စံရင် (မြန်မာမှု)

ဝီကီပီးဒီးယား မှ
(စံရင်၊ ဦး(မြန်မာမှု) မှ ပြန်ညွှန်းထားသည်)

မြန်မာမှူဗိသုကာပညာရပ်မှာ ပါရမီပါသူများသာလျင် တတ်ကျွမ်းလေ့ရှိသော ပညာရပ်မျိုးဖြစ်သည်။ မြန်မာဗိသုကာ ပညာရှင်ဟူ၍လည်း မြန်မာနိုင်ငံတွင် လက်ချိုးရေတွက်၍ ရလောက် အောင်ပင် နည်းပါးလှသည်။ ထိုသူများထဲတွင် မြန်မာမှု ဦးစံရင်တစ်ဦးလည်း ပါဝင်သည်။


ဆရာ မြန်မာမှု ဦးစံရင်နှင့် မန္တလေးတောင်ခြေ ရွှေကျင်ကျောင်းတိုက်ကြီးတွင် ကျင်းပသည့် ဂျီတီအိုင်ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့သည့် (၁၎)ကြိမ်မြောက် အာစရိယပူဇော်ပွဲတွင် တွေ့ဆုံခွင့်ရရှိခဲ့သည်။ ယခင်အခေါက် မန္တလေးသို့ အစည်းအဝေး လာရောက်စဉ်ကပင် ရှေးဟောင်း ဗားကရာ ကျောင်းကြီးကို ရှေးမူမပျက် ပြန်လည် တည်ဆောက်ခဲ့သူ။ အတုမရှိကျောင်းတော်ကြီး ပြန်လည်တည်ဆောက်ရေး၊ ရွှေကျောင်းတော်ကြီး ပြန်လည် တည့်မတ်ရေးတို့ကို တာဝန်ယူခဲ့သူ ဆရာ မြန်မာမှု ဦးစံရင် အကြောင်းကို ကြားသိခဲ့ရသည်။ ဆရာ၏ပညာစွမ်းကိုလည်း လေးစားဂုဏ်ယူမိပါသည်။


ဆရာနှင့် အာစရိယပူဇော်ပွဲအပြီး ထမင်းစားချိန်တွင် တွေ့ဆုံခွင့်ရသည်။ ဆရာသောင်း (ဦးသောင်း)က မိတ်ဆက်ပေးခြင်းဖြစ်သည်။ ဆရာ မြန်မာမှု ဦးစံရင် က ရိုးရိုးအေးအေးပင် ဖြစ်သည်။ ထမင်းစားရင်း တန်းလန်းမို့ ဆရာ့ကို အားနာမိသည်။ စကားလည်း အေးအေးဆေးဆေး မပြောဖြစ်။ ထမင်းစားနေစဉ် ဆရာတော် အရှင်ဆေကိန္ဒ ကြွလာသဖြင့် စကားပြတ်သွားသည်။ ထို့နောက် ဆရာကြီး၊ ဆရာမကြီးများအား မြို့တွင်း ဘုရားဖူးလိုက်ပို့ရန် တာဝန်ကျသဖြင့် ဆရာ မြန်မာမှုဦးစံရင်နှင့် စကားမပြောဖြစ်တော့ပါ။

မြန်မာမှု ဦးစံရင် ကို ၁၄ ဇူလိုင်၊ ၁၉၄၆ တွင် သထုံမြို့နယ်၊ ရှမ်းစုကျေးရွာ၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ လယ်ယာကိုင်းကျွန်း လုပ်ကိုင်သူ ဦးကံနှင့် ဒေါ်အေးပွင့်တို့ ဖြစ်ကြ၏။ ဦးစံရင်သည် ၁၉၆၇ ခုနှစ်တွင် မန္တလေးစက်မှုသိပ္ပံသို့ ဝင်ခွင့်ရရှိခဲ့ပြီး မြို့ပြဘာသာရပ်ဖြင့် တက်ရောက် ပညာဆည်းပူးခဲ့သည်။ ထို့နောက် ၁၉၇၁ ခုနှစ်တွင် မန္တလေး စက်မှု လက်မှုသိပ္ပံမှA.G.T.I (Civil) ဒီပလိုမာလက်မှတ် ရရှိခဲ့၏။ ဦးစံရင်သည် ဂျီတီအိုင် ကျောင်းဆင်းလာပြီးနောက် အစိုးရ ဌာနများ၌ ဝင်ရောက်လုပ်ကိုင်ခြင်းမရှိဘဲ ပုဂ္ဂလိက မြန်မာမှုပညာရှင် အင်ဂျင်နီယာတစ်ဦး အဖြစ်သာ လုပ်ကိုင်ခဲ့သည်။ မြန်မာမှု ဦးစံရင် တာဝန်ယူ လုပ်ဆောင်ခဲ့သည့် မြန်မာမှုလုပ်ငန်းများမှာ မန္တလေးရွှေနန်းတော် ရှေးမူမပျက် ပြန်လည် တည်ဆောက်ရေး၊ ကျုံးပြာသာဒ်၊ နန်းပြာသာဒ်အဖြူထည် တာဝန်ခံ၊ သာသနာ့တက္ကသိုလ်မုခ်ဦး၊ ဘွဲ့ဓမ္မာရုံပြာသာဒ် အင်္ဂတေ ပန်းတော့ တာဝန်ခံ၊ အမရပူရ ဗားကရာကျောင်း ရှေးမူမပျက်ပြန်လည် တည်ဆောက်ခြင်း၊ အတုမရှိကျောင်း ပြန်လည်တည်ဆောက်ရေး၊ ရွှေကျောင်းတော်ကြီး ပြန်လည်တည့်မတ်ရေးတာဝန်ခံ၊ စွယ်တော်မြတ်စေတီ (မန္တလေး) ပန်းတော့ တာဝန်ခံ၊ မန္တလေး ဝိဇီတာရုံ ဟိတကာရီဓမ္မာရုံကြီးနှင့် ကျောင်းငယ်များ၊ မန္တလေးတောင်ခြေနှင့် ယာဉ်ပျံသီလရှင်တိုက်များ၊ ဝါးချက်ဇီဝိတဒါန သံဃဆေးရုံကြီး၊ စိန်ပန်းရပ် အဝေရာရာမ ရန်ကင်းကျောင်းတိုက်၊ မန်းရွှေလီဗိမာန်ကြီး၊ စစ်ကိုင်းတောင်ရိုး ကျစွာချောင် ဓမ္မာရုံကြီး စသည်တို့ဖြစ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. (တင်နိုင်တိုး ရေးသားသော အောင်မြင်ကျော်ကြား အေဂျီတီအိုင်များ စာအုပ်မှ)