မာတိကာသို့ ခုန်သွားရန်

စိန်တင်ဟန်

ဝီကီပီးဒီးယား မှ
စိန်တင်ဟန်
အမည်ရင်းမောင်ကို (ခ) ဦးကိုလေး
အခြားအမည်များစိန်မောင်ကိုလေး
မွေးဖွား(၁၉၃၂-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၇"။-၁၁)ဇူလိုင် ၁၁၊ ၁၉၃၂
စွန်းလွန်းရွာ၊ မြင်းခြံမြို့နယ်
ကွယ်လွန်မေ ၁၇၊ ၂၀၀၄(၂၀၀၄-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၅"။-၁၇) (အသက် ၇၁)
မန္တလေးမြို့
အလုပ်အကိုင်ဆိုင်းပညာရှင်၊ တေးရေးဆရာ၊ စာရေးဆရာ
တူရိယာဆိုင်းဝိုင်း

ရွာစားစိန်တင်ဟန် (၁၁ ဇူလိုင် ၁၉၃၂ – ၁၇ မေ ၂၀၀၄) သည် မန္တလေးမြို့၌ ထင်ရှားကျော်ကြားခဲ့သော မြန်မာ့ဆိုင်းပညာရှင်ကြီးတစ်ဦးဖြစ်ပြီး တေးရေးဆရာနှင့် ယဉ်ကျေးမှုဆိုင်ရာ စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။ သူသည် ကျော်ကြားလှသည့် "ထန်းရွက်ပုတီး" သီချင်းကို ရေးသားခဲ့သည့် တေးရေးဆရာတစ်ဦးဖြစ်သလို "ဘိသိက်မြိုင်" ဆောင်းပါးကို ရေးသားခဲ့သည့် စာရေးဆရာ လည်း ဖြစ်သည်။ အစောပိုင်းတွင် "စိန်မောင်ကိုလေး" ဟူသောအမည်ဖြင့် မြင်းခြံတစ်ဝိုက်တွင် အခြေပြုလျက် ထင်ရှားခဲ့ပြီး နောင်တွင် ရွာစားကြီး စိန်ဗေဒါ၏ ဆိုင်းဝိုင်းကို ဆက်ခံခေါင်းဆောင် တီးမှုတ်ခွင့်ရရှိရာမှ "စိန်တင်ဟန်" ဟု အမည်ပြောင်းလဲ၍ ကွယ်လွန်ချိန်အထိ မြန်မာ့ဂီတနှင့် သဘင်လောကတွင် ထင်ရှားစွာ တာဝန်ထမ်းဆောင်ခဲ့သည်။[၁]

ငယ်ဘဝနှင့် မိသားစုနောက်ခံ

[ပြင်ဆင်ရန်]

ရွာစားစိန်တင်ဟန်ကို မြန်မာသက္ကရာဇ် ၁၃၀၂ ခုနှစ်၊ ခရစ်နှစ် ၁၉၃၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ စွန်းလွန်းရွာ၌ ဖွားမြင်ခဲ့သည်။ ၎င်းသည် သဘင်သည်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး မိဘများမှာ ခေတ်ပြိုင်ထင်ရှားခဲ့သည့် ရုပ်သေးမင်းသား စံပယ်သစ် (ခ) ဦးဖိုးသစ်နှင့် ရုပ်သေးမင်းသမီး ဒေါ်မြမှုန်တို့ ဖြစ်ကြသည်။ မိဘများ၏ သားသမီး ရှစ်ဦးအနက် ဆဌမမြောက်သားဖြစ်ပြီး ငယ်မည်မှာ မောင်ကို (ခ) ဦးကိုလေး ဖြစ်သည်။[၂]

ဂီတပညာသင်ယူခြင်းနှင့် ဆိုင်းလောကသို့ ရောက်ရှိခြင်း

[ပြင်ဆင်ရန်]

