စံသာအောင်၊ ဦး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

၁၉၇၁-ခုနှစ် အမျိုးသားစာပေဆု၊ သုတပဒေသာ (သိပ္ပံနှင့်အသုံးချသိပ္ပံဘာသာရပ်) ဆုရ ဆရာကြီးဦးစံသာအောင် ( ခရစ် ၁၉၂၅ - ၁၉၈၁ ) ရခိုင်နှင့်မြန်မာ လူမှုရေးနယ်ပယ်၊ ပညာရေး နယ်ပယ်၊ စာပေယဉ်ကျေးမှု နယ်ပယ် အသီးသီးတွင် ထင်ရှားကျော် ကြားသော ဆရာကြီးဦးစံသာအောင်သည် တစ်ခေတ်တွင်တစ်ယောက်ဆိုသလို ပေါ်ထွန်းခဲ့သော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။


ဆရာကြီးဦးစံသာအောင်ကို ၁၉၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် စစ်တွေမြို့၊ ရွှေပြားရပ်၌ အဖဦးသာဇံဦး A.T.M , K.S.M (အငြိမ်းစား စက်ရှင်တရားသူကြီး)၊ အမိဒေါ်မဘု တို့မှ မွေးဖွားသည်။ ၁၉၄၀ ခုနှစ်တွင် တန်းမြင့်ကျောင်းထွက် စာမေးပွဲကို စစ်တွေမြို့အစိုးရအထက်တန်းကျောင်းမှ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာတို့တွင် ဂုဏ်ထူးဖြင့် အောင်မြင်သည်။


ရန်ကုန်တက္ကသိုလ်တွင် ၁၉၄၀ ပြည့်နှစ်မှ ၁၉၄၁ ခုနှစ်အထိ လည်းကောင်း၊ ကာလကတ္တား တက္ကသိုလ်တွင် ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ လည်းကောင်း ပညာသင်ကြားပြီး ၁၉၄၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒဂုဏ်ထူးဘွဲ့ကို အမြင့်ဆုံး ဖြစ်သော ပထမတန်းမှ အောင်မြင်ခဲ့သည်။ ပါမောက္ခဒေါက်တာ မောင်မောင်ခ၏ ပထမဦးဆုံး ဂုဏ်ထူးတန်း ကျောင်းသား ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၏ ဟားဗတ်တက္ကသိုလ်ကြီးတွင် ဘွဲ့လွန်ရူပဗေဒပညာကို လေ့လာဆည်းပူးခဲ့ရာ သန့်စင်ရူပဗေဒဘာသာဖြင့် မဟာဝိဇ္ဇာ (ရူပဗေဒ) ဘွဲ့ကို ၁၉၅၄ ခုနှစ်တွင် ရရှိခဲ့သည်။ (ဟားဗတ်တက္ကသိုလ်တွင် သိပ္ပံပညာရပ်များအတွက်လည်း မဟာဝိဇ္ဇာဘွဲ့ကို ပေးအပ်လေ့ရှိသည်။) ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနတွင် ၁၉၅၀ ပြည့်နှစ်မှစ၍ သရုပ်ပြဆရာအဖြစ် စတင်အမှုထမ်းသည် ။ ၁၉၅၁ တွင် ရူပဗေဒ လက်ထောက်ကထိက အဖြစ်လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် ကထိက အဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် ရူပဗေဒ ပါမောက္ခအဖြစ် လည်းကောင်း အမှုထမ်းသည်။ ၁၉၇၀ပြည့်နှစ်အောက်တိုဘာလတွင် တက္ကသိုလ်များအုပ်ချုပ်ရေးရုံး၌ ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခန့်ထားခြင်း ခံရပြီး ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်များ အုပ်ချုပ်ရေး အဖွဲ့မှ ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ဂုဏ်ပြုချီးမြှင့်ခဲ့လေသည်။ ၁၉၇၂ ခုနှစ်၊ မတ်လတွင် အထက်တန်းပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရသည်။


စာပေနယ်ပယ်[ပြင်ဆင်ရန်]

ဦးစံသာအောင်သည် ၁၉၅၈ ခုနှစ်မှ စ၍ ပါမောက္ခ ဒေါက်တာမောင်မောင်ခနှင့် တွဲဖက်၍ အထက်တန်းကျောင်းသုံး ရူပဗေဒ စာအုပ်များကိုလည်းကောင်း၊ သိပ္ပံ ဥပစာတန်းများအတွက် အင်္ဂလိပ်-မြန်မာ ရူပဗေဒ စာအုပ်များကိုလည်းကောင်း ရေးသားခဲ့သည်။ တက္ကသိုလ် တတိယနှစ် မက္ကင်းနစ် စာအုပ်ကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ ပါမောက္ခ ဦးစံသာအောင်သည် စာပေအရေးအသား ကောင်းသူ တစ်ဦးလည်း ဖြစ်၍ ၁၉၇၁ ခုနှစ်အတွက် အမျိုးသားစာပေဆုကို သိပ္ပံနှင့် အသုံးချ သိပ္ပံဘာသာရပ်၌ 'ရူပဗေဒအကြောင်း သိကောင်းစရာ' စာအုပ်ဖြင့် ဆွတ်ခူးရရှိခဲ့သည်။ ရခိုင်အမျိုးသား စာဆိုများအနက် ဦးစံသာအောင်သည် အမျိုးသားစာပေဆုကို ပထမဦးဆုံး ဆွတ်ခူးခဲ့သူဖြစ်သည်။ သိပ္ပံ၊ ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာဆိုင်ရာ ဆောင်းပါးများကို အင်္ဂလိပ်-မြန်မာသတင်းစာများ၊ ဂျာနယ်၊ မဂ္ဂဇင်း စာစောင်များတွင်ရေးသားခဲ့သည်။ သိပ္ပံနှင့် ယဉ်ကျေးမှု ဆိုင်ရာ စာအုပ်များ ဖြစ်သော ရူပဗေဒအကြောင်းသိကောင်းစရာ(၁၉၇၁)၊ ကွန်ပျူတာ (၁၉၇၃)၊ အက်တမ်နှင့် နျူကလီးယားစွမ်းအင် (၁၉၇၄) ၊ အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မှ ရခိုင်ပြည်သုံးအက္ခရာ(၁၉၇၄)၊ အာနန္ဒာစန္ဒြ ရှစ်ရာစု ရခိုင်ဝေသာလီမင်း (၁၉၇၅)၊ ရခိုင်ဒင်္ဂါးများ (၁၉၇၉)၊ ရှေးဟောင်းရခိုင်ပြည် ဗုဒ္ဓအနုပညာ (The Buddhist Art at Ancient Arakan) အင်္ဂလိပ်ဘာသာဖြင့် (၁၉၇၉) စသည့်စာအုပ်များကိုလည်း ရေးသားပြုစုခဲ့သည်။

