စိုးညွန့်၊ ဦး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကဗျာဆရာ၊ စာရေးဆရာ ဦးစိုးညွန့် အတွက် ထီလာစစ်သူ ကို ကြည့်ပါ။

ဦးစိုးညွန့် (၁၈၉၈-၁၉၅၀) သည် ရန်ကုန် မျူနီစီပယ်မင်ကြီးဟောင်းနှင့် အမေရိကန် ပြည်ထောင်စု သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဖြစ်သည်။

ဦးစိုးညွန့်ကို ၁၈၉၈ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့၌ ဖွားမြင်သည်။ ဖခင်မှာ ရန်ကုန်မြို့ ဟိုက်ကုတ်တရားလွှတ်တော် တွင် မြန်မာလူမျိုးထဲမှ ပထမဦးစွာ ပစ္စည်းထိန်းမင်းကြီးအဖြစ် ထမ်းရွက်ခဲ့ရသူ ဝတ်လုံတော်ရဦးသင်းဖြစ်၍ မိမခင်မှာ ဗြိတိသျှ အောက် မြန်မာပြည်တွင် မြန်မာဘုရင်များ၏ ကိုယ်စားလှယ်တော်အဖြစ် ဆောင်ရွက်ခဲ့ရသော မဟာသီရိဘောဂသာရ ဘွဲ့ခံ၊ သဌေးဦးစံ၏သမီး ဒေါ်ချစ်စု ဖြစ်လေသည်။ ဦးစိုးညွန့်သည် ဒုတိယ မြောက်သား ဖြစ်သည်။

ငယ်စဉ်အခါက ရန်ကုန်မြို့ ဒိုင်အိုစီဇင် အင်္ဂလိပ်ကျောင်းနှင့် ရန်ကုန်ကောလိပ်တို့တွင် ပညာသင်ယူခဲ့၏။ ၁၉၁၉ ခုနှစ်တွင် အင်္ဂလန်သို့သွားရောက်၍ အောက်စဖို့တက္ကသိုလ်၊ ဗေလီယိုကောလိပ်တွင် ပညာသင်ယူသည်။ ထိုနောက် အက်ဒင်ဗာရာ တက္ကသိုလ်သို့ ရွှေ့ပြောင်း ပညာသင်၍ ၁၉၂၄ ခုနှစ်တွင် အမ်၊ အေ၊ ဘွဲ့ကို ထိုတက္ကသိုလ်မှ ရရှိသည်။ ထိုနောက်တစ်ဖန် လန်ဒန်မြို့၌ ဝတ်လုံအတတ်ပညာများကို ဆက်လက် ဆည်းပူးခဲ့ပြီးလျှင် ၁၉၂၆ ခုနှစ်တွင် ဝတ်လုံတော်ရဘွဲ့ကို ရရှိခဲ့လေသည်။

ဦးစိုးညွန့်သည် အောက်စဖို့တက္ကသိုလ် အာရှတိုက်သား အသင်း၌ ပထမဦးစွာ ပါဝင်ခဲ့သော အသင်းသားဖြစ်၏။ ၁၉၂ဝ ပြည့်နှစ်အတွင်းတွင် မြန်မာပြည် အုပ်ချုပ်မှု ပြုပြင်ရေးကို ဆွေးနွေးတောင်းဆိုရန် မြန်မာကိုယ်စားလှယ် လန်ဒန်မြို့သို့ ရောက်ရှိနေခိုက် ထိုအသင်း၌ 'မြန်မာပြည် အနာဂါတ်ရေး' စာတမ်းတစ်ခု ဖတ်ကြားခဲ့ရာ၌ ဦးစိုးညွန့်သည် မြန်မာပြည်အား အိန္ဒိယပြည်မှ ခွဲထွက်ရန် တိုက်တွန်း နှိုးဆော်ခဲ့လေသည်။

မြန်မာပြည်သို့ ပြန်လည်ရောက်ရှိသောအခါ ဝတ်လုံတော်ရအဖြစ် ၁ဝ နှစ်ခန့် ဆောင်ရွက်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဦးစိုးညွန့်သည် မြေပိုင်ရှင် ဦးသက်ရှည်ကြီး၊ ဒေါ်သင်တို့၏ သမီး ဒေါ်သိန်းချစ်နှင့် လက်ထပ်သည်။ သား ၃ ယောက်၊ သမီး ၂ ယောက် ထွန်းကားခဲ့သည်။

