စာတတ်မြောက်ရေးလှုပ်ရှားမှု

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံသည် စာတတ်မြောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အတွေ့အကြုံများကို အတော်များများ ရရှိခဲ့ပြီဖြစ်သည်။ ထိုအတွေ့အကြုံများကို အခြေပြု၍ စာတတ်မြောက်ရေး ဗဟိုကော်မတီသည် တနှစ်ထက်တနှစ် မြို့နယ်များ တိုးချဲ့လျက် စာမတတ်သူများ စာတတ်မြောက်လာရေးကို အရှိအဟုန် မြှင့်တင်ဆောင်ရွက်ခဲ့ရာ ယခုအခါ မြို့နယ်ပေါင်း ၁၄၂ မြို့နယ်တွင် မြို့နယ်လုံးကျွတ် စာမတတ်သူ တသန်းတသိန်းကျော်ကို စာတတ်မြေစေခဲ့ပြီ ဖြစ်သည်။ ဤသို့ဖြင့် စာမတတ်သူဦးရေသည် ယခင်က နိုင်ငံ၏ လူဦးရေ၏ ၄၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအခါ ၂၃ ရာခိုင်နှုန်းသာ ရှိတော့သည်။

ယခုကဲ့သို့ စာတတ်မြောက်ရေးလှုပ်ရှားမှုသည် ထူးခြား ပြောင်မြောက်စွာ အောင်ပွဲခံလျက်ရှိခြင်းသည် စာတတ်မြောက် ရေးဗဟိုကော်မတီနှင့် ဒေသခံပါတီ အဖွဲ့အစည်းများ၏ ဦးဆောင်လမ်းညွှန်မှု၊ ပြည်သူ့ ကောင်စီများ၏ အနီးကပ် ကြီးကြပ်ကွပ်ကဲမှု၊ တောင်သူလယ်သမား အစည်းအရုံး၊ အလုပ် သမား အစည်းအရုံး၊ လမ်းစဉ်လူငယ်အဖွဲ့ စသည့် လူထု လူတန်းစား အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ၏ ပံ့ပိုး ကူညီမှု၊ အလုပ်သမားများ၊ တောင်သူလယ်သမားများ၊ အသိ ပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်များ၊ စေတနာ့ ဝန်ထမ်းများ လုပ်အားပေး ဆရာ/ဆရာမများ၊ ကျောင်းသား လူငယ်များနှင့် လုပ်သားပြည်သူများ၏ ထက်သန်သော စေတနာ၊ နိုးကြားတက်ကြွသော နိုင်ငံရေး အသိစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ အင်တိုက်အားတိုက် ဝိုင်းဝန်ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် ဖြစ်လေသည်။

၁၉၈၂ ခုနှစ်အတွင်း ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း အသီးသီးရှိ မြို့နယ်ပေါင်း ၂၈ မြို့နယ်တွင် စာတတ်မြောက်ရေး လုပ်ငန်းကို တိုးချဲ့ဆောင်ရွက်ခဲ့သည်။ ၁၉၈၂ ခုနှစ် စာတတ် မြောက်ရေး လှုပ်ရှားမှု တိုးချဲ့မြို့နယ်များအတွက် သက်ကြီး မြန်မာဖတ်စာအုပ် (အသင်းသားကိုင်) ၁၈၂ဝဝဝ အုပ်နှင့် ဆရာလမ်းညွှန်စာအုပ် ၂၃၃၁ဝ အုပ်ကို အခမဲ့ ဖြန့်ချိ ပေးခဲ့သည်။[၁]

လူထုလှုပ်ရှားမှုအဖြစ် အရှိန်အဟုန်မပျက် ဆောင်ရွက်ခဲ့ သော စာတတ်မြောက်ရေးလုပ်ငန်းသည် ၁၉၈၃ ခုနှစ်အတွင်း၌ အောင်မြင်မှုများကို ဆက်လက်ရရှိခဲ့ရာ မြို့နယ်ပေါင်း ၃၅ မြို့နယ်တွင် မြို့နယ်လုံးကျွတ် စာတတ်မြောက်ရေးအောင်ပွဲများ ဆင်နွှဲနိုင်ခဲ့သည်။ ယင်းမြို့နယ်များသည် ပဲခူးတိုင်းမှ ကျောက် တံခါး၊ အုတ်ဖို၊ မင်းလှ၊ ရွှေကျင်၊ နတ်တလင်း၊ မိုးညို၊ လက်ပံတန်း၊ သာယာဝတီ၊ ကျောက်ကြီး၊ ရေတာရှည်၊ အုတ်တွင်းနှင့် တောင်ငူ၊ ဧရာဝတီတိုင်းမှ ဓနုဖြူ၊ ပန်းတနော်၊ လေးမျက်နှာ၊ ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ အင်္ဂပူ၊ ကျောင်း ကုန်းနှင့် ပုသိမ်အရှေ့၊ စစ်ကိုင်းတိုင်းမှ ကလေး၊ တမူး၊ ဖောင်း ပြင်၊ မော်လိုက်နှင့်မင်းကင်း၊ ကချင်ပြည်နယ်မှ ရွှေကူ၊ ပူတာအို နှင့် မချမ်းဘော၊ ရှမ်းပြည်နယ်မှ တောင်ကြီး၊ ရခိုင်ပြည်နယ်မှ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်နှင့် မြောက်ဦး၊ ကရင် ပြည်နယ်မှ သံတောင်မြို့နယ်တို့ ဖြစ်ကြသည်။