ဆရာကြီးဦးစံသာအောင်သည် ရခိုင်ယဉ်ကျေးမှု၊ စာပေအနုပညာနှင့်ပတ်သက်၍ အရှိန်အဟုန်မြှင့်ဆောင် ရွက်ရေးသားသုတေသနပြုနေဆဲ (၁၉၈၁)ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ ဆရာ သုတေသနပြု ရေးသားခဲ့သော ရခိုင်ယဉ်ကျေးမှုဆိုင်ရာ စာအုပ်စာတမ်းများကား မျိုးဆက်သစ်ရခိုင် သုတေသီများအတွက် မှီငြမ်းပြုစရာကျမ်းများအဖြစ် ရခိုင်သမိုင်းတွင် ကျန်ရစ်ခဲ့သည်။

နိုင်ငံတကာ[ပြင်ဆင်ရန်]

၁၉၅၄ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ် အထိ အိန္ဒိယ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဗီယင်နာ အဏုမြူစွမ်းအင် အေဂျင်စီများတွင် ပြုလုပ်သော သိပ္ပံဆွေးနွေးပွဲများ၊ အဏုမြူဓာတ်ပေါင်းဖိုဆိုင်ရာ နှီးနှော ဖလှယ်ပွဲများ၊ သိပ္ပံကိရိယာ နှီးနှော ဖလှယ်ပွဲများ၊ အာကာသသိပ္ပံ ဆွေးနွေးပွဲများသို့ ပြည်ထောင်စု မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဂျပန် နိုင်ငံ၊ ၁၉၇၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ ၁၉၇၇ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု (ယခု ရုရှားဖရက်ဒေးရှင်းနိုင်ငံ) တို့၌ ပညာရေးလုပ်ငန်းများ သွားရောက်လေ့လာခဲ့သည်။


ပါတီရေးရာ[ပြင်ဆင်ရန်]

၁၉၇၅ခုနှစ် အောက်တိုဘာလ တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအစည်းအဝေးတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။ ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေး ကော်မရှင်တွင် အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြောက်ပွဲတွင် စစ်တွေမြို့ မဲဆန်ဒနယ် အမှတ် (၂) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ အစည်းအဝေးတွင် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ အစည်းအဝေးတွင် သဘာပတိ အဖွဲ့ဝင်အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ၁၉၇၉ ၊ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ကို ခေါင်းဆောင်၍ အင်ဒိုနီးရှားနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည်။ [၁]


ရှေးဟောင်း ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှု သုတေသန နယ်ပယ်တွင် နိုင်ငံခြား သုတေသီ ပညာရှင် အတော် များများ ပေါ်ထွက်ခဲ့ပါသည်။ မြန်မာ တိုင်းရင်းသားများထဲမှမူ လက်ချိုး ရေတွက်ကြည့်လျှင် လက်တဖက်ပင် ပြည့်မည် မထင်ပါ။ အထူးသဖြင့် ရခိုင်ခေတ်ဦး ကျောက်စာ၊ ခေါင်းလောင်းစာ၊ ကြေးပြားစာ၊ ဒင်္ဂါးများနှင့် ပတ်သက်၍ စနစ်တကျ သုတေသန ပြုသူ အလွန် နည်းပါးသည်။ ရခိုင် တိုင်းရင်းသားများထဲမှ ဦးစံရွှေဘု၊ ရခိုင်ပဏ္ဍိတ် ဦးဦးသာထွန်း၊ ဦးအောင်သာဦး ရို့သာ ထင်ထင်ရှားရှား ဟိခသည်။ ဦးစံရွှေဘုမှာ စစ်မဖြစ်မီက ရခိုင်ပြည်နယ် ဂုဏ်ထူးဆောင် ရှေးဟောင်း သုတေသီ (Archaecologist) တစ်ဦး ဖြစ်၍၊ ရခိုင်သမိုင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ် (The Journal of Burma Research Society) တွင် အင်္ဂလိပ် ဘာသာဖြင့် သုတေသန စာတမ်းများ ရွီးခသူ ဖြစ်သည်။ အခြား ထင်ရှားသူ တစ်ဦးမှာ ရန်ကုန် တက္ကသိုလ် ရူပဗေဒ ပါမောက္ခ၊ နောင်တွင် အထက်တန်း ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသူ ရခိုင် အမျိုးသား ဦးစံသာအောင် (၁၉၂၅-၁၉၈၁) ဖြစ်သည်။

ဦးစံသာအောင်သည် ရှေးဟောင်း ပျူ၊ မွန်၊ မြန်မာ အက္ခရာရင်းမြစ် ပညာသျှင် ဦးသာမြတ်ကို စံပြု၍ သိပ္ပံ ပညာ နယ်ပယ်မှ ဝိဇ္ဇာပညာရပ် နယ်ပယ်သို့ ကူးပြောင်းလာသူ တစ်ဦး ဖြစ်သည်။ ဦးသာမြတ်သည် စိုက်ပျိုး ရေး သိပ္ပံဘွဲ့ရ လယ်သာ စိုက်ပျိုးရေး ညွှန်ကြားရေးဝန် ဘဝမှ ယဉ်ကျေးမှု ဗိမာန် ညွှန်ကြားရေးဝန်၊ မြန်မာစာပေ ဘာသာစာကားနှင့် ယဉ်ကျေးမှု သုတေသန ပညာသျှင် အဖြစ် ထင်ရှားခသူ ဖြစ်သည်။ ထို့အတူ ဦးစံသာအောင်သည်လည် အမေရိကန် ပြည်ထောင်စု ဟားဗတ် တက္ကသိုလ်မှ ရူပဗေဒဖြင့် မဟာ သိပ္ပံဘွဲ့ A.M. (Physics) ရ၍ ရူပဗေဒ ပါမောက္ခ၊ အထက်တန်းပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ထမ်း ဆောင်ခသော်လည်း ရှေးဟောင်း ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှု ပညာသျှင် အဖြစ် ပိုမို ထင်ရှားခပါ သည်။


