စု၊ မောင် (ရတနာပုံ)

ဝီကီပီးဒီးယား မှ
ရတနာပုံမောင်စု
မွေးဖွားမောင်စု
၁၉၀၁
မန္တလေးမြို့
ကွယ်လွန်၁၇၊ ​အောက်တိုဘာ၊ ၁၉၆၅
မင်္ဂလာဒုံစစ်ဆေးရုံ
အလုပ်အကိုင်
  • တေး​ရေးဆရာ
  • အဆို​တော်
  • ပန်းချီဆရာ
အိမ်ထောင်ဖက်(များ)​ဒေါ်မြင့်မြင့်
သားသမီးဦး​သောင်းစု(သု​တေသန)၊ ​ဒေါ်ရင်ရင်စု၊ ​ဒေါ်ဖြူဖြူစု
မိဘ(များ)ဦးသာဒွန်း + ​ဒေါ်ကြည်

ရတနာပုံမောင်စုသည် မြန်မာ​တေး​ရေးဆရာ၊ အဆို​တော်၊ ပန်းချီဆရာဖြစ်ခဲ့သည်။ ရတနာပုံမောင်စု၏ ဘိုးစဉ်ဘောင်ဆက်မျိုးရိုးမှာ ကုန်သည်မျိုးရိုး ဖြစ်ကြပြီး မွေးရပ်ဇာတိမြေမှာ မန္တလေးမြို့ (၂၆) ဘီလမ်း၊ ရွှေတိုက်ရုံဝင်း၊ အနောက်ဘက်) ဟေမာဇလအနောက်ခြမ်း ဖြစ်သည်။ ၁၉၀၁ ခုနှစ်တွင် အဘဦးသာဒွန်း၊ အမိဒေါ်ကြည် တို့မှ မွေးဖွားပါသည်။ ရတနာပုံမောင်စုမှာ စတုတ္ထသားအထွေးဆုံး ဖြစ်သည်။ ပညာအရည်အချင်းမှာ မန္တလေးမြို့ ဝက်စလီ (အင်္ဂလိပ်မြန်မာ) ကျောင်းတွင် အထက်တန်းပညာထိ ဆည်းပူးခဲ့ပြီး မန္တလေးမြို့ အစိုးရကြေးနန်းရုံးကြီးတွင် ကြေးနန်းစာရေးအဖြစ် အမှုထမ်းခဲ့သည်။

မောင်စုမှာငယ်စဉ်ကပင် အနုပညာဝါသနာပါသူဖြစ်သည်။ အပေါင်းအသင်းများနှင့် သီချင်းဆိုခြင်း၊ ဂီတာတီးခတ်ခြင်း၊ စန္ဒရားတီးခြင်း၊ ရံဖန်ရံခါ ပန်းချီရေးဆွဲခြင်း စသည့် အနုပညာများကို ခုံမင်သူတစ်ဦးဖြစ်သည်။

မောင်စုသည် ရန်ကုန်မြို့တွင် အခြေစိုက်ပြီးနောက် ရုပ်ရှင်မင်းသားကြီး ခင်မောင်ရင် (ဗိုလ်အောင်ဒင် - မင်းသား)နှင့် ဆုံမိကြကာ တေးဂီတနယ်ပယ်တွင် အတူတကွ ပါဝင်လှုပ်ရှားခဲ့သည်။ ရတနာပုံမောင်စုသည် ကိုလံဘီယာကုမ္ပဏီတွင် ဓာတ်ပြား (၁၃)ချပ်မျှ သွင်းခဲ့သည်။ ကိုယ်တိုင်ဂီတာတီး၊ ကိုယ်တိုင်သီချင်းစပ်ပြီး ကိုယ်တိုင်ဆိုခဲ့သည်။ မောင်စု၏သီချင်းဓာတ်ပြားများမှာ (၁) ဇာတိချက်ကြွေ၊ (၂) တစ်ရွာသား၊ (၃)ခါနွေဦး၊ (၄)ဂွတ်နိုက်ဒါလင်၊ (၅)နှစ်သွယ်စကြာ၊ (၆)လူပျိုစင်၊ (၇)မြတ်နိုးသူ၊ (၈)လောကဤလူ့ဘုံ၊ (၉)မောင်တို့ရွာ၊ (၁၀)ညိုညိုလေး စသည်များ ဖြစ်သည်။ မောင်စုမှာ မန္တလေး၌ မွေးဖွားခဲ့ရာ မိမိဇာတိမြေကို မမေ့နိုင်သဖြင့် ဓာတ်ပြားသွင်းခြင်း၊ ပန်းချီဆွဲခြင်းမှစ၍ မောင်စုအမည်တွင် ရှေ့ မှာ “ရတနာပုံ” တပ်၍ ခေါ်တွင်စေခဲ့သည်။

ရတနာပုံမောင်စုသည် အသက်အရွယ်ထောက်လာပြီး အသံများမကောင်းတော့သဖြင့် ငယ်စဉ်က ဝါသနာပါလာသော ပန်းချီရေးဆွဲခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။

ရတနာပုံမောင်စုသည် ရန်ကုန်မြို့ တာမွေမြို့ နယ်တွင် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့် (အန်တီကြီး)နှင့် သားသမီးသုံးယောက် ထွန်းကားခဲ့သည်။ သားဖြစ်သူမှာ ဦးသောင်းစု (သုတေသန) ဖြစ်ပြီး၊ သားသမီးများမှာ ဒေါ်ရင်ရင်စုနှင့် ဒေါ်ဖြူဖြူစုတို့ ဖြစ်သည်။

အသက် (၆၄)နှစ်အရွယ် ၁၉၆၅ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့ မင်္ဂလာဒုံ စစ်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။ [၁]

ရည်ညွှန်းချက်[ပြင်ဆင်ရန်]

  1. သားဖြစ်သူ ဦးသောင်းစုနှင့် တူအရင်းဖြစ်သူ ဦးသိန်းရွှေတို့က ရေးသားပေးပို့ပါသည်။