စိုးထက်
ဒုတိယဗိုလ်မှူးကြီး (ငြိမ်း)၊ ဦး စိုးထက် | |
|---|---|
| ချင်းပြည်သစ်ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၀ ဇူလိုင် ၂၀၂၅ | |
| ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး | |
| တာဝန်သက်တမ်း ၂၅ မေ ၂၀၁၈ – ၃၁ ဇန်နဝါရီ ၂၀၂၁ | |
| ပြည်နယ်ဝန်ကြီးချုပ် | ဆလိုင်းလျန်လွယ် |
| ယခင်လူ | ဆလိုင်းအိုက်ဇက်ခင် |
| ဆက်ခံသူ | မရှိ |
| အမျိုးသားလွှတ်တော်ရုံး ဒုတိယညွန်ကြားရေးမှူးချုပ် | |
| တာဝန်သက်တမ်း ၁၀ ဧပြီ ၂၀၁၃ – ၂၄ မေ ၂၀၁၈ | |
| ယခင်လူ | ဆလိုင်းအိုက်ဇက်ခင် |
| ဆက်ခံသူ | မရှိ |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂၂ မတ်၊ ၁၉၆၀ ပလက်ဝမြို့၊ချင်းပြည်နယ် |
| နိုင်ငံရေးပါတီ |
|
| မိဘ | ဦးထပ်လိုင်း + ပန်ယို့ |
| မိခင်ကျောင်း |
|
| စစ်မှုထမ်းခြင်း | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ၁၉၈၅-၂၀၁၃ |
| ရာထူး | ဒုတိယဗိုလ်မှူးကြီး |
ဦးစိုးထက် (ခ) ဆလိုင်းမဲလု (၂၂ မတ် ၁၉၆၀ မွေးဖွား) သည် ချင်းလူမျိုး အငြိမ်းစား စစ်မှုထမ်းတစ်ဦး ဖြစ်သည်။အထင်ကရ ချင်းနိုင်ငံရေးသမား ဦးထပ်လိုင်း ၏ သားတစ်ဦးလည်းဖြစ်ပြီး၊ဒုတိယအကြိမ် ချင်းပြည်နယ်အစိုးရအဖွဲ့ တွင် စည်ပင်သာယာရေး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[၁]သူသည် လက်ရှိတွင် ချင်းပြည်သစ်ကွန်ဂရက်ပါတီ ၏ ဥက္ကဋ္ဌ ဖြစ်သည်။[၂]
ငယ်ဘဝ နှင့် ပညာရေး
[ပြင်ဆင်ရန်]သီရိပျံချီ ဦးထပ်လိုင်း (နိုင်ငံ့ဂုဏ်ရည်ပထမအဆင့်) နှင့် ဒေါ်ပန်ယို့တို့မှ ၎င်းအား ၁၉၆၀ ခုနှစ်၊ မတ် ၂၂ ရက်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်၌ မွေးဖွားခဲ့သည်။မွေးချင်း ၈ ဦး အနက် စတုတ္ထမြောက်သား ဖြစ်သည်။ချင်းနာမည်မှာ ဆလိုင်းမဲလု ဖြစ်သည်။
ငယ်စဉ်အခါက ပညာရေးကို ပလက်ဝမြို့ အ.ထ.က ကျောင်းတွင် သင်ကြားခဲ့ပြီး၊ (၉)တန်း အရောက်တွင် စစ်တွေမြို့ အ.ထ.က(၄) သို့ ပြောင်းရွှေ့ တက်ရောက်ခဲ့သည်။
စစ်တွေမြို့ စာစစ်ဌာမှ ဆယ်တန်းအောင်မြင်ပြီး၊တက္ကသိုလ် ပထမနှစ် နှင့် ဒုတိယနှစ် တို့ကို စစ်တွေဒေသကောလိပ် တွင် လည်းကောင်း၊ တတိယနှစ်ကို လှိုင်နယ်မြေရှိ အမှတ်(၂)ဒေသကောလိပ်တွင်လည်းကောင်း တက်ရောက်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မှ B.Sc(Zoology) ဘွဲ့ ရရှိခဲ့သည်။ထို့နောက် သူသည် ၂ နှစ်ခန့် မူလတန်းပြဆရာ အဖြစ် ဆောင်ရွက်ခဲ့သည်။
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]၁၉၈၄ ခုနှစ်၊ ဇူလိုင် ၂၀ ရက် တွင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ၌ ဖွင့်လှစ်သည့် ဘွဲ့ရဗိုလ်လောင်းသင်တန်း အပတ်စဉ်(၆၈)ကို တက်ရောက်ခဲ့သည်။
၁၉၈၅ ခုနှစ် မေ ၃၁ ရက် တွင် ဗိုလ်သင်တန်းဆင်းပြီးနောက် စစ်မှုစထမ်းသည်။သူသည် စစ်မှု ထမ်းစဉ် ဗိုလ်မဲလု အမည်ဖြင့် ထိုင်း-မြန်မာနယ်စပ်စခန်းတစ်ခု ဖြစ်သည့် ပါချီးစခန်းသိမ်းတိုက်ပွဲ အတွင်း ထူးချွန်စွာ ပါဝင်နိုင်ခဲ့သည့်အတွက် ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် သူရဲကောင်းမှတ်တမ်းဝင် လက်မှတ် နှင့် တံဆိပ် ချီးမြှင့်ခံခဲ့ရသည်။[၃]