ရှေးဟောင်း ရခိုင်သမိုင်းနှင့် ပတ်သက်၍ မြန်မာ့သမိုင်းတွင် ခေတ်အဆက်ဆက် စနစ်တကျ တူးဖော်မှု အားနည်းခသည်။ ထို့ပြင် ရခိုင် ရာဇဝင်သည်လည်း အခြားသော ရာဇဝင်များ နည်းတူ ဒဏ္ဍာရီဆန်သော ရှေးဟောင်း အစဉ်အလာ ပြောစကားများ၊ ထူးကဲ အံ့ဩဖွယ်ရာများနှင့် ဆက်နွှယ်နီရာ ခိုင်မာမှု မဟိလှချေ။ သို့သော် အေဒီ ၇၂၉ ဝန်းကျင်တွင် ရေးထိုးခသည်ဟု ယူဆသော အာနန္ဒစန္ဒြ ကျောက်စာကို ရခိုင်ပြည် နယ် မြောက်ဦးဟိ သျှစ်သောင်းဘုရား၌ တွိ့ဟိခရာမှ ခေတ်ဦး ရခိုင် သမိုင်းသည် ပိုမို ပီပြင်လာပါသည်။ အာနန္ဒစန္ဒြ ကျောက်စာကို သျှစ်သောင်းဘုရား အနီးတွင် တွိ့သောကြောင့် သျှစ်သောင်းဘုရား ကျောက်စာ ဟုလည်း ခေါ်ဝေါ်ခကတ်သည်။ ဤကျောက်စာကို ရခိုင်ဘုရင် မင်းဗာကြီး (၁၅၃၁-၁၅၅၃) လက်ထက် တွင် ဝေသာလီမြို့ နန်းတော်ရာကုန်း အနီးမှ မြောက်ဦးမြို့ သျှစ်သောင်းဘုရား အ နီး ပြောင်းရွှေ့ထား ခခြင်း ဖြစ် သည်။ အာနန္ဒစန္ဒြ ကျောက်စာအရ ရခိုင် ဝေသာလီမြို့ဟောင်း သည် မြန်မာ့သမိုင်းတွင် အစော ဆုံး မြို့ပြ နိုင်ငံများဟု ယူဆသော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ ရို့နှင့် ခေတ်ပြိုင်ဟု ပညာ သျှင်များ က သတ်မှတ် ခကတ်သည်။

အာနန္ဒစန္ဒြ ကျောက်စာကို ပထမဦးဆုံး အဓိပ္ပာယ် ဖော်ထုတ်၍ စာတမ်းရွီးသားခသော ပညာသျှင်မှာ အင်္ဂ လန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ်၊ ဘေလီယာ ကောလိပ်မှ အရှေ့တိုင်း ပညာပါမောက္ခ ဒေါက်တာ အီး၊ အိပ်ချ်၊ ဂျွန်စတင် ( Dr.E.H. Johnston) ဖြစ်သည်။ ဂျွန်စတင်နှင့် ခေတ်ပြိုင် လေ့လာသူ တစ်ဦးမှာ အိန္ဒိယ ကျောက်စာဝန် ဒေါက်တာ ဒီ၊ စီ၊ ဆာကား (Dr. D. C. Sircar) ဖြစ်သည်။ ဂျွန်စတင်၏ စာတမ်းသည် ဂျွန်စတင် ကွယ်လွန်ပြီးမှ ဆာရစ်ချတ်ဘန်း (Sir Richard Bum) နှင့် ပါမောက္ခ ဂျီ၊ အိပ်ချ်၊ လုစ် (G. H. Luce) ရို့၏ ကြိုးစား တည်းဖြတ်မှုဖြင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဂျွန်စတင်၏ ‘ရခိုင်ပြည်နယ်ဟိ သက္ကတ ကျောက်စာအချို့’ Some Sanskrit Inscriptions of Arakan စာတမ်းကို ၁၉၄၄ ခုနှစ်ထုတ် အရှေ့တိုင်းနှင့် အာဖရိက ပညာ လေ့လာရေး စာစောင် အတွဲ ၁၁၊ အပိုင်း၂၊ Bulletin of the School of Oriental and African Studies, Vol. 11, Pt. 2 (1944) တွင် တွိ့နိုင်ပါသည်။ ဒေါက်တာ ဆာကားသည် ရခိုင် ကျောက် စာများ အကြောင်းကို အိန္ဒိယ အက်ပီဂရမ်ဖီယာ India Epigraphia, Vol. 32 (1975) နှင့် Vol. 37 (1967) ရို့တွင် ရွီးသားခသည်။

