မာတိကာသို့ ခုန်သွားရန်

စောဠအင်ပါယာ

ဝီကီပီးဒီးယား မှ

စောဠအင်ပါယာ (မူရင်းအသံ ချောလ) သည် အိန္ဒိယတောင်ပိုင်းတွင် တည်ရှိခဲ့သည့် စောဠမင်းဆက်များ အုပ်စိုးခဲ့သော ရေကြောင်း အင်အားကြီး တမီးလ်အင်ပါယာ တစ်ရပ်ဖြစ်သည်။ ခေတ်ကာလ ပြယုဂ်အရ စောဠအင်ပါယာသည် ပုဂံပြည်၏ ခေတ်ဦးအနေအထားတွင် အပြိုင်တည်ရှိခဲ့သည်။ ယင်း အင်ပါယာလက်အောက်တွင် ခစားရသော လက်ဝေခံနယ်မြေများ၊ အစောင့်ရှောက်ခံတိုင်းပြည်များ ရှိခဲ့ပြီး အရှေ့တောင်အာရှ ပထဝီနိုင်ငံရေး ဖြစ်ထွန်းမှုတွင် ဩဇာနှင့် အာဏာအရ လွှမ်းမိုးချုပ်ကိုင်မှုများ ရှိခဲ့သည်။

တောင်အာရှအရှေ့တောင်အာရှနှင့် အရှေ့အာရှ ရပ်ဝန်းတွင် အာဏာ‌ လက်သံ‌ပြောင်ခဲ့သော စောဠအင်ပါယာသည် အထွဋ်အထိပ်ရောက်ခဲ့ချိန်တွင် ဂင်္ဂါမြစ် တလျှောက်နယ်မြေချဲ့ထွင်သိမ်းပိုက်ခြင်း၊ ဆူမားတြားကျွန်း‌ရှိ သီရိဝိဇယအင်ပါယာကို ရေတပ်အင်အားဖြင့် တိုက်ခိုက်ခြင်း၊ တရုတ်ပြည်သို့ သံအဖွဲ့များ အဆက်မပြတ်စေလွှတ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

စောဠဧကရာဇ်နိုင်ငံတော်
စောဠအင်ပါယာ    ၏ တည်နေရာ
မြို့တော်
  • ပဇိန္ယရိန် (ပဇိန်ယရိန်)
  • သုန္ဇဗွာ (သုန်ဂျဗွာ)
  • ဂန္ကိုင်ကုန္ဒ စောဠပူရ (ဂန်ကိုင်ကုန်ဒ စောဠပူရ)
အခြား ဘာသာစကားများ
  • ခေတ်လယ် တမီးလ် ဘာသာစကား
  • သက္ကတ ဘာသာစကားဟောင်း
ကိုးကွယ်မှုဟိန္ဒူဘာသာ
အစိုးရဘုရင်
မှတ်ချက်များ
  • ခေတ်ပြိုင် : ပုဂံပြည်
  • ပုံမှာ ရာဇန္ဒြာ ပထမ လက်အောက် စောဠအင်ပါယာ အထိဋ်အထိပ်ရောက်ချိန် ၁၀၃၀ ဝန်းကျင်က နယ်နိမိတ်ပြမြေပုံ

အုပ်ချုပ်ရေးစနစ်

[ပြင်ဆင်ရန်]

