီကို ဦးစွာပထမ သူ၏ဦးလေးဖြစ်သူ ဆွန်မားဆက်မြို့စား အက်ဒွပ်ဆေးမွား (၁၅၄၇-၁၅၄၉) က ဦးဆောင်ခဲ့ပြီး၊ ထို့နောက် နော်သမ်ဘာလန်မြို့စား ဂျွန်ဒတ်လေ (၁၅၅၀-၁၅၅၃) က ဆက်လက်ဦးဆောင်ခဲ့သည်။

အက်ဒွပ်၏ စိုးစံကာလသည် စီးပွားရေးပြဿနာများစွာနှင့် လူမှုရေးမငြိမ်မသက်မှုများကြောင့် မှတ်သားဖွယ်ဖြစ်ခဲ့ပြီး ၁၅၄၉ ခုနှစ်တွင် အုံကြွမှုနှင့် ပုန်ကန်မှုများအထိ ဖြစ်ပွားခဲ့သည်။ စကော့တလန်နှင့် ဖြစ်ပွားခဲ့သော ငွေကုန်ကြေးကျများသည့် စစ်ပွဲမှာ အစပိုင်းတွင် အောင်မြင်သော်လည်း နောက်ဆုံးတွင် ငြိမ်းချမ်းရေးအတွက် စကော့တလန်နှင့် ဘူလွန်ဆူမာမှ စစ်တပ်များကို ရုပ်သိမ်းခဲ့ရသည်။ ဘာသာရေးကိစ္စများကို အထူးစိတ်ဝင်စားသော အڈဝပ်လက်ထက်တွင် အင်္ဂလန်ဘုရားကျောင်း ကို ပရိုတက်စတစ်အဖြစ်သို့ အသွင်ပြောင်းလဲခဲ့သည်။ သူ၏ဖခင် အဌမမြောက်ဟင်နရီဘုရင်ကြီး သည် အင်္ဂလန်ဘုရားကျောင်းနှင့် ရိန်းမြို့တို့၏ ဆက်သွယ်မှုကို ဖြတ်တောက်ခဲ့သော်လည်း ကက်သလစ်အယူအဆနှင့် ရိုးရာဓလေ့ထုံးစံအများစုကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ အက်ဒွပ်၏ လက်ထက်တွင်မူ ပရိုတက်စတစ်ဝါဒကို အင်္ဂလန်၌ ပထမဆုံးအကြိမ် တရားဝင်စတင်တည်ထောင်ခဲ့ပြီး၊ ဘုန်းကြီးများ လက်ထပ်ခွင့်မရှိခြင်းကို ဖျက်သိမ်းခြင်း၊ လက်တင်ဘာသာဖြင့် မက်စ် ပူဇော်ခြင်းကို ပိတ်ပင်ခြင်းနှင့် ဘုရားကျောင်းဝတ်ပြုရာတွင် အင်္ဂလိပ်ဘာသာကို မဖြစ်မနေ အသုံးပြုစေခြင်းတို့ အပါအဝင် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည်။

၁၅၅၃ ခုနှစ် အသက် ၁၅ နှစ်အရွယ်တွင် အက်ဒွပ် သည် နာမကျန်းဖြစ်ခဲ့သည်။ သူ၏ရောဂါမှာ ကုသမရနိုင်တော့ကြောင်း သိရှိရသောအခါ၊ တိုင်းပြည်အတွင်း ကက်သလစ်ဝါဒ ပြန်လည်လွှမ်းမိုးလာခြင်းကို တားဆီးရန်အတွက် သူနှင့် သူ၏ကောင်စီသည် "ထီးနန်းဆက်ခံမှုဆိုင်ရာ အစီအမံ" ကို ရေးဆွဲခဲ့ကြသည်။ အက်ဒဝပ်သည် သူနှင့်တစ်ဝမ်းကွဲတော်စပ်ပြီး ပရိုတက်စတစ်ဘာသာဝင်ဖြစ်သူ (လေဒီဂျိန်းဂရေး) ကို သူ၏ထီးနန်းဆက်ခံသူအဖြစ် အမည်နာမပေးခဲ့ပြီး၊ သူ၏ဖအေတူမအေကွဲ ညီမများဖြစ်ကြသော မေရီ နှင့် အဲလိဇဘက် တို့ကိုမူ ချန်လှပ်ထားခဲ့သည်။

အစောပိုင်းကာလ

[ပြင်ဆင်ရန်]

မွေးဖွားစဉ်ကာလ

[ပြင်ဆင်ရန်]

အက်ဒွပ်ကို ၁၅၃၇ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် မစ်ဒဲဆက်စ် ရှိ ဟမ်ပတန်ကိုးတ်နန်းတော် ရှိ သူ၏မိခင်ဖြစ်သူ၏ အဆောင်၌ ဖွားမြင်ခဲ့သည်။ သူသည် အဌမမြောက် ဟင်နရီဘုရင်ကြီး နှင့် တတိယမြောက်ဇနီး ဂျိန်းဆေးမွားတို့၏ သားတော်ဖြစ်ပြီး၊ အဌမမြောက်ဟင်နရီဘုရင်ကြီး အတောင့်တရဆုံး အလိုချင်ဆုံးသော တစ်ဦးတည်းသော သားတော်ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ ပြည်သူများသည် "မိမိတို့ ကာလရှည်ကြာစွာ ဆာလောင်မွတ်သိပ်စွာ မျှော်လင့်ခဲ့ရသော" အိမ်ရှေ့စံသားတော် ပေါ်ထွန်းလာမှုကို ဝမ်းမြောက်ဝမ်းသာနှင့် စိတ်အေးချမ်းသာစွာဖြင့် ကြိုဆိုခဲ့ကြသည်။ ဘုရားကျောင်းများတွင် တေးသီချင်းများ သီဆိုခဲ့ကြပြီး၊ မီးပုံများ ထွန်းညှိခဲ့ကြသည့်အပြင် ထိုညတွင် တာဝါတစ်ခုလုံး၌ အမြောက်အချက်ပေါင်း ၂,၀၀၀ ကျော် ပစ်ဖောက် အောင်ပွဲခံခဲ့ကြသည်။

မိခင်ဖြစ်သူ ဘုရင်မ ဂျိန်းသည် မီးဖွားပြီးနောက် လျင်မြန်စွာ ပြန်လည်ကျန်းမာလာပုံပေါ်ပြီး "ကျွန်ုပ်တို၏ အရှင်မင်းကြီးနှင့် ကျွန်ုပ်တိုအကြား တရားဝင်အိမ်ထောင်ရေးမှ မင်းသားတစ်ပါး ဖွားမြင်တော်မူပြီ" ဖြစ်ကြောင်း သူမကိုယ်တိုင် လက်မှတ်ရေးထိုးထားသော စာလွှာများကို ပေးပို့ခဲ့သည်။ အက်ဒဝပ်ကို အောက်တိုဘာ ၁၅ ရက်တွင် ခရစ်ယာန်ဘာသာဝင်အဖြစ် ဗတ္တိဇံ မင်္ဂလာပြုခဲ့ပြီး၊ သူ၏ အသက် ၂၁ နှစ်အရွယ် ဖအေတူမအေကွဲအစ်မဖြစ်သူ လေဒီမေရီ က ခေါင်းကိုင်မိခင် အဖြစ် ဆောင်ရွက်ပေးခဲ့ကာ၊ ၄ နှစ်အရွယ် အစ်မတော် လေဒီအဲလိဇဘက် က ဗတ္တိဇံဝတ်ရုံ ကို သယ်ဆောင်ပေးခဲ့သည်။ ထို့နောက် ၎င်းအား ကွန်ဝေါမြို့စား နှင့် ချက်စတာနယ်စား အဖြစ် ကြေညာခဲ့သည်။

သို့သော်လည်း ဘုရင်မကြီးသည် မီးဖွားပြီးနောက် ဖြစ်ပွားတတ်သော နောက်ဆက်တွဲဝေဒနာများကြောင့် နာမကျန်းဖြစ်ကာ အက်ဒဝပ်ကို ဖွားမြင်ပြီး ရက်ပိုင်းအကြာ အောက်တိုဘာ ၂၄ ရက်တွင် ကွယ်လွန်သွားခဲ့သည်။ ဘုရင် ဟင်နရီ (၈) က ပြင်သစ်ဘုရင် ဖရန်စစ် (၁) ထံသို့ စာရေးသားရာတွင် "ဘုရားသခင်၏ အလိုတော်သည်... ကျွန်ုပ်အား ဤမျှပျော်ရွှင်မှု ပေးစွမ်းခဲ့သူ၏ သေဆုံးခြင်းဖြင့် ကျွန်ုပ်၏ဝမ်းမြောက်မှုကို ခါးသီးမှုနှင့် ရောနှောစေခဲ့ပြီ" ဟု ဖော်ပြခဲ့သည်။

ကြီးပြင်းလာပုံနှင့် ပညာရေး

[ပြင်ဆင်ရန်]

အက်ဒွပ်သည် အစကတည်းက နို့စို့အားကောင်းပြီး ကျန်းမာသန်စွမ်းသော ကလေးငယ်တစ်ဦး ဖြစ်ခဲ့သည်။ ဖခင်ဖြစ်သူသည် သူ၏အပေါ်တွင် အလွန်အမင်း သဘောကျနှစ်သက်ခဲ့ပြီး ၁၅၃၈ ခုနှစ် မေလတွင် ဟင်နရီ (၈) သည် "သားတော်ကို ရင်ခွင်ထဲပွေ့ချီကာ ကျီစယ်နေပြီး ပြည်သူများ မြင်တွေ့ကာ စိတ်သက်သာရာရစေရန် ပြတင်းပေါက်တွင် ပွေ့ချီပြသခဲ့သည်" ကို တွေ့ရှိခဲ့ကြသည်။ ထိုနှစ် စက်တင်ဘာလတွင် နန်းရင်းဝန် လော့ဒ်အောဒ်လေက အက်ဒဝပ်သည် လျင်မြန်စွာ ကြီးထွားလာပြီး ခွန်အားဗလနှင့် ပြည့်စုံကြောင်း အစီရင်ခံခဲ့သလို၊ အခြားသော မှတ်တမ်းများတွင်လည်း သူ့ကို အရပ်ရှည်ပြီး ပျော်ပျော်နေတတ်သော ကလေးတစ်ဦးအဖြစ် ဖော်ပြကြသည်။ ဆဌမမြောက်အက်ဒွပ်ဘုရင် သည် အနာရောဂါ ထူပြောသော ကလေးတစ်ဦးဖြစ်သည်ဟူသော မိရိုးဖလာ အယူအဆကို ယခုခေတ်သစ် သမိုင်းပညာရှင်များက ငြင်းပယ်ခဲ့ကြသည်။ သူသည် အသက်လေးနှစ်အရွယ်တွင် အသက်အန္တရာယ်စိုးရိမ်ရသည့် "လေးရက်တစ်ကြိမ် ဖျားသော အဖျားရောဂါ" စွဲကပ်ခဲ့ဖူးသော်လည်း၊ ရံဖန်ရံခါ ဖျားနာခြင်းနှင့် မျက်စိမှုန်ခြင်းတို့မှအပ သူ၏နောက်ဆုံး ခြောက်လတာကာလ မတိုင်ခင်အထိ ယေဘုယျအားဖြင့် ကျန်းမာရေး အလွန်ကောင်းမွန်ခဲ့သည်။

အစပိုင်းတွင် အက်ဒွပ်ကို မင်းသား၏ အိမ်တော်ထိန်းကြီး "လော့ဒ်မစ္စထရက်စ်" ဖြစ်သူ မာဂရက် ဘရိုင်ယန် ၏ လက်အောက်တွင် စောင့်ရှောက်ထားခဲ့သည်။ သူမ၏နောက်တွင် ဘလန့်ခ်ဟားဗတ်ထ်၊ လေဒီထရွိုင် က ဆက်ခံခဲ့သည်။ အက်ဒဝပ်သည် အသက်ခြောက်နှစ်အရွယ်အထိ "အမျိုးသမီးများ၏ ဝန်းရံစောင့်ရှောက်မှုအလယ်" တွင် ကြီးပြင်းခဲ့ရကြောင်း သူ၏ နောက်ပိုင်းရာဇဝင်မှတ်တမ်း တွင် ရေးသားထားခဲ့သည်။ အက်ဒဝပ်အတွက် ဖွဲ့စည်းပေးထားသော တရားဝင်တော်ဝင်အိမ်တော်ကို အစပိုင်းတွင် ဝီလျံဆစ်ဒနီကလည်းကောင်း၊ နောက်ပိုင်းတွင် ရစ်ချက်ပေ့ချ် ကလည်းကောင်း ကြီးကြပ်ခဲ့သည်။ ဟင်နရီ (၈) သည် မိမိ၏သားတော်ရှိရာ အိမ်တော်တွင် လုံခြုံရေးနှင့် သန့်ရှင်းရေးကို အဆင့်မြင့်ဆုံး စံနှုန်းများအတိုင်း ရှိနေစေရန် တင်းကျပ်စွာ တောင်းဆိုခဲ့ပြီး အက်ဒွပ်သည် "ဤတစ်နိုင်ငံလုံး၏ အဖိုးတန်ဆုံး ရတနာ" ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။ မင်းသားထံ လာရောက်လည်ပတ်သူများက သူ့ကို ကစားစရာများနှင့် သက်တောင့်သက်သာရှိမှုများ (သူ့အတွက် သီးသန့် တေးသံရှင်အဖွဲ့ အပါအဝင်) အပြည့်အစုံ ပံ့ပိုးပေးထားပြီး စိတ်ချမ်းသာနေသော ကလေးတစ်ဦးအဖြစ် ဖော်ပြခဲ့ကြသည်။

အသက်ခြောက်နှစ်အရွယ်မှစ၍ အက်ဒွပ်သည် ရစ်ချက်ကော့စ် နှင့် ဂျွန်ချိခ် တို့၏ လက်အောက်တွင် တရားဝင်ပညာသင်ကြားမှုကို စတင်ခဲ့ပြီး၊ သူကိုယ်တိုင် ပြန်လည်အမှတ်ရခဲ့သည့်အတိုင်း "ဘာသာစကားများ၊ ကျမ်းစာ၊ ဒဿနိကဗေဒနှင့် အနုပညာ၊ သိပ္ပံပညာရပ်များ" ကို အဓိကထား သင်ယူခဲ့သည်။ သူသည် သူ၏အစ်မ အယ်လီဇဘက်၏ ဆရာဖြစ်သူ ရော်ဂျာအက်ရှမ် နှင့် ဂျင်းဘယ်မိန်း တို့ထံမှလည်း ပညာသင်ယူခဲ့ပြီး ပြင်သစ်၊ စပိန်နှင့် အီတလီဘာသာစကားများကို တတ်မြောက်ခဲ့သည်။ ထို့အပြင် သူသည် ဂျီဩမေတြီဘာသာရပ်ကို လေ့လာခဲ့ပြီး လုဒ်စောင်း နှင့် ဗာဂျင်နယ် (အော်ဂန်ကဲ့သို့ တူရိယာတစ်မျိုး) တို့အပါအဝင် တူရိယာများကို တီးခတ်တတ်ခဲ့သည်။ သူသည် ကမ္ဘာလုံးများနှင့် မြေပုံများကို စုဆောင်းခဲ့ပြီး၊ ဒင်္ဂါးပြားသမိုင်းပညာရှင် စီအီးချာလစ် ၏ အဆိုအရ အက်ဒဝပ်သည် ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို ကောင်းစွာနားလည်သဘောပေါက်ပြီး ဉာဏ်ရည်မြင့်မားမှုကို ပြသခဲ့သည်။

အက်ဒွပ်၏ ဘာသာရေးပညာရေးသည် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များဘက်သို့ ယိမ်းခဲ့သည်ဟု ယူဆရသည်။ သူ၏ဘာသာရေးပတ်ဝန်းကျင်ကို ထိပ်တန်းပြုပြင်ပြောင်းလဲရေးသမားဖြစ်သူ ဂိုဏ်းချုပ်ဘုန်းကြီး သောမတ်စ်ကရမ်မာ က ရွေးချယ်ပေးခဲ့ခြင်း ဖြစ်နိုင်သည်။ ကော့စ်နှင့် ချိခ် နှစ်ဦးစလုံးသည်လည်း "ပြုပြင်ပြောင်းလဲထားသော" ကက်သလစ်များ (သို့မဟုတ်) အီရက်စမတ်ဝါဒီများ ဖြစ်ကြပြီး နောက်ပိုင်းတွင် ဘုရင်မ မေရီလက်ထက်၌ ပြည်ပသို့ တိမ်းရှောင်ခဲ့ကြသူများ ဖြစ်သည်။ ၁၅၄၉ ခုနှစ် ရောက်သောအခါ အက်ဒဝပ်သည် ပုပ်ရဟန်းမင်းကြီးကို ခရစ်တော်၏ရန်သူ အဖြစ် သတ်မှတ်သည့် ကျမ်းတစ်စောင်ကို ရေးသားခဲ့ပြီး ဘာသာရေးဆိုင်ရာ အငြင်းပွားမှုများကိုလည်း အချက်အလက်ကျကျ မှတ်စုထုတ်နိုင်ခဲ့သည်။ သို့သော်လည်း သူ၏ ငယ်စဉ်ဘဝက ဘာသာရေးဆိုင်ရာ ရှုထောင့်အများစုမှာ မက်စ် ဝတ်ပြုပွဲ ကျင်းပခြင်း၊ စိန့်သူတော်စင်များ၏ ရုပ်တုများနှင့် အမွေအနှစ်များကို အရိုအသေပြုခြင်း အပါအဝင် အခြေခံအားဖြင့် ကက်သလစ်ဘာသာအတိုင်းသာ ရှိနေသေးသည်။

အက်ဒွပ်၏ အစ်မတော်နှစ်ဦးစလုံးသည် မောင်တော်အပေါ် ဂရုစိုက်ကြပြီး မကြာခဏ လာရောက်လည်ပတ်လေ့ရှိသည်။ တစ်ခါက အဲလိဇဘက်သည် သူမကိုယ်တိုင် "လက်လုပ်ချုပ်လုပ်ထားသော" အင်္ကျီတစ်ထည်ကို အက်ဒဝပ်အား လက်ဆောင်ပေးခဲ့သည်။ အက်ဒွပ်သည် မေရီ၏အဖော်ပြုမှုကို "အထူးပင် စိတ်ကျေနပ်မှု ရှိခဲ့သည်"။ သို့သော်လည်း မေရီ၏ နိုင်ငံခြားအကများအပေါ် ဝါသနာပါမှုကိုမူ သူက သဘောမတူခဲ့ချေ။ "မောင်တော်က အစ်မတော်ကို အချစ်ဆုံးပါ" ဟု ၁၅၄၆ ခုနှစ်တွင် မေရီထံသို့ သူ စာရေးသားခဲ့သည်။ ၁၅၄၃ ခုနှစ်တွင် ဟင်နရီ (၈) သည် သူ၏သားသမီးများကို ခရစ္စမတ်ပွဲတော် အတူတူဆင်နွှဲရန် ဖိတ်ကြားခဲ့သည်။ ၎င်းသည် ယခင်က တရားမဝင်ဟု သတ်မှတ်ပြီး အမွေပြတ်စွန့်လွှတ်ခဲ့သော သမီးတော်များနှင့် ပြန်လည်သင့်မြတ်ခြင်းကို ပြသသည့် အရိပ်အယောင် ဖြစ်သည်။

