စာပေဗိမာန် စာတမ်းဖတ်ပွဲ(၁၉၈၄)

ဝီကီပီးဒီးယား မှ

စာပေဗိမာန် စာတမ်းဖတ်ပွဲ (၁၉၈၄)[ပြင်ဆင်ရန်]

စာပေနှင့် စာနယ်ဇင်းလုပ်ငန်းများ အရေအတွက်ရော အရည်အချင်းပါ မြင့်မားတိုးတက်ရေးအတွက် နိုင်ငံ၏ စီးပွားရေး အခြေအနေပေါ် မူတည်၍ စာပေနှီးနှော ဖလှယ်ပွဲ၊ စာပေဟောပြောပွဲ၊ စာပေပြပွဲ ပြိုင်ပွဲများ ကျင်းပရန် ဟူသည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ လမ်းညွှန်ချက်နှင့်အညီ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်း စာပေဗိမာန်အဖွဲ့သည် စာပေနှီးနှောဖလှယ် ပွဲများ၊ စာတမ်းဖတ်ပွဲများကို ၁၉၆၃ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ ၂၂ နှစ်အတွင်း ၁၈ ကြိမ် ကျင်းပခဲ့သည်။

မြန်မာရည်ညွှန်းစာအုပ် စာတမ်းဖတ်ပွဲကို ၁၉၈၄ ခုနှစ် ဇန္နဝါရီလ ၁၁ ရက်နေ့မှ ၁၃ ရက်အထိ ကုန်သည်လမ်း၊ စာပေဗိမာန် ပြည်သူ့စာကြည့်တိုက် ခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ စာတမ်းဖတ်ပွဲတွင် ဦးသော်ကောင်းက ရည်ညွှန်း စာအုပ်ဟူသည် စာတမ်း၊ ဦးမောင်မောင်ညွန့် (မင်းလှ ညွန့်ကြူး)က ဘာသာစကား၊ ရည်ညွှန်းစာအုပ်များ စာတမ်း၊ ဦးကျော်အောင် (ကျော်အောင်)က စာပေရည်ညွှန်းစာအုပ်များ စာတမ်း၊ ဒေါ်ကြန်က မှတ်တမ်းမှတ်ရာ ရည်ညွှန်းစာအုပ်များ စာတမ်းတို့ကို အသီးသီး တင်သွင်းဖတ်ကြားခဲ့သည်။

ရည်ညွှန်းစာအုပ်[ပြင်ဆင်ရန်]

ရည်ညွှန်းစာအုပ်ဟူသည် စာတမ်းတွင် ရည်ညွှန်းစာအုပ်၏ သဘောသဘာဝနှင့် ကြန်အင်လက္ခဏများ အကြောင်းကို ရှင်းလင်းတင်ပြသည်။ ရည်ညွှန်းစာအုပ်ဆိုသည်မှာ သိလိုသော အချက်ကို အလွယ်တကူ တမုဟုတ်ချင်း အမြန်ရှာဖွေရ လွယ်အောင် စီစဉ်ထားသော စာအုပ်မျိုး ဖြစ်ကြောင်း၊ ရည်ညွှန်းစာအုပ်များကို နှစ်မျိုး ခွဲခြားနိုင်ကြောင်း၊ ပထမ တစ်မျိုးမှာ ပညာပေးစာအုပ်အမျိုးအစားဖြစ်ပြီး အချက်အလက် များကို စနစ်တကျ စီစဉ်ထားကြောင်း၊ ဒုတိယတစ်မျိုးမှာ မိမိသိလိုသည့် အချက်အလက် မည်သည့်နေရာတွင် ရှိသည်ကို ညွှန်ပြထားသော အညွှန်းစာအုပ်မျိုး ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းတင်ပြထားသည်။

