မာတိကာသို့ ခုန်သွားရန်

စရိယာပိဋက

ဝီကီပီးဒီးယား မှ

စရိယာပိဋကဟူသည် ခုဒ္ဒကနိကာယ်အပါအဝင် သုတ္တန်ပိဋကကျမ်းတစ်စောင်ဖြစ်သည်။ ၎င်းသည် ရှေးဘဝတို့က ဘုရားရှင်ဖြည့်ကျင့်ဆည်းပူးခဲ့သော အကျင့်စရိယာတို့၏ အာနုဘော်တို့ကို ထင်ရှားစွာဖော်ပြသော ပါဠိတော်ဖြစ်သည်။ ထို့အပြင် ဘုရားရှင်၏ ရှေးဘဝက အကျင့်စရိယာတို့ကို ပေါင်းစု၍ ဖော်ပြသော ပါဠိတော်လည်းဖြစ်သည်။

ဘုရားရှင်၏ ကပိလဝတ်ပြည် ကြွချီတော်မူခြင်း

[ပြင်ဆင်ရန်]

ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ ဘုရားအဖြစ်သို့ ရောက်တော်မူပြီး၍ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ ပဌမဝါဆိုတော်မူခဲ့သည်။ ထို့နောက် ၁၀၄-ခုနှစ် တပေါင်းလပြည့်ကျော် တစ်ရက်နေ့အရောက်တွင် ခမည်းတော် သုဒ္ဓေါဒနမင်း၏ အကြိမ်ကြိမ်ပင့်လျှောက်ချက်အရ နောက်ပါ ရဟန္တာအရှင်မြတ်ပေါင်း နှစ်သောင်းခြံရံလျက် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်မှ ယူဇနာပေါင်း ၆၀ ဝေးကွာသည့် ဖွားမြင်တော်မူရာ ဇာတိဌာနေ ကပိလဝတ်နေပြည်တော်သို့ တစ်နေ့တစ်ယူဇနာကျ နှစ်လဖြင့် အရောက်ကြွတော်မူခဲ့သည်[]

သာကီဝင်တို့၏ ဇာတိမာန်ချိုးနှိမ်တော်မူခြင်း

[ပြင်ဆင်ရန်]

မဟာသက္ကရာဇ် ၁၀၄-ခုနှစ် ကဆုန်လပြည့်ကျော် တစ်ရက်နေ့၌ ကပိလဝတ်နေပြည်တော်သို့ ရောက်ရှိ၍ နိဂြောဓာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူရာ ခမည်းတော် သုဒ္ဓေါဒနမင်းအပါအဝင်ဖြစ်သော သကျသာကီဝင်အပေါင်းတို့သည် တူ၊ သားအရွယ်၊ အသက်အားဖြင့် ငယ်တော်မူသော ဘုရားရှင်ကို ရှိမခိုး၊ ဦးမတင်ဘဲ ဇာတိမာန်ဝင်၍ နေကြလေသည်။

ဘုရားရှင်သည် သာကီဝင်တို့၏ အတွင်းဓာတ်ခံ ဇာတိမာန် အဇ္ဈာသယကို သိတော်မူ၍ အဘိညာဉ်၏အခြေဖြစ်သော စတုတ္ထဈာန်ကို ဝင်စားတော်မူပြီးလျှင် တန်ခိုးတော်ဖြင့် ကောင်းကင်သို့ ပျံတက်တော်မူကာ သာကီဝင်အပေါင်းတို့၏ ဦးခေါင်းထက်သို့ ကိုယ်တော်မြတ်၏ ခြေတော်မှုန့်တို့ကို တစ်ဖွဲဖွဲကြဲဖြန့်သကဲ့သို့ ပြုလျက် “အံ့၍မစဲ၊ အဲး၍မပြီး၊ ချီး၍မကုန်နိုင်သော ရေမီးအစုံ တန်ခိုးပြာဋိဟာ”ကို ပြတော်မူခြင်းဖြင့် သာကီဝင်အပေါင်းတို့ကို ဝပ်စင်းရှိခိုး ဇာတိမာန်ကျိုးခြင်းသို့ ရောက်စေတော်မူခဲ့သည်။

