မာတိကာသို့ ခုန်သွားရန်

စံရွှေ

ဝီကီပီးဒီးယား မှ
(စံရွှေ၊ ဦး မှ ပြန်ညွှန်းထားသည်)

သက်ကြီးတက္ကသိုလ် ကျောင်းအုပ်ကြီး ဦးစံရွှေ

[ပြင်ဆင်ရန်]

"မြန်မာ့ ပညာရေးလောကတွင် ထင်ရှားသည်။ အထူးသဖြင့် သက်ကြီးတက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် လူသိများသည်။ အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်မှ အစောဆုံး ဘီအေဘွဲ့ရသူများတွင် တဦး အပါအဝင် ဖြစ်သည်။ ကိုလိုနီခေတ်ဦး အစိုးရ အထက်တန်းကျောင်း အမြဲတမ်း ကျောင်းအုပ်ကြီး ရာထူးကို မြန်မာ တိုင်းရင်းသားများထဲမှ ပထမဦးဆုံး ခန့်ထားခံရသူ၊ အိန္ဒိယ ပဋိညာဉ်ခံ ပညာရေးဝန်ထမ်း သတ်မှတ်ချက်ကို ငြင်းပယ်ခဲ့သူ၊ အမျိုးသား ပညာရေးကို အားပေးကူညီ၍ ဗြိတိသျှ အစိုးရ၏ အငြိုအငြင်ခံရသူ၊ အင်္ဂလန်မှ ထိပ်တန်းဝတ်လုံဘွဲ့ (Barrister at Law) ရခဲ့သော်လည်း ပညာရေးသမား တဦးအဖြစ် ဘဝတလျှောက်လုံး ပညာရေး နယ်ပယ်တွင်သာ အစဉ်တစိုက် ဆောင်ရွက်ခဲ့သူ ဖြစ်သည်"

၁၈၈၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် စစ်တွေ၌ ဖွားသည်။ အဖ မြေပိုင်ရှင် ကျောင်းဆရာကြီး ဦးစံလှအောင်၊ အမိ ဒေါ်သုနန္ဒာ ဖြစ်သည်။ ရခိုင် တိုင်းရင်းသား ဖြစ်သည်။


၁၈၈၇ ခုနှစ်တွင် ဆရာ ဦးဖေသက်နှံ၏ တိုင်းရင်းသား စာသင်ကျောင်း၊ ၁၈၈၉ ခုနှစ်တွင် စစ်တွေ အစိုးရ အထက်တန်းကျောင်းတို့၌ ပညာသင်သည်။ ၁၈၉၇ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ် ဝင်ခွင့် စားမေးပွဲ အောင်သည်။ တက္ကသိုလ် ပညာသင်ဆု ရသည်။ ၁၉ဝ၁ ခုနှစ်တွင် ရန်ကုန်ကောလိပ်မှ ဘီအေ စာမေးပွဲကို ပထမအဆင့်ဖြင့် အောင်သည်။ ရွှေတံဆိပ် ချီးမြှင့်ခံရသည်။ ၁၉ဝ၁ ခုနှစ်၊ ဩဂုတ်လတွင် အင်္ဂလန်နိုင်ငံသို့ ပညာတော်သင် သွားရောက်ခဲ့သည်။


၁၉ဝ၄ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ် အီမယ်ညူဝယ် ကောလိပ်မှ ဘီအေဘွဲ့ ရသည်။ ထို့နောက် အိုင်စီအက်စ် စာမေးပွဲအတွက် တနှစ်ခန့် ကြိုတင် ပြင်ဆင်ခဲ့သည်။ သို့သော် မျက်စိ အထူးကု ဆရာဝန်၏ တားမြစ်ချက်အရ စာမေးပွဲ မဖြေဖြစ်တော့ချေ။ မျက်စိရောဂါ ပျောက်ကင်းပြီးနောက် ဥပဒေပညာကို ဆက်လက်ဆည်းပူးရာ ၁၉ဝ၇ ခုနှစ်တွင် ဝတ်လုံစာမေးပွဲကို ဒုတိယတန်း ဂုဏ်ထူးဖြင့် အောင်သည်။ အောင်မြင်သူများ အနက် အဆင့် ၉ ဖြစ်သည်။ ထို့နောက် လန်ဒန်တွင် ဥပဒေပညာ သင်ကြားနေသည့် အိနိ္ဒယနှင့် မြန်မာ ကျောင်းသားအချို့ကို ကျူတာအဖြစ် ဆောင်ရွက်သည်။ အင်္ဂလန်နိုင်ငံမှ စာနယ်ဇင်းများတွင်လည်း ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉ဝ၈ မှ ၁၉၁ဝ ပြည့်နှစ်အတွင်း လန်ဒန်မှ နေ၍ ရန်ကုန်တွင် ထုတ်ဝေသည့် ရန်ဂွန်းတိုင်းမ်၊ သည်ဘားမားကရစ်တစ်စ်တို့တွင် အပတ်စဉ် ဆောင်းပါးများ ရေးခဲ့သည်။ ၁၉၁ဝ ပြည့်နှစ်တွင် လန်ဒန် ဂရေးအင်းမှ ဘာရစ်စတာအက်လော ဝတ်လုံဘွဲ့နှင့် ကိန်းဘရစ် တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ ထပ်မံရရှိသည်။


