စိတ်လှုပ်ရှားမှု

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

လူ့စိတ်သည် အမြဲတည်ငြိမ်၍မနေ၊ အစဉ်ပြောင်းလဲလျက် ရှိသည်။ ချစ်စိတ်၊ မုန်းစိတ်၊ ဝမ်းသာစိတ်၊ ဝမ်းနည်းစိတ်၊ ကြောက်စိတ်၊ မနာလိုစိတ် ဟူသည်တို့မှာ စိတ်၏ ပြောင်းလဲ ခြင်း အခြင်းအရာများဖြစ်ကြသည်။ အနောက်နိုင်ငံ စိတ်ပညာ အလို၌၊ ဤအခြင်းအရာတို့သည် စိတ်လှုပ်ရှားမှုပင် ဖြစ်သည်ဟု ယူဆကြကုန်သည်။ စိတ်နှင့် ကိုယ်တို့သည် တစ်ခုပေါ်တစ်ခု မှီသဟဲပြု၍ အစဉ်အမြဲ ဒွန်တွဲနေသည်ဟုလည်း အနောက်နိုင်ငံ စိတ်ပညာဆရာတို့ကဆို၏။ ထို့ကြောင့် စိတ်၌ ဝိပလ္လာသဖြစ် လျှင် ကိုယ်၌လည်း ဝိပလ္လာသဖြစ်သည်။ ဝိပလ္လာသမှာ ဖောက် ပြန်မှုပင်ဖြစ်၏။ စိတ်ပညာ သဘောအားဖြင့် ဆိုရလျှင် စိတ် လှုပ်ရှားမှုနှင့် တစ်ဆက်တည်း၊ ကိုယ်လှုပ်ရှားမှုလည်း ဖြစ်ပေါ် သည်ဟု ဆိုရလိမ့်မည်။

စိတ်လှုပ်ရှားမှုအမျိုးမျိုးရှိသည်တွင် ကြောက်ခြင်း၊ စိတ်ဆိုး ခြင်းနှင့် ချစ်ခြင်းဟူသော ဤသုံးမျိုးသည် အရင်းခံတရားများ ဖြစ်သည်ဟု စိတ်ပညာပါရဂူများက ယူဆကြသည်။ ကြောက် ခြင်းဟူသော တရားကြောင့်၊ ကြောင့်ကြခြင်း၊ စိုးရိမ်ခြင်း စသည်တို့ဖြစ်ပေါ်လာရ၏။ စိတ်ဆိုးခြင်းကြောင့် အနှောင့် အယှက်ဖြစ်ခြင်း၊ မုန်းတီးခြင်း စသည်တို့ ဖြစ်ပေါ်လာရ၏။ ချစ်ခြင်းကြောင့် သနားခြင်း၊ ကရုဏာသက်ခြင်း၊ နူးညံ့သိမ်မွေ့ စွာ ဆက်ဆံလိုခြင်းစသည်တို့ ဖြစ်ပေါ်လာရ၏။ ဤစိတ် လှုပ် ရှားမှုတို့မှာ စိတ်လှုပ်ရှားစေရန် စေ့ဆော်သော အကြောင်း တစ်ခုခုကြောင့်သာလျှင် ဖြစ်ပေါ်လာရ၏။

စိတ်ပညာပါရဂူတို့သည် စိတ်လှုပ်ရှားမှုကို တိရစ္ဆာန်တို့၏ သဘာဝမှအစပြု၍ လေ့လာစူးစမ်းခဲ့ကြသည်။ ကျွန်ုပ်တို့သည် တိရစ္ဆာန်၏အတွင်းစိတ်ကို ဖောက်ထွင်း၍ မမြင်နိုင်စေကာမူ၊ ယင်းတို့၏ ကိုယ်အမူအရာကို အကဲခတ်ခြင်းဖြင့် စိတ်အမူ အရာကို သိနိုင်ကြပေသည်။ ပမာအားဖြင့် ကြောင်တစ်ကောင် သည် သူ၏ ကျောက်ကုန်းကိုကြွ၍ လက်သည်းကို ထုတ်ကာ၊ အမွေးအမှင်တို့ကို ထောင်၍ပြလျှင်၊ ထိုကြောင်သည်ကြောက် စိတ်ဖြင့် လှုပ်ရှား၍နေသည်ကို သိရသည်။ ခွေးတစ်ကောင် သည် သခင်ကိုမြင်သောအခါ အမြီး တနန့်နန့်နှင့် ခုန်ပေါက် ပြေးလွှားနေသည်ဟုဆိုလျှင် သူ၏အမူအရာမှာ ဝမ်းသာသော စိတ်ဖြင့် လှုပ်ရှားနေသည့်အမူအရာဖြစ်သည်ဟု သိရသည်။