ဗုဒ္ဓဝံသဒေသနာတော် ဟောကြားတော်မူခြင်း

[ပြင်ဆင်ရန်]

တစ်သောင်းသော လောကဓာတ်အတွင်း၌ နေထိုင်ကြသော နတ်၊ ဗြဟ္မာအပေါင်းတို့သည်လည်း ဘုရားရှင်ထံရင်းသို့ ချဉ်းကပ်ရောက်ရှိလာကြပြီးလျှင် ဘုရားရှင်ဂုဏ်တော်နှင့် စပ်ယှဉ်သည့် ဂါထာတို့ကို ဖွဲ့ဆိုကျူးရင့်ချီးမွမ်းကြလေသည်။ ဘုရားရှင်သည် လူ၊ နတ်၊ ဗြဟ္မာသတ္တဝါတို့ ခံတွင်းမဆံ့၊ အံ့အံ့အဲးအဲး ချီးမွမ်း၍မစဲမီ အရှေ့အနောက် စကြဝဠာတစ်သောင်း အလျားရှည်၍ ၁၂-ယူဇနာအနံရှိသော ရတနာစင်္ကြံတော်ကြီးကို ဖန်ဆင်းပြုလုပ်ပြန်၍ ထိုရတနာစင်္ကြံတော်ကြီး၏ အထက်၌ လူးလာတုံ့ခေါက် စင်္ကြံလျှောက်လျက်ပင် များစွာသော ဝေနေယျသတ္တဝါတို့၏ အလိုအဇ္ဈာသယနှင့် လျော်သော တရားဒေသနာတော်ကို ဟောတော်မူလေသည်။

ရင်သပ်ရှုမောအံ့ဩဖွယ်ရာ ယင်းသို့သော အခြင်းအရာတို့ကို အရှင်သာရိပုတြာမထေရ်မြတ်သည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်ထိပ်မှ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ဖူးမြင်တော်မူရလေရာ “ယခုအခါ ငါသည် ဘုရားရှင်၏ အာနုဘော်တို့ကို သတ္တဝါတို့အား ထင်ရှားပြုပေအံ့”ဟု နှလုံးသွင်းဆင်ခြင်တော်မူပြီး၍ နောက်ပါ ရဟန်းငါးရာနှင့်တကွ ကောင်းကင်ခရီးဖြင့် ဘုရားရှင်ထံသို့ ကြွတော်မူခဲ့သည်။ ထို့နောက် “ဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၊ ရှင်တော်မြတ်ဘုရားသည် အဘယ်ကဲ့သို့ ဘုရားဖြစ်ရန် ဆုပန်တော်မူခဲ့၍ အဘယ်သို့လျှင် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပါသနည်းဘုရား”ဟု လျှောက်ထားမေးမြန်းတော်မူခဲ့သည်။

ထိုအခါ ဘုရားရှင်သည် ရတနာစင်္ကြံတော်၏ အထက်၌ သီတင်းသုံးနေတော်မူလျက်ပင် အရှင်သာရိပုတြာမထေရ်မြတ်ကို သက်သေပြု၍ ထိုအရပ်၌ စုဝေးရောက်ရှိနေသော လူ၊ နတ်၊ ဗြဟ္မာသတ္တဝါတို့အား ကိုယ်တော်မြတ်၏ ဘုရားအာနုဘော်ကို ထင်ရှားပြလျက် ဘုရားနွယ်ဝင် “ဗုဒ္ဓဝံသ” ဒေသနာတော်အစဉ်ကို ဟောတော်မူခဲ့လေသည်။

စရိယာပိဋက ပေါ်ပေါက်လာပုံ

[ပြင်ဆင်ရန်]