စောဠပြည်အတွင်းတွင် များပြားစွာသော ပြည်ထောင်များရှိကြသည်။ ထိုပြည်ထောင်တို့ကို အုပ်ချုပ်သူတို့သည် စောဠဧကရာဇ်ထံတွင် ခစားကြရသည်။ ပြည်ထောင် အုပ်ချုပ်သူ ဘုရင် သို့မဟုတ် ဘုရင်ခံတို့သည် မိမိပြည်ထောင်ကို အတိုင်းအတာတစ်ခုအထိ စိတ်တိုင်းကျ အုပ်ချုပ်ခွင့်ရကြသည်။ များသောအားဖြင့် ထိုပြည်ထောင်များသည် စောဠအင်ပါယာ၏ ဩဇာနှင့် အာဏာအောက်တွင် ခိုလှုံခြင်း သို့မဟုတ် ရန်အေးငြိမ်း မဟာမိတ်ပြုခြင်းတို့ဖြင့် အင်ပါယာအောက် ရောက်လာကြခြင်းဖြစ်သည်။ သမိုင်းပညာရှင်တို့က စောဠအုပ်ချုပ်ရေးစနစ်မှာ ပဒေသရာဇ်စနစ်တွင် အကြုံးဝင်သည်ဟု ဆိုကြသည်။

မင်းဆက်များ

[ပြင်ဆင်ရန်]
မင်း အမည် နန်းသိမ်းကာလ (ခရစ်နှစ်) မှတ်ချက်
ဝိဇယလေယျ စောဠ ၈၄၈ - ၈၇၀ အစောပိုင်းစောဠနွယ်ဆင်း စောဠပြည်တည်သူ မင်းကြီး
အဓိယျ ပထမ ၈၇၀ - ၉၀၇
ပရံသက ပထမ ၉၀၇ - ၉၅၅
ဂန္ဓာယဓိတယ ၉၅၅ - ၉၅၇ မင်းနှစ်ပါး ဒွန်တွဲအုပ်ချုပ်သည်။
အရိန္ဇယျာ ၉၅၆ - ၉၅၇
ပရံသက ဒုတိယ ၉၅၇ - ၉၇၀
ဥတ္တမ စောဠ ၉၇၀ - ၉၈၅
ရာဇာရာဇ စောဠ ပထမ
  • မဟာစောဠမင်းကြီး
ဇွန် သို့မဟုတ် ဇူလိုင် ၉၈၅ – ဇန်နဝါရီ သို့မဟုတ် ဖေဖော်ဝါရီ ၁၀၁၄
ရာဇန္ဒြာ စောဠ ပထမ ၁၀၁၄ - ၁၀၄၄
ရာဇဒြိရာဇ ပထမ ၁၀၄၄ – ၂၈ မေလ ၁၀၅၂
ရာဇန္ဒြာ ဒုတိယ ၂၈ မေလ ၁၀၅၂ – ၁၀၆၃
ဝီရ ရာဇန္ဒြာ ၁၀၆၃ - ၁၀၇၀
အသီရာဇန္ဒြာ ၁၀၇၀ အမွေဆက်ခံသူ ချန်ရစ်နိုင်ခြင်းမရှိခဲ့
ကုလုသုင်္ဂ ပထမ ၉ ဇွန်လ ၁၀၇၀ - ၁၁၂၂ ရာဇန္ဒြာ ပထမ၏ သမီးတော် အမန္နီကုန္ဒန် ဒေဝီ၏ သားတော်ဖြစ်သည်။ အရှေ့ဘက် စလုက္ကိယ (ချလုက်ကျ) မင်းဆက်မှ အုပ်စိုးသူဖြစ်သည်။ ၎င်းနန်းတက်လာသည့် ခေတ်ကို စလုက္ကိယ-စောဠခေတ် သို့မဟုတ် စောဠခေတ်နှောင်းပိုင်းဟု သတ်မှတ်ကြသည်။
ဝိကရမ စောဠ ၁၁၂၂ - ၁၁၃၅
ကုလုသုင်္ဂ ဒုတိယ ၁၁၃၅ - ၁၁၅၀ ရှေ့ ကုလုသုင်္ဂမင်း၏ မြေးတော်
ရာဇာရာဇ ဒုတိယ ၁၁၅၀ - ၁၁၇၃
ရာဇာဒြိရာဇ ဒုတိယ ၁၁၇၃ - ၁၁၇၈ ဝီရရဇန္ဒြာမင်း၏ မြေးတော်
ကုလုသုင်္ဂ တတိယ ၁၁၇၈ - ၁၂၁၆
ရာဇာရာဇ တတိယ ဇူလိုင် ၁၂၁၆ - ၁၂၅၆
ရာဇန္ဒြာ တတိယ ၁၂၅၆ - ၁၂၇၉ နောက်ဆုံး စောဠမင်းဆက်ဖြစ်သည်။ ၁၂၇၉ ခုနှစ်တွင် ပန္တရတိုင်းမှ မာရဗြဟ္မာန် ကုလစက္ကရ ပန္တရန် ပထမ က စောဠပြည်ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စောဠမင်းများအား လက်အောက်ခံ ပန္တာဆက်များအဖြစ် သိမ်းပိုက်ခဲ့သည်။