မောင်ကို၏ အနုပညာနှင့် စပ်လျဉ်းသော လက်ဦးဆရာမှာ ၎င်း၏အစ်ကိုကြီးဖြစ်သူ ပန်တျာ စိန်လှမောင် ဖြစ်သည်။ ဦးစိန်လှမောင်သည် ဒုတိယကမ္ဘာစစ်မတိုင်မီကတည်းက မန္တလေးမြို့ရှိ ရွာစားကြီးစိန်ဗေဒါထံတွင် တပည့်ခံကာ ပညာသင်ယူခဲ့ဖူးသူဖြစ်သည်။ ရွာအလှူတစ်ခုသို့ ဆရာကြီးစိန်ဗေဒါ၏ဆိုင်းအဖွဲ့ လာရောက်တီးခတ်စဉ် အစ်ကိုဖြစ်သူက မောင်ကိုအား ဆရာကြီးထံ တပည့်အဖြစ် အပ်နှံခဲ့သည်။ ဆရာကြီးစိန်ဗေဒါက တပည့်အဖြစ် လက်ခံခဲ့သော်လည်း ငယ်ရွယ်သေးသဖြင့် "ငယ်သေးသည်၊ စာသင်ဦး" ဟုဆိုကာ ရွာတွင် ကျောင်းဆက်တက်ရန် ပြန်ထားခဲ့သည်။

ကျောင်းစာသင်ကြားနေစဉ်အတွင်း မောင်ကိုသည် အရပ်သားတတ်နည်းဖြင့် ပတ္တလားနှင့် မောင်းဆိုင်းကို ကျွမ်းကျင်စွာ တီးခတ်တတ်နေပြီ ဖြစ်သည်။ ကျောင်းစာသင်ရင်း ဝါသနာပါသော ဂီတပညာကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းလာခဲ့ရာ အသက် ၁၂ နှစ် (၁၉၄၂ ခုနှစ်) အရွယ်တွင် ဆိုင်းလောကထဲသို့ အပြည့်အဝ ရောက်ရှိလာခဲ့သည်။ ထိုစဉ်က ၎င်း၏အစ်ကိုကြီး စိန်လှမောင်သည် ဆိုင်းဆရာ စိန်ကျော်တင့်၏ ဆိုင်းအဖွဲ့တွင် တီးခတ်နေသဖြင့် မောင်ကိုလည်း ပညာသင်အဖြစ် လိုက်ပါဆောင်ရွက်ခွင့်ရခဲ့သည်။

ထို့နောက် အစ်ကိုဖြစ်သူ စိန်လှမောင်သည် စိန်ကျော်တင့်ထံမှ ထွက်၍ ကိုယ်ပိုင်ဆိုင်းအဖွဲ့ တည်ထောင်သောအခါ မောင်ကိုလည်း ၎င်း၏အဖွဲ့တွင် ပါဝင်တီးမှုတ်ခဲ့သည်။၁၉၄၈ ခုနှစ် သို့ ရောက်ရှိသောအခါ အစ်ကိုဖြစ်သူ စိန်လှမောင်သည် ဆိုင်းတီးခြင်းကို ရပ်နားကာ အရောင်းအဝယ်သမားအဖြစ် လောကကူးပြောင်းသွားခဲ့သော်လည်း ညီဖြစ်သူ၏ ဆိုင်းပညာရှင်ဘဝကိုမူ ကန့်ကွက်တားမြစ်ခြင်း မရှိခဲ့ပေ။

၎င်း၏ အနုပညာသက်တမ်းတစ်လျှောက်တွင် အစ်ကိုဖြစ်သူ စိန်လှမောင်အပြင် ဦးစိန်ကျော်တင်၊ ဦးစိန်ငှက်ရိုး၊ မြန်မာညွန့် ဦးချစ်မောင်၊ ဦးဘကလေး၊ နှင့် ဦးဟန်ပ တို့သည် လက်ဦးဆရာကြီးများ ဖြစ်ကြသည်။[၃]