၁၉၂၉ ခုနှစ်မှ ၁၉၃၆ ခုနှစ်အထိ ၇ နှစ်တာမျှအတွင်း ဦးစိုးညွန့်သည် ပုသိမ်(ကျေးလက်) မင်းတိုင်ပင်အမတ်အဖြစ် ထင်ရှားသော နိုင်ငံရေးသမားတစ်ဦး ဖြစ်လာခဲ့သည်။ ထိုစဉ် အခါက အတိုက်အခံဖက်မှ ပြင်းပြင်းထန်ထန် ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ အိန္ဒိယနှင့် မြန်မာ ခွဲရေးတွဲရေးကိစ္စ ပေါ်ပေါက်လာသောအခါ မိမိယုံကြည်ချက်ဖြစ်သော ခွဲရေးဖက်မှနေ၍ လွှတ်တော်တွင် နှစ်ရက်ဆက်၍ ၈ နာရီကြာမျှ စကားပြောခဲ့ဘူးသည်။ ဦးစိုးညွန့်သည် ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ဝင် လူကြီးအဖြစ်ဖြင့်၎င်း၊ မြင်းပွဲအသင်းတွင် စတူးဝပ် နှင့် ဒါရိုက်တာ လူကြီးအဖြစ်ဖြင့်၎င်း၊ ဘီ၊ အေ၊ အသင်းတွင် ဥက္ကဋ္ဌအဖြစ်၎င်း ဆောင်ရွက်ခဲ့သေးသည်။

၁၉၃၆ ခုနှစ်တွင် ရန်ကုန်မျူနီစီပယ် အတွင်းရေးမှူးအဖြစ် ခန့်ထားခြင်း ခံရပြီးနောက် ဒုတိယမင်းကြီးအဖြစ်လည်း ခန့်ထားခြင်း ခံရလေသည်။ ၁၉၃၉ ခုနှစ်သို့ ရောက်သောအခါ ဒေါက်တာဦးဆက် ပင်စင်ယူသဖြင့် ဦးစိုးညွန့်သည် မျူနီစီပယ်မင်းကြီး ဖြစ်လာခဲ့သည်။ သူ၏လက်ထက်၌ မျူနီစီပယ် အမှုထမ်းများတွင် မြန်မာများထဲမှ ၅ဝ ရာခိုင်နှုန်းအထိ တိုးတက်ခန့်ထားနိုင်ရန် ကြိုးစားထမြောက်ခဲ့သဖြင့် လက်အောက်ငယ်သားများ၏ ချစ်ကြည်လေးစားမှုကို အများဆုံး ခံယူခဲ့ရသည်။ ဒုတိယကမ္ဘာစစ် မဖြစ်မီတွင် မျူနီစီပယ်မင်းကြီး၏ အလုပ်ဝတ္တရားများအပြင် ရန်ကုန်ပြည်သူ့ကာကွယ်ရေးမင်းကြီး အဖြစ်ဖြင့်လည်း ဆောင်ရွက်ခဲ့လေသည်။

ဂျပန်များ ဝင်ရောက်လာပြီးနောက် တစ်နှစ်ခန့်အကြာတွင် ရန်ကုန်မျူနီစီပယ်မင်းကြီးအဖြစ်နှင့် ကာကွယ် အလုပ်ဝတ္တရား များကိုပါ ဆောင်ရွက်ရပြန်သည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး အုပ်ချုပ်ရေး ပြန်လည်ထူထောင်သောအခါ မျူနီ စီပယ်မင်းကြီး တာဝန်များအပြင် မြို့တော်ဝန်၏ တာဝန်များကိုပါ ထမ်းရွက်နိုင်ရန် မျူနီစီပယ်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ်ဖြင့်လည်း ထမ်းဆောင်ခဲ့ရသည်။ ရန်ကုန် စည်ပင်သာယာရေးအဖွဲ့၊ ရေဝန်အဖွဲ့နှင့် ပညာရေးနှင့် သက်ဆိုင်သော အဖွဲ့များ စသည်တို့တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ရလေသည်။

၁၉၄၇ ခုနှစ် စက်တင်ဘာလအတွင်း အမေရိကန် ပြည်ထောင်စုဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်ထားခြင်း ခံရသည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂအသင်းဝင် ဖြစ်လာ၍ ဦးစိုးညွန့်သည် ကုသမဂ္ဂ ညီလာခံကြီး၌၎င်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအစည်းအရုံးကြီး၏ ညီလာခံ၌၎င်း မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်၍ တက်ရောက်ဆွေးနွေးခဲ့သည်။ အမေရိကန် ပြည်ထောင်စု သံအမတ်ကြီးအဖြစ် ဆောင်ရွက်နေစဉ် အတောအတွင်း 'အိန္ဒိယလူနီမျိုးတို့၏ အကြီးအကဲ'ခေါ် ဂုဏ်ထူးဆောင်ဘွဲ့အဖြင့်လည်း ချီးမြှင့်ခြင်းခံရသည်။

၁၉၉၅၀ ပြည့်နှစ်တွင် မကျန်းမာသဖြင့် ခွင့်ယူ၍ မြန်မာနိုင်ငံသို့ ပြန်ခဲ့ရာ ထိုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီအချိန် အသက် ၅၃ နှစ်အရွယ်တွင် မိမိနေအိမ် ကန်ဘဲ့လမ်း အမှတ် ၃ တွင် ကွယ်လွန်အနိစ္စရောက်လေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)