ယင်းသို့သော ဘုရားနွယ်ဝင် “ဗုဒ္ဓဝံသ” ဒေသနာတော်အစဉ်ကို ကြားနာရသော အရှင်သာရိပုတြာမထေရ်မြတ်သည် ဘုရားရှင်၏ သူတစ်ပါးတို့နှင့် မဆက်ဆံ၊ အနညသာဓာရဏ ဧကန်မှန်သော သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိအစရှိသော ဂုဏ်တော်တို့ကို အဖန်ဖန်အထပ်ထပ် ဆင်ခြင်သုံးသပ်ကြည့်ပါသော်လည်း ဂုဏ်တော်တို့၏ အဆုံးမထင် အတိုင်းအရှည်ပမာဏကို မမြင်နိုင်သောကြောင့် “အဂ္ဂသာဝက ပါရမီရှင် ငါကဲ့သို့သော ပုဂ္ဂိုလ်သည်ပင် ဘုရားရှင်၏ ဂုဏ်တော်တို့ကို ကုန်စင်အောင် မသိမြင်နိုင်ပါလျှင် အချို့ရှင်လူ၊ ငါ့အောက်သူတို့မှာ အဘယ်ဆိုဖွယ်ရာရှိပါအံ့နည်း။ ဤဂုဏ်ကျေးဇူးတော်တို့သည် တစ်ခုတည်းသော သဗ္ဗညုတဉာဏ်တော်ကြီး၏သာလျှင် ကျက်စားရာအာရုံဖြစ်ချေသည်။ ထိုဂုဏ်တော်အပေါင်းတို့၏ အကြောင်းဖြစ်သည့် ပါရမီအပေါင်းတို့သည် အလွန်လျှင် အာနုဘော်ရှိပါပေစွ။ ထိုပါရမီအပေါင်းတို့ကို ဘဝပေါင်းမည်မျှ ဖြည့်ကျင့်တော်မူခဲ့ရ၍ အဘယ်ကဲ့သို့ ရင့်ကျက်သည်၏အဖြစ်သို့ ရောက်ရှိလာပါလိမ့်မည်နည်း။ ဤအကြောင်းအရာတို့ကို လျှောက်ထားမေးမြန်း၍ ဘုရားရှင်၏ အာနုဘော်တို့ကို လူ၊ နတ်၊ ဗြဟ္မာသတ္တဝါတို့အား ထင်ရှားပြုပေအံ့”ဟု ကြံစည်စဉ်းစားတော်မူခဲ့သည်။ ထို့နောက် “အရှင်မြတ်ဘုရား၊ ရှင်တော်မြတ်ဘုရားသည် ဤဘုရားဖြစ်ကြောင်း ပါရမီအပေါင်းတို့ကို ဘဝပေါင်းမည်မျှ ဖြည့်ကျင့်တော်မူခဲ့ရ၍ အဘယ်ကဲ့သို့ ရင့်ကျက်သည်၏အဖြစ်သို့ ရောက်ရှိလာပါသနည်းဘုရား”ဟု လျှောက်ထားမေးမြန်းလေသည်။

ထိုအခါ ဘုရားရှင်သည် ယုဂန္ဓိုရ်တောင်ထိပ်မှ တစ်ဖိတ်ဖိတ်အရောင်လက်လျက် ထွက်ပေါ်၍လာသော တက်သစ်စ နေလုလင်ပမာ ရတနာစင်္ကြံတော်ကြီး၏ အထက်၌ တင့်တယ်စွာ ထက်ဝယ်ဖွဲ့ခွေနေတော်မူလျက်ပင် “ချစ်သားသာရိပုတြာ၊ ငါဘုရား၏ ဘုရားဖြစ်ကြောင်း ပါရမီအပေါင်းတို့သည် ဒီပင်္ကရာဘုရားမြတ်ထံ ဆုပန်တော်မူခဲ့သည့် သုမေဓာဘဝမှ အစပြု၍ မပြတ်မလပ် အလေးအမြတ်ပြုကာ ဖြည့်ကျင့်ဆည်းပူးခဲ့သောကြောင့် တစ်ဘဝထက် တစ်ဘဝ၊ တစ်ဇာတိထက် တစ်ဇာတိ ရင့်ကျက်သည်၏အဖြစ်သို့ ရောက်ရှိခဲ့ပေသည်။ ဤဘဒ္ဒကမ္ဘာ၌ကား ဤမည်ဤမည်သော (အကိတ္တိရသေ့ဘဝ-အစရှိသော) ဘဝတို့၌ အထူးသဖြင့် ရင့်ကျက်ပြည့်စုံခဲ့လေသည်”ဟု ကာလရှည်မြင့် ရှေးယခင်က ရှင်ပင့်အဖြစ်အကျင့်စစ်ကို ဖွင့်လှစ်ထုတ်ဖော်ဟောတော်မူလိုသဖြင့် “ကပ္ပေစ သတသဟဿေ၊ စတုရော စ အသင်္ခိယေ။ ဧတ္ထန္တရေ ယံ စရိတံ၊ သဗ္ဗံ တံ ဗောဓိပါစနံ” အခြေခံဂါထာအစဖြာသည့် (ဥဒါနဂါထာမပါ) ဂါထာပေါင်း ၃၅၆-ဂါထာရှိ ဤ “စရိယာပိဋက” ဒေသနာတော်ကို သံချိုမြမြ မြွက်ဟထုတ်ဖော်ဟောတော်မူခဲ့လေသည်။