၁၉၁ဝ ပြည့်နှစ်၊ ဇွန်လတွင် မြန်မာပြည် ဘုရင်ခံ ဆာအာသာဝှိုက်၏ မေတ္တာရပ်ခံချက်ကြောင့် မြန်မာပြည်သို့ ပြန်လာသည်။ ဘုရင်ခံ ပေးအပ်သော ဝန်ထောက်ရာထူးကို ငြင်းပယ်၍ ပြည်မြို့ အစိုးရ အထက်တန်းကျောင်း ကျောင်းအုပ်ရာထူးကိုသာ လက်ခံ ရွေးချယ်ခဲ့သည်။ ထိုအချိန်က အစိုးရ အထက်တန်း ကျောင်းအုပ်ကြီးများ အထဲတွင် တဦးတည်းသော မြန်မာတိုင်းရင်းသား ဖြစ်သည်။ ဦးစံရွှေ၏ လက်ထက်တွင် ပြည် အစိုးရ အထက်တန်းကျောင်းသည် ကျောင်းသား နှစ်ဆခန့် တိုးပွားလာသည်။ ပညာ သင်ကြားရေးတွင် ကျောင်းစာသာမက ခေတ်မီ အားကစားနည်း၊ စာကြည့်တိုက် အသုံးပြုနည်းနှင့် ကျောင်းမဂ္ဂဇင်း ထုတ်ဝေခြင်းတို့ကို စတင် မိတ်ဆက်ပေးခဲ့သည်။


၁၉၁၆ ခုနှစ်၊ ဩဂုတ်လတွင် ပဲခူးတိုင်း ပညာဝန်၊ ၁၉၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ရခိုင် ပညာဝန်၊ ၁၉၁၇ ခုနှစ်တွင် ရခိုင် ပညာဝန် ရာထူးအပြင် စစ်တွေ အစိုးရ အထက်တန်းကျောင်း ကျောင်းအုပ်ကြီး တာဝန်ကိုပါ ပူးတွဲ တာဝန် ထမ်းဆောင်ခဲ့ရသည်။ ၁၉၂၁ ခုနှစ်တွင် မြန်မာပြည် ဘုရင်ခံ ကရက်ဒေါက်က အိနိ္ဒယ ပညာရေး ပဋိညာဉ်ခံ ဝန်ထမ်းအဖြစ် တိုးမြှင့် ပေးခဲ့သော်လည်း လက်မခံခဲ့ချေ။ ပညာမင်းကြီး မတ်ဟန့်တားနှင့် ပြဿနာ ဖြစ်၍ အစိုးရဝန်ထမ်း ဘဝမှ နုတ်ထွက်ကာ ဝတ်လုံ ဦးဘဒွန်းနှင့် တွဲ၍ ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့သည်။


ပညာရေးဝန်ကြီး အမ်အေ ဦးမောင်ကြီး လက်ထက်တွင် အမျိုးသားကျောင်းများကို အစိုးရ အသိအမှတ်ပြုရေး အတွက် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။ ၁၉၂၂ ခုနှစ်၊ ဩဂုတ်လတွင် ပဲခူးတိုင်း ပညာဝန် အဖြစ် ပြန်လည် ခန့်အပ်ခံရသည်။ ထို့နောက် မကွေးတိုင်း ၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတို့တွင် ပညာဝန် အဖြစ် ဆက်လက် ဆောင်ရွက်သည်။ ပဲခူးတိုင်း ပညာဝန်အဖြစ် ဆောင်ရွက်စဉ် ၁၉၃၆ ခုနှစ်၊ အမျိုးသား တက္ကသိုလ်တွင် ပထဝီဘာသာကို သင်ကြားပြသ၍ အစိုးရ၏ တားမြစ်ခြင်း ခံရသည်။ ၁၉၃၇ ခုနှစ်၊ ဩဂုတ်လတွင် အငြိမ်းစားယူခဲ့သည်။