အာနန္ဒစန္ဒြ ကျောက်စာသည် ခေတ်ဦး ရခိုင် သမိုင်းအတွက် အလွန် အရေးပါ လှပါသည်။ ထို့ကြောင့် ဆရာ မင်းသုဝဏ်သည် ၁၉၅၁-၅၂ ခုနှစ်ထုတ် ဓညဝတီမဂ္ဂဇင်း၌ ‘အာနန္ဒစန္ဒြ၊ သျှစ်ရာစု ရခိုင်မင်းတစ်ပါး’ အမည် ဖြင့် လည်းကောင်း၊ ရှေးဟောင်း သုတေသန အရာဟိ မွန်ဘိုကေသည် ပြည်ထောင်စု ယဉ်ကျေးမှု စာစောင်၊ အတွဲ ၂၊ အမှတ် ၇ (မတ် ၁၉၅၇) တွင် ‘သျှစ်သောင်းဘုရားမှ သက္ကတ ကျောက်စာ တိုင်’ ဆောင်း ပါးဖြင့် လည်းကောင်း၊ ဒေါက်တာ သန်းထွန်းသည် ၁၉၆၄ ခုနှစ်ထုတ် ခေတ်ဟောင်း မြန်မာရာဇဝင်တွင် ‘ရခိုင် ခေတ်ဦး’ အမည်ဖြင့် လည်းကောင်း၊ ဦးအောင်သာဦးသည် ၁၉၆၆ ခုနှစ်ထုတ် ရခိုင် ယဉ်ကျေးမှု စာစောင်၊ အတွဲ ၁၊ အမှတ် ၁ တွင် ‘ဝေသာလီ’ ဟူသော အမည်ဖြင့် လည်းကောင်းရီးသားခကတ်သည်။ ၁၉၆၈ ခုနှစ် တွင် ကျင်းပရေ တတိယ အကြိမ်မြောက် သုတေသန ကွန်ဂရက်တွင် မန္တလေး တက္ကသိုလ် ပါဠိဌာနမှ ဆရာ မြင့်ဆွေ သည် ‘အာနန္ဒစန္ဒြ သက္ကတကျောက်စာ’ အမည်ဖြင့် သုတေသန စာတမ်း ဖတ်ကြားခ၍ စာပေနှင့် လူမှုရေး သိပ္ပံဂျာနယ်၊ အတွဲ ၂၊ အမှတ် ၃၊ စက်တင်ဘာ ၁၉၆၉ တွင် ပုံနှိပ် ဖော်ပြခ သည်။ အာနန္ဒစန္ဒြ ကျောက်စာနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် အဦးဆုံး ကျယ်ကျယ်ပြန့်ပြန့် သုတေ သန ပြုထားသော စာတမ်း ဖြစ်သည်။ မြန်မာဘာသာဖြင့် အပြည့်အစုံဆုံး သုတေသန လက်ရာ ပြပါ ဆိုလျှင် ၁၉၇၅ ခုနှစ်တွင် ထုတ်ဝီခရေ ဦးစံသာအောင်၏ ‘အာနန္ဒစန္ဒြ၊ ရှစ်ရာစု ရခိုင်ဝေသာလီ မင်း’ စာအုပ် ကို ပြရပါသည်။

ဦးစံသာအောင်၏ စာအုပ်တွင် အခန်း ၁၄ ခန်း ခွဲထားသည်။ အခန်း (၁) တွင် ကျောက် စာတိုင် တည်နီ ရာ နှင့် ရွီးထိုးထားသော စာများ၊ အခန်း (၂) တွင် ဝေသာလီ၊ အခန်း (၃) တွင် အာနန္ဒစန္ဒြ ကျောက်စာကို ဖတ်ခြင်းများ၊ အခန်း (၄) တွင် အာနန္ဒစန္ဒြမင်း ကျောက်စာ ဓာတ်ပုံများ၊ အခန်း (၅) တွင် အာနန္ဒ စန္ဒြမင်း ကျောက်စာသုံး ဗျည်းအစ သရအလယ် သရ နှစ်လုံးဆင့်များနှင့် အသတ်များ၊ အခန်း (၆) တွင် တကြောင်း ချင်း ယခုခေတ် မြန်မာ အက္ခရာဖြင့် ဖလှယ်ခြင်း၊ အခန်း (၇) တွင် ကျောက်စာ စာကိုယ် ဝေါဟာရ အဖွင့်နှင့် မြန်မာပြန်၊ အခန်း (၈) တွင် ခေတ်ဦးကာလ ရခိုင်မင်းဆက်၊ အခန်း (၉) တွင် ဒုတိယခေတ် မင်းဆက်၊ အခန်း (၁ဝ) တွင် တတိယခေတ် မင်းဆက်၊ အခန်း (၁၁) တွင် အာနန္ဒစန္ဒြမင်း၊ အခန်း (၁၂) တွင် မှတ်သား ဖွယ်ရာများ၊ အခန်း (၁၃) တွင် ဝေသာလီမှ စေတီသည် ကျောက်စာငယ်၊ အခန်း (၁၄) တွင် ဝေါဟာရ အညွှန်း ဟူ၍ စနစ်တကျ တင်ပြထားသည်။ လိုအပ်သော ဓာတ်ပုံ၊ မြေပုံ၊ ရုပ်ပုံများ အပြည့်အစုံ ပါဝင်သည်။ ကျောက်စာကို တလုံးချင်း အဓိပ္ပာယ် ဖလှယ်၍ ကျောက်စာ ဖတ်ပုံ နည်းစနစ်ကို ရှင်းလင်းထားသည်။ ထို့ပြင် ခေတ်ဦး ရခိုင်မင်းဆက် အမည်များကို ကျောက်စာပါ သက္ကရာဇ်များနှင့် ညှိနှိုင်းထားရာ ရခိုင်သမိုင်း၊ ဒင်္ဂါးနှင့် ဗုဒ္ဓ အနုပညာ လေ့လာလိုသူများ အတွက်ပါ အထူး အသုံးဝင်လှပါသည်။

ခေတ်ဦးရခိုင်နှင့် ပတ်သက်၍ ဦးစံသာအောင်၏ ပထမဦးဆုံး သုတေသန လက်ရာမှာ ၁၉၇၄ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝီခသော ‘အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည် သုံးအက္ခရာ’ စာအုပ် ဖြစ်သည်။ ဤစာအုပ်နှင့် ပတ်သက်၍ စာရေးသူက နိဒါန်းတွင် -

