စိန်လည်ဆွဲ (ဝတ္ထုတို)

ဝီကီပီးဒီးယား မှ

စိန်လည်ဆွဲ (အင်္ဂလိပ်: The Diamond Necklace; ပြင်သစ်: La Parure) သည် ပြင်သစ်စာရေးဆရာ မိုပါဆွန်း၏ ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည်။ ပြင်သစ်သတင်းစာ Le Gaulois တွင် ၁၈၈၄ ခုနှစ်၌ ထည့်သွင်းဖော်ပြခဲ့သည်။ မိုပါဆွန်း၏ နာမည်ကျော်ဝတ္ထုများစာရင်းတွင် ပါဝင်ခဲ့ပြီး ၎င်း၏ဇာတ်သိမ်းမှာ ထူးခြားလှသည်။

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

ဤဝတ္ထုသည် မဒမ် မက်သီဒယ် လွီဆယ် (Mathilde Loisel) နှင့် သူ့ခင်ပွန်းတို့၏ အဖြစ်အပျက်ကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။ မက်သီဒယ်သည် ကျောက်မျက်တန်ဆာများဝတ်ဆင်၍ အထက်တန်းလွှာများတွင် ဝင်ဆန့်နိုင်ရန် အမြဲမျှော်လင့်နေသူ ဖြစ်သည်။ သို့သော်လည်း ဆင်းရဲသောသူမအဖို့ သူ့အား ပျော်အောင်ထားနိုင်မည့် အောက်တန်းစာရေးတစ်ဦးနှင့်သာ လက်ထပ်ခဲ့ရသည်။ အကြိမ်ကြိမ်တောင်းခံပြီးနောက်တွင် သူမ၏ခင်ပွန်းဖြစ်သူမှာ ပြည်သူ့လမ်းညွှန်ရေးဝန်ကြီးဌာန၏ ပါတီသို့ တက်ရောက်ခွင့် ရခဲ့သည်။ ဝတ်ဆင်စရာ မရှိသည့်အတွင် မယ်သီဒယ်မှာ ထိုပွဲသို့ မသွားလိုကြောင်း ငြင်းဆိုခဲ့သည်။ သူမ၏အဖြစ်အား မကြည့်လိုသော ခင်ပွန်းသည်မှာ ရိုင်ဖယ်ဝယ်ရန်စုထားသော ဖရန့် ၄၀၀ ကို သင့်တော်သောအဝတ်အစားဝယ်ရန် ထုတ်ပေးသည်။ သို့သော်လည်း လက်ဝတ်တန်ဆာမရှိသေး၍ စိတ်တိုင်းမကျပေ။ ကျန်ငွေမရှိတော့၍ အကြံအိုက်နေသော လင်မယားမှာ သူငယ်ချင်းတစ်ဦးဖြစ်သော မဒမ် ဂျင်းနီ ဖောရက်စတီယာ (Jeanne Forestier) ထံမှ ငှားရမ်းရန် အကြံရသည်။ ရွေးချယ်ရသမျှအတွင်းမှ စိတ်တိုင်းအကျဆုံးလစိန်လည်ဆွဲကို ငှားရမ်းကာ ပါတီသို့ တက်ရောက်ခဲ့သည်။ ပြန်အရောက်တွင် သတိထားမိသည်မှာ လည်ဆွဲမရှိတော့ခြင်းပင် ဖြစ်သည်။ ပြန်လည်ပေးလျှော်ရမည်ဖြစ်၍ ဆိုင်သို့သွားရောက်၍ ဈေးနှုန်းမေးမြန်းရာ ဖရန့် ၃၆၀၀၀ တန်ကြောင်း သိရသည်။ ငွေကြေးချေးငှားကာ စိန်လည်ဆွဲအားဝယ်ယူ၍ ဂျင်းနီထံ ပြန်ပေးနိုင်ခဲ့သော်လည်း အဆိုပါငွေများအား ပြန်လည်ပေးဆပ်ရန် ကာလအတော်ကြာ ရုန်းကန်ခဲ့ရသည်။ ဆယ်နှစ်ကြာသော် ပန်းခြံတစ်ခုအတွင်း၌ ဂျင်းနီနှင့် ပြန်လည်တွေ့ဆုံသောအခါတွင်မှ မိမိပျောက်ဆုံးခဲ့သော စိန်လည်ဆွဲမှာ ဖရန့် ၅၀၀ သာတန်သော လည်ဆွဲတုဖြစ်ကြောင်း တုန်လှုပ်ဖွယ် သိရှိလိုက်ရသည်။

ကျောင်းသုံးအဖြစ် ထည့်သွင်းမှု[ပြင်ဆင်ရန်]

စိန်လည်ဆွဲဝတ္ထုတို၏ အင်္ဂလိပ်ဘာသာအဖြစ် ပြန်ဆိုချက်ကို အခြေခံပညာ နဝမတန်း၊ အင်္ဂလိပ်ဖတ်စာတွင် ကျောင်းသုံးအနေဖြင့် ပြဋ္ဌာန်းထားသည်။

ကိုးကား[ပြင်ဆင်ရန်]