စိန်မြင့် (ရုပ်ရှင်သရုပ်ဆောင်)

ဝီကီပီးဒီးယား မှ

စိန်မြင့်၊ အကယ်ဒမီ(ခရစ် ၁၉၄၃-၁၉၈၇)[ပြင်ဆင်ရန်]

မြန်မာရုပ်ရှင်လောကတွင် ဟာသသရုပ်ဆောင်မင်းသား အဖြစ် ထင်းရှားခဲ့သော အကယ်ဒမီစိန်မြင့်ကို ပျဉ်းမနားမြို့၌အဖ ဦးချစ်တင် အမိ ဒေါ်အမာတို့က ၁၉၄၃ ခုနှစ် မတ်လတွင်မွေးဖွားသည်။ မောင်နှမ ခြောက်ယောက်အနက် အကြီးဆုံးဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး ရှစ်နှစ်ခန့်အကြာတွင် မိဘများ ရန်ကုန်မြို့သို ပြောင်းရွှေ့လာရာ စိန်အန် ထော်နီကျောင်း(အ.ထ.က ၄၊ မင်္ဂလာတောင်ညွန့်) ၌စာသင်ခဲ့သည်။ အသက်၂ဝ ကျော်အရွယ်တွင်ကျောင်း မှထွက်၍ ဆန်းညွန့်ဦး သုခုမအနုပညာမဂ္ဂဇင်း၌ အယ်ဒီတာအဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ရုပ်ရှင်အောင်လံ မဂ္ဂဇင်း၌ အယ်ဒီတာ အဖြစ်လည်းကောင်း၊ဆောင်ရွက်ရင်း စာပေနှင့် မဂ္ဂဇင်းလောက၌ ကျင်လည်ခဲ့သည်။

အသက် ၂၅ နှစ်ခန့်အရွယ် ၁၉၆၈ ခုနှစ်တွင်သူဇာရုပ်ရှင်မှ ဒါရိုက်တာ ရှုမဝဦးချစ်စိန် ရိုက်ကူးသော ဘုရားစူးချစ်ပါမယ် ဟာသဇာတ်ကား၌ ဖျာပုံမယ် တင်တင်အေးနှင့်တွဲဖက်၍ ခေါင်းဆောင်မင်းသားအဖြစ် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုကား၌ သဘာဝကျကျ ဟာသမြောက်စွာသရုပ်ဆောင်နိုင်သဖြင့်သဘာဝဟာသ မင်းသားတစ်လက်အဖြစ်ပရိသတ်က လက်ခံအားပေးခဲ့ရာ စိန်မြင့်အမည် ထင်ပေါ်လာခဲ့သည်။

ရုပ်ရှင်မင်းသား စိန်မြင့် ခေါင်းဆောင်ရိုက်ကူးသော ရုပ်ရှင်ဇာတ်ကားပေါင်း များစွာရှိရာ ယင်းတို့အနက် ထင်ရှားသော ဇာတ်ကားအချို့မှာ နန်းတစ်လိမ်ပန်းတစ်လိမ်၊ ရုပ်ရှင်ရူးမလေး၊ သိုင်းသမားနှင့် မစံပယ်၊ လူဆိုးတွေနဲ မောင်တိုင်ပင်၊ မောင်းတင်လိုက်စမ်း၊ သမီးတစ်ကောင်၊ ကောက်ရ၊ သဘင်သည် မဝင်ရ၊ ပွမ်ပွမ်မြည်တဲ့ကားလေး၊ အဖေတစ်ခုသားတစ်ခု စသည်တို့ဖြစ်သည်။

ဟာသမင်းသားစိန်မြင့်သည် ဒါရိုက်တာမောင်နန္ဒရိုက် ကူး၍ ဇော်လင်းဆွေဇင်ထိုက်အောင်ထွန်းလေးတို့ တွဲဖက်ပါဝင်သော အဖေတစ်ခု သားတစ်ခု ဇာတ်ကား၌ သားငယ်ပေါ်မေတ္တာတရားကြီး မားလွန်း၍ ကြေကွဲဖွယ်ရာများနှင့် ကြုံတွေ့ရသော ဖခင်တစ်ဦးအဖြစ် ထူးချွန်ပြောင်မြောက်စွာ သရုပ်ဆောင် နိုင်သော ကြောင့် ၁၉၇၇ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားသရုပ်ဆောင် အကယ်ဒမီရွှေစင်ရုပ်ဆု ဆွတ်ခူးရရှိခဲ့သည်။

စိန်မြင့်သည် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဆွေဇင်ထိုက်နှင့် အိမ်ထောင်ပြုခဲ့သည်။ စိန်မြင့်သည် ခေါင်းဆောင်မင်းသားအဖြစ် ရုပ်ရှင်ကားပေါင်း ၆ဝ ကျော်၌ ပါဝင်ရိုက်ကူးခဲ့ရာ နောက်ဆုံး ပါဝင်ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားနှစ်ကားသည် ဒါရိုက်တာ မောင်နန္ဒ၏ ဖင်မလီယာ ဦးဇကွဲနှင့်ဒါရိုက်တာမင်းနိုင် ရိုက်ကူးသော စိန်လိုက်လေကြာသလားလို့ဇာတ်ကားများ ဖြစ်သည်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီစိန်မြင့်သည် ၁၉၈၇ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် သမီးတစ်ယောက် ကျန်ရစ်သည်။