“ဤစာအုပ်တွင် ရှေးအိန္ဒိယနိုင်ငံသုံး ဗြာဟ္မီ အက္ခရာအကြောင်းကို လည်းကောင်း၊ ဗြာဟ္မီ အက္ခရာများ အကြောင်းကို လည်းကောင်း ဖော်ပြထားပါသည်။ ယင်းတို့ မည်သို့ ဆင့်ကဲပြောင်းလဲလာပုံကိုလည်း ရှင်းလင်းထားပါသည်။ ယင်းနောက် ရခိုင်ပြည်နယ်တွင် တွေ့ရသော ကျောက်စာများ၊ ခေါင်းလောင်းစာများ၊ ဒင်္ဂါးစာများ၊ ကြေးနီပြားစာ စသည်တို့ကို သမိုင်း အကျဉ်းချုပ်နှင့်တကွ မူရင်းစာကိုပါ ယနေ့သုံး မြန်မာအက္ခရာဖြင့် ပြန်ဆို ကူးရေး၍လည်း ဖော်ပြထားပါသည်။ ယင်းရို့ကို စုစည်းပြီး ၆ ရာစု မတိုင်မီ ရခိုင် ပြည် နယ်သုံး ဗျည်းနှင့် သရရို့ကို ထုတ်ယူ၍ ဖော်ပြထားပါသည်” ဟု ရှင်းလင်းထားပါသည်။

ထိုသို့ ရှင်းလင်းရာတွင် ဗြာဟ္မီ အက္ခရာများ ခေတ်အဆက် ဆက်ပြောင်းလဲလာပုံ ဇယား၊ ဓာတ်ပုံ၊ အဓိ ပ္ပာယ် ရှင်းလင်းချက်၊ မှတ်ချက်များနှင့် စနစ်တကျ ဖော်ပြသည်။ တဖန် ယင်းရို့ကို ခြုံငုံ သုံးသပ်၍ ရခိုင်ပြည်နယ်သုံး အက္ခရာများသည် ပျူအက္ခရာနှင့် လည်းကောင်း၊ ကဒံဗ၊ ပလ္လ အက္ခရာများနှင့် လည်း ကောင်း ကွဲပြား ခြားနားသည်။ ဆင့်ပွား မဟုတ်ဟု တင်ပြထားပါသည်။

မည်သို့ဆိုစေ ရှေးဟောင်းရခိုင် အက္ခရာရင်းမြစ် ပြောင်းလဲလာပုံနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် စနစ်တကျ လေ့လာ တင်ပြထားသော သုတေသနလက်ရာ တရပ် ဖြစ်သည်။

ဦးစံသာအောင်၏ တတိယမြောက် သုတေသန လက်ရာမှာ ၁၉၇၉ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော ‘ရခိုင် ဒင်္ဂါးများ’ ဖြစ်သည်။ ယင်းစာအုပ်ကို ဦးစံသာအောင် ကွယ်လွန်ပြီးနောက် ၁၉၈၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ Lancashire and Chesice Numismatic Spciety မှ ‘Arakanse Coins’ အမည်ဖြင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝီခသည်။ ဘာသာပြန်သူမှာ မစ္စတာ ရော်ဘင်ဆင် (Mr. Robinson) နှင့် အေးဆက် (Aye Set) ရို့ ဖြစ်သည်။

ဦးစံသာအောင် မတိုင်မီကပင် ရခိုင်ဒင်္ဂါးများနှင့် ပတ်သက်၍ နိုင်ငံခြားသား သုတေသီ ပညာသျှင်များသည် စာအုပ် စာတမ်းများရွီးသားခပါသည်။ သောမတ်စ်လတ္တား (Thomas Latter) ၏ ‘ရခိုင်ဒင်္ဂါးများ’ The Coins of Arakan စာတမ်းကို ၁၈၄၆ ခုနှစ်ထုတ် တော်ဝင် အာရှရေးရာ စာစောင် The Joumal of the Royal Asiatic Society of Brngal, Vol. 15 (1846) တွင် လည်းကောင်း၊ ယင်းစာစောင်မှာပင် ဆာ အာသာ ဖယ်ယာ (Sir Arhtur P. Phayre) ၏ ‘ရခိုင်ဒင်္ဂါးများ’ The Coins of Arakan : the historical coins ကို လည်းကောင်း၊ ၁၈၇၂ ခုနှစ်ထုတ် ယင်းစာစောင် အတွဲ ၄၁ တွင် ဂျီ၊ အီး၊ ဖရိုင်ယာ (G. E. Fryer) ၏ ‘ရခိုင် ဒင်္ဂါးမှတ်စု’ Note on Arakanese Coins စာတမ်း၊ ၁၈၉၂ ခုနှစ်ထုတ် ယင်းစာစောင် အတွဲ ၆၁၊ အပိုင်း ၁ တွင် ဒဗလျူ၊ သီအိုဘဲ (W. Theobald) ၏ ‘ရခိုင် ဝေသာလီခေတ် အမှတ်တံဆိပ်ပါ ဒင်္ဂါးများ’ On a symbolical Coins of the Wethali Dynasty of Arakan စာတမ်း၊ ၁၉၂၈ ခုနှစ်ထုတ် အင်ဒိယန်း အင်တီကွာရီ The Indian Antiquary, Vol. 57 (1928) တွင် ဆာ ရစ်ချက်တင်ပယ် (Sir Richard Temple) ‘မြန်မာနိုင်ငံတွင် တွိ့ရသော ဒင်္ဂါးများဆိုင်ရာ မှတ်စု’ Notes on Currency and Coinage among the Burmese စာတမ်း၊ ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နိန့်ထုတ် နေးချိန်း၊ တနင်္ဂနွေ အချပ်ပို (The Nation Sunday Supplement) တွင် ရပ်စတင် (C. A. Rouston) ၏ ‘ရခိုင်ဒင်္ဂါး အချို့’ (Some Coins of Arakan ဆောင်းပါးများနှင့် ၁၈၈၂ ခုနှစ်တွင် ဆာ အာသာဖယ်ယာ၏ ‘မြန်မာ ပဲခူးနှင့် ရခိုင်ဒင်္ဂါးများ’ Coins of Arakan of Pegu and Burma လုံးချင်း စာအုပ်များ ထွက်ပေါ် လာခပါသည်။