၂၀၀၆ ခုနှစ် အရောက်တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် နေပြည်တော်၊ အမှတ်(၂) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ ဆေးတပ် တပ်မှူး၊ တပ်ကုန်းတပ်နယ်မှူး၊ ဇေယျသီရိတပ်နယ်မှူး အစရှိသည့် ရာထူးတာဝန်များဖြင့် နေပြည်တော် တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]၂၀၁၃ ခုနှစ်၊ ဧပြီ ၁၀ ရက် တွင် စစ်တပ်မှ အငြိမ်းစားယူပြီး အမျိုးသားလွှတ်တော်ရုံး၊စီမံ၊ ဘဏ္ဍာ၊ ကျန်းမာရေးဌာန ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် အဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သည်။၂၀၁၇ ခုနှစ်၊ဖေဖော်ဝါရီ တွင် အမျိုးသားလွှတ်တော်ရုံး၊ ဥပဒေပြုဌာနကြီး သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် ဆက်လက် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ၂၀၁၈ ခုနှစ်၊မေလထဲ တွင် အငြိမ်းစားယူခဲ့သည်။
သူသည် နေပြည်တော်၌ ကျင်းပသည့် (၆၅)နှစ်မြောက် ချင်းအမျိုးသားနေ့ မှစပြီး ချင်းအမျိုးသားနေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌ တာဝန်ကို ဆောင်ရွက်ခဲ့သည်။[၄]
ပြည်နယ်ဝန်ကြီးဘဝ
[ပြင်ဆင်ရန်]ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး ၊ လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် သည် ၎င်း၏ ဆန္ဒအရ ၂၀၁၈ ခုနှစ်၊မေ ၁၇ ရက် တွင် ဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့သည်။[၅]ထို့နောက် လစ်လပ်နေသည့် ဝန်ကြီးနေရာအတွက် ဦးစိုးထက် ကို ချင်းပြည်နယ်အစိုးရက အဆိုပြုတင်သွင်းခဲ့သည်။[၆]
၂၀၁၈ ခုနှစ်၊မေ ၂၅ ရက် တွင် ကျင်းပသည့် ချင်းပြည်နယ်လွှတ်တော် တွင် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ သည် လစ်လပ်ဝန်ကြီးနေရာအတွက် ဦးစိုးထက် အမည်အား တင်သွင်းခဲ့ရာ ပလက်ဝ ၊ ကန်ပက်လက် ၊ တွန်းဇံ အစရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်အချို့က ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် ခန်းမထဲမှထွက်ခွာကြသည်။[၇] [၈]သို့သော် ချင်းပြည်နယ်လွှတ်တော်သည် ဦးစိုးထက် အား ချင်းပြည်နယ် စည်ပင်သာယာရေး ၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးအဖြစ် အတည်ပြုခဲ့သည်။ နိုင်ငံတော်သမ္မတရုံးကလည်း ၎င်းအား ပြည်နယ်ဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးကြောင်း ၂၀၁၈ ခုနှစ်၊မေ ၂၅ ရက်စွဲ ဖြင့် ထုတ်ပြန်ခဲ့သည်။သူသည် ထိုတာဝန်ကို ၂၀၂၁ ခုနှစ်၊ဇန်နဝါရီ ၃၁ ရက် နေ့အထိ တာဝန် ထမ်းဆောင်ခဲ့သည်။
သေနတ်ပစ်ခတ်ခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၀ ပြည့်နှစ်၊စက်တင်ဘာ ၉ ရက် တွင် ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်ကြောင်းအတွင်း ဦးစိုးထက် လိုက်ပါလာသည့် စက်လှေ သည် ရက္ခိုင့်တပ်တော် AA ၏ ချောင်းမြောင်းပစ်ခတ်ခြင်း ကို ခံခဲ့ရသည်။ပစ်ခတ်ခံရသည့် စက်လှေပေါ်တွင် ဦးစိုးထက်နှင့်အတူ ညွှန်ကြားရေးမှူးရာထူးရှိ အစိုးရဝန်ထမ်း ၃ ဦးခန့် ပါဝင်ပြီး တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေ။[၉] [၁၀] [၁၁]