ဦးဟန်ပထံတွင် ပညာသင်ယူခြင်းနှင့် မြင်းခြံခေတ်

[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၁၃၁၀ ပြည့်နှစ်တွင် အလင်္ကာကျော်စွာ ဦးဟန်ပသည် ရွှေကျီးညိုဇာတ်အဖွဲ့နှင့်အတူ မန္တလေးမြို့သို့ ရောက်ရှိလာသည်။ ထိုအခါ အစ်ကိုဖြစ်သူ ဦးစိန်လှမောင်က ညီဖြစ်သူ မောင်ကိုအား ဦးဟန်ပထံသို့ သွားရောက်အပ်နှံခဲ့သည်။ မကြာမီ ရွှေကျီးညိုဇာတ်အဖွဲ့ ဇာတ်ခေါင်းကွဲ (ပြိုကွဲ) သွားသဖြင့် ဦးဟန်ပသည် မန္တလေးမြို့၌ သောင်တင်နေခဲ့ရသည်။ သို့ရာတွင် ညောင်ပင်ဈေးမှ ဆိုင်းထောင်ပေးမည့် အလှူရှင် ပေါ်ပေါက်လာသဖြင့် ဦးဟန်ပ အခြေအနေပြန်လည်ကောင်းမွန်လာခဲ့သည်။ မောင်ကိုသည် ဦးဟန်ပထံတွင် ပညာသင်ယူရင်း ငါးနှစ်တာမျှ ဆရာခိုင်းသမျှ ဝေယျာဝစ္စများကို လုပ်ဆောင်ပေးခဲ့သည်။ ၁၃၁၅ ခုနှစ် (၁၉၅၃ ခုနှစ်) တွင် ဆရာကြီးဦးဟန်ပသည် နိုင်ငံတော်က ချီးမြှင့်သည့် အလင်္ကာကျော်စွာဘွဲ့ကို ရရှိခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရွှေ့ပြောင်းသွားသောအခါ မောင်ကိုသည် စိန်ငှက်ရိုး၏ ဆိုင်းအဖွဲ့သို့ ဝင်ရောက်တီးခတ်ခဲ့သည်။

စိန်ငှက်ရိုးထံတွင် တီးခတ်နေစဉ် အစ်ကိုကြီး စိန်လှမောင်၏ဆိုင်းဝိုင်းမှာ အသုံးမပြုဘဲ အားနေသည်ကို သတိပြုမိသဖြင့် အစ်ကို့အား လုပ်ကျွေးရာလည်းရောက်စေရန် ရည်ရွယ်၍ စိန်လှမောင်ဆိုင်းဖြင့် ကိုယ်ပိုင်ဆိုင်းဝိုင်းထောင်ကာ ဦးဆောင်တီးခတ်ခဲ့သည်။ ဤသို့ဖြင့် "စိန်မောင်ကိုလေးဆိုင်း" အမည်ဖြင့် မြင်းခြံတစ်ဝိုက်တွင် ထင်ရှားကျော်ကြားလာခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် ဆိုင်းဝိုင်းတော်တီးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

စိန်ဗေဒါဆိုင်းကို ဆက်ခံခြင်းနှင့် စိန်တင်ဟန် ဖြစ်လာခြင်း

[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ် (၁၉၅၄ ခုနှစ်) တွင် စိန်မောင်ကိုလေးအတွက် ဘဝအလှည့်အပြောင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ဆိုင်းပညာရှင်ကြီး ရွာစားကြီးစိန်ဗေဒါ ကွယ်လွန်ပြီးနောက် ၎င်း၏ဆိုင်းဝိုင်းကို ဆက်လက်တီးခတ်ပေးနေသော စိန်ကျော်တင့်သည် ကိုယ်ပိုင်ဆိုင်းထောင်ရန် ထွက်ခွာသွားခဲ့သည်။ ဆိုင်းပစ္စည်းများ၏ အမှန်တကယ်ပိုင်ရှင်မှာ ရွာစားကြီး နေမျိုးဗလကျော်သူ၏ဇနီး ဒေါ်စိန်မေ ဖြစ်ပြီး၊ ဆိုင်းဝိုင်းစီမံခန့်ခွဲမှုကို နီးစပ်ရာပညာရှင်များက ထိန်းသိမ်းထားသည်။ ရတနာဂီရိပြန် ရွာစားကြီးစိန်ဗေဒါ၏ ဆိုင်းဝိုင်းဖြစ်သဖြင့် တွေ့ကရာလူအား တီးခတ်ခွင့်မပေးနိုင်ဘဲ စနစ်တကျ လူရွေးချယ်ရာတွင် စိန်မောင်ကိုလေးသည် အဆင့်ဆင့်ရွေးချယ်မှုအရ သတ္တမမြောက် (နံပါတ် ၇) နေရာတွင်သာ ရှိခဲ့သည်။