အပရေဆရာတို့ကမူ ရတနာစင်္ကြံထက်မှ သက်ဆင်းတော်မူပြီး၍ နိဂြောဓာရုံကျောင်း ခင်းထားအပ်သော ဘုရားနေရာတော်၌ ထိုင်တော်မူကာ ရဟန္တာအရှင်မြတ်ပေါင်း နှစ်သောင်းခြံရံလျက် ဟောတော်မူသည်ဟု ဆိုကြသည်[]

စရိယာပိဋက၏ အမည်များ

[ပြင်ဆင်ရန်]

ယင်း “စရိယာပိဋက” သည် ရှေးရှေးသော ဘဝတို့က ဘုရားရှင်ဖြည့်ကျင့်ဆည်းပူးခဲ့သော အကျင့်စရိယာတို့၏ အာနုဘော်တို့ကို ထင်ရှားစွာဖော်ပြသော ဒေသနာတော်ဖြစ်သောကြောင့် “စရိယာပိဋက”ဟု အမည်တွင်သည်။ တစ်နည်းအားဖြင့် ဘုရားရှင်၏ ရှေးဘဝအကျင့်စရိယာတို့၏ စုဝေးတည်နေရာဖြစ်သောကြောင့် “စရိယာပိဋက”ဟု အမည်တွင်သည်[]။ ဘုရားရှင်၏ ရှေးပါရမီဖြည့်ကျင့်မှုကို အစွဲပြု၍ ဖြစ်ပေါ်လာသော ဒေသနာတော်ဖြစ်သောကြောင့် “ဗုဒ္ဓါပဒါနိယ”ဟုလည်း (စရိယာပိဋက-ဟူသောအမည်ကို ထောက်၍) ဒုတိယအမည် ရရှိပြန်သည်[]

စရိယာပိဋက၏ ပါဝင်မှု

[ပြင်ဆင်ရန်]