ဩစတြေးလျ အမျိုးသား တက္ကသိုလ်မှ ပင်မလာဂတ်မန်း (Pamela Gutman) သည်လည်း ပါရဂူဘွဲ့ အ တွက် ‘ခေတ်ဦးရခိုင်’ Ancient Arakan စာတမ်းကို ၁၉၇၆ ခုနှစ်တွင် တင်သွင်းခသည်။ ရခိုင် ဒင်္ဂါးများနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ရခိုင်ပဏ္ဍိတ် ဦးဦးသာထွန်း၏ (ဝေသာလီခေတ် ဒင်္ဂါးများ) ဆောင်းပါးကို ပြည်ထောင်စု ယဉ်ကျေးမှု စာစောင်၊ အတွဲ ၄၊ အမှတ် ၂ (ဧပြီ ၁၉၆၃) နှင့် ဦးအောင်သာဦး၏ ‘ရခိုင် ဒင်္ဂါးသမိုင်း’ကို ရခိုင်တန်ဆောင် မဂ္ဂဇင်း (၁၉၇၂) တွင် တွိ့နိုင်ပါသည်။

ဦးစံသာအောင်၏ ‘ရခိုင်ဒင်္ဂါးများ’ စာအုပ်တွင် အခန်း ၁ဝ ခန်းခွဲ၍ ပြုစုထားသည်။ အခန်း (၁) တွင် ဒင်္ဂါးများ ပေါ်ပေါက်လာရေး၊ အခန်း (၂) တွင် ရှေးဟောင်း ရခိုင်ဒင်္ဂါးများ၊ အခန်း (၃) တွင် ရခိုင် ဝေသာလီ ဒင်္ဂါး များကို ရခိုင် ရာဇဝင်များနှင့် ညှိခြင်း၊ အခန်း (၄) တွင် အာနန္ဒစဏ္ဍန္ဒမင်း ကျောက်စာပါ ရှေးမင်းများ၊ အခန်း (၅) တွင် မင်္ဂလာ အမှတ်လက္ခဏာပုံများ၊ အခန်း (၆) တွင် မင်္ဂလာ အမှတ်လက္ခဏာပုံများ မပါသော ရခိုင်ဒင်္ဂါးများ၊ အခန်း (၇) တွင် မြောက်ဦးမင်းဆက်များ၏ အတ္ထုပ္ပတ္တိ အကျဉ်း၊ အခန်း (၈) တွင် မြောက်ဦး မင်းဆက်များ၊ အခန်း (၉) တွင် ဒင်္ဂါးစာများ ဖတ်ရန် ဗျည်းနှင့် သရများ၊ အခန်း (၁ဝ) တွင် ပြုလုပ်သော ပစ္စည်း၊ အရွယ်အစားနှင့် အလေးချိန်ရို့ပါဝင်သည်။ နောက်ဆက်တွဲ အဖြစ်ရခိုင်ဒင်္ဂါး ၁၄၈ပြား၏ ဓာတ်ပုံများ ပါသည်။ ထို့ကြောင့် ဦးစံသာအောင်၏ ‘ရခိုင်ဒင်္ဂါးများ’ စာအုပ်ထွက်ပေါ်လာသောအခါပညာရေး တက္ကသိုလ် လက်ထောက် ကထိက ဦးတိုးလှ (တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန၊ ဒုတိယ ညွှန် ကြားရေး မှူးချုပ် ဒေါက်တာ တိုးလှ) က တက္ကသိုလ် ပညာပဒေသာ စာစောင်တွင် -

“… မစ္စတာ ဒူရွိုင်ဆယ် စီစဉ်သော ဖယ်ယာပြတိုက်ဟိ’ဒင်္ဂါးများစာရင်း’ ခေါ် စာအုပ်နှင့် ဆာ အသာ ဖယ် ယာ ပြုစုသော ‘ရခိုင်၊ ပဲခူးနှင့် မြန်မာနိုင်ငံ ဒင်္ဂါးများ’ ဟူသော စာအုပ်ရို့ကို ပုံနှိပ်ပြီး ဖြစ်သော် လည်း ယင်း စာ အုပ်ရို့မှာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထား၍ လွန်စွာလည်း ရှေးကျ၍ နိန်သော စာအုပ် များ ဖြစ်ချေ သည်။ ထို့ကြောင့် အနည်းဆုံး မြန်မာနိုင်ငံတော် အတွင်း၌ ရှေးက သွန်းခတ် ထုတ်လုပ်ခသော ဒင်္ဂါးများ အကြောင်းကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် အသစ် ထပ်မံ ရေးသား ပြုစုရန် လိုအပ်ပေ သည်။” အထက်ပါ စာပိုဒ်ကို ရှေးဟောင်း သုတေသန ညွှန်ကြားရေးဝန်၏ ၁၉၅၇-၅၈ ခုနှစ်အတွက် နှစ်ချုပ် အစီရင်ခံစာ (စာ-၄) မှ ထုတ်နုတ် ဖော်ပြပါသည်။

“ရွှေငုံးမင်း အမြီးမျှော်သလို အနှစ် ၂ဝ စောင့်မျှော်ခဲ့ပါပြီ။ မပေါ်လာသေးတကား။ မမျှော် လင့်သော နေရာမှ မျှော်လင့်မှန်းဆကြည့်နိုင်တတ်သည်ထက် ပို၍ကောင်းသော၊ ရခိုင်ဒင်္ဂါး သမိုင်း ကျမ်းတစောင် ထွက်ပေါ်လာ ပေပြီ။ ယင်းကား ဦးစံသာအောင်၏ ‘ရခိုင်ဒင်္ဂါးများ’ ပင်တည်း။

“ ရှေးဟောင်း ဒင်္ဂါးတပြားသည် ခေတ်တခေတ်၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စာပီ အနုပညာနှင့် ကိုးကွယ် ယုံကြည်မှု ဆိုင်ရာ ယဉ်ကျေးမှုကြီး တရပ်လုံးကို လွှမ်းခြုံထားရကား အမျိုးသား သမိုင်းကို သိလို သူတိုင်း ဒင်္ဂါးသမိုင်းကို လေ့လာကြရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ထိုသို့သော သမိုင်းအတွက် ဦးစံသာ အောင်၏ ‘ရခိုင်ဒင်္ဂါးများ’ သည် ပုဗ္ဗမင်္ဂလာပင် ဖြစ်တော့သည်။ သက္ကတဘာသာ ကျွမ်းဝင်လိုသူများ၊ ရှေး ဟောင်း အက္ခရာ လက်ရေးပညာကို လေ့လာလိုသူများ၊ သမိုင်းပညာသျှင်များ၊ ဘောကဗေဒ ပညာရှင် များ စသည်ရို့ လေ့လာထိုက်သည့် ကျမ်းတဆူ ဖြစ် သည်” ဟု လှိုက်လှိုက်လှဲလှဲ ကြိုဆို ဝေဖန်ထားပါသည်။