နောက်တစ်နှစ် နွေဦးရာသီတွင် ဟင်နရီ (၈) သည် "တတိယအကြိမ် ထီးနန်းဆက်ခံမှုဆိုင်ရာ အက်ဥပဒေ" အားဖြင့် သမီးတော်များ၏ ထီးနန်းဆက်ခံခွင့် အဆင့်အတန်းကို ပြန်လည်သတ်မှတ်ပေးခဲ့ပြီး အက်ဒွပ် အရွယ်မရောက်သေးမီကာလအတွင်း အုပ်ချုပ်မည့် ရာဇပလ္လင်ထိန်းသိမ်းရေးကောင်စီ အတွက်လည်း ကြိုတင်စီမံပေးခဲ့သည်။ ဤကဲ့သို့ ထူးထူးခြားခြား မိသားစုစည်းလုံး ညီညွတ်မှုရှိလာခြင်းမှာ ဟင်နရီ (၈) ၏ ဆဌမမြောက်ဇနီး ကက်သရင်းပါး (Catherine Parr) ၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်။ အက်ဒဝပ်သည် သူမအား မကြာမီပင် ခင်မင်တွယ်တာလာခဲ့သည်။ သူသည် သူမအား "ကျွန်ုပ်၏ အချစ်ဆုံး မိခင်" ဟု ခေါ်ဆိုခဲ့ပြီး ၁၅၄၆ ခုနှစ် စက်တင်ဘာလတွင် သူမထံသို့ "ကျွန်ုပ်သည် မိခင်ကြီးထံမှ ကျေးဇူးတရားများစွာ ရရှိခဲ့သဖြင့် ကျွန်ုပ်၏စိတ်ထဲတွင် ထိုကျေးဇူးတရားများကို ကုန်စင်အောင်ပင် မတွေးတတ်တော့ပါ" ဟု စာရေးသားခဲ့သည်။

အက်ဒွပ်နှင့်အတူ ဆော့ကစားရန် အခြားသော ကလေးငယ်များကိုလည်း ခေါ်ဆောင်လာခဲ့ကြသည်။ ထိုကလေးများထဲတွင် သူ၏နန်းတွင်းမှူးကြီး ဝီလျံဆစ်ဒနီ၏ မြေးမလေးလည်း ပါဝင်ပြီး၊ သူမသည် အရွယ်ရောက်လာသည့်အခါ မင်းသားလေးအား "အလွန်အမင်း သဘောကောင်းပြီး သိမ်မွေ့ကာ ရက်ရောတတ်သော၊ အံ့ဩစရာကောင်းလောက်အောင် ချစ်စရာကောင်းသည့် ကလေးတစ်ဦး" အဖြစ် ပြန်လည်အမှတ်ရခဲ့သည်။ အက်ဒဝပ်သည် နန်းတော်အသေးစား ပုံစံမျိုးဖြင့် ဖွဲ့စည်းထားသော နေရာတွင် သူ့ကို "ခစားရန် ခန့်အပ်ထားသော" မှူးမတ်မျိုးနွယ်များ၏ သားသမီးများနှင့်အတူ ပညာသင်ကြားခဲ့သည်။ ၎င်းတို့ထဲမှ အိုင်ယာလန် သူကြွယ် တစ်ဦး၏ သားဖြစ်သူ ဘာနဘီ ဖစ်ဇ်ပက်ထရစ်သည် အက်ဒွပ်၏ ရင်းနှီးပြီး ရေရှည်တည်တံ့သော မိတ်ဆွေတစ်ဦး ဖြစ်လာခဲ့သည်။

အက်ဒွပ်သည် သူ၏အတန်းဖော်များထက် ကျောင်းစာတွင် ပိုမိုစိတ်အားထက်သန်ပြီး ၎င်းတို့ထက် ပိုမိုထူးချွန်ပုံရသည်။ မိမိ၏ "တာဝန်" ကို ကျေပွန်လိုစိတ်နှင့် အစ်မတော် အဲလိဇဘက်၏ ပညာရည်ထူးချွန်မှုအပေါ် ယှဉ်ပြိုင်လိုစိတ်တို့က သူ့ကို တွန်းအားပေးခဲ့သည်။ အက်ဒွပ်၏ ပတ်ဝန်းကျင်နှင့် ပိုင်ဆိုင်မှုများသည် တော်ဝင်ဆန်စွာ ခမ်းနားထည်ဝါလှသည် - သူ၏အခန်းများတွင် အဖိုးတန် ဖလန်းဒါးစ် ကော်ဇောကြီးများကို ချိတ်ဆွဲထားပြီး၊ သူ၏အဝတ်အစားများ၊ စာအုပ်များနှင့် ဇွန်း၊ ခက်ရင်း၊ ဓားများတွင် အဖိုးတန်ရတနာများနှင့် ရွှေများကို စီခြယ်ထားသည်။ ဖခင်ဖြစ်သူကဲ့သို့ပင် အက်ဒဝပ်သည် စစ်ရေးအတတ်ပညာများကို အလွန်စိတ်ဝင်စားခဲ့ပြီး၊ သူ၏ပုံတူပန်းချီကား အများစုတွင် ဟင်နရီ (၈) ကို အတုယူ၍ ကျောက်သံပတ္တမြားများ စီခြယ်ထားသော ဓားရိုးပါသည့် ရွှေဓားမြှောင်ကို ဆောင်ထားသည်ကို တွေ့ရသည်။ အက်ဒွပ်၏ ရာဇဝင်မှတ်တမ်း တွင် စကော့တလန်နှင့် ပြင်သစ်တို့ကို တိုက်ခိုက်ခဲ့သော အင်္ဂလိပ်စစ်တပ်၏ စစ်ဆင်ရေးများကိုလည်းကောင်း၊ ၁၅၄၇ ခုနှစ် မတ်ဆဲဘာ့ဂ် တွင် ဂျွန်ဒတ်လေ ဖမ်းဆီးခံရလုနီးပါး ဖြစ်ခဲ့သည့် စွန့်စားခန်းများကဲ့သို့သော အကြောင်းအရာများကိုလည်းကောင်း စိတ်အားထက်သန်စွာဖြင့် အသေးစိတ် မှတ်တမ်းတင်ထားခဲ့သည်။

ကြမ်းတမ်းသော စည်းရုံးသိမ်းသွင်းခြင်း

[ပြင်ဆင်ရန်]

၁၅၄၃ ခုနှစ် ဇူလိုင် ၁ ရက်တွင် ဟင်နရီ (၈) သည် စကော့တလန်သားများနှင့်အတူ ဂရင်းနစ်စာချုပ် ကို လက်မှတ်ရေးထိုးခဲ့ပြီး အက်ဒဝပ်နှင့် ခုနစ်လသားအရွယ်သာရှိသေးသော စကော့တလန်ဘုရင်မ မေရီ တို့ကို စုလျားရစ်ပတ် စေ့စပ်ပေးခြင်းဖြင့် ငြိမ်းချမ်းရေးကို အတည်ပြုခဲ့သည်။ ထိုဘုရင်မလေး မေရီသည် အက်ဒွပ် ၏ အဒေါ်ဖြစ်သူ (ဟင်နရီ၏အစ်မ) မာဂရက်တူးဒါ ၏ မြေးမလေးဖြစ်သည်။ ၁၅၄၂ ခုနှစ် နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့သော ဆောဝေးမော့စ်တိုက်ပွဲ ၌ စကော့တလန်သားများ အရေးနိမ့်ခဲ့ပြီးနောက် ၎င်းတို့ဘက်မှ အလျှော့အတင်းလုပ်နိုင်စွမ်း အားနည်းနေချိန်ဖြစ်သည်။ ထို့ကြောင့် တိုင်းနိုင်ငံနှစ်ခုကို ပေါင်းစည်းရန် ရည်ရွယ်ထားသော ဟင်နရီသည် မေရီအား အင်္ဂလန်တွင် လာရောက်ပျိုးထောင်ကြီးပြင်းစေရန် မိမိထံသို့ လွှဲပြောင်းပေးအပ်ရမည်ဟု စည်းကမ်းချက် ထည့်သွင်းခဲ့သည်။

သို့သော် ၁၅၄၃ ခုနှစ် ဒီဇင်ဘာလတွင် စကော့တလန်သားများက အဆိုပါစာချုပ်ကို ငြင်းပယ်ပယ်ဖျက်ပြီး ပြင်သစ်နှင့် ပြန်လည်မဟာမိတ်ဖွဲ့လိုက်သောအခါ ဟင်နရီသည် အလွန်အမင်း ဒေါသထွက်ခဲ့သည်။ ၁၅၄၄ ခုနှစ် ဧပြီလတွင် သူသည် အက်ဒွပ် ၏ဦးလေးဖြစ်သူ ဟတ်ဖို့ဒ်မြို့စား အက်ဒဝပ်ဆေးမွား အား စကော့တလန်သို့ ကျူးကျော်တိုက်ခိုက်ရန် အမိန့်ပေးခဲ့ပြီး "အရာအားလုံးကို မီးတိုက်၊ ဓားခုတ်လုပ်ပစ်ရန်၊ အီဒင်ဘာဂ် မြို့ကို ပြာကျအောင်ရှို့ရန်၊ မြို့ကို လုယက်ဖျက်ဆီးပြီးနောက် ၎င်းတို့၏ မရိုးသားမှုနှင့် သစ္စာမဲ့မှုတို့အတွက် ဘုရားသခင်၏ ကပ်ဒဏ်အမျက်တော် သင့်လေပြီဟူသော မှတ်တမ်းအဖြစ် ထာဝရကျန်ရစ်စေရန် မြို့တော်ကို အစအနမကျန် ဖျက်ဆီးပစ်ရန်" အမိန့်ထုတ်ခဲ့သည်။ ဆေမူးသည် အင်္ဂလိပ်တို့က စကော့တလန်သားများအပေါ် သမိုင်းတစ်လျှောက် ပြုလုပ်ခဲ့သမျှတွင် အရက်စက်ဆုံးသော စစ်ဆင်ရေးဖြင့် တုံ့ပြန်ခဲ့သည်။ အက်ဒဝပ်၏ စိုးစံကာလအထိ ဆက်လက်ဖြစ်ပွားခဲ့သော ထိုစစ်ပွဲကို "ကြမ်းတမ်းသော စည်းရုံးသိမ်းသွင်းခြင်း" ဟု လူသိများလာခဲ့သည်။

နန်းတက်ခြင်း

[ပြင်ဆင်ရန်]

အသက်ကိုးနှစ်အရွယ်သာရှိသေးသော အက်ဒွပ်သည် ၁၅၄၇ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ဟတ်ဖို့ဒ် မှနေ၍ သူ၏ဖခင်နှင့်မိထွေးတော် တို့ထံ စာရေးသားကာ ၎င်းတို့၏ ပုံတူပန်းချီကားများကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးသနားခဲ့သည့်အတွက် ကျေးဇူးတင်စကား ဆိုခဲ့သည်။ ဇန်နဝါရီ ၂၈ ရက်သို့ ရောက်သောအခါ အဌမမြောက် ဟင်နရီဘုရင်ကြီး ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ အာဏာစက်နှင့် နီးစပ်သူများဖြစ်ကြသော အက်ဒဝပ်ဆေးမွား နှင့် ဝီလျံပေ့ဂျတ် တို့သည် ထီးနန်းဆက်ခံမှု ချောမွေ့စေရန် ကြိုတင်ပြင်ဆင်မှုများ မပြုလုပ်ရသေးမီအထိ ဘုရင်ကြီးကွယ်လွန်သည့် သတင်းကို ဆိုင်းငံ့ထားရန် သဘောတူခဲ့ကြသည်။ ဆေးမွား နှင့် မြင်းထိန်းတော်ကြီးဖြစ်သူ ဆာ အန်တိုနီဘရောင်း တို့သည် ဟတ်ဖို့ဒ်ရှိ အက်ဒွပ်ကို သွားရောက်ခေါ်ဆောင်ခဲ့ပြီး လေဒီအဲလိဇဘက် နေထိုင်ရာ အန်းဖီးလ် သို့ ခေါ်ဆောင်လာခဲ့သည်။ ထို့နောက်မှ အက်ဒွပ်နှင့် အဲလိဇဘက်တို့အား ဖခင်ဖြစ်သူ ကွယ်လွန်ပြီဖြစ်ကြောင်း အသိပေးကာ သေတမ်းစာကို ဖတ်ကြားပြသခဲ့သည်။

နန်းရင်းဝန် သောမတ်စ်ရီယော့သ်စလေ က ဇန်နဝါရီ ၃၁ ရက်တွင် ပါလီမန်သို့ ဟင်နရီကွယ်လွန်ခြင်းကို တရားဝင်ကြေညာခဲ့ပြီး အက်ဒွပ် ထီးနန်းဆက်ခံကြောင်း တစ်နိုင်ငံလုံးသို့ ကြေညာချက်များ ထုတ်ပြန်ရန် အမိန့်ပေးခဲ့သည်။ ဘုရင်သစ်ကို လန်ဒန်တာဝါ သို့ ခေါ်ဆောင်လာခဲ့ပြီး တာဝါတစ်ခုလုံးနှင့် အနီးနားရှိ သင်္ဘောများပေါ်မှ အမြောက်မြားကို တပြိုင်နက်တည်း အုန်းအုန်းကျက်ကျက် ပစ်ဖောက်ကာ ကြိုဆိုခဲ့ကြသည်။ နောက်တစ်နေ့တွင် တိုင်းပြည်၏ မှူးမတ်မျိုးနွယ်များက တာဝါ၌ အက်ဒဝပ်အား သစ္စာခံ ဦးညွှတ်ခဲ့ကြပြီး ဆေမူးကို "နိုင်ငံတော်အုပ်ချုပ်ရေးခံ" အဖြစ် ကြေညာခဲ့သည်။ ဟင်နရီ (၈) ၏ ရုပ်ကလာပ်ကို ဖေဖော်ဝါရီ ၁၆ ရက်တွင် သူ၏ဆန္ဒအတိုင်း ဂျိန်းဆေးမွား၏ ဂူဗိမာန်ရှိရာ ဝင်ဆာ တွင် မြှုပ်နှံခဲ့သည်။

ဆဌမမြောက်အက်ဒွပ်ဘုရင် ၏ နန်းတက်ဘိသိက်မြောက်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက် တနင်္ဂနွေနေ့တွင် ဝက်စ်မင်စတာ ဘုရားရှိခိုးကျောင်း ၌ ကျင်းပခဲ့သည်။ အခမ်းအနား အစီအစဉ်များကို ဖြတ်တောက်ပြီး အချိန်တိုအတွင်း ကျင်းပခဲ့ရသည်၊ အကြောင်းမှာ "အလွန်အမင်း ရှည်လျားထွေပြားသော အခမ်းအနားသည် နုပျိုသောအရွယ်သာ ရှိသေးသည့် ဘုရင်မင်းမြတ်အား ပင်ပန်းနွမ်းနယ်စေပြီး ကျန်းမာရေး ထိခိုက်စေနိုင်ခြင်း" ကြောင့်ဖြစ်ပြီး၊ တစ်ချက်မှာလည်း ဘာသာရေးပြုပြင်ပြောင်းလဲမှုများကြောင့် အချို့သော ထုံးတမ်းစဉ်လာများမှာ ယခုခေတ်ကာလနှင့် မဆီလျော်တော့သောကြောင့် ဖြစ်သည်။

ဘိသိက်ခံပွဲ မတိုင်ခင်ညတွင် အက်ဒဝပ်သည် တာဝါမှ ဝက်စ်မင်စတာနန်းတော်သို့ မြင်းစီးကာ ထွက်ခွာခဲ့ပြီး လမ်းတစ်လျှောက်တွင် လူအုပ်ကြီးနှင့် ခမ်းနားသော ပြပွဲပြသမှုများဖြင့် ကြိုဆိုခဲ့ကြသည်။ ၎င်းပြပွဲအများစုမှာ ယခင်က ကလေးဘုရင်တစ်ပါးဖြစ်ခဲ့ဖူးသော ဆဌမမြောက်ဟင်နရီဘုရင် ၏ နန်းတက်ပွဲ ပြပွဲများကို အခြေခံထားခြင်း ဖြစ်သည်။ စိန့်ပေါလ်ဘုရားကျောင်း အပြင်ဘက်တွင် "ဂျွမ်းထိုးပြီး ချစ်စရာကောင်းသော ကပြဖျော်ဖြေမှုများ" ပြုလုပ်နေသည့် စပိန်လူမျိုး ကြိုးတန်းလျှောက်သမားတစ်ဦးကို မြင်တွေ့ကာ ဘုရင်လေးသည် သဘောကျရယ်မောခဲ့သည်။

ဘိသိက်ခံ ဝတ်ပြုပွဲတွင် ဂိုဏ်းချုပ်ဘုန်းကြီး ကရမ်မာ က ဘုရင်၏ သာသနာပိုင်အာဏာ စိုးမိုးမှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး အက်ဒဝပ်အား "ဒုတိယမြောက် ယောရှိဘုရင်" အဖြစ် တင်စားကာ "ရုပ်တုဆင်းတုများကို ဖယ်ရှားပြီး ပုပ်ရဟန်းမင်းကြီး၏ ဖိနှိပ်ချုပ်ချယ်မှုများကို ပြည်သူများထံမှ မောင်းထုတ်လျက်" အင်္ဂလန်ဘုရားကျောင်း ပြုပြင်ပြောင်းလဲရေးကို ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ ဝတ်ပြုပွဲအပြီးတွင် အက်ဒဝပ်သည် ဝက်စ်မင်စတာခန်းမ၌ ကျင်းပသော တော်ဝင်စားသောက်ပွဲကို ဦးဆောင်ခဲ့ပြီး၊ သူ၏ရာဇဝင်မှတ်တမ်းတွင် ဖော်ပြထားသည့်အတိုင်း ခေါင်းတွင် သရဖူကို ဆောင်းလျက် စားသောက်ခဲ့သည်။

ဆွန်မားဆက်၏ အုပ်ချုပ်ရေးခံကာလ

[ပြင်ဆင်ရန်]

ရာဇပလ္လင်ထိန်းသိမ်းရေးကောင်စီ

[ပြင်ဆင်ရန်]