ဘာသာစကား ရည်ညွှန်းစာအုပ်များ စာတမ်းတွင် [[ဘာသာ စကား]] ရည်ညွှန်းစာအုပ်ဆိုသည်မှာ ဘာသာစကားကို သုံးစွဲ ရာတွင် သိလိုသည့် အချက်အလက်များကို လွယ်ကူစွာ ရှာဖွေ နိုင်ရန် အထူးတလည် စီစဉ်ထားသည့် စာအုပ်မျိုးဖြစ်ကြောင်း ရှင်းလင်းပြသည်။ ဘာသာစကားအထွေထွေ အဘိဓာန်၊ ဘာသာ စကား အထူးပြု အဘိဓာန်နှင့် ဘာသာရပ်ဆိုင်ရာ အဘိဓာန်၊ ဘာသာစကား အညွှန်းစာအုပ်များ အကြောင်းကို တင်ပြသည်။ စာပေရည်ညွှန်းစာအုပ်များ စာတမ်းတွင် စာပေနှင့် သက်ဆိုင်သော ရည်ညွှန်းစာအုပ်များ ဖြစ်ကြသည့် စာစုစာရင်း၊ စာပေလမ်းညွှန်၊ စာပေအဘိဓာန်၊ စွယ်စုံကျမ်း၊ စာပေသမိုင်း၊ စာညွန့်ပေါင်း၊ စာကိုးစကားကိုး၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ဝေဖန်စာစသော စာပေဆိုင်ရာ ရည်ညွှန်းကျမ်းများ အကြောင်း ကို ခွဲခြမ်း စိတ်ဖြာ၍ တင်ပြသည်။

မှတ်တမ်းမှတ်ရာ ရည်ညွှန်းစာအုပ်များ စာတမ်းတွင် မှတ်တမ်းမှတ်ရာ ရည်ညွှန်းစာအုပ်များဖြစ်သည့် အဘိဓာန်၊ စွယ်စုံကျမ်း၊ လမ်းညွှန်၊ နှစ်စဉ်ထုတ်စာအုပ်၊ လက်စွဲစာအုပ်၊ မြေပုံစာအုပ်၊ ဂေဇက်တီးယား စသည့် စာအုပ်များ အကြောင်း ကို ရှင်းလင်း တင်ပြသည်။

စာတမ်းနှင့် စပ်လျဉ်း၍ မရှင်းမလင်းသော အချက်များ၊ သိလိုသော အချက်များကို မေးမြန်းနိုင်ကြရန် မေးခွန်းပုံစံ များကို ကြိုတင်ပေးပို့ထားသည်။ ရည်ညွှန်းစာအုပ်ဟူသည် စာတမ်းတွင် မေးမြန်းဆွေးနွေးသူ ၁ဝ ဦး၊ ဘာသာစကား ရည်ညွှန်းစာအုပ်များ စာတမ်းတွင် မေးမြန်းဆွေးနွေးသူ ကိုးဦး၊ စာပေရည်ညွှန်း စာအုပ်များ စာတမ်းတွင် မေးမြန်းဆွေးနွေးသူ ၁၅ ဦး၊ မှတ်တမ်းမှတ်ရာ ရည်ညွန်းစာအုပ်များ စာတမ်းတွင် မေးမြန်းဆွေးနွေးသူ ၁၈ ဦးက မေးခွန်းပုံစံများဖြင့် အသီးသီး မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ဖတ်ကြားတင်သွင်းသော စာတမ်းများ[ပြင်ဆင်ရန်]

နေ့စွဲ စာတမ်းအမည် ဖတ်ကြားသူ
  1. ၁၁-၁-၈၄ ရည်ညွှန်းစာအုပ်ဟူသည် ဦးသော်ကောင်း
  2. ၁၂-၁-၈၄ ဘာသာစကားရည်ညွှန်း ဦးမောင်မောင်ညွန့်
  3. ၁၂-၁-၈၄ စာပေရည်ညွှန်းစာအုပ်များ ဦးကျော်အောင်
  4. ၁၃-၁-၈၄ မှတ်တမ်းမှတ်ရာ ဒေါ်ကြန်

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. နှစ်ချုပ်၊ ၁၉၈၅