ဦးစံသာအောင်၏ နောက်ဆုံးလက်ရာမှာ ၁၉၇၉ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ် ထုတ်ဝီ ခရေ ခေတ် ဟောင်း ရခိုင် ဗုဒ္ဓ အနုပညာလက်ရာများ ‘The Buddhist Art of Ancient Arakan’ စာအုပ် ဖြစ်သည်။ ဤစာအုပ်တွင် အေဒီ ၈ ရာစု အာနန္ဒြမင်း မတိုင်မီ ရခိုင် ရာဇဝင်လာ မင်းဆက်များ ကို ခေတ် သုံးခေတ် ပိုင်းခြား၍ မင်းဆက် ဇယားများနှင့် တင်ပြသည်။ ထို့နောက် ဓည ဝတီနှင့် ဝေသာ လီမြို့ ဟောင်း ရို့ကို မြေပုံအညွှန်းနှင့် အသေးစိတ် လေ့လာ တင်ပြထားသည်။ ထိုမှတဆင့် ရခိုင်ဒေသမှ တူးဖော် တွိ့ရ သော ဗုဒ္ဓ ယဉ်ကျေးမှု ဆိုင်ရာ ရုပ်ပွားတော်များ၏ မုဒြာဟန် အမျိုးမျိုးကို ဆွေးနွေး တင်ပြ သည်။ ထို့ပြင် ထူးခြားသော မကိုဋ်ဆောင်း ရုပ်ပွားတော်များနှင့် ပြည့်ဖြိုးဟန် (ဗိုက်ပူ) ရုပ်ပွားတော်များ ကို လေ့လာ ယှင်းလင်း ထား သည်။ ဗုဒ္ဓ ရုပ်ပွားတော်များ အပြင် ရခိုင် ရှေးဟောင်းဒင်္ဂါးများ၊ အုတ်ခွက် များ၊ ကြေးနီပြား၊ ကြေးခေါင်း လောင်းနှင့် ကြေးဆီမီးတိုင် ရုပ်တု အမျိုးမျိုး ဓာတ်ပုံ၊ မြေပုံ ၊ ကျောက်စာ မိတ္တူများ ပါဝင်ရာ ခေတ်ဦးရခိုင် ဗုဒ္ဓ အနုပညာနှင့် ပတ်သက်၍ အားရဖွယ် ကျမ်းတစောင် ဟု ပညာသျှင် များက သုံးသပ် ခ သည်။

ဦးစံသာအောင်ကို အဖ အငြိမ်းစား စက်ရှင် တရားသူကြီး ဦးသာဇံဦး (K.S.M., A.T.M.) နှင့် အမိ ဒေါ်မဘု ရို့မှ ၁၉၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နိန့်တွင် ဖွားမြင်သည်။ မိခင်မှ ကိုလိုနီခေတ်ဦး အလွန် ထင်ရှားသော ရခိုင်သူဌေးကြီး ဦးရဲကျော်သူ၏ အနွယ် ဖြစ်သည်။

ငယ်စဉ်က ရန်ကုန် တီတီစီကျောင်း၊ သာယာဝတီ၊ မြင်းခြံ၊ စစ်တွေ အစိုးရ စာသင်ကျောင်းများတွင် ပညာသင်၍ ၁၉၄ဝ ပြည့်နှစ်တွင် တန်းမြင့် ကျောင်းထွက် စာမေးပွဲကို စစ်တွေ အစိုးရ အထက် တန်း ကျောင်းမှ အောင်မြင်သည်။ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာရပ်များတွင် ဂုဏ်ထူးရသည်။ ၁၉၄ဝ-၄၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၊ ၁၉၄၅-၄၇ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်ရို့တွင် ပညာသင်ကြား၍ ၁၉၄၉ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဘီအက်စ်စီ ရူပဗေဒ ဂုဏ်ထူးတန်းကို ပထမ အဆင့်မှ အောင်မြင် သည်။ ၁၉၅၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဟားဗတ် တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ (A.M.) ကို ရူပဗေဒဖြင့် ရခသည်။

၁၉၅ဝ-၅၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာန သရုပ်ပြဆရာ၊ ၁၉၅၁-၅၄ တွင် လက်ထောက် ကထိက၊ ၁၉၅၄-၆၄ တွင် ကထိက၊ ၁၉၆၄-၇ဝ ပါမောက္ခ၊ ၁၉၇ဝ-၇၂ တွင် တက္ကသိုလ်များ အုပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှူး၊ ၁၉၇၂-၈၁ ခုနှစ်တွင် ညွှန်ကြားရေးမှူးချုပ် တာဝန်များ ထမ်းဆောင်ခသည်။ ၁၉၄၈ ခုနှစ်၊ ရခိုင် ကျောင်းသူ ကျောင်းသားများ အသင်း ဥက္ကဋ္ဌ၊ ရခိုင်တန်ဆောင် အင်္ဂလိပ်စာ အတိုင်ပင် ခံစာတည်း၊ ၁၉၆၆-၇ဝ တွင် တက္ကသိုလ်များ တိုင်းရင်းသား စာပီနှင့် ယဉ်ကျေးမှု ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ၁၉၇ဝ-၈၁ ခုနှစ်တွင် နာယက၊ တက္ကသိုလ်များ အားကစား အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သုတေသန အသင်း အမှုဆောင်၊ သုတေသန လုပ်ငန်းများ ဆိုင်ရာ မူဝါဒအဖွဲ့ အတွင်းရေးမှူး၊ တက္ကသိုလ် ပညာပဒေသာ စာစောင်နှင့် တက္ကသိုလ် သုတေသန စာစောင် အုပ်ချုပ်မှု စာတည်းအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာန ဂုဏ် ထူးဆောင် ပါမောက္ခ အဖြစ် ဆောင်ရွက် ခပါသည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရခိုင်ပြည်နယ် စစ်တွေ မဲဆန္ဒနယ်မှ ရွေးချယ် ခံရသည်။