အဌမမြောက်ဟင်နရီဘုရင်ကြီး ၏ သေတမ်းစာတွင် ဆဌမမြောက်အက်ဒွပ်ဘုရင် အသက် ၁၈ နှစ်ပြည့်သည်အထိ ကောင်စီအဖြစ် ဆောင်ရွက်ရန် အမှုဆောင် ၁၆ ဦး ကို အမည်နာမပေးခဲ့သည်။ ထို့ပြင် အကူအညီတောင်းခံသည့်အခါ ပံ့ပိုးပေးရန် "အကြံပေးကောင်စီဝင်" ၁၂ ဦးကိုလည်း ဖြည့်စွက်ခန့်အပ်ခဲ့သည်။ ဟင်နရီ (၈) ၏ သေတမ်းစာ နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ သမိုင်းပညာရှင်များအကြား အငြင်းပွားစရာ ဖြစ်ခဲ့သည်။ အချို့သော သမိုင်းပညာရှင်များ၏ အဆိုအရ ဘုရင်နှင့် နီးစပ်သူများသည် မိမိတို့၏ စီးပွားရေးနှင့် ဘာသာရေးအကျိုးအမြတ်အတွက် အာဏာကို ခွဲဝေယူနိုင်ရန် ဘုရင်ကြီးကို သော်လည်းကောင်း၊ သေတမ်းစာကို သော်လည်းကောင်း လိမ်လည်ခြယ်လှယ်ခဲ့ကြသည် ဟု ယူဆကြသည်။ ဤအမြင်အရ ၁၅၄၆ ခုနှစ်အကုန်တွင် တော်ဝင်အတိုင်ပင်ခံကောင်စီ အတွင်းရှိ အင်အားစုများသည် ဘာသာရေးပြုပြင်ပြောင်းလဲရေးသမားများဘက်သို့ ယိမ်းသွားခဲ့သည်။ ထို့အပြင် ထိပ်တန်းကွန်ဆာဗေးတစ် (ရှေးရိုးစွဲ) ကောင်စီဝင်နှစ်ဦးမှာလည်း အာဏာဗဟိုချက်မှ ဖယ်ရှားခြင်း ခံခဲ့ရသည်။

စတီဖင် ဂါဒီနာသည် ဟင်နရီ၏ နောက်ဆုံးလများတွင် ဘုရင်ထံ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်း ခံခဲ့ရသည်။ နော်ဖော့ခ်မြို့စား သီအိုမတ်စ် ဟိုးဝပ် မှာမူ နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွပ်စွဲခံခဲ့ရသည်။ ဘုရင်ကြီးမကွယ်လွန်မီ တစ်ရက်အလိုတွင် သူ၏ကြီးမားလှသော မြေယာပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့သဖြင့် ထိုမြေယာများကို ပြန်လည်ခွဲဝေပေးရန် လမ်းပွင့်သွားခဲ့ပြီး၊ သူသည် အက်ဒဝပ်စိုးစံသည့် ကာလတစ်ခုလုံးကို လန်ဒန်တာဝါအကျဉ်းထောင်ထဲတွင် ဖြတ်သန်းခဲ့ရသည်။ သို့သော် အခြားသော သမိုင်းပညာရှင်များကမူ ဂါဒီနာကို ဖယ်ရှားခြင်းမှာ ဘာသာရေးနှင့်မဆိုင်သော ကိစ္စရပ်များကြောင့်ဖြစ်ပြီး၊ နော်ဖော့ခ်သည်လည်း ဘာသာရေးတွင် ထင်ထင်ရှားရှား ရှေးရိုးစွဲသမားတစ်ဦးမဟုတ်ကြောင်း၊ ကောင်စီတွင် ရှေးရိုးစွဲသမားများ ကျန်ရှိနေသေးသလို ဘုရင်၏ကိုယ်စားထိုးလက်မှတ် တံဆိပ်တုံး ကို ထိန်းချုပ်ထားသည့် အန်တိုနီ ဒင်းနီ ကဲ့သို့သောသူများ၏ ပြုပြင်ပြောင်းလဲရေးအစွန်းရောက်မှုမှာလည်း ငြင်းခုံစရာရှိကြောင်း ထောက်ပြကြသည်။

အခြေအနေ မည်သို့ပင်ရှိစေကာမူ ဟင်နရီကွယ်လွန်ပြီးနောက် အာဏာရအုပ်စုသစ်ထံသို့ မြေယာများနှင့် ဘွဲ့ထူးဂုဏ်ထူးများကို ရက်ရက်ရောရော ခွဲဝေပေးခဲ့ကြသည်။ သေတမ်းစာ၏ နောက်ဆုံးမိနစ်တွင် "မပြည့်စုံသေးသော လက်ဆောင်များ" ဟူသည့် အပိုဒ်တစ်ခုကို ဖြည့်စွက်ခဲ့ပြီး ၎င်းအချက်က အမှုဆောင်များအား မိမိတို့ကိုယ်တိုင်နှင့် နန်းတွင်းအဖွဲ့ဝင်များထံ မြေယာနှင့် ဘွဲ့ထူးများကို လွတ်လပ်စွာ ခွဲဝေယူခွင့် ပေးခဲ့သည်။ အထူးသဖြင့် ဘုရင်သစ်၏ဦးလေးဖြစ်သူ အက်ဒဝပ်ဆေးမွားသည် တိုင်းနိုင်ငံ၏ အုပ်ချုပ်ရေး ၊ ဘုရင်၏အုပ်ထိန်းသူ နှင့် ဆွန်မားဆက်မြို့စား ဘွဲ့ထူးများကို ရယူကာ အာဏာအရှိဆုံး ဖြစ်လာခဲ့သည်။

ဟင်နရီ (၈) ၏ သေတမ်းစာတွင် နိုင်ငံတော်အုပ်ချုပ်ရေးခံ တစ်ဦးကို ခန့်အပ်ရန် ပြဋ္ဌာန်းထားခြင်း မရှိခဲ့ပါ။ ၎င်းအစား သားတော်အရွယ်မရောက်သေးမီကာလအတွင်း တိုင်းပြည်အုပ်ချုပ်ရေးကို လူတိုင်းတွင် "တူညီသော တာဝန်နှင့် အခွင့်အာဏာ" ရှိပြီး မဲခွဲဆုံးဖြတ်မှုစနစ်ဖြင့် စုပေါင်းအုပ်ချုပ်ရမည့် ရာဇပလ္လင်ထိန်းသိမ်းရေးကောင်စီထံသို့သာ လွှဲအပ်ခဲ့သည်။ သို့သော်လည်း ဟင်နရီကွယ်လွန်ပြီး ရက်ပိုင်းအကြာ ဖေဖော်ဝါရီ ၄ ရက်တွင် သေတမ်းစာအမှုဆောင်များသည် ဆွန်မားဆက်မြို့စားထံသို့ ဘုရင်တစ်ပါးကဲ့သို့ နီးပါးရှိသော အာဏာကို အပ်နှင်းရန် ရွေးချယ်ခဲ့ကြသည်။ အမှုဆောင် ၁၆ ဦးအနက် ၁၃ ဦး (ကျန်ရှိသူများမှာ ပျက်ကွက်) က ဆွန်မားဆက်အား အုပ်ချုပ်ရေးခံအဖြစ် ခန့်အပ်ရန် သဘောတူခဲ့ကြပြီး၊ ၎င်းသည် ဟင်နရီ၏ သေတမ်းစာပါ "အာဏာစက်အရ" မိမိတို့၏ စုပေါင်းဆုံးဖြတ်ချက်ဖြစ်သည်ဟု အကြောင်းပြခဲ့ကြသည်။ ဆွန်မားဆက်သည် လက်ဆောင်အစုအဝေးများ အသီးသီးရရှိခဲ့ကြသော အမှုဆောင်အချို့နှင့် လျှို့ဝှက်သဘောတူညီမှု ရယူခဲ့ခြင်း ဖြစ်နိုင်သည်။ သူသည် ဟင်နရီ (၈) ၏ ကိုယ်ရေးအရာရှိဖြစ်သူ ဝီလျံပေ့ဂျတ် နှင့် သဘောတူညီမှု ရယူခဲ့သလို၊ တော်ဝင်အိပ်ဆောင်ကောင်စီမှ ဆာ အန်တိုနီဘရောင်း ၏ ထောက်ခံမှုကိုလည်း ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ဆွန်မားဆက်ကို ခန့်အပ်ခြင်းမှာ သမိုင်းကြောင်းအရ အစဉ်အလာအတိုင်း ဖြစ်ခဲ့ပြီး၊ စကော့တလန်နှင့် ပြင်သစ်တို့တွင် ရရှိခဲ့သော သူ၏စစ်ရေးအောင်မြင်မှုများက ၎င်းရာထူးအတွက် အရည်အချင်း ပြည့်မီကြောင်းကို ပိုမိုခိုင်မာစေခဲ့သည်။ ၁၅၄၇ ခုနှစ် မတ်လတွင် သူသည် အက်ဒဝပ်ဘုရင်ထံမှ တော်ဝင်အမိန့်ပြန်တမ်း ကို ရယူနိုင်ခဲ့ပြီး ၎င်းအမိန့်အရ တော်ဝင်ကောင်စီ ဝင်များကို မိမိကိုယ်တိုင် ခန့်အပ်ခွင့်နှင့် မိမိအလိုရှိသည့်အခါမှသာ ၎င်းတို့နှင့် တိုင်ပင်ဆွေးနွေးခွင့် ဟူသော ဘုရင်တစ်ပါးကဲ့သို့သော အခွင့်အရေးကို ရရှိခဲ့သည်။ သမိုင်းပညာရှင် ဂျက်ဖရီ အယ်လ်တန် ၏ အဆိုအရ "ထိုအချိန်မှစ၍ သူ၏ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ရေးစနစ်မှာ ပြီးပြည့်စုံသွားခဲ့သည်" ဟု ဆိုသည်။ သူသည် တိုင်းပြည်ကို ကိုယ်ပိုင်အမိန့်ကြော်ငြာစာများဖြင့်သာ အဓိက အုပ်ချုပ်ခဲ့ပြီး၊ တော်ဝင်ကောင်စီအား သူ၏ဆုံးဖြတ်ချက်များကို သဘောတူလက်မှတ်ရေးထိုးပေးရုံမျှထက် ပို၍ မလုပ်ဆောင်စေခဲ့ပေ။

ဆွန်မားဆက်၏ အာဏာသိမ်းယူမှုမှာ ချောမွေ့ပြီး ထိရောက်မှု ရှိခဲ့သည်။ နန်းတွင်းသံအမတ် ဖရန်စစ် ဗန်ဒါဒဲလ်ဖ် က ဆွန်မားဆက်သည် ပေ့ဂျတ်ကို အတွင်းရေးမှူးအဖြစ် ထားရှိကာ "အရာအားလုံးကို အကြွင်းမဲ့ အာဏာဖြင့် စီမံခန့်ခွဲနေသည်" ဟု အစီရင်ခံခဲ့သည်။ သို့သော်လည်း ဂုဏ်ထူးဘွဲ့ထူးများ ခွဲဝေမှုတွင် ဝါဝစ်ခ်မြို့စား အဖြစ် ရာထူးတိုးမြှင့်ခံရသော ဂျွန်ဒတ်လေ ထံမှ ပြဿနာများ ကြုံတွေ့ရနိုင်ကြောင်း သံအမတ်က ကြိုတင်ခန့်မှန်းခဲ့သည်။ အမှန်တကယ်တွင်မူ သူ၏အုပ်ချုပ်ရေး အစောပိုင်းရက်သတ္တပတ်များ၌ ဆွန်မားဆက်ကို စိန်ခေါ်ခဲ့သူများမှာ ဆောက်သမ်ပတန်မြို့စား ဘွဲ့ဖြင့် သိမ်းသွင်း၍မရခဲ့သော နန်းရင်းဝန် သောမတ်စ်ရီယော့သ်စလေ နှင့် သူ၏ကိုယ်ပိုင်ညီအရင်းတို့သာ ဖြစ်သည်။ ဘာသာရေးအရ ရှေးရိုးစွဲသမားဖြစ်သူ ရီယော့သ်စလေသည် ကောင်စီအပေါ် ဘုရင်ကဲ့သို့ အာဏာလွှမ်းမိုးထားသော ဆွန်မားဆက်၏ လုပ်ရပ်ကို ကန့်ကွက်ခဲ့သည်။ ထို့နောက်တွင် သူသည် မိမိ၏ ရာထူးအချို့ကို ကိုယ်စားလှယ်များထံ လွှဲပြောင်းရောင်းချခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် နန်းရင်းဝန်ရာထူးမှ ရုတ်တရက် ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

သောမတ်စ်ဆေးမွား

[ပြင်ဆင်ရန်]

ဆူဒလေ၏ ဘာရွန် သောမတ်စ်ဆေးမွား

[ပြင်ဆင်ရန်]

ဆွန်မားဆက်သည် သူ၏ညီအရင်းဖြစ်သူ သောမတ်စ်ထံမှ ပိုမိုကိုင်တွယ်ရခက်ခဲသော ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သောမတ်စ်ကို သမိုင်းတွင် "အဖူးအငုံဘဝမှာတင် ဖျက်ဆီးမည့် ပိုးကောင်" ဟု တင်စားဖော်ပြခဲ့ကြသည်။ ဘုရင်၏ဦးလေးတစ်ဦးအနေဖြင့် သောမတ်စ်ဆေးမွား သည် ဘုရင်၏အုပ်ထိန်းသူအရာနှင့် ပိုမိုကြီးမားသောအာဏာခွဲဝေမှုကို တောင်းဆိုခဲ့သည်။ ဆွန်မားဆက်သည် သူ၏ညီကို ဘာရွန် (ဘာရွန်ဆိုသည်မှာ မြို့စား၊ ရွာစားအစရှိသဖြင့် လူပုဂ္ဂိုလ်တဦးဦးအားချီးမြှင့်မြှောက်စားခြင်းဖြစ်သည်။) ဘွဲ့ပေးခြင်း၊ ရေတပ်မင်းကြီး (ရေတပ်၏အကြီးအကဲ) အဖြစ် ခန့်အပ်ခြင်းနှင့် တော်ဝင်ကောင်စီတွင် အမတ်နေရာပေးခြင်းတို့ဖြင့် စည်းရုံးရန် ကြိုးပမ်းခဲ့သော်လည်း သောမတ်စ်မှာမူ အာဏာရရှိရန်အတွက်သာ စိတ်ဇောထက်သန်နေခဲ့သည်။ သူသည် အက်ဒွပ်ဘုရင်လေးထံသို့ မုန့်ဖိုးငွေများ တိတ်တဆိတ် ခိုးသွင်းပေးခဲ့ပြီး ဆွန်မားဆက်သည် ငွေကြေးကို အလွန်အမင်း တင်းကျပ်ထားသဖြင့် အက်ဒဝပ်ကို "သူတောင်းစားကဲ့သို့သော ဘုရင်" ဖြစ်အောင် လုပ်နေသည်ဟု ရန်တိုက်ပေးခဲ့သည်။

ထို့အပြင် သူသည် ဘုရင်လေးအား နှစ်နှစ်အတွင်း အုပ်ချုပ်ရေးခံကို ဖယ်ရှားပြီး "အခြားသောဘုရင်များကဲ့သို့ ကိုယ်တိုင်အာဏာစက်သုံးရန်" တိုက်တွန်းခဲ့သည်။ သို့သော် ကောင်စီ၏စကားကို နာခံရန် သွန်သင်ခံထားရသော အက်ဒွပ်သည် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ပေ။ ၁၅၄၇ ခုနှစ် နွေဦးရာသီတွင် သောမတ်စ်ဆေးမွားသည် ဆွန်မားဆက်၏ ကန့်ကွက်မှုကို ကျော်လွှားရန် အက်ဒွပ်၏ ထောက်ခံမှုကို အသုံးချကာ အဌမမြောက်ဟင်နရီဘုရင်ကြီး ၏ ဇနီးဟောင်း (မုဆိုးမဖြစ်သူ) ကက်သရင်းပါး နှင့် လျှို့ဝှက်လက်ထပ်ခဲ့သည်။ သူမ၏ ပရိုတက်စတစ် အိမ်ထောင်စုအတွင်း၌ အသက် ၁၁ နှစ်အရွယ် လေဒီဂျိန်းဂရေး(ဆဌမမြောက် အက်ဒွပ်ဘုရင် နတ်ရွာစံသည့်အခါ ကိုးရက်ကြာဘုရင်မဖြစ်လာခဲ့သူ) နှင့် အသက် ၁၃ နှစ်အရွယ် လေဒီအဲလိဇဘက် (နောင်တွင်ပထမမြောက်အဲလိဇဘက်ဘုရင်မကြီးဖြစ်လာမည့်သူ) တို့လည်း ပါဝင်နေထိုင်ကြသည်။

၁၅၄၈ ခုနှစ် နွေရာသီတွင် ကိုယ်ဝန်ဆောင်ထားရသော ကက်သရင်းပါးသည် သောမတ်စ်ဆေးမွားက လေဒီအဲလိဇဘကို ပွေ့ဖက်နေသည်ကို တွေ့ရှိသွားခဲ့သည်။ ရလဒ်အနေဖြင့် အဲလိဇဘက် ကို ကက်သရင်းပါး၏ အိမ်တော်မှ ဖယ်ရှားပြီး ဆာ အန်တိုနီဒင်းနီ (Sir Anthony Denny) ၏ အိမ်တော်သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုနှစ် စက်တင်ဘာလတွင် ကက်သရင်းပါးသည် မီးဖွားပြီးနောက် မကြာမီ ကွယ်လွန်သွားခဲ့ရာ၊ ဆေးမွားသည် အဲလိဇဘက်ထံသို့ စာရေးသားကာ သူမကို လက်ထပ်ရန် ချက်ချင်းပင် ပြန်လည်ကြိုးပမ်းခဲ့သည်။ အဲလိဇဘက်ကလည်း လက်ခံလိုစိတ်ရှိသော်လည်း အက်ဒွပ် ကဲ့သို့ပင် ကောင်စီက ခွင့်မပြုထားသည့် မည်သည့်အရာကိုမျှ သဘောမတူလိုခဲ့ချေ။ ၁၅၄၉ ခုနှစ် ဇန်နဝါရီလတွင် ကောင်စီသည် ဘရစ္စတော ဒင်္ဂါးသွန်းစက်ရုံမှ ငွေအလွဲသုံးစားမှု အပါအဝင် စွပ်စွဲချက်အမျိုးမျိုးဖြင့် သောမတ်စ်ဆေးမွား ကို ဖမ်းဆီးခဲ့သည်။

ဆေးမွား သည် အက်ဒွပ်ဘုရင်ကို လေဒီဂျိန်းဂရေးနှင့် ပေးစားရန် ကြံစည်မှုဖြင့်ပါ စွပ်စွဲခံခဲ့ရပြီး၊ အက်ဒွပ် ကိုယ်တိုင်လည်း သောမတ်စ်က မိမိအား မုန့်ဖိုးငွေများ ပေးခဲ့သည့်အကြောင်း သက်သေထွက်ဆိုခဲ့သည်။ နိုင်ငံတော်သစ္စာဖောက်မှုအတွက် ခိုင်လုံသော သက်သေအထောက်အထား မရှိခြင်းကြောင့် တရားရုံးတွင် စစ်ဆေးခြင်း မပြုဘဲ၊ ၎င်းအစား လွှတ်တော်ဥပဒေ ဖြင့် ပြစ်ဒဏ်စီရင်ကာ သောမတ်စ်ဆေးမွား ကို ၁၅၄၉ ခုနှစ် မတ်လ ၂၀ ရက်တွင် ခေါင်းဖြတ်ကွပ်မျက်ခဲ့သည်။