လူတို့ကား အတွင်းစိတ် လှုပ်ရှားနေပုံကို အမူအရာဖြင့် သိသာ ပေါ်လွင်အောင်ပြတတ်ကြ၏။ ပြုံးခြင်း၊ ရယ်ခြင်း၊ လက်ခုပ်တီး ခြင်းစသည်တို့မှာ ဝမ်းသာသော စိတ်အမူအရာ၊ အကြောအခြင် များ တင်းခြင်း၊ အံကြိတ်ခြင်းတို့မှာ စိတ်ဆိုးသည့် အမူအရာ၊ ငိုခြင်းမှာ ဝမ်းနည်းသော အမူအရာ၊ အသီးသီးဖြစ်ကြသည်။ ( စိတ်ပညာ။)

စိတ်လှုပ်ရှားပြောင်းလဲမှုကြောင့် ပြင်ပကိုယ်အမူအရာသာ လှုပ်ရှားပြောင်းလဲသည်မဟုတ်၊ ကိုယ်ခန္ဓာတွင်းရှိ ဆိုင်ရာအင်္ဂါ တို့သည်လည်း လှုပ်ရှားပြောင်းလဲကြသည်။ စိုးရိမ်ကြောင့်ကြ သူသည် ချွေးသီး ချွေးပေါက်ကျလာတတ်သည်။ ဒေါသဖြစ်သူ ၏ မျက်နှာသည် နီလာပြီးလျှင်၊ နောက်ဆုံး၌ ဖြူဖတ်ဖြူရော် ဖြစ်လာသည်။ ကြောက်ရွံ့ထိတ်လန့်သောကလေးမှာ တစ်ကိုယ် လုံးတုန်လှုပ်လာသည်။ ထို့ပြင်လည်း ကိုယ်ခန္ဓာတွင်း၌ သွေး တိုးသဖြင့် နှလုံးတုန်၊ ရင်ခုန်လာ၏။ အသက်ရှူမှား၏။ မြန် ၏။ အစာချေသောအင်္ဂါတို့ ဖောက်ပြန်မှုကြောင့်၊ အစာမကြေ ဖြစ်၏။ ( အစာချေခြင်း။) ကောက်ကပ် စီးဂလင်းသည်အက်ဒရီ နယ်လင်ရည်ကို သွေးအယဉ်ထဲသို့ပို့၍ စီးဆင်းစေ သောကြောင့်၊ သွေးထဲ၌ ဓာတုဒြဗ်ပေါင်းစည်းမှုသည် တစ်မျိုး တစ်ဖုံဖောက်ပြန်လာ လေသည်။

စိတ်လှုပ်ရှားမှုသည် ကောင်းသော အကျိုးကိုလည်း ဖြစ် စေနိုင်၏။ မကောင်းသော အကျိုးကိုလည်း ဖြစ်စေနိုင်၏။ ပမာအားဖြင့် လူတို့၌ ဒဏ်ရာအနာတရဖြစ်သည့်အခါ၊ ထိတ် လန့်ကြောက်ရွံ့သောစိတ်သည် လှုပ်ရှားမှုကြောင့် အထက်က ပြဆိုခဲ့သည့်အတိုင်းအက်ဒရီနယ်လင်သည် သွေးထဲသို့စီးဝင် သောအခါ ဒဏ်ရာ၏သွေးသည် ခဲလွယ်၏။ ဤအချက်ကြောင့် သာမန်အားဖြင့် ဒဏ်ရာမှ သွေးလွန်ခြင်းကို တားဆီးနိုင်သည်။ သို့ရာတွင် စိတ်လှုပ်ရှားမှုကြောင့် စိတ်၏ တည်ငြိမ်သော သမာဓိသည်မဖြစ်နိုင်ချေ။ ထို့ကြောင့် ကျိုးကြောင်းဆင်ခြင်တုံ တရား လက်လွတ်ဖြစ်တတ်သည်။ ဒေါသသည် အကျိုး အကြောင်း အဆိုးအကောင်းကို မသိတတ်ဟု ဆိုရိုးစကားပင် ရှိသည်။ ထိုကဲ့သို့သော သတိလက်လွတ်ဖြစ်သည်တို့ကို ထိန်း သိမ်းရန်မှှာ၊ စိတ်ကိုချုပ်တည်းနိုင်မှသာ ထိန်းသိမ်းနိုင်လိမ့်မည်။