သို့သော်လည်း ရှေ့ကရွေးချယ်ထားသော ဆိုင်းပညာရှင်များနှင့် ညှိနှိုင်းရာတွင် တစ်ချက်မဟုတ်တစ်ချက် အဆင်မပြေဖြစ်ကာ ပြုတ်ကုန်ကြသဖြင့် နောက်ဆုံးတွင် သတ္တမနေရာမှ စိန်မောင်ကိုလေးကို ခေါ်ယူဆွေးနွေးရသည့်အခြေသို့ ဆိုက်ရောက်ခဲ့သည်။ စိန်မောင်ကိုလေးသည် ကွယ်လွန်သူရွာစားကြီး၏ ဇနီးဖြစ်သူ ဒေါ်စိန်မေကို အမိအရာထား၍ ရိုသေလုပ်ကျွေးနိုင်သူ ဖြစ်သဖြင့် စိန်ဗေဒါ၏ဆိုင်းကို ဝင်ရောက်ဦးဆောင်တီးခတ်ခွင့် ရရှိသွားခဲ့သည်။

ထိုသို့ တီးခတ်ခွင့်ရရှိချိန်တွင် ဆိုင်းဆရာ စိန်ငှက်ရိုး၏ သားအမည်မှာလည်း စိန်မောင်ကို ဖြစ်နေသဖြင့် ဆိုင်းငှားသူများနှင့် ဆိုင်းပရိသတ်များ ထင်ယောင်ထင်မှား မဖြစ်စေရန်အတွက် အမေဒေါ်စိန်မေက နာမည်ပြောင်းရန် တောင်းဆိုခဲ့သည်။ ရွာဟိုင်းဈေးအနောက်ရှိ ပုဂံအတွင်းဝန်ဆရာတော်ထံတွင် နာမည်အသစ် သွားရောက်တောင်းခံရာ ဆရာတော်က "စိန်ကျော်ဟန်" နှင့် "စိန်တင်ဟန်" အမည်နှစ်ခု ပေးလိုက်သည့်အနက် ဒေါ်စိန်မေကိုယ်တိုင် "စိန်တင်ဟန်" အမည်ကို ရွေးချယ်ပေးခဲ့သဖြင့် စိန်တင်ဟန်ဟူ၍ ဖြစ်လာခဲ့သည်။ ၁၃၁၆ ခုနှစ်မှစတင်ကာ ရွာစားကြီး၏ဆိုင်းကို ဦးညိုစိမ့်၊ ဦးဥဩတို့နှင့် တွဲဖက်ကာ သမိုင်းဝင်တီးခတ်ခဲ့သည်။

ကိုယ်ပိုင်ဗလာဆိုင်း တည်ထောင်ခြင်းနှင့် မိသားစုဘဝ

[ပြင်ဆင်ရန်]

ခြောက်နှစ်အကြာ ၁၃၂၂ ခုနှစ် (၁၉၆၁ ခုနှစ် ဇန်နဝါရီလ) တွင် ဒေါ်စိန်တင်နှင့် အိမ်ထောင်ကျခဲ့သည်။ ထိုအခါ အမေဒေါ်စိန်မေက “ငါ့သားမှာ သားနဲ့မယားနဲ့ဖြစ်လာပြီ” ဟုဆိုကာ သီးခြားဆိုင်းခွဲထောင်ခွင့် ပြုခဲ့သည်။ ထိုအချိန်မှစတင်၍ စိန်တင်ဟန်သည် ကိုယ်ပိုင်ဗလာဆိုင်းကို တည်ထောင်ကာ လွတ်လပ်စွာ ကပြတီးခတ်ခဲ့သည်။ ၎င်းတို့ဇနီးမောင်နှံတွင် သားသမီး ၆ ယောက် ထွန်းကားခဲ့ပြီး၊ သားများဖြစ်ကြသော စာရေးဆရာ၊ ပန်းချီဆရာ နေမျိုး နှင့် ဆိုင်းဆရာ ဇော်မိုးကျော် တို့၏ ဖခင်ဖြစ်သည်။

တေးသီချင်းစပ်ဆိုခြင်းနှင့် စာပေကဏ္ဍ

[ပြင်ဆင်ရန်]