စစ်ပွဲ

[ပြင်ဆင်ရန်]

ဆွန်မားဆက်၏ တစ်ခုတည်းသော ငြင်းပယ်၍မရသည့် ကျွမ်းကျင်မှုမှာ စစ်သားတစ်ဦးအဖြစ်ဖြစ်ပြီး၊ ၎င်းကို သူသည် စကော့တလန်စစ်ဆင်ရေးများနှင့် ၁၁၄၆ ခုနှစ် ဘူလွန်ဆူမာ ကာကွယ်ရေးတို့တွင် သက်သေပြခဲ့ဖူးသည်။ သူသည် အုပ်ချုပ်ရေးခံဖြစ်လာချိန်မှစ၍ အဓိက စိတ်ဝင်စားခဲ့သည်မှာ စကော့တလန်နှင့် ဖြစ်ပွားသော စစ်ပွဲဖြစ်သည်။ ၁၅၄၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ပင်ကီတိုက်ပွဲ၌ ပြတ်ပြတ်သားသား အောင်ပွဲရရှိခဲ့ပြီးနောက်၊ သူသည် စကော့တလန်အတွင်း မြောက်ဘက် ဒန်ဒီ မြို့အထိ ရောက်ရှိသော ကင်းတပ်ကွန်ရက်တစ်ခုကို တည်ဆောက်ခဲ့သည်။

သို့သော်လည်း သူ၏ ကနဦးအောင်မြင်မှုများနောက်တွင် ဦးတည်ချက် ပျောက်ဆုံးမှုများ ဖြစ်ပေါ်လာခဲ့သည်။ အကြောင်းမှာ စစ်နိုင်ခြင်းဖြင့် တိုင်းနိုင်ငံနှစ်ခုကို ပေါင်းစည်းမည်ဟူသော သူ၏ရည်မှန်းချက်မှာ ပိုမို၍ လက်တွေ့မကျဖြစ်လာသောကြောင့်ဖြစ်သည်။ စကော့တလန်သားများသည် ပြင်သစ်နှင့် မဟာမိတ်ဖွဲ့ခဲ့ကြပြီး ပြင်သစ်သည် ၁၅၄၈ ခုနှစ်တွင် အီဒင်ဘာဂ်မြို့ကို ကာကွယ်ရန် စစ်ကူများ စေလွှတ်ခဲ့သည်။ စကော့တလန်ဘုရင်မလေးကိုလည်း ပြင်သစ်သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုနေရာတွင် ပြင်သစ်အိမ်ရှေ့စံဒေါင်ဖင်း နှင့် စေ့စပ်ပေးခဲ့သည်။

အုပ်ချုပ်ရေးခံ၏ အင်အားကြီးမားလှသော စစ်တပ်များနှင့် စကော့တလန်ရှိ အမြဲတမ်းကင်းတပ်များကို ထိန်းသိမ်းရသည့် ကုန်ကျစရိတ်များသည် တော်ဝင်ဘဏ္ဍာရေးအပေါ် မခံမရပ်နိုင်လောက်အောင် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်။ နောက်ဆုံးတွင် ၁၅၄၉ ခုနှစ် ဩဂုတ်လ၌ ပြင်သစ်တို့က ဘူလွန်မြို့ကို တိုက်ခိုက်လာသောအခါ ဆွန်မားဆက်သည် စကော့တလန်မှ စစ်တပ်များကို စတင်ရုပ်သိမ်းရန် ဖိအားပေးခြင်း ခံခဲ့ရသည်။

ပုန်ကန်မှုများ

[ပြင်ဆင်ရန်]

၁၅၄၈ ခုနှစ်အတွင်း အင်္ဂလန်နိုင်ငံသည် လူမှုရေးမငြိမ်မသက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၁၅၄၉ ခုနှစ် ဧပြီလနောက်ပိုင်းတွင် ဘာသာရေးဆိုင်ရာ မကျေနပ်မှုများနှင့် လယ်ယာမြေပြဿနာအမျိုးမျိုးကြောင့် လက်နက်ကိုင်ပုန်ကန်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ နှိမ်နင်းရန်အတွက် အင်အားကြီးမားသော စစ်တပ်များစေလွှတ်ခဲ့ရသည့် အပြင်းထန်ဆုံး ပုန်ကန်မှုကြီးနှစ်ခုမှာ ဒီဗွန်နှင့် ကွန်ဝေါတွင်တစ်ခု၊ နော်ဖော့ခ် တွင်တစ်ခု ဖြစ်ပွားခဲ့သည်။ ပထမပုန်ကန်မှုကို တစ်ခါတစ်ရံ "ဆုတောင်းစာအုပ် ပုန်ကန်မှု" ဟု ခေါ်ဆိုကြပြီး ပရိုတက်စတစ်ဝါဒကို အတင်းအကျပ် သွတ်သွင်းခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒုတိယပုန်ကန်မှုကိုမူ ရောဘတ်ကက် ဟုခေါ်သော ကုန်သည်တစ်ဦးက ဦးဆောင်ခဲ့ပြီး မြေရှင်များက ပြည်သူပိုင်စားကျက်မြေများကို သိမ်းယူကျူးကျော်ခြင်းကြောင့် ဖြစ်ပွားခဲ့သည်။ ဤလူမှုရေးမငြိမ်မသက်မှုများ၏ ရှုပ်ထွေးသောအချက်မှာ ဆန္ဒပြသူများသည် မိမိတို့ကိုယ်မိမိ အုပ်ချုပ်ရေးခံ (ဆွန်မားဆက်) ၏ ထောက်ခံမှုဖြင့် စည်းရိုးခတ်မြေသိမ်းနေသော မြေရှင်များကို တရားဝင်ဆန့်ကျင်နေကြခြင်းဖြစ်သည်ဟု ယုံကြည်နေကြခြင်းဖြစ်ပြီး ၎င်းမြေရှင်များကိုသာ ဥပဒေချိုးဖောက်သူများဟု ထင်မြင်နေကြခြင်းဖြစ်သည်။

ဆွန်မားဆက်သည် ပုန်ကန်သူများဘက်မှ စာနာသူဖြစ်သည်ဟူသော ပြည်သူတို့၏ အမြင်မှာ သူထုတ်ပြန်ခဲ့သော တစ်ခါတစ်ရံ လွတ်လပ်ခွင့်ပေးသလိုရှိပြီး မကြာခဏဆိုသလို ဆန့်ကျင်ဘက်ဖြစ်နေတတ်သည့် အမိန့်ကြော်ငြာစာများကြောင့်လည်းကောင်း၊ စိုက်ပျိုးမြေများ ဆုံးရှုံးမှုနှင့် ပြည်သူပိုင်မြေတွင် သိုးအုပ်ကြီးများ ကျူးကျော်စားကျက်ချမှု စသည့်မကျေနပ်ချက်များကို စုံစမ်းစစ်ဆေးရန် ၁၅၄၈ နှင့် ၁၁၄၉ ခုနှစ်တို့တွင် သူစေလွှတ်ခဲ့သော စုံစမ်းရေးကော်မရှင်များ၏ စနစ်မကျသော လှုပ်ရှားမှုများကြောင့်လည်းကောင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဆွန်မားဆက်၏ ကော်မရှင်များကို အဖွဲ့ဝင် ဂျွန်ဟေးလ်စ် က ဦးဆောင်ခဲ့ပြီး သူ၏လူမှုရေးအရ လွတ်လပ်သော ဟောပြောချက်များသည် မြေသိမ်းမှုပြဿနာကို ဘာသာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ သီအိုလိုဂျီ ၊ တရားမျှတသော ဓနသဟာယနယ်မြေ အယူအဆတို့နှင့် ဆက်စပ်ပေးခဲ့သည်။ ထို့ကြောင့် ဒေသခံအဖွဲ့အစည်းများသည် ဤကော်မရှင်များ၏ တွေ့ရှိချက်များကို အခွင့်ကောင်းယူကာ ပြစ်မှုကျူးလွန်သည့် မြေရှင်များကို မိမိတို့ဘာသာ အရေးယူပိုင်ခွင့်ရှိသည်ဟု ယူဆခဲ့ကြသည်။ အက်ဒဝပ်သည် သူ၏ရာဇဝင်မှတ်တမ်းတွင် ၁၅၄၉ ခုနှစ် အုံကြွမှုများ စတင်ရခြင်းမှာ "စည်းရိုးခတ်မြေသိမ်းမှုများကို ဖျက်ဆီးရန် ကော်မရှင်အချို့ကို စေလွှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်" ဟု ရေးသားခဲ့သည်။

ပြည်သူများက ဆွန်မားဆက်အပေါ် မည်သို့ပင် မြင်စေကာမူ ၁၅၄၉ ခုနှစ်၏ ကပ်ဆိုးကြီးများသည် အစိုးရ၏ ကြီးမားသော ကျရှုံးမှုကြီးအဖြစ် သက်သေပြလိုက်ခြင်းဖြစ်ပြီး ကောင်စီက ဤတာဝန်အားလုံးကို အုပ်ချုပ်ရေးခံဆွန်မားဆက်၏ အပေါ်သို့ ပုံချခဲ့သည်။ ၁၁၄၉ ခုနှစ် ဇူလိုင်လတွင် ပေ့ဂျတ်က ဆွန်မားဆက်ထံ စာရေးသားရာ၌ "ကောင်စီဝင်တိုင်းသည် သင်၏လုပ်ဆောင်ချက်များကို သဘောမကျကြပါ... အစပိုင်းကတည်းက ဤကိစ္စကို ပြတ်ပြတ်သားသား ကိုင်တွယ်ပြီး အခြားသူများ ထိတ်လန့်သွားစေရန် တရားဥပဒေအတိုင်း တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့ပါက အလွန်ကောင်းမွန်မည်ဖြစ်သည်" ဟု ဖော်ပြခဲ့သည်။

ဆွန်မားဆက် ကျဆုံးခန်း

[ပြင်ဆင်ရန်]

ဆွန်မားဆက်ကို အာဏာမှဖယ်ရှားခဲ့သည့် ဖြစ်စဉ်များကို သမိုင်းတွင် အာဏာသိမ်းမှု ဟု ခေါ်ဆိုလေ့ရှိသည်။ ၁၅၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ဆွန်မားဆက်သည် သူ၏အာဏာအပေါ် ကြီးမားသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရကြောင်း သိရှိသွားခဲ့သည်။ သူသည် အကူအညီတောင်းခံသည့် အမိန့်ကြော်ငြာစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ဘုရင်ကို မိမိလက်အောက်တွင် ထိန်းချုပ်ကာ လုံခြုံရေး အတွက် ခံတပ်သဖွယ်ဖြစ်သော ဝင်ဆာနန်းတော် သို့ ဆုတ်ခွာခဲ့သည်။ ထိုနေရာတွင် အက်ဒဝပ်က "ကျွန်ုပ်ကိုယ်ကျွန်ုပ် ထောင်ထဲရောက်နေသလို ခံစားရသည်" ဟု ရေးသားခဲ့သည်။

ထိုအတောအတွင်း စည်းလုံးသွားသော တော်ဝင်ကောင်စီသည် ဆွန်မားဆက်၏ အုပ်ချုပ်ရေးညံ့ဖျင်းမှု အသေးစိတ်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းတို့က အုပ်ချုပ်ရေးခံ၏ အာဏာသည် အဌမမြောက်ဟင်နရီဘုရင် ၏ သေတမ်းစာကြောင့် မဟုတ်ဘဲ မိမိတို့ထံမှ လာခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့သည်။ အောက်တိုဘာ ၁၁ ရက်တွင် ကောင်စီသည် ဆွန်မားဆက်ကို ဖမ်းဆီးခဲ့ပြီး ဘုရင်ကို ရစ်ခ်ျမွန်နန်းတော်) သို့ ခေါ်ဆောင်လာခဲ့သည်။ အက်ဒွပ်ပ်သည် ဆွန်မားဆက်အပေါ် စွပ်စွဲချက်များကို သူ၏ရာဇဝင်မှတ်တမ်းတွင် ယခုလို အကျဉ်းချုပ် ရေးသားခဲ့သည် - "အတ္တကြီးခြင်း၊ ဂုဏ်မက်ခြင်း၊ ကျွန်ုပ်ငယ်စဉ်ကာလတွင် မဆင်မခြင် စစ်ပွဲများဆင်နွှဲခြင်း၊ နယူးဟေဗင် ( ကို ပေါ့ဆစွာ ကိုင်တွယ်ခြင်း၊ ကျွန်ုပ်၏ ရတနာများဖြင့် မိမိကိုယ်ကို ချမ်းသာအောင်လုပ်ခြင်း၊ မိမိသဘောအတိုင်းသာ လုပ်ဆောင်ပြီး အရာရာကို ကိုယ်ပိုင်အာဏာဖြင့်သာ စီမံခြင်း စသည်တို့ဖြစ်သည်။"

၁၅၅၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ဝါဝစ်ခ်မြို့စား ဂျွန်ဒတ်လေ သည် ကောင်စီ၏ ခေါင်းဆောင်နှင့် ဆွန်မားဆက်၏ ဆက်ခံသူအဖြစ် ပေါ်ထွက်လာခဲ့သည်။ ဆွန်မားဆက်သည် တာဝါအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး ကောင်စီတွင် ပြန်လည်ခန့်အပ်ခြင်း ခံခဲ့ရသော်လည်း၊ ဂျွန်ဒတ်လေ၏ အုပ်ချုပ်ရေးကို ဖြုတ်ချရန် လျှို့ဝှက်ကြံစည်မှုကြောင့် ၁၅၅၂ ခုနှစ် ဇန်နဝါရီလတွင် ရာဇဝတ်မှုဖြင့် ခေါင်းဖြတ်ကွပ်မျက်ခြင်း ခံခဲ့ရသည်။ အက်ဒွပ်က သူ၏ဦးလေး သေဆုံးမှုကို ရာဇဝင်မှတ်တမ်းတွင် "ဆွန်မားဆက်မြို့စားသည် နံနက် ရှစ်နာရီနှင့် ကိုးနာရီအကြားတွင် တာဝါဟေးလ် ၌ ခေါင်းဖြတ်ခြင်း ခံခဲ့ရသည်" ဟု မှတ်တမ်းတင်ခဲ့သည်။

သမိုင်းပညာရှင်များက ဆွန်မားဆက်၏ အာဏာသိမ်းယူစဉ်က ချောမွေ့ထိရောက်မှု (၎င်းတွင် ပေ့ဂျတ်ကဲ့သို့သော မဟာမိတ်များ၏ စီမံခန့်ခွဲမှုစွမ်းရည်ကို တွေ့နိုင်သည်) နှင့် သူ၏နောက်ပိုင်း အုပ်ချုပ်ရေး ညံ့ဖျင်းမှုတို့ကို နှိုင်းယှဉ်ပြကြသည်။ ၁၅၄၉ ခုနှစ် ဆောင်းဦးရာသီတွင် သူ၏ကုန်ကျစရိတ်ကြီးမားသော စစ်ပွဲများသည် အရှိန်ပျက်သွားခဲ့ပြီး၊ တော်ဝင်ဘဏ္ဍာရေးမှာ ပျက်စီးလုနီးပါးဖြစ်ကာ တစ်နိုင်ငံလုံးတွင် အုံကြွမှုနှင့် ပုန်ကန်မှုများ ဖြစ်ပွားခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များအထိ သမိုင်းပညာရှင်များအကြား ဆွန်မားဆက်၏ ဂုဏ်သတင်းမှာ မြင့်မားခဲ့သည်၊ အကြောင်းမှာ သူ၏အမိန့်ကြော်ငြာစာအများစုသည် လောဘကြီးသော မြေရှင်လူတန်းစားကို ဆန့်ကျင်၍ သာမန်ပြည်သူများဘက်က ရပ်တည်ပေးခဲ့ပုံပေါ်သောကြောင့် ဖြစ်သည်။ သို့သော် ယခုခေတ်သစ်တွင်မူ သူ့ကို နိုင်ငံရေးနှင့် စီမံခန့်ခွဲမှုစွမ်းရည် ကင်းမဲ့ပြီး မောက်မာကာ သီးခြားနေတတ်သော အုပ်ချုပ်သူတစ်ဦးအဖြစ် ပုံဖော်ကြလေ့ရှိသည်။

နော်သမ်ဘာလန်၏ ဦးဆောင်မှု

[ပြင်ဆင်ရန်]

ဆွန်မားဆက် ကျဆုံးပြီးနောက် ဝါဝစ်ခ်မြို့စား ဖြစ်သူ ဂျွန်ဒတ်လေ (၁၅၅၁ ခုနှစ်တွင် နော်သမ်ဘာလန်မြို့စား ဖြစ်လာသူ) သည် တော်ဝင်ကောင်စီကို ဦးဆောင်ခဲ့သည်။ ယခင်က သမိုင်းပညာရှင်များသည် သူ့အား ထီးနန်းအာဏာကို အသုံးချကာ မိမိကိုယ်ကိုယ် ဂုဏ်ထူးဒြပ်များနှင့် ချမ်းသာကြွယ်ဝအောင် လုပ်ဆောင်ခဲ့သည့် လောဘဇောထက်သန်သော ပရိယာယ်သမားတစ်ဦးအဖြစ်သာ ရှုမြင်ခဲ့ကြသည်။ သို့သော် ၁၉၇၀ ပြည့်လွန်နှစ်များမှစ၍ သူ၏အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ အောင်မြင်မှုများကို အသိအမှတ်ပြုလာကြပြီး၊ ဆွန်မားဆက်၏ ကပ်ဆိုးများနောက်ပိုင်း တော်ဝင်ကောင်စီ၏ အာဏာစက်ကို ပြန်လည်ထိန်းညှိကာ အစိုးရအုပ်ချုပ်ရေးကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ပေးခဲ့သူအဖြစ် ချီးကျူးခဲ့ကြသည်။