မြတ်စွာဘုရား၏ တရားတော်အလိုအားဖြင့်လည်း စိတ်ကို နိုင်အောင် ထိန်းဘို့ လိုပေသည်။ ဆင်းရဲသော်လည်း ဝမ်းမ နည်း၊ ချမ်းသာသော်လည်း ဝမ်းမသာဟူသော စိတ်မျိုးကို မွေးမြူနိုင်မှသာလျှင် ကျွန်ုပ်တို့သည် လောကဓံတရားတို့ကို ကြံ့ကြံ့ခံနိုင်မည်ဖြစ်လေသည်။

ဆိုင်ရာကိုအနာလစ်ဆစ် ပညာအရဆိုလျှင် စိတ်လှုပ်ရှားမှု တို့ကို ငယ်စဉ်က ချုပ်ချယ်ဖိနှိပ်ထားခဲ့ပါလျှင် စိတ်၏အစွဲများ ဖြစ်ပေါ်လာတတ်သည်။ ဆိုင်ကိုအနာလစ်ဆစ်ဟူသည်မှာ စိတ် တို့ကို သရုပ်ခွဲ၍ ပိုင်းခြား ဝေဖန်စစ်ဆေးခြင်းပင်ဖြစ်၏။ ထိုပညာအလို၌ ကြောက်စိတ်၊ မခံချင်စိတ်ဟူသည်တို့သည် ကလေးအရွယ်၌ မကြာခဏဖြစ်ပေါ်လာတတ်သည်။ ထိုစိတ် တို့ကို ဖိနှိပ်ချုပ်ချယ်လိုက်လျှင် ထိုကလေးငယ်တို့ ကြီးပြင်းလာ သောအခါ အညံ့စွဲစိတ်များ ပေါ်လာပြီလျှင် လူထဲသူထဲသို့ မဝင်ရဲအောင်ဖြစ်တတ်သည်။ ဤအချက်ကို ဆရာသမားနှင့် မိဘများတို့သည် အထူးသတိချပ်အပ်ပေသည်။ တစ်ခါတစ်ရံ နှိပ်ကွပ်မှုတို့ကြောင့် အကြောက်စွဲစိတ်များလည်း ကပ်ရောက် တတ်သည်။

စိတ်လှုပ်ရှားမှုသည် ထိုသို့ လူတို့အားပုဂ္ဂိုလ်အနေဖြင့် အရေးကြုံသည့်အခါ၌သာ အကျိုးသက်ရောက် စေသည်မဟုတ်၊ အခြားသောအချိန်အခါမျိုး၌လည်း အကျိုးသက်ရောက်စေသည်။ လူတို့အချင်းချင်း ချစ်ခင်စွာပေါင်းသင်းဆက်ဆံမှု၊ ဂီတ၊ကဗျာ၊ ပန်းချီမှစ၍၊ သစ်ပင်ပန်းမာလ်၊ တောတောင်ရေမြေဟူသမျှတို့၌ ကြည်နူးကြခြင်းမှာ စိတ်လှုပ်ရှားမှုမှကင်း၍ မဖြစ်နိုင်ချေ။ ထို စိတ်လှုပ်ရှားမှုမျိုးကြောင့် သုခုမ အနုပညာရပ်များ ပေါ်ထွန်း လာရသည်။ စိတ်လှုပ်ရှားမှုကြောင့်ပင်လျှင် ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးတို့တွင် မျိုးချစ်ခေါင်းဆောင်များ၊ အာဇာနည်ပုဂ္ဂိုလ် များ ပေါ်ပေါက်ခဲ့ကြသည်။ လူတို့သည် အမျိုးနှင့် နိုင်ငံကို ချစ်ခင်သော စိတ်ဓာတ်လှုပ်ရှားမှုကြောင့် နိုင်ငံအတွက် တိုက်ပွဲတို့တွင် အသက်စွန့်လွှတ်ရဲကြသည်။ ကိုယ်ကျိုးမဖက် သော ပရဟိတ လုပ်ငန်းအနေဖြင့် နိုင်ငံနှင့် လူမျိုး၏ အကျိုး ကို သည်ပိုးထမ်းရွက်ကြ၏။ ကြီးမားသော ကိစ္စတစ်ခုကို ဆောင်ရွက်လိုသောသူသည် မဖြစ်မနေဟူသော စိတ်ဓာတ် အမြဲတစ်စေ လှုပ်ရှားထ ကြွနေမှသာလျှင် အောင်မြင်ခြင်းကို ရနိုင်မည်ဖြစ်၏။ မခံချင်စိတ်၊ မျိုးချစ်စိတ်၊ သနားကြင်နာစိတ်၊ ချစ်စိတ်၊ မုန်းစိတ်တို့က တိုက်တွန်းစေ့ဆော်သောအခါ မဖြစ် နိုင်ဟု ထင်မြင်ရသောကိစ္စများပင်လျှင် အထမြောက်၍လာကြ ရပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)