အငြိမ်းစား ယူပြီးနောက် ၁၉၃၇-၄ဝ ခုနှစ်တွင် ရန်ကုန် မြူနီစီပယ် ပညာရေး အရာရှိအဖြစ် ဆောင်ရွက်သည်။ ရန်ကုန် မြူနီစီပယ်ကျောင်း ၁၁ ကျောင်းမှ ရ၉ ကျောင်း အထိ တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့သည်။ မသင်မနေရ ပညာရေး စီမံကိန်းကိုလည်း ပထမဆုံး ရေးဆွဲ တင်ပြခဲ့သည်။ သို့သော် ဒုတိယကမာ္ဘစစ် ဖြစ်ပွားလာ၍ အကောင်အထည် မဖော်နိုင်ခဲ့ချေ။ စစ်ကြီးအပြီး ၁၉၄၇ ခုနှစ်တွင် အမျိုးသား ကောလိပ် ပထဝီ ပါမောက္ခ၊ ဆက်လက်၍ ၁၉၄၈ မှ ၁၉၆၄ ခုနှစ်အထိ သက်ကြီးတက္ကသိုလ် ကျောင်းအုပ်နှင့်၊ ပထဝီနှင့် အင်္ဂလိပ်စာပေ ပါမောက္ခ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။


ငယ်စဉ်ကပင် ဘောလုံး၊ ခရစ်ကက်၊ တင်းနစ် ကစားနည်းများကို ဝါသနာပါ၍ လိုက်စားခဲ့သည်။ ရန်ကုန်ကောလိပ် ဘောလုံးအသင်း ခေါင်းဆောင်၊ ကိန်းဘရစ် တက္ကသိုလ် ကောလိပ်ဘောလုံးနှင့် ခရစ်ကက်ကစားသမား အဖြစ်လည်း ကစားခဲ့သည်။ ပထမဇနီး ဒေစီဟန်နီဂန် ကွယ်လွန်ပြီးနောက် ဒေါ်စိန်လတ်နှင့် ထပ်မံ လက်ထပ်သည်။ ဒေါ်စိန်လတ်သည် သက်ကြီးတက္ကသိုလ် အုပ်ချုပ်ရေး ကော်မတီ ဘဏ္ဍာရေးမှူးနှင့် လက်ထောက် မော်ကွန်းထိန်း အဖြစ် ဆောင်ရွက်ခဲ့သည်။


ဦးစံရွှေသည် ပညာရေးဝန်ထမ်း တဦးအဖြစ် ၁၉၃၅ ခုနှစ်တွင် တိုင်းရင်းသားနှင့် အသက်မွေးဝမ်းကျောင်း ပြုပြင်စီမံမှု အဖွဲ့ဝင်၊ ၁၉၃၇ ခုနှစ်တွင် ပထမပြန် ပညာရေး ကော်မတီ အတွင်းရေးမှူး၊ ၁၉၄၆ ခုနှစ်တွင် ပညာရေး ပေါ်လစီ စုံစမ်းရေး ကော်မတီ အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် ပြန်လည် တည်ဆောက်ရေး ကော်မတီ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော် အစိုးရ၏ ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ် ချီးမြှင့်ခံရသည်။ မြို့မ ဦးဘလွင်နှင့် တွဲ၍ ပထဝီ ပညာရပ် ဝေါဟာရများကို မြန်မာပြန်ခဲ့သည်။ မြန်မာဘာသာဖြင့် 'အင်္ဂလန်ပြည်ရှိ အမေရိကန်များ' စာအုပ်နှင့် အင်္ဂလိပ် စာနယ်ဇင်းများတွင် ဆောင်းပါးများ ရေးသားခဲ့သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ဦးစံရွှေသည် ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် ကွယ်လွန်ခဲ့သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. ၂၀၁၀၊ မတ်လမှာ UNITY စာပေမှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ မောင်ဇေယျာ ရေးသားတဲ့ 'မြန်မာလူကျော် ၁၀ဝ (ပထမအုပ်)' စာအုပ်မှ