အာဏာရအုပ်စုသစ်တွင် ဝါဝစ်ခ်မြို့စား၏ အဓိကပြိုင်ဘက်မှာ ဆောက်သမ်ပတန်မြို့စား သောမတ်စ်ရီယော့သ်စလေဖြစ်သည်။ သူ၏ ရှေးရိုးစွဲဝါဒီထောက်ခံသူများသည် ဆွန်မားဆက်၏ ဘာသာရေးပြုပြင်ပြောင်းလဲမှု မူဝါဒများကို ပြောင်းပြန်လှန်ပစ်ရန် မျှော်လင့်ကာ ဝါဝစ်ခ်၏အုပ်စုနှင့် ပူးပေါင်း၍ တညီတညွတ်တည်းသော ကောင်စီတစ်ခုကို ဖွဲ့စည်းခဲ့ကြသည်။ သို့သော်လည်း ဝါဝစ်ခ်သည် အက်ဒဝပ်ဘုရင်လေး၏ ပြင်းထန်သော ပရိုတက်စတစ်ဘာသာရေးအယူဝါဒအပေါ် မျှော်လင့်ချက်ပုံအောခဲ့ပြီး၊ အက်ဒဝပ်သည် ကိုယ်တိုင်အုပ်ချုပ်နိုင်သည့် အသက်အရွယ်သို့ ရောက်ရှိနေပြီဟု အကြောင်းပြကာ သူနှင့်သူ၏လူများကို ဘုရင်နှင့် ပိုမိုနီးစပ်စေလျက် တော်ဝင်အတိုင်ပင်ခံကောင်စီ ကို ချုပ်ကိုင်ခဲ့သည်။

ဆောက်သမ်ပတန်သည် ဆွန်မားဆက်၏ ထွက်ဆိုချက်များမှတစ်ဆင့် ဝါဝစ်ခ်ကိုပါ သိက္ခာချရန် ကြံစည်ပြီး ဆွန်မားဆက်ကို ခေါင်းဖြတ်ကွပ်မျက်ရန် ပြင်ဆင်ခဲ့သည်။ သို့သော် ဝါဝစ်ခ်က ပါလီမန်အား စည်းရုံး၍ ၁၅၅၀ ပြည့်နှစ် ဇန်နဝါရီ ၁၄ ရက်တွင် ဆွန်မားဆက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးစေခဲ့သည်။ ထို့နောက် ဝါဝစ်ခ်သည် ကောင်စီဝင်များကို ဘွဲ့ထူးဂုဏ်ထူးများပေးကာ စည်းရုံးပြီး ဆောက်သမ်ပတန်နှင့် သူ၏နောက်လိုက်များကို ကောင်စီမှ ဖယ်ရှားရှင်းလင်း ခဲ့ကာ မိမိကိုယ်ကိုယ် "ကောင်စီ၏ သဘာပတိကြီး" နှင့် နန်းရန်းဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့သည်။ သူသည် "အုပ်ချုပ်ရေးခံ" ဟူသော ဘွဲ့ကို မယူခဲ့သော်လည်း ယခုအခါ ပြတ်ပြတ်သားသားပင် အစိုးရအဖွဲ့၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

အက်ဒွပ်သည် ကြီးပြင်းလာသည်နှင့်အမျှ အစိုးရ၏ လုပ်ငန်းဆောင်တာများကို ပိုမိုနားလည်လာခဲ့သည်။ သို့သော် သူ၏အဆုံးဖြတ်များတွင် အမှန်တကယ် ပါဝင်ပတ်သက်မှု မည်မျှရှိသည်ဆိုသည်မှာ ငြင်းခုံစရာ ဖြစ်နေဆဲ ဖြစ်သည်။ အက်ဒဝပ် အသက် ၁၄ နှစ်အရွယ်တွင် သီးသန့် "နိုင်ငံတော်အကြံပေးအဖွဲ့"ကို ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များကို သူကိုယ်တိုင် ရွေးချယ်ခဲ့သည်။ အက်ဒဝပ်သည် အဓိကအတွင်းရေးမှူးများဖြစ်ကြသော ဝီလျံဆီစီလ် နှင့် ဝီလျံပီတာ တို့နှင့်အတူ နီးကပ်စွာ လုပ်ဆောင်ခဲ့သည်။ ဘုရင်လေး၏ အကြီးမားဆုံး လွှမ်းမိုးမှုမှာ ဘာသာရေးကိစ္စရပ်များတွင်ဖြစ်ပြီး၊ ကောင်စီသည် သူလိုလားသော ပြင်းထန်သည့် ပရိုတက်စတစ်မူဝါဒကိုသာ လိုက်နာဆောင်ရွက်ခဲ့သည်။

နော်သမ်ဘာလန်မြို့စား (ဝါဝစ်ခ်) ၏ လုပ်ငန်းကိုင်တွယ်ပုံမှာ ဆွန်မားဆက်နှင့် အလွန်ကွာခြားသည်။ သူသည် ကောင်စီဝင်အများစု၏ ထောက်ခံမှုကို အမြဲရရှိစေရန် ဂရုပြုခဲ့ပြီး၊ ကောင်စီကို အသုံးပြု၍ မိမိ၏အာဏာကို တရားဝင်ဖြစ်စေခဲ့သည်။ သမိုင်းပညာရှင် ဂျွန်ဂိုင်း ၏ အဆိုအရ "ဆွန်မားဆက်ကဲ့သို့ပင် သူသည် ဘုရင်တစ်ပါးကဲ့သို့ ဖြစ်လာခဲ့သည်၊ ကွာခြားချက်မှာ ဆွန်မားဆက်က အုပ်ချုပ်ရေးခံအဖြစ် အချုပ်အခြာအာဏာနီးပါးကို တောင်းဆိုခဲ့သော်လည်း၊ နော်သမ်ဘာလန်ကမူ အက်ဒဝပ်သည် အချုပ်အခြာအာဏာအပြည့်အဝကို ရရှိထားပြီးဖြစ်သည်ဟု အကြောင်းပြကာ အုပ်ချုပ်ရေးယန္တရားကို နောက်ကွယ်မှ ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်" ဟု ဆိုသည်။

ဝါဝစ်ခ်၏ စစ်မက်မူဝါဒများသည် ဆွန်မားဆက်ထက် ပိုမိုလက်တွေ့ကျခဲ့သော်လည်း အချို့က ယင်းကို ပျော့ညံ့မှုအဖြစ် ဝေဖန်ခဲ့ကြသည်။ ၁၅၅၀ ပြည့်နှစ်တွင် သူသည် ပြင်သစ်နှင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး၊ ဘူလွန် မြို့မှ ဆုတ်ခွာရန်နှင့် စကော့တလန်ရှိ အင်္ဂလိပ်ကင်းတပ်အားလုံးကို ရုပ်သိမ်းရန် သဘောတူခဲ့သည်။ ၁၅၅၁ ခုနှစ်တွင် အက်ဒွပ် သည် ပြင်သစ်ဘုရင် ဟင်နရီ (၂) ၏ သမီးတော် အဲလိဇဘက် နှင့် စေ့စပ်ခဲ့သည်။ ဝါဝစ်ခ်သည် အင်္ဂလန်အနေဖြင့် စစ်ပွဲစရိတ်များကို မခံနိုင်တော့ကြောင်း သဘောပေါက်ခဲ့သည်။ ပြည်တွင်း၌မူ နောင်တွင် ပုန်ကန်မှုများ ထပ်မံမဖြစ်ပွားစေရန် စစ်တပ်ကို ကွပ်ကဲပြီး ဗဟိုအစိုးရထံ အစီရင်ခံရမည့် "နယ်ခြားစောင့်မင်းကြီးများ" အပါအဝင် အမြဲတမ်းကိုယ်စားလှယ်များကို ဒေသအသီးသီး၌ ထားရှိကာ ဒေသတွင်း မတည်ငြိမ်မှုများကို ထိန်းချုပ်ခဲ့သည်။

ဝါဝစ်ခ်သည် ဝီလျံပေါလက်၊ ဝေါ်လ်တာမေဒ်မေး တို့နှင့် ပူးပေါင်း၍ ပျက်စီးနေသော နိုင်ငံတော်ဘဏ္ဍာရေးကို ကိုင်တွယ်ခဲ့သည်။ အစပိုင်းတွင် ဒင်္ဂါးပြားများ၏ တန်ဖိုးကို ထပ်မံလျှော့ချခြင်းဖြင့် လျင်မြန်စွာ အကျိုးအမြတ်ရယူရန် ကြိုးပမ်းခဲ့သော်လည်း စီးပွားရေးကပ်ဆိုး ဆိုက်ရောက်လာသောအခါ ဝါဝစ်ခ်သည် ကျွမ်းကျင်သူ သောမတ်စ်ဂရက်ရှမ် ထံသို့ တာဝန်လွှဲအပ်ခဲ့သည်။ ၁၅၅၂ ခုနှစ်တွင် ငွေကြေးအပေါ် ယုံကြည်မှု ပြန်လည်ရရှိလာပြီး ကုန်ဈေးနှုန်းများ ကျဆင်းကာ ကုန်သွယ်ရေး ပြန်လည်ကောင်းမွန်လာခဲ့သည်။ ပြည့်စုံသော စီးပွားရေးပြန်လည်ဦးမော့မှုမှာ အယ်လီဇဘက်လက်ထက်မှသာ ရရှိခဲ့သော်လည်း၊ ၎င်း၏ အခြေခံမြစ်ဖျားမှာ နော်သမ်ဘာလန်မြို့စား၏ မူဝါဒများမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့အဖွဲ့သည် အစိုးရဘဏ္ဍာရေး အလွဲသုံးစားမှုများကို နှိမ်နင်းခဲ့ပြီး အခွန်ကောက်ခံမှုစနစ်ကို အဘက်ဘက်မှ ပြန်လည်သုံးသပ်ခဲ့ရာ ၎င်းလုပ်ရပ်ကို "တူးဒါအုပ်ချုပ်ရေးသမိုင်းတွင် အံ့ချီးဖွယ်အကောင်းဆုံး အောင်မြင်မှုတစ်ခု" ဟု ခေါ်ဆိုခဲ့ကြသည်။

ဘာသာရေး ပြုပြင်ပြောင်းလဲမှု

[ပြင်ဆင်ရန်]

ဘာသာရေးကိစ္စရပ်များတွင် နော်သမ်ဘာလန်၏ အုပ်ချုပ်ရေးအဖွဲ့သည် ဆွန်မားဆက်၏ မူဝါဒအတိုင်းပင် ဆက်လက်လုပ်ဆောင်ခဲ့ပြီး ပိုမိုပြတ်သားအားကောင်းသော ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ပံ့ပိုးပေးခဲ့သည်။ ဆဌမမြောက်အက်ဒွပ်ဘုရင် ၏ အစိုးရအပေါ် လက်တွေ့ကျသော လွှမ်းမိုးနိုင်မှုမှာ ကန့်သတ်ချက်ရှိသော်လည်း၊ သူ၏ပြင်းထန်သော ပရိုတက်စတစ်အယူဝါဒကြောင့် ပြုပြင်ပြောင်းလဲရေးအုပ်ချုပ်မှုကို မဖြစ်မနေ လုပ်ဆောင်ခဲ့ရသည်။ သူ၏ထီးနန်းဆက်ခံမှုကို ပြုပြင်ပြောင်းလဲရေးသမားများအုပ်စုက စီမံခန့်ခွဲခဲ့ပြီး ၎င်းတို့သည် သူစိုးစံစဉ်ကာလတစ်လျှောက်လုံး အာဏာရယူထားခဲ့သည်။ သမိုင်းပညာရှင်များက ပရိုတက်စတစ်ပြုပြင်ပြောင်းလဲမှုများကို တိုးမြှင့်လုပ်ဆောင်ရာတွင် ဆဌမမြောက်အက်ဒွပ်ဘုရင် ၏ ထူးခြားသောအရေးပါမှုကို အလေးပေးဖော်ပြကြသည်။ သမိုင်းပညာရှင် ဒိုင်ယာမစ် မက်ကူးလော့ခ် ၏ အဆိုအရ ဘုရင်ငယ်လေးသည် ဘာသာရေးဆိုင်ရာ ငြင်းခုံမှုများကို အလွန်စိတ်ဝင်စားပြီး ကျန်ရှိနေသော ကက်သလစ်ဓလေ့ထုံးတမ်းများကို ဖျက်သိမ်းသည့် အစီအမံများကို ထောက်ခံခဲ့သည်။

သူ၏လက်ထက်တွင် ၁၅၅၂ ခုနှစ် ဘုံဝတ်ပြုဆုတောင်းစာအုပ် ကို မိတ်ဆက်ခဲ့ခြင်းသည် ပရိုတက်စတစ်ဝါဒ တစ်သမတ်တည်းဖြစ်စေရန် ပြတ်သားသော ခြေလှမ်းတစ်ခု ဖြစ်ခဲ့သည်။ အက်ဒဝပ် အယုံကြည်ရဆုံးသူဖြစ်သည့် ကန်တာဘာရီ ဂိုဏ်းချုပ်ဘုန်းကြီး သောမတ်စ်ကရမ်မာသည် အင်္ဂလန်ဘုရားကျောင်းကို (ပုပ်ရဟန်းမင်းကြီး၏ အာဏာကို ငြင်းပယ်ထားသော်လည်း အခြေခံအားဖြင့် ကက်သလစ်ဆန်နေသေးသည့် အခြေအနေမှ) စနစ်တကျ ဖွဲ့စည်းထားသော ပရိုတက်စတစ်အဖွဲ့အစည်းအဖြစ်သို့ တော်လှန်ပြောင်းလဲစေခဲ့သည့် ဘာသာရေးပြုပြင်ပြောင်းလဲမှု ဆက်တိုက်ကို မိတ်ဆက်ခဲ့သည်။ အဌမမြောက်ဟင်နရီဘုရင် လက်ထက်က စတင်ခဲ့သော ဘုရားကျောင်းပိုင်ပစ္စည်းများကို သိမ်းဆည်းမှုသည် အက်ဒဝပ်လက်ထက်တွင်လည်း ဆက်လက်ဖြစ်ပွားခဲ့သည်။ အထူးသဖြင့် ချန်ထရီ (သေလွန်သူများအတွက် ဆုတောင်းပေးသည့် ဝတ်ပြုဆောင်ငယ်များ) ကို ဖျက်သိမ်းခြင်းဖြင့် ထီးနန်းနှင့် အဆိုပါပစ္စည်းများကို သိမ်းယူသူအသစ်များအတွက် ကြီးမားသော ငွေကြေးအကျိုးအမြတ်များ ရရှိခဲ့သည်။ ထို့ကြောင့် ဆဌမမြောက်အက်ဒွပ်ဘုရင် လက်ထက်တွင် ဘုရားကျောင်းပြုပြင်ပြောင်းလဲရေးသည် ဘာသာရေးမူဝါဒဖြစ်သကဲ့သို့ နိုင်ငံရေးမူဝါဒလည်း ဖြစ်ခဲ့သည်။ သူ၏စိုးစံမှုအကုန်တွင် ဘုရားကျောင်းများမှာ ဘဏ္ဍာရေးအရ ပျက်စီးခဲ့ရပြီး ဘုန်းတော်ကြီးများ၏ မြေယာအများစုမှာ သာမန်လူဝတ်ကြောင်များ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

ဆွန်မားဆက်နှင့် နော်သမ်ဘာလန် နှစ်ဦးစလုံး၏ ဘာသာရေးယုံကြည်ချက် အစစ်အမှန်နှင့် ပတ်သက်၍ သမိုင်းပညာရှင်များအကြား အငြင်းပွားနေကြဆဲ ဖြစ်သည်။ သို့သော် နေ့စဉ်ကျမ်းစာ ၁၂ ခန်း ဖတ်ရှုပြီး တရားနာရသည်ကို နှစ်သက်သည်ဟု ဆိုကြသော အက်ဒဝပ်၏ ဘာသာရေးအပေါ် စိတ်အားထက်သန်မှုမှာမူ သံသယဖြစ်စရာမရှိဘဲ၊ ဂျွန်ဖောက်စ်က သူ့ကို "ဘုရားသရားကြည်ညိုသော ကလေးငယ်" အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့သည်။ အက်ဒဝပ်သည် သူ၏သက်တမ်းအတွင်း၌လည်းကောင်း၊ နောက်ပိုင်းတွင်လည်းကောင်း ဗာလ ရုပ်တုများကို ဖျက်ဆီးခဲ့သည့် ကျမ်းစာလာဘုရင် "ယောရှိဘုရင်သစ်" အဖြစ် ပုံဖော်ခြင်း ခံခဲ့ရသည်။ သူသည် ကက်သလစ်ဆန့်ကျင်ရေးတွင် အလွန်တင်းကျပ်သူဖြစ်ပြီး တစ်ခါက လေဒီမေရီအား "ခရစ်ယာန်မင်းသမီးတစ်ပါးနှင့် မဆီလျော်သော နိုင်ငံခြားအကများနှင့် ပျော်ပွဲရွှင်ပွဲများတွင် နောက်ထပ်မပါဝင်ရန်" စည်းရုံးပေးပါဟု ကက်သရင်းပါးကို တောင်းဆိုခဲ့ဖူးသည်။ သို့သော် အက်ဒဝပ်၏ အတ္ထုပ္ပတ္တိရေးသူ ဂျန်နီဖာလိုချ် က ပြုပြင်ပြောင်းလဲရေးသမားများ ပေးအပ်ခဲ့သော အက်ဒွပ် ၏ ဘာသာရေးကိုင်းရှိုင်းသည့် ပုံရိပ်ကို အလွယ်တကူ မယုံကြည်ရန် သတိပေးခဲ့သည်။ အက်ဒဝပ်သည် သူ၏ငယ်စဉ်ဘဝတွင် မက်စ် ဝတ်ပြုပွဲ တက်ရောက်ခြင်း အပါအဝင် ထိုခေတ်က ကက်သလစ်ဓလေ့ထုံးတမ်းများကို လိုက်နာခဲ့သော်လည်း၊ နောက်ပိုင်းတွင် ကရမ်မာနှင့် သူ၏ဆရာများ၊ နန်းတွင်းသူနန်းတွင်းသားများထဲမှ ပြုပြင်ပြောင်းလဲရေးသမားများ၏ လွှမ်းမိုးမှုကြောင့် အင်္ဂလန်တွင် "စစ်မှန်သော" ဘာသာရေးကို သွတ်သွင်းရမည်ဟု ယုံကြည်လာခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်ဘာသာရေး ပြုပြင်ပြောင်းလဲမှုသည် လမ်းကြောင်းနှစ်ခုလုံးမှ ဖိအားပေးမှုများအကြား တိုးတက်လာခဲ့သည် - တစ်ဖက်တွင် ရှေးရိုးစွဲသမားများရှိပြီး အခြားတစ်ဖက်တွင်မူ ပြုပြင်ပြောင်းလဲမှု မလုံလောက်သေးဟု ညည်းညူကာ ရုပ်တုဆင်းတုများကို လိုက်လံဖျက်ဆီးကြသည့် အစွန်းရောက်သမားများ ရှိနေသည်။ ကရမ်မာသည် အင်္ဂလိပ်ဘာသာဖြင့် တူညီသော ဝတ်ပြုထုံးတမ်းကို ရေးသားရန် မိမိကိုယ်ကိုယ် တာဝန်ပေးခဲ့ပြီး၊ အပတ်စဉ်နှင့် နေ့စဉ်ဝတ်ပြုမှုများ၊ ဘာသာရေးပွဲတော်များ အားလုံးကို အသေးစိတ်ဖော်ပြထားကာ ယင်းကို ၁၅၄၉ ခုနှစ် ပထမအကြိမ် ဝတ်ပြုထုံးတမ်း ညီညွတ်ရေးအက်ဥပဒေ ) အဖြစ် မဖြစ်မနေ လိုက်နာစေခဲ့သည်။