စိန်တင်ဟန်သည် အေဝမ်းဆရာညှာထံတွင် အကူအညီပေးရင်း သီချင်းစပ်ဆိုနည်း ပညာရပ်ကို လေ့လာတတ်မြောက်ခဲ့သည်။ ၎င်း၏ တေးသီချင်းဖန်တီးမှုကဏ္ဍတွင် အေဝမ်းဆရာညှာသည် မြင်ဆရာ၊ ကြားဆရာ ဖြစ်သည်။ ထို့ပြင် ဂီတပညာရှင်ကြီးများဖြစ်ကြသော မြို့မငြိမ်း၊ နန်းတော်ရှေ့ဆရာတင်၊ နန်းတော်တောင် ဆရာခင်၊ ဦးဘလှိုင်၊ နှင့် မြန်မာညွန့်ဆရာတင် တို့ထံမှလည်း သီချင်းရေးစပ်နည်းစနစ်များကို ဆည်းပူးခဲ့သည်။ ၁၉၈၆ ခုနှစ်ဝန်းကျင်အထိ သီချင်းပုဒ်ရေပေါင်း ၅၀၀ ကျော် ရေးစပ်သီကုံးခဲ့သည်။

၎င်းသည် ရွှေမန်းတင်မောင်ဇာတ်နှင့် မြို့တော်သိန်းအောင် ဇာတ်များ အတွက်လည်း တေးသီချင်းများစွာ ရေးသားပေးခဲ့ဖူးသည်။ တစ်ခါသော် ရွှေမန်းသိန်းဇော်ဇာတ်မှ မင်းသမီး ညိုညိုဆန်း (ဆိုင်းဆရာကြီး ဦးပေကြူး၏သမီး) အတွက် "ထန်းရွက်ပုတီး" အမည်ရှိ သီချင်းတစ်ပုဒ်ကို ရေးစပ်ပေးခဲ့သည်။ ထိုသီချင်းအမည်နှင့် အယူအဆကို မြို့တော်သိန်းအောင်ဇာတ်မှ မြို့တော်မောင်ယဉ်အောင်က ကြိုက်နှစ်သက်သဖြင့် တောင်းခံရာ စိန်တင်ဟန်က ဇာတ်လမ်းပါ ပူးတွဲပေးလိုက်သည်။ ထို "ထန်းရွက်ပုတီး" သီချင်းကို အခြေခံလျက် နောက်ပိုင်းတွင် "ကိုးဆယ်ဆသာလိမ့်မယ်" ဟူသော ရုပ်ရှင်ပြဇာတ်ဇာတ်လမ်း ဖြစ်လာခဲ့ပြီး အထူးလူသိများ ထင်ရှားခဲ့သည်။

ဂီတလုပ်ငန်းများအပြင် စာပေကဏ္ဍတွင်လည်း ဝါသနာပါရာ ၁၉၈၃ ခုနှစ်မှ စတင်ကာ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဆောင်းပါးများကို စာနယ်ဇင်းနှင့် မဂ္ဂဇင်းများတွင် ပြတ်တောင်းပြတ်တောင်း စိုက်လိုက်မတ်တတ် ရေးသားခဲ့သည်။

တာဝန်ထမ်းဆောင်မှုများနှင့် ဘဝနိဂုံး

[ပြင်ဆင်ရန်]

ရွာစားစိန်တင်ဟန်သည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့အစည်းဆိုင်ရာ တာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ သူသည် မြန်မာစာအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) တွင် ပညာရေးကောင်စီဝင်အဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ ထို့ပြင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ကဇာတ်ဌာနခွဲ (မန္တလေး) ၏ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံးတွင် အဖွဲ့ဝင်နှင့် တာဝန်ရှိသူတစ်ဦးအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။

ဆိုင်းပညာရှင်ကြီး ရွာစားစိန်တင်ဟန်သည် ၂၀၀၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ ဆိုင်းသမား ရွာစားစိန်ဟန်တင်။ 2026-07-18 တွင် ပြန်စစ်ပြီး။
  2. ↑ ဆိုင်းသမား စိန်ဟန်တင် (PDF)။ မုံရွေးစာအုပ်တိုက်။
  3. ↑ ဆင်ဖြူကျွန်း အောင်သိန်း (ဇန်နဝါရီ ၂၀၂၀)။ မြန်မာ့ဇာတ်သဘင်ပညာရှင်များ (PDF) (ဒုတိယအကြိမ် ed.)။ စိတ်ကူးချိုချိုစာပေ။