သမိုင်း အကျဉ်း

[ပြင်ဆင်ရန်]

စောဠပြည်ကို ဘီစီ သုံးရာစုဝန်းကျင်တွင် တည်ထောင်ခဲ့သည်ဟု ယူဆရသည်။ သို့သော် အမှန်တကယ် ဩဇာကျယ်ပြန့်လာသည်မှာ ဝိဇယလေယျ စောဠမင်းလက်ထပ် ကမ္ဘာသုံးနှစ် (ခရစ်နှစ်) ၉ ရာစုတွင်ဖြစ်သည်။ စောဠပြည်သည် အင်ပါယာအဖြစ်သို့ ရာဇာရာဇ စောဠ ပထမ မင်းကြီး လက်ထပ်တွင် ရောက်ရှိခဲ့ပြီး၊ ယင်းမင်းကြီးနှင့် ရာဇန္ဒြာ ပထမ တို့၏ လက်ထပ်သည် စောဠအင်ပါယာ၏ ဩဇာအကြီးဆုံးကာလများဖြစ်ခဲ့သည်။ အချိန်အားဖြင့် ကမ္ဘာသုံးနှစ် ၁၀ ရာစုနှင့် ၁၁ ရာစု နှစ်စုရောက်နေချိန်ဖြစ်သည်။ ထိုမင်းနှစ်ပါးလက်ထပ်တွင် အိန္ဒိယတောင်ပိုင်းတစ်ခုလုံးနှင့် ပင်လယ်ရပ်ခြားဒေသများကိုပါ တိုက်ခိုက်စိုးမိုးခဲ့ကြသည်။

အင်ပါယာသည် ၁၃ ရာစု‌အရောက်တွင် တောင်ပိုင်းဘုရင့်ပြည်ထောင်များဖြစ်သော ပန္တရတိုင်းနှင့် ဟွိုင်စူဠတိုင်းတို့မှ ကျူးကျော်တိုက်ခိုက်မှုများကို ခံရရုံသာမက တိုက်ရည်ခိုက်ရည်ပါ ကျဆင်းလာသောကြောင့် တဖြေးဖြေး အင်အားနည်းလာပြီး နောက်ပိုင်းတွင် ပန္တရတိုင်းလက်အောက်ခံအဖြစ် သွတ်သွင်းခြင်းကိုခံလိုက်ရသည်။

ရင်းမြစ်များ

[ပြင်ဆင်ရန်]
  • Sastri, K.A. Nilakanta. The Cōlas. University of Madras, 1935.
  • Aiyangar, S. Krishnaswami. Ancient India and South Indian History and Culture, 1921.
  • Harle, J.C. The Art and Architecture of the Indian Subcontinent. Yale University Press, 1994.
  • Sastri, K.A. Nilakanta. A History of South India: From Prehistoric Times to the Fall of Vijayanagar. Oxford University Press, 1955.
  • Champakalakshmi, R. Religion, Tradition, and Ideology: Pre-colonial South India, 2011.
  • British Museum Collection - Coins of the Chola Empire
  • UNESCO World Heritage Centre — Great Living Chola Temples
  • Sastri, K.A. Nilakanta. "The Pandyan Kingdom." In A History of South India. Oxford University Press, 1955.