၁၅၄၉ ခုနှစ် ဘုံဝတ်ပြုဆုတောင်းစာအုပ်သည် ညှိနှိုင်းမှုတစ်ခုအနေဖြင့် ရည်ရွယ်ခဲ့သော်လည်း၊ မုန့်နှင့်စပျစ်ရည်ကို မြှောက်၍ပူဇော်ခြင်း အပါအဝင် အလေးအမြတ်ထားရသော ထုံးတမ်းစဉ်လာများစွာကို ဖယ်ရှားပစ်ခဲ့သည့်အတွက် ရှေးရိုးစွဲသမားများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ တစ်ချိန်တည်းမှာပင် အချို့သော ပြုပြင်ပြောင်းလဲရေးသမားများကလည်း ကက်သလစ်ဆန်သော အစိတ်အပိုင်းများနှင့် ပူဇော်ခြင်းဓလေ့များ အလွန်အမင်း ကျန်ရှိနေသေးသည်ဟု ညည်းညူခဲ့ကြသည်။ ဝင်းချက်စတာ၏ ဘုန်းတော်ကြီး စတီဖင်ဂါဒီနာ နှင့် လန်ဒန်၏ ဘုန်းတော်ကြီး အက်ဒမန်ဘွန်နာတို့အပါအဝင် ထိပ်တန်းကက်သလစ်ဓမ္မဆရာ အများအပြားသည်လည်း ဤဆုတောင်းစာအုပ်ကို ကန့်ကွက်ခဲ့ကြသည်။ ၎င်းတို့နှစ်ဦးစလုံး တာဝါအကျဉ်းထောင်တွင် ပိတ်လှောင်ခံခဲ့ရပြီး ၎င်းတို့၏ ရာထူးအာဏာများ ဖယ်ရှားခံခဲ့ရသည်။ ၁၅၄၉ ခုနှစ်တွင် ဒီဗွန်နှင့် ကွန်ဝေါ၌ ဖြစ်ပွားခဲ့သော ဆုတောင်းစာအုပ် ပုန်ကန်မှု တွင် လူပေါင်း ၅,၅၀၀ ကျော် သေဆုံးခဲ့သည်။

ယုံကြည်ခြင်းသက်သက်ဖြင့်သာ အပြစ်မှလွတ်မြောက်ခြင်း နှင့် လူဝတ်ကြောင်များအတွက်လည်း ဓမ္မဆရာများကဲ့သို့ပင် မုန့်နှင့် စပျစ်ရည် နှစ်မျိုးစလုံးဖြင့် ပွဲတော်မင်္ဂလာ ခံယူခွင့်ပြုခြင်း စသည့် ပြုပြင်ပြောင်းလဲထားသော အယူဝါဒများကို တရားဝင်ဖြစ်စေခဲ့သည်။ ၁၅၅၀ ပြည့်နှစ်၏ ဘုန်းကြီးသိက္ခာပေးထုံးတမ်း သည် ဘုန်းကြီးများအား ဘုရားသခင်က သိက္ခာပေးသည်ဟူသော စနစ်အစား အစိုးရက ခန့်အပ်သည့်စနစ်ဖြင့် အစားထိုးခဲ့ပြီး၊ ဓမ္မဆရာများအား ယခင်ကကဲ့သို့ "အသက်ရှင်သူများနှင့် သေလွန်သူများအတွက် ယဇ်ပူဇော်ခြင်းနှင့် မက်စ်ပွဲကျင်းပခြင်း" အစား ဧဝံဂေလိတရားဟောပြောရန်နှင့် စက္ကရမင်တု မင်္ဂလာများကိုသာ စီမံဆောင်ရွက်ရန် အာဏာလွှဲအပ်ခဲ့သည်။

၁၅၅၁ ခုနှစ်နောက်ပိုင်းတွင် ပြုပြင်ပြောင်းလဲမှုသည် ဘုရားကျောင်း၏ အထွတ်အထိပ်ခေါင်းဆောင်အဖြစ် ပုဂ္ဂိုလ်ရေးအရ ပိုမိုလွှမ်းမိုးလာခဲ့သော အက်ဒဝပ်၏ အတည်ပြုချက်၊ အားပေးမှုတို့ဖြင့် ပိုမိုတိုးတက်လာခဲ့သည်။ အပြောင်းအလဲသစ်များသည် ဂလော့စတာ၏ ဘုန်းတော်ကြီး ဂျွန်ဟူးပါး နှင့် နော်သမ်ဘာလန်မြို့စားအောက်တွင် ဓမ္မဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နန်းတွင်း၌ သူဟောပြောချက်များကြောင့် ဘုရင်လေးအား ပွဲတော်မင်္ဂလာခံယူစဉ် ဒူးထောက်ခြင်းကို ကန့်ကွက်စေခဲ့သူ စကော့တလန်သား ဂျွန်နော့စ် ကဲ့သို့သော ပြုပြင်ပြောင်းလဲရေးသမားများ၏ ဝေဖန်မှုများကို တုံ့ပြန်ခြင်းလည်း ဖြစ်သည်။

ကရမ်မာသည် ၁၅၅၁ ခုနှစ်တွင် အင်္ဂလန်၌ ကွယ်လွန်ခဲ့သော ဥရောပတိုက်မှ ပြုပြင်ပြောင်းလဲရေးသမား မာတင်ဘူဆာ ၊ အောက်စဖို့ဒ်တွင် စာသင်ကြားနေသော ပီတာမာတာ နှင့် အခြားသော နိုင်ငံခြားဓမ္မပညာရှင်များ၏ အမြင်များဖြင့်လည်း လွှမ်းမိုးခြင်း ခံခဲ့ရသည်။ ပြုပြင်ပြောင်းလဲရေးသမားများကို ဘုန်းတော်ကြီးများအဖြစ် ပိုမိုခန့်အပ်ခြင်းဖြင့်လည်း ၎င်းဖြစ်စဉ်မှာ ပိုမိုမြန်ဆန်လာခဲ့သည်။ ၁၅၅၁-၅၂ ဆောင်းရာသီတွင် ကရမ်မာသည် ဘုံဝတ်ပြုဆုတောင်းစာအုပ်ကို ပိုမိုပြတ်သားသော ပြုပြင်ပြောင်းလဲရေး အသုံးအနှုန်းများဖြင့် ပြန်လည်ရေးသားခဲ့ပြီး ဘုရားကျောင်းဥပဒေကို ပြန်လည်ပြင်ဆင်ကာ ပြုပြင်ပြောင်းလဲထားသော ဘာသာရေးထုံးတမ်းများကို ရှင်းလင်းစေရန် "အပိုဒ်ခွဲ ၄၂ ခုပါဝင်သော အယူဝါဒကြေညာချက်" ကို ပြင်ဆင်ခဲ့သည်။

ကရမ်မာ၏ ဘာသာရေးပုံစံသစ်သည် ပွဲတော်မင်္ဂလာတွင် မုန့်နှင့် စပျစ်ရည်၌ ဘုရားသခင် အမှန်တကယ်ကိန်းဝပ်နေသည် ဟူသော အယူအဆအားလုံးကို ဖယ်ရှားပစ်ခဲ့ပြီး ကက်သလစ်မက်စ် ဝတ်ပြုပွဲကို ထိရောက်စွာ ပယ်ဖျက်ခဲ့သည်။ အယ်လ်တန် ၏ အဆိုအရ ၁၅၅၂ ခုနှစ်တွင် ဒုတိယအကြိမ် ဝတ်ပြုထုံးတမ်း ညီညွတ်ရေးအက်ဥပဒေဖြင့် ပံ့ပိုးထားသော ကရမ်မာ၏ မွမ်းမံထားသည့် ဆုတောင်းစာအုပ် ထုတ်ဝေခြင်းသည် "အင်္ဂလန်ဘုရားကျောင်း ပရိုတက်စတစ်ဝါဒသို့ တရားဝင်ရောက်ရှိခြင်း" ကို အမှတ်အသားပြုခဲ့သည်။ ထို ၁၅၅၂ ခုနှစ် ဆုတောင်းစာအုပ်သည် ယနေ့တိုင် အင်္ဂလန်ဘုရားကျောင်း ဝတ်ပြုမှုများ၏ အခြေခံအုတ်မြစ်အဖြစ် တည်ရှိနေဆဲဖြစ်သည်။ သို့သော်လည်း ၁၅၅၃ ခုနှစ် နွေဦးရာသီတွင် အင်္ဂလန်ပြုပြင်ပြောင်းလဲရေးတစ်ခုလုံး အမှီပြုနေရသော အက်ဒွပ် ဘုရင်လေး ကွယ်လွန်တော့မည်ဖြစ်ကြောင်း ထင်ရှားလာသောအခါ ကရမ်မာသည် ဤပြုပြင်ပြောင်းလဲမှု အားလုံးကို အကောင်အထည်မဖော်နိုင်တော့ပေ။

ကွယ်လွန်ခြင်းနှင့် ထီးနန်းဆက်ခံမှု အကျပ်အတည်း

[ပြင်ဆင်ရန်]

ထီးနန်းဆက်ခံမှုဆိုင်ရာ အစီအမံ

[ပြင်ဆင်ရန်]

၁၅၅၃ ခုနှစ် ဖေဖော်ဝါရီလတွင် အက်ဒွပ်သည် နာမကျန်းဖြစ်ခဲ့ပြီး၊ ဇွန်လ ရောက်သောအခါ ရောဂါအခြေအနေမှာ သက်သာလာလိုက်၊ ပြန်ရင်လာလိုက် ဖြစ်ပြီးနောက် နောက်ဆုံးတွင် မမျှော်လင့်နိုင်တော့သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ဘုရင်မင်းမြတ် ကွယ်လွန်၍ ကက်သလစ်ဘာသာဝင် ဖအေတူမအေကွဲ အစ်မဖြစ်သူ မေရီ ထီးနန်းဆက်ခံလာပါက အင်္ဂလန်ဘာသာရေး ပြုပြင်ပြောင်းလဲမှုကြီးတစ်ခုလုံး ပျက်စီးသွားနိုင်သဖြင့် အက်ဒွပ်၏ ကောင်စီဝင်များနှင့် အရာရှိများတွင် စိုးရိမ်ထိတ်လန့်စရာ အကြောင်းရင်းများစွာ ရှိခဲ့သည်။

အက်ဒွပ်ကိုယ်တိုင်လည်း မေရီထီးနန်းဆက်ခံမည့်အရေးကို ဘာသာရေးရှုထောင့်အရသာမက တရားဝင်မှုရှိမရှိ ရှုထောင့်နှင့် သားသမီးအမွေဆက်ခံမှု ရှုထောင့်တို့ကြောင့်ပါ ကန့်ကွက်ခဲ့သည် (ယင်းအချက်မှာ အဲလိဇဘက်နှင့်လည်း သက်ဆိုင်သည်)။ သူသည် သူ၏ဖခင်လုပ်ဆောင်ခဲ့သော အစဉ်အလာကို အတုယူ၍ ထီးနန်းဆက်ခံမှုကို ပြောင်းလဲရန်အတွက် "ကျွန်ုပ်၏ ထီးနန်းဆက်ခံမှုဆိုင်ရာ အစီအမံ" ဟု ခေါင်းစဉ်တပ်ထားသော သေတမ်းစာမူကြမ်းတစ်ခုကို ကိုယ်တိုင်ရေးဆွဲခဲ့သည်။ သူသည် သူ၏ အစ်မတော်နှစ်ဦးစလုံး၏ ဆက်ခံခွင့်များကို ချန်လှပ်ခဲ့ပြီး၊ သရဖူကို သူနှင့်တစ်ဝမ်းကွဲတော်စပ်သူ အသက် ၁၆ နှစ်အရွယ် လေဒီဂျိန်းဂရေး ထံသို့ လွှဲအပ်ရန် စီမံခဲ့သည်။ လေဒီဂျိန်းဂရေးသည် ၁၅၅၃ ခုနှစ် မေလ ၂၅ ရက်တွင် နော်သမ်ဘာလန်မြို့စား၏ သားငယ်ဖြစ်သူ လော့ဒ်ဂီလ်ဖို့ဒ်ဒတ်လေနှင့် လက်ထပ်ထားသူဖြစ်သည်။

အက်ဒွပ် (၆) ရေးသားခဲ့သော သေတမ်းစာမူကြမ်း အနှစ်ချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည် -

[ပြင်ဆင်ရန်]

၁။ ကျွန်ုပ်တွင် သားသမီးမကျန်ရစ်ခဲ့ပါက၊ ထီးနန်းကို ဆာဖော့ခ်မြို့စားကတော် လေဒီဖရန်းစစ် ၏ အမျိုးသားအနွယ်ဝင်များထံသို့လည်းကောင်း၊ သူမတွင် မရှိပါက လေဒီဂျိန်း နှင့် သူမ၏ အမျိုးသားအနွယ်ဝင်များ ထံသို့လည်းကောင်း၊ ထို့နောက် လေဒီကက်သရင်းနှင့် လေဒီမေရီတို့၏ အမျိုးသားအနွယ်ဝင်များထံသို့ လွှဲအပ်စေရမည်။

၂။ ကျွန်ုပ်ကွယ်လွန်ပြီးနောက် ထီးနန်းဆက်ခံမည့် အမျိုးသားအနွယ်ဝင်သည် အသက် ၁၈ နှစ်ပြည့်ပြီးပါက တိုင်းပြည်ကို အပြည့်အဝအုပ်ချုပ်ခွင့် ရှိစေရမည်။

၃။ အကယ်၍ အသက် ၁၈ နှစ်မပြည့်သေးပါက သူ၏မိခင်က အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ရမည်။ သို့သော် သေတမ်းစာအရ ခန့်အပ်မည့် ကောင်စီဝင် ၂၀ အနက် အနည်းဆုံး ၆ ဦး၏ အကြံဉာဏ်နှင့် သဘောတူညီချက်မပါဘဲ မည်သည့်အရာကိုမျှ မလုပ်ဆောင်ရ။

၄။ အမွေဆက်ခံသူ အသက် ၁၈ နှစ်မပြည့်မီ မိခင်ဖြစ်သူ ကွယ်လွန်ပါက တိုင်းပြည်ကို ကောင်စီက အုပ်ချုပ်ရမည်။ သို့သော် ထိုသူ အသက် ၁၄ နှစ်ပြည့်ပြီးနောက် အရေးကြီးသော နိုင်ငံတော်ကိစ္စရပ်အားလုံးကို သူ့အား အသိပေးရမည်။

၅။ ကျွန်ုပ်သည် သားသမီးမရှိဘဲ ကွယ်လွန်ပြီး အမျိုးသားအနွယ်ဝင် အမွေဆက်ခံသူလည်း မရှိပါက လေဒီဖရန်းစစ်၊ သူမမရှိပါက သူမ၏ သမီးကြီးများ၊ ၎င်းတို့မရှိပါက လေဒီမာဂရက်တို့က အမျိုးသားအမွေဆက်ခံသူတစ်ဦး မွေးဖွားလာသည်အထိ အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ရမည်။

၆။ အုပ်ချုပ်ရေးမှူး အုပ်ချုပ်စဉ်ကာလအတွင်း ကောင်စီဝင် ၄ ဦး ကွယ်လွန်ပါက တစ်လအတွင်း ကောင်စီအစည်းအဝေးခေါ်ယူ၍ ၄ ဦး ထပ်မံရွေးချယ်ရမည်။ အမွေဆက်ခံသူ အသက် ၁၄ နှစ်ပြည့်ပါက ကောင်စီ၏ အကြံဉာဏ်ဖြင့် သူကိုယ်တိုင် ရွေးချယ်ရမည်။

အက်ဒွပ်သည် သူ၏စာတမ်းတွင် "ကျွန်ုပ်၏ကိုယ်မှ သားသမီးမထွန်းကားပါက" လေဒီဂျိန်းဂရေး၏ မိခင်ဖြစ်သူ ဖရန်းစစ်ဂရေး၊ ဂျိန်းကိုယ်တိုင် သို့မဟုတ် သူမ၏ ညီမများဖြစ်ကြသော ကက်သရင်းနှင့် မေရီတို့၏ အမျိုးသားအနွယ်ဝင်များသာ ထီးနန်းဆက်ခံရမည် ဟု အစပိုင်းတွင် ပြဋ္ဌာန်းခဲ့သည်။ သို့သော် သူကွယ်လွန်ခါနီးအချိန်တွင် (နော်သမ်ဘာလန်၏ စည်းရုံးမှုကြောင့် ဖြစ်နိုင်သည်) ဂျိန်းနှင့် သူမ၏ ညီမများကိုယ်တိုင် ထီးနန်းဆက်ခံနိုင်ရန် စာသားကို ပြင်ဆင်ခဲ့သည်။ သို့သော်လည်း အက်ဒွပ်သည် ၎င်းတို့၏ ဆက်ခံခွင့်ကို လက်တွေ့အခြေအနေအရ အမျိုးသားကြီးစိုးမှုစနစ်၏ ချွင်းချက်တစ်ခုအနေဖြင့်သာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးအတည်ပြုစာတမ်းတွင် မေရီနှင့် အဲလိဇဘက် နှစ်ဦးစလုံးသည် "တရားမဝင်သော သားသမီးများ" ဖြစ်သည်ဟုဆိုကာ ထီးနန်းဆက်ခံခွင့်မှ ချန်လှပ်ခြင်း ခံခဲ့ရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် အဌမမြောက်ဟင်နရီဘုရင် လက်ထက်ကတည်းက တရားမဝင်ဟု ကြေညာခြင်းခံခဲ့ရပြီး မည်သည့်အခါမျှ တရားဝင်ပြန်ဖြစ်မလာခဲ့သဖြင့် ဤအကြောင်းပြချက်ကို နှစ်ဦးစလုံးအတွက် အသုံးချခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ ထီးနန်းဆက်ခံမှုကို ပြောင်းလဲရန် ပြဋ္ဌာန်းချက်များသည် အဌမမြောက်ဟင်နရီဘုရင် ၏ ၁၅၄၄ ခုနှစ် တတိယအကြိမ် ထီးနန်းဆက်ခံမှုအက်ဥပဒေကို တိုက်ရိုက်ဆန့်ကျင်နေပြီး ဆန်းပြားကာ ယုတ္တိမရှိသော လုပ်ရပ်အဖြစ် ဖော်ပြခြင်း ခံခဲ့ရသည်။ လေဒီဂျိန်းဂရေးသည် အက်ဒဝပ်ကွယ်လွန်ပြီး လေးရက်အကြာတွင် ဘုရင်မအဖြစ် ကြေညာခြင်း ခံခဲ့ရသည်။