၁၉၅၄-၇ဝ ခုနှစ် အတွင်း အိန္ဒိယ၊ တရုတ်၊ ဩစတြီးယားရို့တွင် ကျင်းပသော အဏုမြူ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲများ တက်ရောက်၍ ၁၉၆၄ ခုနှစ်၊ တရုတ်ပြည် ပီကင်းတွင် ကျင်းပသော အပြည်ပြည် ဆိုင်ရာ သိပ္ပံပညာရှင်များ နှီးနှော ဖလှယ်ပွဲတွင် Aims and Paractice of Physics Teaching in Burma (Myanmar) စာတမ်းကို တင်သွင်းခသည်။ ပညာရေး လေ့လာရေး ခရီးစဉ်ဖြင့် ဂျပန်နိုင်ငံ (၁၉၇၃)၊ အမေရိ ကန်ပြည်ထောင်စု (၁၉၇၅)၊ ဆိုဗီယက်ယူနီယံ (၁၉၇၇) နိုင်ငံများသို့ လားရောက်ခသည်။

ပုံနှိပ် ထုတ်ဝီခသော သိပ္ပံပညာ ဆိုင်ရာ စာအုပ်များမှာ ဒေါက်တာ မောင်မောင်ခနှင့် တွဲ၍ ‘အခြေပြု ရူပဗေဒ’ (၄ တွဲ) (၁၉၇၁)၊ ‘ရူပဗေဒအကြောင်း သိကောင်းစရာ’ (၁၉၇၁)၊ ‘ကွန်ပျူတာ’ (၁၉၇၃)၊ ‘အက်တမ် နှင့် နျူကလီးယား စွမ်းအင်’ (၁၉၇၄) ရို့ရွီးသား၍၊ ‘ရူပဗေဒအကြောင်း သိကောင်းစရာ’ စာအုပ်ဖြင့် ၁၉၇၁ ခုနှစ်၊ အမျိုးသား စာပီဆုကို သိပ္ပံနှင့် အသုံးချ ဘာသာရပ် အတွက် ရခသည်။ စာပေဗိမာန်မှ ဦးဆောင် ကျင်းပသော သိပ္ပံ စာပီ နှီးနှော ဖလှယ်ပွဲတွင် ‘လူထုအတွက် သိပ္ပံစာပီ’ စာတမ်း တင်သွင်း၍ ပုံနှိပ် ထုတ်ဝီခသည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝီသော Working People’s Daily, The Guardian ရို့တွင် ရူပဗေဒ သိပ္ပံပညာ ဆောင်းပါးများနှင့် ရခိုင်သမိုင်း အနုပညာ ဆောင်းပါးများကို အင်္ဂလိပ်ဘာသာဖြင့် အများအပြားရွီးသားခသည်။ အချို့မှာ စာအုပ် အဖြစ် ထုတ်ဝီရန် ကျန်ရှိနိန်သီးသည်။ သာဓက ပြရသော် ဂါဒီးယန်း သတင်းစာတွင်ရွီးသားခသော ရခိုင် မဟာမုနိ ဘုရားသမိုင်း (Legend of Mahamuin) ဖြစ်သည်။[၂]

ဘဝနိဂုံး[ပြင်ဆင်ရန်]

တက္ကသိုလ်များ တိုင်းရင်းသားစာနှင့် ယဉ်ကျေးမှု ကော်မတီတွင် စတင်တည်ထောင်သည့်နှစ်မှ စ၍ ၁၉၇၀ ပြည့်နှစ် အထိ ဒုတိယ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၇၀ ပြည့်နှစ်မှ ကွယ်လွန်သည်အထိ နာယက အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ထင်ရှားသော ရူပဗေဒ ပညာရှင်ကြီးတစ်ဦးဖြစ်သူ ဦးစံသာအောင်သည် ၁၉၈၁ ခုနှစ် မေလ ၂၅ ရက်၊ အသက် (၅၆ )နှစ်အရွယ်တွင် ရုတ်တရက် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်စောနှင့် သားတစ်ယောက်၊ သမီးနှစ်ယောက် ကျန်ရစ်ခဲ့သည်။

အညွှန်း[ပြင်ဆင်ရန်]

  1. ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှ ထုတ်ဝေသည့် မြတ်ပန်းသဇင်မဂ္ဂဇင်းမှ မောင်မောင်ထွန်းအောင် (ကျန်းမာရေး) ရေးသားသည့် အမျိုးသားစာပေဆုရ ရခိုင်စာဆိုများ ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြပါသည်။
  2. မောင်ဇေယျာ [မိုးဂျာနယ်၊ အမှတ် ၆၊ ဇွန် ၂ဝဝ၅]
  • စောထွန်းအောင်၊ ဒေါက်တာ။ ‘ဦးစံသာအောင်နှင့် ဘဝမှတ်တိုင်များ’၊ ရခိုင်တန်ဆောင်၊ အမှတ် ၁၉ (၁၉၆၆) စာ ၁၅-၂၃။
  • စံသာအောင်၊ ဦး။ ‘အေဒီ ခြောက်ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံး အက္ခရာ’။ ရန်ကုန်၊ ဥမ္မာအောင်စာပေ၊ ၁၉၇၄။
  • တိုးလှ၊ ဦး။ ‘ရခိုင်ဒင်္ဂါးများ၊ စာအုပ်ဝေဖန်ချက်’၊ တက္ကသိုလ် ပညာပဒေသာ စာစောင်။ တွဲ ၁၃၊ မှတ် ၅ (စက်တင်ဘာ ၁၉၇၉) စာ ၁၇ဝ-၁၇၂။
  • Embree, John F.Biliography of the People’s and cultures of Mainland Southeast Asia, by John F. Embree and Lillian Ota Dotson. New Haven: Yale University, 1950.