ရွေးကောက်ခံအမတ်ဘဝ
[ပြင်ဆင်ရန်]ဦးစိုးထက် သည် ၂၀၂၀ ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ကိုယ်စားပြု၍ ၎င်း၏ ပထမဆုံးရွေးကောက်ပွဲကို ချင်းပြည်နယ်၊ ပလက်ဝမဲဆန္ဒနယ် အမှတ် -၁ မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။[၁၂]ပြိုင်ဘက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (CNLD)၊ ခူမီး(ခမီး) အမျိုးသားပါတီ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးပါတီ တို့မှ ကိုယ်စားလှယ်လောင်းများအား အနိုင်ရခဲ့သည်။[၁၃]
ဖမ်းဆီးထိန်းသိမ်းခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက် သူသည် အခြားသော တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များ နည်းတူ ထိန်းသိမ်းခြင်းခံခဲ့ရသည်။၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၂၇ ရက် တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။[၁၄] [၁၅] [၁၆]
ပါတီသစ်တည်ထောင်ခြင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ မေလ ၂၆ နေ့တွင် ပါတီတည်ထောင်ခွင့် ရရှိခဲ့ပြီး၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည့် ချင်းပြည်သစ်ကွန်ဂရက်ပါတီကို သူက ဦးဆောင်သည်။ [၁၇]
NLDပါတီကထုတ်ပယ်ခြင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊စက်တင်ဘာ ၁ ရက် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအလုပ်ကော်မတီ သည် ပါတီ၏ သတင်းထုတ်ပြန်ချက် (၈/၂၀၂၅) ဖြင့် ၎င်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ထုတ်ပယ်ကြောင်း စာထုတ်ခဲ့သည်။[၁၈]
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]ဦးစိုးထက် သည် အိမ်ထောင်သည် တစ်ဦးဖြစ်သည်။ဇနီးဖြစ်သူမှာ အမှတ်(၂) တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ကုသမှုဌာနကြီးမှူး စစ်ဘက်ဆရာဝန်ကြီး ဗိုလ်မှူးကြီး ဒေါက်တာသန်းသန်းရီ ဖြစ်ပြီး၊ သားမောင်ကျော်မင်းထက်နှင့် သမီး မမြသဉ္ဇာထက်တို့ကို ထွန်းကားခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် ကျီခါးမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး။ MOI Myanmar (၃ အောက်တိုဘာ ၂၀၂၀)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)ဥက္ကဋ္ဌအဖြစ် ချင်းပြည်နယ်ဝန်ကြီးဟောင်းဦးစိုးထက်မှတာဝန်ယူ၊ချင်းပါတီကို NLD နဲ့ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်ဟောင်းများက ဦးဆောင်။ Chin World (၂၇ ဩဂုတ် ၂၀၂၅)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ လစ်လပ်ဝန်ကြီးနေရာအတွက် ချင်းပြည်နယ်အစိုးရကအဆိုပြုထားသော ဦးစိုးထက်ရဲ့ ကိုယ်ရေးအကျဉ်းချုပ်။ Zalen Media (၂၄ မေ ၂၀၁၈)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ၆၇ နှစ်မြောက် ချင်းအမျိုးသားနေ့ နေပြည်တော်တွင် ကျင်းပ။ ၂၀၁၅ ခုနှစ်၊ဖေဖော်ဝါရီ ၂၁ ရက် နေ့ထုတ်၊ကြေးမုံသတင်းစာ၊စာမျက်နှာ(၃) (၂၀ ဖေဖော်ဝါရီ ၂၀၁၅)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ချင်းဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် နုတ်ထွက်။ BBC (၁၈ မေ ၂၀၁၈)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကန့်ကွက်တဲ့ကြားက တပ်ထွက်ကို ချင်းဝန်ကြီးခန့်။ BBC (၂၅ မေ ၂၀၁၈)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ချင်းပြည်နယ် စည်ပင်ဝန်ကြီးသစ် ခန့်အပ်မှု ကန့်ကွက်မှုတွေနဲ့ကြုံ။ VOA (၂၅ မေ ၂၀၁၈)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ချင်းပြည်နယ်လွှတ်တော်၌ လစ်လပ်ဝန်ကြီးနေရာ အစားထိုးခန့်အပ်ရန်အတွက် အမျိုးသားလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်အား အမည်စာရင်းတင်သွင်းမှုကို ကျေနပ်မှုမရှိ၍ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်အချို့ အစည်းအဝေးခန်းမမှ ထွက်ခွာ။ Eleven Media Group (၂၆ မေ ၂၀၁၈)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပလက်ဝတွင် ချင်းစည်ပင်ဝန်ကြီးဦးစိုးထက် လိုက်ပါလာသည့်စက်လှေ ပစ်ခတ်ခံရ။ Myanmar Now (၉ စက်တင်ဘာ ၂၀၂၀)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မဲဆွယ်ခရီးမှာ ပစ်ခတ်ခံရတဲ့ ဝန်ကြီး ဦးစိုးထက်နဲ့ ဆက်သွယ်မေးမြန်းချက်။ RFA (၁၄ စက်တင်ဘာ ၂၀၂၀)။ ၁၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ချင်းစည်ပင်ဝန်ကြီးနှင့် အဖွဲ့ ပစ်ခတ်ခံရသဖြင့် ပလက်ဝမှ မပြန်နိုင်သေး။ The Irrawaddy (၁၀ စက်တင်ဘာ ၂၀၂၀)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ၁၁၁ ဦးအမည်စာရင်း ကော်မရှင်အတည်ပြုထုတ်ပြန်။ DVB (၁၁ နိုဝင်ဘာ ၂၀၂၀)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပလက်ဝတွင်လည်း NLD အနိုင်ရ။ The Irrawaddy (၉ နိုဝင်ဘာ ၂၀၂၀)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး ဦးစိုးထက် အပါအဝင် လေးဦး ပြန်မလွှတ်သေး။ RFA (၅ ဖေဖော်ဝါရီ ၂၀၂၁)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ချင်းပြည်နယ်ဝန်ကြီးငါးဦး ပြန်လည်လွှတ်ပေးခဲ့သော်လည်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၂၀ ကျော်ကို ဆက်လက်ဖမ်းဆီးထား။ BNI (၂၇ ဖေဖော်ဝါရီ ၂၀၂၁)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ခေါင်းဆောင်တွေ နေအိမ်အကျယ်ချုပ်ပြောင်း။ VOA (၂၆ ဖေဖော်ဝါရီ ၂၀၂၁)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ NCC ပါတီ ဥက္ကဋ္ဌ အဖြစ် ချင်းပြည်နယ်ဝန်ကြီးဟောင်း ဦးစိုးထက်မှ တာဝန်ယူ။ ခူမီးမီဒီယာ (၂၈ ဩဂုတ် ၂၀၂၅)။ ၂၈ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပါတီထောင်ပြီး စစ်တပ်ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် NLD အမတ်ကို ပါတီကနေ ထုတ်ပယ်။ BBC (၁ စက်တင်ဘာ ၂၀၂၅)။ ၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။