ဇွန်လအစောပိုင်းတွင် အက်ဒွပ်သည် ဝတ်လုံတော်ရ (ရှေ့နေ) များကို ခေါ်ယူ၍ သူ၏ထီးနန်းစီမံချက်ကို အချောသတ်ရေးဆွဲစေခဲ့ပြီး နေရာခြောက်နေရာတွင် ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့သည်။ ဇွန်လ ၁၅ ရက်တွင် သူသည် အဆင့်မြင့်တရားသူကြီးများကို သူ၏နေမကောင်းသော အိပ်ရာဘေးသို့ ဆင့်ခေါ်ခဲ့ပြီး "ပြင်းထန်သော စကားလုံးများနှင့် စိတ်ဆိုးသောမျက်နှာထား" ဖြင့် ၎င်းစီမံချက်ကို တော်ဝင်အမိန့်ပြန်တမ်း အဖြစ် ပြင်ဆင်ရန်နှင့် ပါလီမန်တွင် အတည်ပြုစေမည်ဖြစ်ကြောင်း အမိန့်ပေးခဲ့သည်။ နောက်တစ်ဆင့်အနေဖြင့် ထိပ်တန်းကောင်စီဝင်များနှင့် ရှေ့နေများကို သူ၏ရှေ့မှောက်တွင် ကတိကဝတ်စာချုပ်၌ လက်မှတ်ရေးထိုးစေခဲ့ပြီး အက်ဒွပ်ကွယ်လွန်ပြီးနောက် သေတမ်းစာကို သစ္စာရှိစွာ အကောင်အထည်ဖော်ရန် သဘောတူစေခဲ့သည်။

နောက်ပိုင်းတွင် တရားသူကြီးချုပ် အက်ဒဝပ်မွန်တာဂူ က ပြန်လည်အမှတ်ရသည်မှာ - သူနှင့် သူ၏လုပ်ဖော်ကိုင်ဖက်များက ၎င်းစီမံချက်အပေါ် ဥပဒေကြောင်းအရ ကန့်ကွက်ခဲ့စဉ်က နော်သမ်ဘာလန်သည် "ဒေါသတကြီး တုန်ရင်နေပြီး... ဤအရေးအတွက် သူသည် အင်္ကျီလက်တိုဖြင့် မည်သူမဆိုကိုမဆို ချကြိတ်ပစ်မည်" ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဆိုသည်။ မွန်တာဂူသည် သူ၏နောက်ကွယ်တွင် ရပ်နေသော မှူးမတ်အချို့ကလည်း "အကယ်၍ သူတို့ ဒါကိုလုပ်ဖို့ ငြင်းဆန်ရင် သူတို့ဟာ နိုင်ငံတော်သစ္စာဖောက်တွေပဲ" ဟု ပြောဆိုသံကို ကြားခဲ့ရသည်။ နောက်ဆုံးတွင် ဇွန်လ ၂၁ ရက်၌ ကောင်စီဝင်များ၊ ဂိုဏ်းချုပ်ဘုန်းကြီးများ၊ ဘုန်းတော်ကြီးများနှင့် မြို့ဝန်များအပါအဝင် ထိပ်တန်းပုဂ္ဂိုလ် ၁၀၀ ကျော်က ၎င်းစီမံချက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းတို့ထဲမှ အများစုမှာ နော်သမ်ဘာလန်၏ အဓမ္မဖိအားပေးမှုကြောင့် လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်ဟု နောက်ပိုင်းတွင် ပြောကြားခဲ့ကြသည်။

ထိုအချိန်တွင် အက်ဒွပ် ကွယ်လွန်တော့မည်ဆိုသည်မှာ လူသိရှင်ကြားဖြစ်နေပြီး နိုင်ငံခြားသံတမန်များကလည်း မေရီကို ထီးနန်းမရစေရန် လှည့်ကွက်တစ်ခုခု လုပ်ဆောင်နေသည်ဟု သံသယဝင်ခဲ့ကြသည်။ ပြင်သစ်နိုင်ငံသည် စပိန်ဧကရာဇ်၏ ဝမ်းကွဲမောင်နှမတော်စပ်သူ (မေရီ) အင်္ဂလန်ထီးနန်းပေါ် ရောက်ရှိလာမည့်အရေးကို မလိုလားသဖြင့် နော်သမ်ဘာလန်နှင့် လျှို့ဝှက်ဆွေးနွေးမှုများ ပြုလုပ်ကာ ထောက်ခံမည့် အရိပ်အယောင်ပြခဲ့သည်။ သံတမန်များသည် အင်္ဂလိပ်ပြည်သူအများစုက မေရီကို ထောက်ခံကြသည်ကို သေချာသိရှိသော်လည်း ဘုရင်မ ဂျိန်းသည် ထီးနန်းကို အောင်မြင်စွာ ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။

သမိုင်းတွင် ရာစုနှစ်ပေါင်းများစွာတိုင်အောင် ဤထီးနန်းဆက်ခံမှု ပြောင်းလဲရန် ကြိုးပမ်းမှုကို နော်သမ်ဘာလန်မြို့စား တစ်ဦးတည်း၏ လျှို့ဝှက်ကြံစည်မှုအဖြစ်သာ ရှုမြင်ခဲ့ကြသည်။ သို့သော် ၁၉၇၀ ပြည့်လွန်နှစ်များမှစ၍ သမိုင်းပညာရှင်အများစုက ဤစီမံချက်စတင်ခြင်းနှင့် အကောင်အထည်ဖော်ရန် ဇွတ်အတင်းတောင်းဆိုခြင်းမှာ ဘုရင်လေး၏ ကိုယ်ပိုင်ဦးဆောင်မှုကြောင့် ဖြစ်သည်ဟု သတ်မှတ်လာကြသည်။ ဒါးမစ်မက်ကူးလော့ခ်) က ယင်းကို အက်ဒွပ်၏ "ခရစ်တော်၏ ဧဝံဂေလိနိုင်ငံတော်ကို တည်ထောင်လိုသော ဆယ်ကျော်သက်အိပ်မက်" အဖြစ် ပုံဖော်ခဲ့ပြီး၊ ဒေးဗစ်စတာကီ ကမူ "အက်ဒွပ်တွင် ပူးပေါင်းဆောင်ရွက်သူ အနည်းငယ်ရှိသော်လည်း တွန်းအားပေးခဲ့သည့် ပဓာနဆန္ဒမှာ သူ၏ဆန္ဒသာဖြစ်သည်" ဟု ရေးသားခဲ့သည်။ တော်ဝင်အိပ်ဆောင်ကောင်စီဝင်များထဲမှ နော်သမ်ဘာလန်၏ ရင်းနှီးသူ ဆာ ဂျွန်ဂိတ်စ် သည် အက်ဒွပ်အား လေဒီဂျိန်းဂရေး၏ သားများသာမက ဂျိန်းကိုယ်တိုင် ထီးနန်းဆက်ခံနိုင်ရန် စီမံချက်ကို ပြင်ဆင်ရန် အကြံပြုခဲ့သူအဖြစ် သံသယရှိခြင်း ခံရသည်။ သူ၏ ပါဝင်ပတ်သက်မှု မည်မျှပင်ရှိစေကာမူ အက်ဒဝပ်သည် မိမိ၏စကားသာလျှင် ဥပဒေဖြစ်သည်ဟု ယုံကြည်ခဲ့ပြီး မိမိ၏အစ်မများကို အမွေပြတ်စွန့်လွှတ်ရန် အပြည့်အဝ ထောက်ခံခဲ့သည် - "မေရီအား ထီးနန်းဆက်ခံခွင့် ပိတ်ပင်ခြင်းသည် ဘုရင်ငယ်လေး အလေးအနက် ယုံကြည်ခဲ့သော ရည်မှန်းချက်တစ်ခု ဖြစ်ခဲ့သည်။"

နာမကျန်းဖြစ်ခြင်းနှင့် ကွယ်လွန်ခြင်း

[ပြင်ဆင်ရန်]

၁၅၅၃ ခုနှစ် ဇန်နဝါရီလတွင် အက်ဒွပ်သည် ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းဝေဒနာများကို စတင်ခံစားခဲ့ရပြီး ယင်းရောဂါလက္ခဏာများမှာ တဖြည်းဖြည်း ပိုမိုဆိုးရွားလာခဲ့သည်။ စပိန်သံအမတ် ဂျင်းရှေးဖ်က "အဖျားတက်လာတဲ့အခါ ဘုရင်မင်းမြတ်ဟာ တော်တော်လေး ဝေဒနာခံစားရပါတယ်၊ အထူးသဖြင့် ညာဘက်အဆုတ်နဲ့ ကလီစာတွေ ဖိမိနေတာကြောင့် အသက်ရှူရတာ အလွန်ခက်ခဲနေပါတယ်" ဟု အစီရင်ခံခဲ့သည်။

ဧပြီလအစောပိုင်းတွင် အက်ဒွပ်သည် ဝက်စ်မင်စတာရှိ ပန်းခြံထဲ၌ လေညင်းခံနိုင်ပြီး ဂရင်းနစ် သို့ ပြောင်းရွှေ့နိုင်သည်အထိ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပုံပေါ်သော်လည်း ထိုလအကုန်တွင် ပြန်လည်အားနည်းသွားခဲ့သည်။ မေလ ၇ ရက်၌ သူသည် "များစွာသက်သာလာပြီ" ဖြစ်ကြောင်းနှင့် တော်ဝင်ဆရာဝန်များကလည်း သူပြန်လည်ကျန်းမာလာလိမ့်မည်ဟု သံသယမရှိ ယုံကြည်ခဲ့ကြသည်။ ရက်ပိုင်းအကြာတွင် ဘုရင်လေးသည် သူ၏ပြတင်းပေါက်တွင် ထိုင်လျက် သိမ်းစ်မြစ် ပေါ်ရှိ သင်္ဘောများကို ကြည့်ရှုနိုင်ခဲ့သည်။ သို့သော် ရောဂါပြန်ရင့်လာခဲ့ပြီး ဇွန်လ ၁၁ ရက်တွင် ဘုရင်၏အိမ်တော်၌ သတင်းပေးတစ်ဦးရှိသော ရှေးဖ်က "သူ့ရဲ့ ခံတွင်းကနေ ထွက်လာတဲ့အရာတွေဟာ တစ်ခါတစ်ရံ စိမ်းဝါဝါနဲ့ အမည်းရောင်သန်းနေပြီး၊ တစ်ခါတစ်ရံမှာတော့ သွေးရောင်လို ပန်းရောင်သန်းနေပါတယ်" ဟု အစီရင်ခံခဲ့သည်။ ယခုအခါ သူ၏ဆရာဝန်များက သူသည် အဆုတ်တွင် ပြည်တည်နာခံစားနေရပြီး သူ၏အသက်ကို ကယ်တင်ရန် မဖြစ်နိုင်တော့ကြောင်း ယုံကြည်ခဲ့ကြသည်။မကြာမီပင် သူ၏ခြေထောက်များ အလွန်အမင်း ဖောယောင်လာသဖြင့် ပက်လက်သာ လှဲနေရတော့ပြီး ရောဂါကို အန်တုရန် အင်အားမရှိတော့ချေ။ သူ၏ဆရာဝန် ဂျွန်ချိခ် (အား သူက "ကျွန်ုပ် သေရမှာကို ဝမ်းမြောက်ပါတယ်" ဟု တိုးတိုးလေး ပြောကြားခဲ့သည်။

အက်ဒွပ်သည် ဇူလိုင်လ ၁ ရက်တွင် ပြည်သူလူထုရှေ့သို့ နောက်ဆုံးအကြိမ် ထွက်ပြသခဲ့သည်။ သူသည် ဂရင်းနစ်နန်းတော် ရှိ သူ၏ပြတင်းပေါက်တွင် ကိုယ်ထင်ပြခဲ့ရာ၊ သူ့ကို မြင်တွေ့ခဲ့ရသူများသည် သူ၏ "ပိန်လှီပြီး အားအင်ချိနဲ့နေသော" အခြေအနေကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ကြသည်။ နောက်ထပ် နှစ်ရက်အတွင်း လူအုပ်ကြီးသည် ဘုရင်လေးကို ထပ်မံမြင်တွေ့ရန် မျှော်လင့်ချက်ဖြင့် ရောက်ရှိလာခဲ့ကြသော်လည်း ဇူလိုင်လ ၃ ရက်တွင် ရာသီဥတု အလွန်အေးလွန်းသဖြင့် ဘုရင်မင်းမြတ် အပြင်သို့ ထွက်မပြနိုင်ကြောင်း ပြည်သူများကို အသိပေးခဲ့သည်။ အက်ဒွပ်သည် ၁၅၅၃ ခုနှစ် ဇူလိုင်လ ၆ ရက် ည ၈ နာရီတွင် အသက် ၁၅ နှစ်အရွယ်၌ ဂရင်းနစ်နန်းတော်တွင် ကွယ်လွန်သွားခဲ့သည်။ ဂျွန်ဖောက်စ် ၏ မှတ်တမ်းအရ သူ၏နောက်ဆုံးစကားမှာ "ကျွန်ုပ် အားအင်ကုန်ပါပြီ၊ အရှင်ဘုရား... ကျွန်ုပ်အပေါ် သနားကရုဏာထား၍ ကျွန်ုပ်၏ ဝိညာဉ်ကို သိမ်းပိုက်တော်မူပါ" ဟု ဖြစ်သည်။

ဆဌမမြောက်အက်ဒွပ်ဘုရင် ၏ ရုပ်ကလာပ်ကို ဩဂုတ်လ ၈ ရက်တွင် ဝက်စ်မင်စတာ ဘုရားရှိခိုးကျောင်း ရှိ လေဒီဝတ်ပြုဆောင် အတွင်းရှိ သူ၏အဖိုး သတ္တမမြောက်ဟင်နရီဘုရင်ကြီး ၏ ဂူဗိမာန်အနောက်ဘက်ကပ်လျက်၊ ဝတ်ပြုဆောင်၏ မူလပလ္လင်အောက်တည့်တည့်တွင် သောမတ်စ်ကရမ်မာ ဦးဆောင်သော ပရိုတက်စတစ် ထုံးတမ်းစဉ်လာများအတိုင်း ချက်ချင်း မြှုပ်နှံခဲ့သည်။ ဈာပနစီတန်းလှည့်လည်မှုကို "ဝတ်ရုံဖြူဝတ်ဆင်ထားသော ကလေးငယ်အုပ်စုကြီး" က ဦးဆောင်ခဲ့ပြီး လန်ဒန်မြို့သူမြို့သားများက "ငိုကြွေးမြည်တမ်းလျက်" စောင့်ကြည့်ခဲ့ကြသည်။ ရွှေချည်ထိုးအဝတ်ဖြင့် ဖုံးအုပ်ထားသော ဈာပနရထားလုံးပေါ်တွင် သရဖူ၊ ရာဇလှံတံနှင့် ဂါတာဘွဲ့တံဆိပ်များ ဆင်ယင်ထားသည့် အက်ဒဝပ်၏ ပုံတူရုပ်တုကို တင်ဆောင်ထားခဲ့သည်။ သူ၏အထိမ်းအမှတ် ကျောက်တိုင်တစ်ခု စိုက်ထူရန် ဒီဇိုင်းဆွဲခဲ့သော်လည်း အကောင်အထည် မဖော်ဖြစ်ခဲ့သဖြင့် အက်ဒွပ်၏ မြှုပ်နှံရာနေရာသည် မည်သည့်အမှတ်အသားမျှ မရှိဘဲ ကျန်ရစ်ခဲ့သည်။ ထို့နောက် ၁၉၆၆ ခုနှစ် ရောက်မှသာ သူတည်ထောင်ခဲ့သော ခရိုက်စ်ဟော့စပီတယ် ကျောင်းက သူတို့၏တည်ထောင်သူအား ကျေးဇူးဆပ်သောအားဖြင့် ဝတ်ပြုဆောင် ကြမ်းပြင်တွင် ကမ္ပည်းကျောက်ပြားတစ်ချပ်ကို လာရောက်တင်ရှိခဲ့သည်။ ၎င်းကမ္ပည်းစာတွင် "ဤဝတ်ပြုဆောင်၌ မြှုပ်နှံထားသော ဆဌမမြောက်အက်ဒွပ်ဘုရင် အား ရည်စူး၍ ခရိုက်စ်ဟော့စပီတယ်ကျောင်းမှ ၎င်းတို့၏ တည်ထောင်သူအား ကျေးဇူးတင်သောအားဖြင့် ဤကျောက်ပြားကို ၁၉၆၆ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ထားရှိပါသည်"ဟု ရေးထိုးထားသည်။

ဆဌမမြောက်အက်ဒွပ်ဘုရင် ကွယ်လွန်ရခြင်း၏ အကြောင်းရင်း အစစ်အမှန်မှာ ယနေ့တိုင် အသေအချာ မသိရသေးပါ။ ၁၆ ရာစုအတွင်း တော်ဝင်မိသားစုဝင်များ ကွယ်လွန်မှုများအတိုင်း အဆိပ်ခတ်ခံရသည်ဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သော်လည်း ယင်းကို ထောက်ပြနိုင်သည့် မည်သည့်သက်သေမျှ မတွေ့ရချေ။ အက်ဒဝပ်ကွယ်လွန်ပြီးနောက် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် ပြည်သူတို့၏ မုန်းတီးခြင်းကို ခံခဲ့ရသော နော်သမ်ဘာလန်မြို့စားသည် ဤအဆိပ်ခတ်မှုကို အမိန့်ပေးခဲ့သူအဖြစ် လူအများက ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ခဲ့ကြသည်။ အခြားသော သီအိုရီတစ်ခုတွင်မူ မေရီအား ထီးနန်းတင်မြှောက်ရန် ကြိုးပမ်းနေသော ကက်သလစ်များက အက်ဒွပ်ကို အဆိပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်။ သို့သော် အက်ဒွပ်ကွယ်လွန်ပြီးနောက် ရင်ခွဲစစ်ဆေးခဲ့သော ခွဲစိတ်ဆရာဝန်က "အရှင်မင်းကြီး ကွယ်လွန်ရခြင်းမှာ အဆုတ်ရောဂါကြောင့် ဖြစ်သည်" ဟု တွေ့ရှိခဲ့သည်။ ဗင်းနစ်သံအမတ် ဂျာကိုမိုဆိုရန်ဇို ကလည်း အက်ဒဝပ်သည် အဆုတ်နာရောဂါ - တစ်နည်းအားဖြင့် တီဘီရောဂါ ကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု အစီရင်ခံခဲ့ပြီး ယင်းရောဂါအဖြေကို သမိုင်းပညာရှင်အများစုက လက်ခံကြသည်။ သမိုင်းပညာရှင် စကစ်ဒ်မိုး ၏ အဆိုအရ အက်ဒဝပ်သည် ၁၅၅၂ ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ကျောက်ကြီးရောဂါ တို့ကို ပြင်းထန်စွာ ခံစားခဲ့ရပြီးနောက် ခန္ဓာကိုယ်၏ သဘာဝကိုယ်ခံအားစနစ် ပျက်စီးသွားခဲ့ရာမှတစ်ဆင့် တီဘီရောဂါ ကူးစက်ခံရခြင်း ဖြစ်နိုင်သည်ဟု ယူဆသည်။ သို့သော် သမိုင်းပညာရှင် လိုချ် ကမူ သူ၏ရောဂါလက္ခဏာများသည် ပြင်းထန်အဆုတ်အအေးမိခြင်း ၏ ထုံးစံအတိုင်းဖြစ်ပြီး၊ ထိုမှတဆင့် အဆုတ်ကူးစက်ပိုးဝင်ခြင်း သို့မဟုတ် အဆုတ်ပြည်တည်နာဖြစ်ကာ၊ သွေးဆိပ်တက်ခြင်း နှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်နိုင်ကြောင်း အကြံပြုထားသည်။

