စိမ်းမောင်၊ ဂီတာ

ဝီကီပီးဒီးယား မှ
ဂီတာစိမ်းမောင်

ဂီတာစိမ်းမောင်(၁၂၇၇ - ၁၃၃၃)[ပြင်ဆင်ရန်]

ဂီတာစိမ်းမောင်သည် အနောက်တိုင်းတူရိယာပစ္စည်းဖြစ်သော ဂီတာကို မြန်မာတီးကွက် တီးလက်ဖြင့် ပထမဆုံး တီထွင်၍ တီးခတ်ခဲ့သူ ဖြစ်သည်။ ဂီတာစိမ်းမောင်အား ရန်ကုန်မြို့ မလွှကုန်းရပ်၊ ပန်းပု ကန်ထရိုက်တာ ဆရာကြီး ဦးအောင်ချင်းနှင့် အမိဒေါ်ချစ်မေ တို့မှ မြန်မာသက္ကရာဇ် ၁၂၇၇ ခုနှစ်တွင် ဖွားမြင်သည်။ မွေးချင်းနှစ်ဦးရှိ၍ အမ ဖြစ်သူမှာ ဒေါ်ရင်မေဖြစ်သည်။

ဂီတာစိမ်းမောင်သည် ငယ်ရွယ်စဉ်အခါကတည်းက တူရိယာပညာကို ဆည်းပူးတတ်မြောက်ခဲ့သည်။ ဘမျိုး ဘိုးတူဟူသော စကား အတိုင်း လက်ဆွဲဘာဂျာကို နိုင်နင်းစွာဆွဲနိုင်သူ ဖခင်ကဲ့သို့ပင် နောင်တစ်ချိန်တွင် ဂီတာ ဦးစိမ်းမောင်အဖြစ် ကျော်ကြားလာ မည့် မောင်စိမ်းမောင်သည် ငယ်ရွယ်စဉ်အခါကတည်းက တူရိယာပညာကို ဆည်းပူးတတ်မြောက်ခဲ့သည်။ သူ၏ပထမဦးဆုံးသော တူရိယာဆရာကား ဖခင်ဖြစ်သူ ဦးအောင်ချင်းပင် ဖြစ်သည်။ အဆိုနှင့် တယောပညာကို အသက်ခုနှစ်အရွယ်တွင် ကျင်လည်စွာ တတ်မြောက်ခဲ့၍ တူရိယာဂီတပြိုင်ပွဲများတွင် ပထမ၊ ဒုတိယဆု အမျိုးမျိုးကို ဆွတ်ခူးနိုင်ခဲ့သည်။

ကျောင်းဆင်းချိန် အရွယ်၌ ဖခင်ဖြစ်သူက အင်္ဂလိပ်မြန်မာ ကျောင်းအမျိုးမျိုးတွင် ကျောင်းပညာများကို သင်ကြားဆည်းပူး နိုင်ရန် အပ်နှံခဲ့သော်လည်း မကြာခဏကျောင်းပြေး၍ တယော ထိုးပညာကိုသာ လေ့ကျင့်နေတတ်သဖြင့် နောက်ဆုံးတွင် ဖခင် ဖြစ်သူသည် သား၏ ဝါသနာကို မတားဆီး မပိတ်ပင်တော့ဘဲ သား၏အလိုကို လိုက်ရလေတော့သည်။ တူရိယာ ဂီတပညာဖြင့် တံခွန်စိုက် နာမည်ကျော်အောင် ကြိုးစားပါမည်ဟူသော ကတိ ကို သားထံမှရပြီးသည့်နောက် သား၏ဝါသနာကို မြေတောင်မြှောက်ကာ ကူညီရလေတော့သည်။

ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီမှ ဂီတာသောင်းခေါ် ဦးသောင်းဖေမှာ တယောထိုးသင်ပေးသည့် လက်ဦးဆရာဖြစ်သည်။ ဖခင်ဖြစ်သူကလည်း လက်ဆွဲ ဘာဂျာ အတတ်ပညာနှင့် အခြားဂီတပညာများကို သူတတ် သလောက် သားဖြစ်သူအား သင်ကြားပေးလေသည်။ မောင်စိမ်းမောင် ခုနှစ်နှစ်သားလောက်တွင် တယောကို ကောင်းစွာထိုးတတ် သောအခါ ခွေးတံဆိပ်ဓာတ်ပြား ကုမ္ပဏီတွင် ဓာတ်ပြားသီချင်းများကို အသံသွင်းရသည်။ ရှစ်နှစ်သားအရွယ်တွင် ဘင်ဂျိုဆရာ စာတိုက်စာရေးကြီး ဦးဘထွန်းထံ၌ မြန်မာ သီချင်းကြီးများကို ဆက်လက်ဆည်းပူး လေ့လာသည်။


မောင်စိမ်းမောင်သည် အသက်ဆယ့်နှစ်နှစ်သား အရွယ် တွင် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ သွားရောက်ပြီးလျှင် ထိုစဉ်က သီပေါမြို့တွင် နေထိုင်လျက်ရှိသော ဂီတပညာရှင်ကြီး ဒေါ်စောမြဧကြည်ထံတွင် ရှေးသီချင်းကြီးများကို ဆက်လက် ဆည်းပူး လေ့လာခဲ့လေသည်။ ထိုအချိန်အထိ မြန်မာနိုင်ငံတွင် အနောက်တိုင်း တူရိယာ ပစ္စည်းဖြစ်သော ဂီတာကို မြန်မာတီးကွက် တီးလက်ဖြင့်တီးရန် မည်သူတစ်ဦးတစ်ယောက်ကမျှ မကြံစည် မကြိုးစားသေး။ ကိုစိန်းမောင်သည် ဂီတာကို ကြိုးညှိနည်းအမျိုးမျိုးနှင့် လက်နေလက် ထားများကိုပါ ဆန်းသစ်စေကာ ပထမဦးဆုံးသော မြန်မာ တီးကွက် တီးလက်များကို ပထမဦးဆုံး စမ်းသပ်တီထွင် အောင်မြင်ခဲ့လေသည်။ ဂီတာကို နိုင်နိုင်နင်းနင်း တီးတတ်လာ သောအခါ အဆိုတော် ဒေါ်ကြည်အောင်နှင့်တွဲဖက်၍ နန်းကြာညိုကြော့နှင့် ဆယ်ဆယ်ရောင်ဒိန်းသံ သီချင်းတို့ကို ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီတွင် ဓာတ်ပြားသီချင်း သွင်းလေသည်။


ထိုအချိန်မှစပြီးလျှင် ဂီတာစိမ်းမောင်ဟု နာမည်ပိုကြီးလာတော့သည်။ ထိုနောက် ကိုလံဘီယာဓာတ်ပြားကုမ္ပဏီတွင်ပင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်သည့်အချိန်အထိ အသံသွင်းခဲ့သည်။ ယင်းအချိန်များကား လွတ်လပ်ရေးအတွက် မြန်မာတစ်ပြည်လုံး အုံးအုံးကြွက်ကြွက်တခဲနက် တိုက်ပွဲဝင်ချိန်လည်း ဖြစ်သည်။ တို့ဗမာအစည်းအရုံး၏ ခေါင်းဆောင်မှုအောက်တွင် သခင်စိမ်းမောင်ဟူသော အမည်ကိုယူကာ နိုင်ငံရေးတရားပွဲများ၌ တရားပွဲမစမီ ဂီတာကြီးတစ်လက်ဖြင့် ဇာတိသွေး ဇာတိမာန်တက်ကြွဖွယ် တေးသီးချင်းများကို တီးခတ်၍ ပရိသတ်၏ မျိုးချစ်စိတ်ဓာတ်ကို ပိုမိုထက်သန် မြင့်မားအောင် စွမ်းဆောင်ခဲ့သည်။ သာယာဝတီနှင့် မော်လမြိုင်မြို့တို့တွင် ကျင်းပခဲ့သော တို့ဗမာအစည်းအရုံးညီလာခံများ ၌ မအေးမိ ၊ ခင်မောင်ရင် ၊ ဆရာရွှေတိုင်ညွှန့် တို့နှင့် တွဲဖက်ကာ ဇာတိမာန်သီချင်းများကို ရင့်ကျူးတီးမှုတ်ခဲ့သည်။