ယင်း “ဗုဒ္ဓါပဒါနိယ” ခေါ် “စရိယာပိဋက” ဒေသနာတော်သည်—

  • ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟူသော ပိဋကသုံးပုံတို့တွင် သုတ္တန်ပိဋက၌ ပါဝင်သည်။
  • ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ ခုဒ္ဒကနိကာယ်ဟူသော နိကာယ် ၅-ရပ်တို့တွင် ခုဒ္ဒကနိကာယ်၌ ပါဝင်သည်။
  • သုတ္တ၊ ဂေယျ၊ ဝေယျာကရဏ၊ ဂါထာ၊ ဥဒါန၊ ဣတိဝုတ္တက၊ ဇာတက၊ အဘိဓမ္မ၊ ဝေဒလ္လဟူသော အင်္ဂါ ၉-တန်တို့တွင် ဂါထာ၌ ပါဝင်သည်။
  • ရှစ်သောင်းလေးထောင်သော ဓမ္မက္ခန္ဓာ (တရားအစု) တို့တွင် အနည်းငယ်သော ဓမ္မက္ခန္ဓာ (တရားအစု) သာ ဖြစ်သည်။
  • ပါရမီအကျင့်တူရာကို ပေါင်းစုထားသော ဝဂ်အားဖြင့် အကိတ္တိဝဂ်၊ ဟတ္ထိနာဂဝဂ်၊ ယုဓဉ္စယဝဂ် ဟူ၍ ၃-ဝဂ်ရှိသည်။
  • စရိယာအားဖြင့် အကိတ္တိဝဂ်၌ ဒါနပါရမီဖြည့်ကျင့်ခဲ့ပုံကို ပြဆိုသော အကိတ္တိစရိယာ-စသော စရိယာ ၁၀-ခု၊ ဟတ္ထိနာဂဝဂ်၌ သီလပါရမီဖြည့်ကျင့်ခဲ့ပုံကို ပြဆိုသော မာတုပေါသကစရိယာ-စသော စရိယာ ၁၀-ခု၊ ယုဓဉ္စယဝဂ်၌ နေက္ခမ္မပါရမီဖြည့်ကျင့်ခဲ့ပုံကို ပြဆိုသော စရိယာ ၅-ခု (ယုဓဉ္စယ၊ သောမနဿ၊ အယောဃရ၊ ဘိသ၊ သောဏပဏ္ဍိတစရိယာ)၊ အဓိဋ္ဌာနပါရမီဖြည့်ကျင့်ခဲ့ပုံကို ပြဆိုသော စရိယာ ၁-ခု (တေမိယစရိယာ)၊ သစ္စပါရမီဖြည့်ကျင့်ခဲ့ပုံကို ပြဆိုသော စရိယာ ၆-ခု (ကပိရာဇ၊ သစ္စတာပသ၊ ပေါတက၊ မစ္ဆရာဇ၊ ကဏှဒီပါယန၊ မဟာသုတသောမစရိယာ)၊ မေတ္တာပါရမီဖြည့်ကျင့်ခဲ့ပုံကို ပြဆိုသော စရိယာ ၂-ခု (သုဝဏ္ဏသာမ၊ ဧကရာဇစရိယာ)၊ ဥပေက္ခာပါရမီဖြည့်ကျင့်ခဲ့ပုံကို ပြဆိုသော စရိယာ ၁-ခု (မဟာလောမဟံသစရိယာ) အားဖြင့် စရိယာ ၁၅-ခု၊ ဤသို့လျှင် စရိယာပေါင်း ၃၅-ခု ရှိလေသည်[]

“ဒါနပါရမီဖြည့်ကျင့်ခဲ့ပုံကို ပြဆိုသော စရိယာ ၁၀-ခု စသည်ဖြင့် သတ်မှတ်ချက်ပြု၍ ဟောတော်မူခြင်းသည်လည်း စွန့်ကြဲပေးကမ်းလှူဒါန်းလိုသော ဒါနဇ္ဈာသယ-စသည်၏ လွန်ကဲမြင့်မြတ်သည်ကို အစွဲပြု၍ ဟောတော်မူခြင်းဖြစ်သည်။ စင်စစ်အားဖြင့် စရိယာတစ်ခုတစ်ခုကို ဖြည့်ကျင့်ရာ၌ ပါရမီ ၁၀-ပါးလုံး ထိုက်သင့်သလို ပါဝင်သည်ချည်းဖြစ်ပေသည်[]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

[ပြင်ဆင်ရန်]
  1. အပ၊ဋ္ဌ၊၁၊၁၀၂။ စရိယာ၊ဋ္ဌ၊၄။
  2. စရိယာ၊ဋ္ဌ၊၄၊၅၊၆၊၇၊၈၊၉။
  3. စရိယာ၊ဋ္ဌ၊၂။
  4. စရိယာ၊၄၂၀။ စရိယာ၊ဋ္ဌ၊၉၊၃၂၇။
  5. စရိယာ၊ဋ္ဌ၊၂၊၃၊၄။
  6. စရိယာ၊ဋ္ဌ၊၂၇၊၃၅၊၁၁၅၊၁၇၅၊၁၈၀၊၂၂၀၊၂၆၁-၂။

ပြင်ပလင့်များ