၁၉၆၉ ခုနှစ်မှစ၍ အရှိန်အဟုန်မပျက် ဆောင်ရွက်ခဲ့သော စာတတ်မြောက်ရေးလုပ်ငန်း၏ ကျေးဇူးဖြင့် ၁၉၈၃ ခုနှစ် ဒီဇင် ဘာလကုန်တွင် တစ်နိုင်ငံလုံး၌ မြို့နယ်လုံးကျွတ် စာတတ် မြောက်ရေး အောင်ပွဲ ဆင်နွှဲနိုင်သည့် မြို့နယ်စုစုပေါင်း ၂၁၉ မြို့နယ်အထိ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့နှင့် ဧရာဝတီတိုင်းတို့ တွင် တိုင်းလုံးကျွတ် စာတတ်မြောက်ရေး အောင်ပွဲများ ဆင်နွှဲ နိုင်ခဲ့သည်။ မွန်ပြည်နယ်တွင်လည်း ပြည်နယ်လုံးကျွတ် စာ တတ်မြောက်ရေးအောင်ပွဲ ဆင်နွှဲခဲ့ပြီး ဖြစ်လေည်။ စာတတ် မြောက်ရေးအောင်ပွဲ ကျင်းပပြီးသည့် နယ်မြေများတွင် တတ် မြောက်ပြီးသော စာဖတ်တတ်မှုအဆင့်ကို ထိန်းသိမ်းထားနိုင်ရန်၊ စာဖတ်ရှိန်နှင့် စာဖတ်စွမ်းရည် တစ်ဆင့်ပြီးတစ်ဆင့် မြင့်မား လာစေရန်၊ စာဖတ်ဝါသနာ တိုးပွားလာစေရန်နှင့် အသိပညာ များ ဖွံ့ဖြိုး၍ အတွေးအခေါ်များ တိုးတက်ပြောင်းလဲလာစေရန် စသည်တို့ကို ရည်မှန်းလျက် စနစ်တကျ ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

စာတတ်မြောက်ခါစ ပုဂ္ဂိုလ်များအတွက် စာဖတ်ရှိန် တိုးပွား ရန်နှင့် ကုန်ထုတ်လုပ်ငန်း အထောက်အကူပြု အသိပညာ ဗဟုသုတများ တိုးပွားရန် ရည်ရွယ်၍ မြန်မာနိုင်ငံ စာတတ် မြောက်ရေး ဗဟိုကော်မတီ၊ သက်ကြီး ဖတ်စာနှင့် စာပဒေသာ ပြုစုရေး ဆပ်ကော်မတီသည် ဇော်ဂနီမ၊ ဝေလွင်လွင်၊ ဆီးသီး သည် မဗျိုင်း၊ အလှရတနာ၊ ပြည်ထောင်စု ရိုးရာပုံပြင်များ စသည့် သက်ကြီးစာပဒေသာများနှင့် ကောက်သိမ်းချိန်၊ ရတနာ မြေနှင့် သားလှရွှေစင် စသော စာဖတ်ရှိန်မြှင့်တင်ရေးစာစဉ်များ ကို ပြုစုဖြန့်ဝေပေးခဲ့သည်။ ထို့ပြင် ဝန်ကြီးဌာနများကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် မိမိတို့ ဝန်ကြီးဌာနများ ဆောင်ရွက်ချက်များ၊ စာတတ်မြောက်ခါစ ပုဂ္ဂိုလ်များ သိသင့် သော ဗဟုသုတများ၊ အချက်အလက်များကို စာဖတ်ရှိန် မြှင့်တင်ရေးစာစဉ်များအဖြစ် ပြုစုထုတ်ဝေ၍ စာတတ်မြောက် ရေး လှုပ်ရှားမှု၌ အသုံးပြုရန် အကူအညီပေးလျက်ရှိသည်။ စာတတ်မြောက်မှု အောင်ပွဲ ဆင်နွှဲပြီးသော နယ်မြေများတွင် စာဖတ်ဝိုင်း၊ စာဖတ်ခန်းနှင့် စာကြည့်တိုက်များကို စနစ်တကျ ဖွဲ့စည်းဖော်ထုတ်၍ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးစာစဉ်များကို ဖတ်ရှုနိုင်ရန် စီစဉ်ပေးလျက်ရှိသည်။

၁၉၈၃ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့၌ ကျင်းပသော နိုင်ငံတကာ စာတတ်မြောက်ရေးနေ့တွင် ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ယူနက်စကိုအဖွဲ့ချုပ်မှ နိုမာဆုကို မြန်မာနိုင်ငံ စာတတ်မြောက် ရေး ဗဟိုကော်မတီအား ချီးမြှင့်ပေးအပ်၍ မြန်မာနိုင်ငံ စာတတ် မြောက်ရေးလှုပ်ရှားမှုကို ဂုဏ်ပြုခဲ့လေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၃)
  2. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၄)