ဂီတာအတီးပညာများ၌ ထူးချွန်သူအဖြစ် ၁၉၃၈ ခုနှစ်တွင် ဦးစိမ်းမောင်အား ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဂီတာဝိဇ္ဇာဘွဲ့ကို ချီးမြှင့်သည်။ ဦးစိမ်းမောင်သည် ဒီးဒုတ်ဦးဘချိုထံတွင်လည်း ဂီတပညာများကို ဆည်းပူးခဲ့သည်။

ဂျပန်ခေတ်တွင် အသံလွှင့်ဌာနမှနေ၍ တေးသီချင်းများကို အသံလွှင့်ပြီးလျှင် နေသူရိန်ရုံ၊ လွင်လွင်ရုံ စသည့် ရုံများတွင် ပြဇာတ်တီးဝိုင်းများ၌ ဝင်ရောက်တီးမှုတ်ရင်း စန္ဒရားအတီးပညာကိုပါ တတ်မြောက်လိုက် လေသည်။ စောင်းကောက် အတီးပညာကိုလည်း ဘဏ်တိုက်စာရေးကြီး ဦးသိန်းထံတွင် ပုလဲ လန်းမှ စတင်သင်ကြားပြီးလျှင် ဂီတဝိသောဓနီကျမ်းကို ထုတ်ဝေသော ဦးခင်မောင်လတ်ထံတွင် သံရိုးမှ ဇမ္ဗူကျွန်းလုံးအထိ တက်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံတော် ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးကြီး၏ တူရိယာပညာ ဂီတအဖွဲ့ခွဲက ဂီတတက္ကသိုလ်ဘွဲ့ဖြင့် ချီးမြှင့်ခဲ့လေသည်။ ဦးစိမ်းမောင်သည် ပရဟိတ လုပ်ငန်းများ၊ အသင်းအဖွဲ့ လုပ်ငန်းများတွင် ဝါသနာပါသူ ဖြစ်သည့်အတိုင်း ၁၉၄၈ခုနှစ်တွင် မြန်မာနိုင်ငံတူရိယာဂီတအဖွဲ့ချုပ်၌ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ၁၉၄၉ခုနှစ်တွင် ရုပ်ရှင်နှင့်ပြဇာတ် တူရိယာဂီတအဖွဲ့ခွဲ ၌ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ၁၉၅၂ ခုနှစ်တွင် ဂီတအသင်းချုပ်၌ တွဲဖက်အတွင်းရေးမှူး အဖြစ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ ကာလပေါ်တူရိယာ ဂီတအသင်းချုပ်ကြီးတွင် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

မြန်မာ့အသံမှစ၍ ဂီတသင်ခန်းစာများကို ဒေါ်စောမြဧကြည်အား ကူညီပြီး မကြာခဏ ဝင်ရောက် အသံလွှင့်ခဲ့သည်။ နိုင်ငံတော် အနုပညာပန်တျာနှင့် ပြဇာတ်သင်ကျောင်းကြီးတွင် ဘင်ဂျို၊ မယ်ဒလင်၊ တယော စသော ကြိုးတပ်တူရိယာဆရာ အဖြစ်လည်းကောင်း၊ မြန်မာ့အသံတွင် ဂီတမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

ဂီတာစိမ်းမောင်သည် ဇနီးဖြစ်သူ အဆိုတော်ကြီး ဒေါ်မေစီ တည်ထောင် ဖွင့်လှစ်သည့် ဂီတပညာသင်ကျောင်းတွင်လည်း ဦးဆောင်ဆရာ အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၃၃၃ ခုနှစ် ဝါခေါင်လပြည့်ကျော် ၁၁ရက် (၁၉၇၁ခုနှစ် ဩဂုတ်လ ၁၇ရက်) အင်္ဂါနေ့တွင် ဂီတာစိမ်းမောင်သည် ဦးနှောက်သွေးကြောပြတ်ရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်သည်။ ဇနီးဒေါ်မေစီ နှင့် မောင်အောင်မြိုင်၊ မောင်သန်းဌေး အမည်ရှိသားနှစ်ဦးကျန်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)