ဆင်ကျုံးခံတပ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အင်းဝ ဆင်ကျုံးခံတပ်အတွင်းရှိ အမြောက်

ဆင်ကျုံးခံတပ်သည် အင်းဝမြို့ ဆင်ကျုံးကျေးရွာ၏ အနောက်ဖျား၊ ဧရာဝတီမြစ် တောင်ဘက်တွင် တည်ရှိသည်။ ဆင်ကျုံးခံတပ်ကို ခရစ်နှစ် ၁၈၇၄-ခုနှစ်တွင် မင်းတုန်းမင်းက မူလဆင်ကျုံးနေရာကို ခံတပ်အဖြစ် အသုံးပြုခဲ့သဖြင့် ဆင်ကျုံးခံတပ်ဟု အမည်တွင်ခြင်း ဖြစ်သည်။ မင်းတုန်းမင်းသည် အမြော်အမြင်ကြီးမားသည့် မှူးမတ်ပညာရှိများနှင့် ညှိနှိုင်းတိုင်ပင်၍ နိုင်ငံတော်ကာကွယ်ရေးအတွက် ဆောင်ရွက်ခဲ့သည်။ ဧရာဝတီမြစ်ရိုး တစ်လျောက်၌ စစ်မဟာဗျူဟာအရ အချက်အချကျသည့် နေရာ၊ အကာအကွယ် ကောင်းမွန်သည့်နေရာများတွင် ခံစစ်အတွက် ခံတပ်များ တည်ဆောက်ခဲ့သည်။ ခဲတပ်များ တည်ဆောက်မှုကို အီတလီ၊ ပြင်သစ်ပညာရှင်များ ဖြစ်သည့် ကိုမိုတို (Commotto)၊ မိုလီနာရီ (Molinari) နှင့် နိုင်ငံခြားပညာတော်သင်ပြန် မြန်မာလူငယ်များ ပူးပေါင်းတည်ဆောက်ခဲ့သည်။ ကုန်းဘောင်ခေတ်နှောင်း တည်ဆောက်ခဲ့သည့် ခံတပ်များ ဖြစ်သော မင်းလှခံတပ်ဂွေးချောင်းခံတပ်၊ ဆင်ကျုံးခံတပ်၊ သပြေတန်းခံတပ် နှင့် အစေခံခံတပ်တို့သည် ကင်းဝန်မင်းကြီးနှင့်အဖွဲ့ အနောက်နိုင်ငံများသို့ သွားရောက်လေ့လာခဲ့ပြီး ရရှိသည့် အတွေ့အကြုံများကို အခြေခံ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် အင်္ဂလန်ကျွန်းများ အကြားရှိ ပင်လယ်အထွက် ရေလက်ကြားများတွင် ဆောက်လုပ်ထားသော ပေါစမောက် (Potsmout) မြို့ရှိ ခံတပ်များ တည်ဆောက်ထားပုံကို မှတ်သား၍ အထက်မြန်မာပြည်တွင် အင်းဝ-ဆင်ကျုံးခံတပ်၊ စစ်ကိုင်း-အစေခံခံတပ်နှင့် အမရပူရ- သပြေတန်းခံတပ်တို့ကို တည်ဆောက်ခဲ့သည်။

အင်းဝ ဆင်ကျုံးခံတပ် ကျောက်စာများ


ဆင်ကျုံးခံတပ်သည် စတုရန်းပုံဖြစ်ပြီး အုတ်တံတိုင်းသုံးထပ်ပါရှိသည်။ အပြင်တံတိုင်းမှာ ၃၅၅-ပေ ပတ်လည်ရှိပြီး၊ ၃၆-ပေ အရှည်ရှိသော ထောင့်ဖြေဖြင့် တည်ဆောက်ထားသည်။ အလည်တံတိုင်းမှာ ၂၉၃-ပေ ပတ်လည်ရှိသည်။ တံတိုင်းနှစ်ခုအကြားတွင် ၃၀-ပေကျယ်သော ကျုံးရှိသည်။ အတွင်းတံတိုင်းမှာ ၂၀၀-ပေ ပတ်လည်ရှိပြီး ခံတပ်အရှေ့ဘက်တွင် ကျုံးကူးတံတား တစ်စင်းပါရှိသည်။ ယခုအခါ ခံတပ်ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ နှစ်စဉ်ထိန်းသိမ်း စောင့်ရှောက်ထားသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. အင်းဝ-ပင်းယဒေသရှိ ရှေးဟောင်းအဆောက်အအုံများ၊ စာ-၂၂/၂၃