လေဒီဂျိန်းနှင့် ဘုရင်မ မေရီ

[ပြင်ဆင်ရန်]

အက်ဒွပ်ကွယ်လွန်ပြီး နှစ်ပတ်အကြာတွင် တော်ဝင်ဘုရင့်ကောင်စီ သည် ထီးနန်းဆက်ခံမှုကို တားဆီးရန် အက်ဒွပ်၏ ကြိုးပမ်းမှုများရှိခဲ့သော်လည်း သူ၏ဖအေတူမအေကွဲ အစ်မဖြစ်သူအား ပထမမြောက်မေရီဘုရင်မ အဖြစ် တရားဝင်ကြေညာခဲ့သည်။

လေဒီမေရီသည် အက်ဒွပ်ကို ဖေဖော်ဝါရီလတွင် နောက်ဆုံးတွေ့ရှိခဲ့ပြီး၊ နော်သမ်ဘာလန်မြို့စားနှင့် စပိန်သံအမတ်များမှတစ်ဆင့် မောင်တော်၏ ကျန်းမာရေးအခြေအနေကို စဉ်ဆက်မပြတ် သိရှိနေခဲ့သည်။ အက်ဒဝပ် ကွယ်လွန်တော့မည်ကို သိရှိသွားသောအခါ သူမသည် လန်ဒန်အနီးရှိ ဟန်းစ်ဒွန်အိမ်တော် မှ ထွက်ခွာပြီး သူမ၏ ကုန်းမြေပိုင်နက်များရှိရာ နော်ဖော့ခ် ရှိ ကန်းနင်းဟော သို့ အမြန်ဆုံး မောင်းနှင်ထွက်ခွာခဲ့သည်၊ အကြောင်းမှာ ထိုနေရာရှိ သူမ၏ မြေငှားလယ်သမားများ၏ ထောက်ခံမှုကို ရရှိနိုင်သောကြောင့်ဖြစ်သည်။

နော်သမ်ဘာလန်သည် မေရီ ထွက်ပြေးတိမ်းရှောင်ခြင်း သို့မဟုတ် ဥရောပတိုက်မှ စစ်ကူများ ရောက်ရှိလာခြင်းတို့ကို တားဆီးရန် နော်ဖော့ခ်ကမ်းရိုးတန်းသို့ စစ်သင်္ဘောများ စေလွှတ်ခဲ့သည်။ သူသည် မိမိ၏စစ်အင်အားများကို စုစည်းနေစဉ်အတွင်း ဘုရင်ကြီးကွယ်လွန်သည့် သတင်းကို ဆိုင်းငံ့ထားခဲ့ပြီး၊ ဂျိန်းဂရေး ကို ဇူလိုင်လ ၁၀ ရက်တွင် လန်ဒန်တာဝါသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုနေ့တွင်ပင် လန်ဒန်လမ်းမများပေါ်၌ ဂျိန်းအား ဘုရင်မအဖြစ် ကြေညာခဲ့သော်လည်း ပြည်သူများအကြား မကျေနပ်သည့် တီးတိုးသံများ ထွက်ပေါ်ခဲ့သည်။

တော်ဝင်ကောင်စီသည် မေရီထံမှ စာတစ်စောင်ကို လက်ခံရရှိခဲ့ပြီး၊ ၎င်းစာတွင် သူမကိုယ်သူမ ဘုရင်မအဖြစ် ကြေညာထားပြီးဖြစ်သကဲ့သို့ ကောင်စီအနေဖြင့်လည်း မိမိအား ဘုရင်မအဖြစ် တရားဝင်ကြေညာပေးရန်နှင့် ထီးနန်းအတွက် မိမိ၏ "ရပိုင်ခွင့်နှင့် ဘွဲ့ထူး" ကို အခိုင်အမာ တောင်းဆိုထားသည်။ ကောင်စီက ပြန်လည်တုံ့ပြန်ရာတွင် ဂျိန်းသည် အက်ဒဝပ်၏ အာဏာစက်အရ ဘုရင်မဖြစ်ပြီး၊ မေရီမှာမူ ဆန့်ကျင်ဘက်အားဖြင့် တရားမဝင်သူဖြစ်ကာ "အခြေခံနိမ့်ကျပြီး မိုက်မဲသော လူနည်းစု" ၏ ထောက်ခံမှုကိုသာ ရရှိထားသူဖြစ်ကြောင်း ပြန်ကြားခဲ့သည်။

နော်သမ်ဘာလန်သည် မိမိ၏ တွက်ချက်မှု ကြီးမားစွာ မှားယွင်းသွားကြောင်း မကြာမီပင် သဘောပေါက်ခဲ့သည်၊ အထူးသဖြင့် အက်ဒွပ်မကွယ်လွန်မီ မေရီ၏ကိုယ်ကို ဖမ်းဆီးထိန်းချုပ်ရန် ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။ မေရီ၏ထံသို့ စုရုံးရောက်ရှိလာသူ အများစုမှာ ကက်သလစ်ဘာသာကို ပြန်လည်ထူထောင်ရန်နှင့် ပရိုတက်စတစ်ဝါဒကို အနိုင်ယူရန် မျှော်လင့်ထားကြသော ကက်သလစ်ဘာသာဝင်များ ဖြစ်ကြသော်လည်း၊ သူမ၏ ထောက်ခံသူများထဲတွင် ဘာသာရေးထက် သူမ၏ တရားဝင်ထီးနန်းဆက်ခံခွင့်ကို ပိုမိုအလေးထားကြသူ အမြောက်အမြားလည်း ပါဝင်သည်။

နော်သမ်ဘာလန်သည် လန်ဒန်ရှိ ထိတ်လန့်တုန်လှုပ်နေသော ကောင်စီကို ထိန်းချုပ်မှုကို စွန့်လွှတ်ကာ၊ မှူးမတ်မျိုးနွယ်များနှင့် "မရေမတွက်နိုင်သော သာမန်ပြည်သူလူထုကြီး" အပါအဝင် မေရီကို ထောက်ခံမှု ပိုမိုအားကောင်းလာသည်ဟူသော သတင်းများ ထွက်ပေါ်နေသည့် အရှေ့အန်ဂလီယာ သို့ မစီစဉ်ရသေးသော မေရီနောက် လိုက်လံဖမ်းဆီးရေး စစ်ဆင်ရေးကို စတင်ခဲ့ရသည်။ ဇူလိုင် ၁၄ ရက်တွင် နော်သမ်ဘာလန်သည် စစ်သည် ၃,၀၀၀ ဖြင့် လန်ဒန်မှ ချီတက်ခဲ့ပြီး နောက်တစ်နေ့တွင် ကိန်းဘရစ်ချ် သို့ ရောက်ရှိခဲ့သည်။ ထိုအတောအတွင်း မေရီသည် ဆာဖော့ခ် ရှိ ဖရမ်လင်ဟမ်ရဲတိုက် တွင် သူမ၏စစ်အင်အားစုများကို စုစည်းခဲ့ပြီး ဇူလိုင် ၁၉ ရက်တွင် စစ်သည် ၂၀,၀၀၀ နီးပါးရှိသော စစ်တပ်ကြီးကို ဖွဲ့စည်းနိုင်ခဲ့သည်။

ထိုအခါမှ တော်ဝင်ကောင်စီသည် မိမိတို့ ကြီးမားသော အမှားကြီးတစ်ခုကို လုပ်ဆောင်မိပြီဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ အာရန်ဒယ်မြို့စား နှင့် ပင်းဘရုခ်မြို့စားတို့က ဦးဆောင်၍ ဇူလိုင် ၁၉ ရက်တွင် ကောင်စီသည် မေရီအား ဘုရင်မအဖြစ် ပြည်သူလူထုရှေ့မှောက်၌ တရားဝင်ကြေညာခဲ့ရာ၊ ဂျိန်း၏ ကိုးရက်တာ နန်းစံသက် ကုန်ဆုံးသွားခဲ့သည်။ ဤကြေညာချက်ကြောင့် လန်ဒန်တစ်မြို့လုံးတွင် အတိုင်းထက်အလွန် ဝမ်းမြောက်အောင်ပွဲခံခဲ့ကြသည်။ ကိန်းဘရစ်ချ်တွင် သောင်တင်နေသော နော်သမ်ဘာလန်ကိုယ်တိုင်လည်း ကောင်စီထံမှ ပေးပို့သော စာပါအတိုင်း မေရီအား ဘုရင်မအဖြစ် ကြေညာခဲ့ရသည်။ ဝီလျံပေ့ဂျတ်နှင့် အာရန်ဒယ်မြို့စားတို့သည် ဖရမ်လင်ဟမ်သို့ မြင်းစီးထွက်ခွာကာ မေရီထံမှ ခွင့်လွှတ်ပန်ကြားခဲ့ကြပြီး၊ အာရန်ဒယ်သည် ဇူလိုင် ၂၄ ရက်တွင် နော်သမ်ဘာလန်ကို ဖမ်းဆီးခဲ့သည်။

နော်သမ်ဘာလန်သည် ပရိုတက်စတစ်ဝါဒကို စွန့်လွှတ်ပြီးနောက် မကြာမီ ဩဂုတ် ၂၂ ရက်တွင် ခေါင်းဖြတ်ကွပ်မျက်ခြင်း ခံခဲ့ရသည်။ သူ၏ ဘာသာရေးစွန့်လွှတ်မှုသည် သူ၏ချွေးမဖြစ်သူ ဂျိန်းကို စိတ်ပျက်စေခဲ့ပြီး၊ ဂျိန်းသည်လည်း သူမ၏ဖခင် ဝိုင်ရတ်ပုန်ကန်မှု တွင် ပါဝင်ပတ်သက်ခဲ့ပြီးနောက် ၁၅၅၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ခေါင်းဖြတ်စင်သို့ လိုက်ပါသွားခဲ့ရသည်။

ပရိုတက်စတစ်ဝါဒ၏ အမွေအနှစ်

[ပြင်ဆင်ရန်]

အက်ဒွပ်သည် ခြောက်နှစ်သာ စိုးစံခဲ့ပြီး အသက် ၁၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သော်လည်း၊ သူ၏နန်းသက်သည် အင်္ဂလန်ဘာသာရေး ပြုပြင်ပြောင်းလဲမှုနှင့် အင်္ဂလန်ဘုရားကျောင်း၏ ဖွဲ့စည်းပုံအပေါ် ရေရှည်တည်တံ့သော ပံ့ပိုးကူညီမှုများကို လုပ်ဆောင်ပေးခဲ့သည်။ အဌမမြောက်ဟင်နရီဘုရင် ၏ နောက်ဆုံးဆယ်စုနှစ်တွင် ပြုပြင်ပြောင်းလဲရေးမှာ တစ်စိတ်တစ်ပိုင်း ရပ်တန့်နေခဲ့ပြီး ကက်သလစ်တန်ဖိုးများဘက်သို့ ပြန်လည်ယိမ်းနေခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် အက်ဒွပ်၏ နန်းသက်တွင်မူ ဘုရားကျောင်းသည် အခြေခံအားဖြင့် ကက်သလစ်ဝတ်ပြုထုံးတမ်းနှင့် ဖွဲ့စည်းပုံမှသည် ပရိုတက်စတစ်အဖြစ် သတ်မှတ်နိုင်သော ပုံစံသို့ ပြောင်းလဲသွားကာ ပြုပြင်ပြောင်းလဲရေးတွင် အစွန်းရောက်တိုးတက်မှုများကို တွေ့မြင်ခဲ့ရသည်။ အထူးသဖြင့် ဘုံဝတ်ပြုဆုတောင်းစာအုပ်၊ ၁၅၅၀ ပြည့်နှစ်၏ ဘုန်းကြီးသိက္ခာပေးထုံးတမ်းနှင့် ကရမ်မာ၏ အပိုဒ်ခွဲ ၄၂ ခုပါဝင်သော အယူဝါဒကြေညာချက်တို့သည် ယနေ့တိုင် တည်ရှိနေဆဲဖြစ်သော အင်္ဂလန်ဘုရားကျောင်း ဝတ်ပြုမှုများ၏ အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။ အက်ဒွပ်ကိုယ်တိုင် ဤအပြောင်းအလဲများကို အပြည့်အဝ ထောက်ခံခဲ့ပြီး၊ ယင်းတို့မှာ သောမတ်စ်ကရမ်မာ၊ ဟျူးလက်တီးမား နှင့် နီကိုလပ်စ်ရစ်ဒ်လေ ကဲ့သို့သော ပြုပြင်ပြောင်းလဲရေးသမားများ၏ လက်ရာများဖြစ်သော်လည်း၊ ဘုရင်၏ ဘာသာရေးကိုင်းရှိုင်းမှုသည် သူ၏လက်ထက်တွင် ပြုပြင်ပြောင်းလဲရေးကို အရှိန်မြှင့်တင်ရန် တွန်းအားတစ်ခု ဖြစ်ခဲ့သည်။

ဘုရင်မ မေရီသည် မောင်တော်လက်ထက်က လုပ်ဆောင်ခဲ့သော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့သော်လည်း ကြီးမားသော အဟန့်အတားများနှင့် ရင်ဆိုင်ခဲ့ရသည်။ သူမသည် ပုပ်ရဟန်းမင်းကြီး၏ အာဏာစိုးမိုးမှုကို ယုံကြည်သော်လည်း၊ အင်္ဂလန်ဘုရားကျောင်း၏ အထွတ်အထိပ်ခေါင်းဆောင်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ခဲ့ရသဖြင့် ဤဆန့်ကျင်ဘက်အခြေအနေကို သူမက မလိုလားခဲ့ချေ။ သူမသည် ပုဂ္ဂလိကမြေရှင်များထံ လွှဲပြောင်းပေးအပ်ခြင်း သို့မဟုတ် ရောင်းချခြင်းခံခဲ့ရသော ကြီးမားလှသော ဘုရားကျောင်းပိုင်ပစ္စည်းများကို ပြန်လည်သိမ်းဆည်းရန် လုံးဝမတတ်နိုင်ခဲ့ပေ။ သူမသည် ထိပ်တန်းပရိုတက်စတစ် ဓမ္မဆရာအချို့ကို မီးရှို့ကွပ်မျက်ခဲ့သော်လည်း၊ ပြုပြင်ပြောင်းလဲရေးသမား အများအပြားမှာ ပြည်ပသို့ တိမ်းရှောင်ခဲ့ကြသည် သို့မဟုတ် အင်္ဂလန်အတွင်း လျှို့ဝှက်စွာ လှုပ်ရှားနေကြပြီး၊ သူမ တားဆီး၍မရနိုင်သော ပြုပြင်ပြောင်းလဲရေး ဝါဒဖြန့်စာပေများကို အရှိန်အဟုန်ဖြင့် ထုတ်ဝေခဲ့ကြသည်။ သို့သော်လည်း ပရိုတက်စတစ်ဝါဒမှာ အင်္ဂလိပ်ပြည်သူတို့၏ ရင်ထဲတွင် အမြစ်မတွယ်သေးဘဲ၊ အကယ်၍ မေရီသာ အသက်ပိုရှည်ခဲ့ပါက သူမ၏ ကက်သလစ်ပြန်လည်ထူထောင်ရေးမှာ အောင်မြင်နိုင်ပြီး၊ အက်ဒဝပ်၏ စိုးစံမှုမှာသာ သမိုင်းတွင် ပုံမှန်မဟုတ်သော သွေဖည်မှုတစ်ခု ဖြစ်သွားနိုင်သည်။

၁၅၅၈ ခုနှစ်တွင် မေရီ ကွယ်လွန်သောအခါ အင်္ဂလန်ဘာသာရေး ပြုပြင်ပြောင်းလဲမှုသည် ၎င်း၏လမ်းကြောင်းအတိုင်း ပြန်လည်စတင်ခဲ့ပြီး၊ အက်ဒွပ်လက်ထက်က ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲမှုအများစုကို အဲလိဇဘက်ခေတ် ဘာသာရေး ပြန်လည်အခြေချမှု တွင် ပြန်လည်အသက်သွင်းခဲ့သည်။ ဘုရင်မအဲလိဇဘက်သည် မေရီ၏ ကောင်စီဝင်များနှင့် ဘုန်းတော်ကြီးများကို အက်ဒွပ်၏ လူဟောင်းများဖြစ်ကြသော နော်သမ်ဘာလန်၏ အတွင်းရေးမှူးဟောင်း ဝီလျံစီဆီလ် နှင့် ၁၅၅၉ ခုနှစ် ပါလီမန်ဖွင့်ပွဲတွင် ကက်သလစ်ဆန့်ကျင်ရေးတရား ဟောကြားခဲ့သူ အက်ဒွပ်၏ ဆရာဟောင်း ရစ်ချက်ကော့စ်တို့ဖြင့် အစားထိုးခဲ့သည်။

ပါလီမန်သည် နောက်နှစ်နွေဦးတွင် ဝတ်ပြုထုံးတမ်း ညီညွတ်ရေးအက်ဥပဒေကို အတည်ပြုခဲ့ပြီး၊ ၎င်းအက်ဥပဒေအရ ကရမ်မာ၏ ၁၅၅၂ ခုနှစ် ဆုတောင်းစာအုပ်ကို ပြင်ဆင်ချက်အချို့ဖြင့် ပြန်လည်အသုံးပြုစေခဲ့သည်။ ထို့ပြင် ၁၅၆၃ ခုနှစ်၏ အပိုဒ်ခွဲ ၃၉ ခုပါဝင်သော ဘာသာရေးအခြေခံမူများ သည်လည်း ကရမ်မာ၏ အပိုဒ်ခွဲ ၄၂ ခုကို အဓိကအခြေခံထားခြင်း ဖြစ်သည်။ အက်ဒဝပ်လက်ထက်က ဘာသာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများသည် အဲလိဇဘက်၏ ဘာသာရေးမူဝါဒများအတွက် အရေးကြီးသော ကိုးကားစရာ အရင်းအမြစ်တစ်ခု ဖြစ်ခဲ့သည်။



ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ 5 Fascinating Facts about King Henry VIII's son, King Edward VI (11 March 2018)။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 November 2019 တွင် ပြန်စစ်ပြီး။