စပိန်အနုပညာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

စပိန်နိုင်ငံသည် လူအမျိုးမျိုးတို့က ဝင်ရောက်အုပ်စိုးခြင်းကို ခံခဲ့ရသောကြောင့် အနုပညာများမှာလည်း အသွင်အမျိုးမျိုး ပြောင်းလဲခဲ့ရလေည်။ မူးဝါးလူမျိုးတို့၏ ဗိသုကာလက်ရာ၊ ဂေါ့သလူမျိုးတို့၏လက်ရာ၊ ရောမဆန်သော ဗိသုကာလက်ရာ ဟူသည်တို့ကို စပိန်နိုင်ငံ၌ တွေ့နိုင်သည်။ ပန်းချီဆေးရေးဘက်တွင် အယ်ဂရေးကိုး၊ ဗေလားစကေး၊ ဂိုးယား၊ ပီကာဆိုတို့မှာ ထင်ရှားသော စပိန်ပညာရှင်များ ဖြစ်ပေသည်။

စပိန်နိုင်ငံ၏ သမိုင်းတလျောက်တွင် မင်းပြောင်းမင်းလဲ များခဲ့သည်။ ထိုအကြောင်းကြောင့် စပိန်နိုင်ငံ၏ အနုပညာရပ်တို့ ထွန်းကားလာသည်မှာ များမကြာသေးကြောင်းကို တွေ့ရပေသည်။ စပိန်နိုင်ငံ၏ ရှေးခေတ်သမိုင်းကို သေချာစွာ မသိကြရလေ။ သို့သော် စပိန်နိုင်ငံသည် တစ်ခေတ်က ရောမပိုင်နိုင်ငံ ဖြစ်ခဲ့ကြောင်းကိုကား သိရသည်။ ထိုနောက်တွင် ဂေါ့သခေါ် တောင်ပေါ်သားများသည် မြောက်ဘက်မှ နေ၍၎င်း၊ အာဖရိကမြောက်ပိုင်းမူးဝါးလူမျိုးတို့သည် တောင်ဘက်မှ နေ၍၎င်း၊ ဝင်ရောက်အုပ်စိုးကြသည်။ ထိုသို့ ရောမ၊ ဂေါ့သ၊ မူးဝါး စသော လူအမျိုးမျိုးတို့ တစ်ခေတ်စီ ဝင်ရောက်အုပ်စိုးကြကုန်သောကြောင့် စပိန်အနုပညာရပ်များမှာလည်း အမျိုးမျိုး ပြောင်းလဲခဲ့ရလေသည်။ လူအမျိုးမျိုး အုပ်စိုးခဲ့ကြသည့်အနက် ဗရင်ဂျီဂိုဏ်းဝင် ခရစ်ယန်နှင့် မွတ်စလင်တို့လည်းပါဝင်လေရာ စပိန်နိုင်ငံရှိ သာသနာအဆောက်အအုံများ၊ နန်းတော်များမှာ အုပ်စိုးသောလူမျိုးကို လိုက်၍ ဗိသုကာပုံစံ အမျိုးမျိုး ကွဲပြားခြားနားနေသည်။

စပိန်နိုင်ငံတွင် မူးဝါးလူမျိုးတို့၏ အနုပညာ လက်ရာကောင်းများ ကျန်ရစ်ခဲ့သည်။ ယင်းတို့အနက် ကော်ဒိုးဗားပလီကြီးနှင့် ကျော်စောလှသော အယ်လမ်ဗရာ နန်းတော်အဆောက်အအုံကြီးများမှာ အထင်အရှားဆုံး အဆောက်အအုံများဖြစ်သည်။ မူးဝါးလူမျိုးတို့ကို စပိန်နိုင်ငံမှ တွန်းလှန်လိုက်သော အချိန်တွင် မြောက်ဖက်နိုင်ငံများမှ ရောမဆန်သော ဗိသုကာ အနုပညာ ပုံစံများ ထွန်းကားလာပြန်သည်။ ထိုအချိန်အခါက၊ စပိန်နိုင်ငံတွင် ရောမဆန်သော ဗိသုကာအဆောက်အအုံများကို တည်ဆောက်ခဲ့ကြ၏။ ၁၂ ရာစုနှစ် အကုန်အထိ ထိုရောမဆန်သော ဗိသုကာပုံစံများ ခေတ်စားပြီးနောက်၊ ဂေါ့သပုံစံဖြင့် ဆောက်လုပ်သော အဆောက်အအုံများ ပေါ်ပေါက်လာပြန်သည်။

ဂေါ့သစနစ်သည် စပိန်နိုင်ငံသို့ ရောက်ရှိခဲ့သော အနုပညာ စနစ်များအနက် ခေတ်အစားဆုံးစနစ်ဖြစ်သည်ဟု ဆိုရပေမည်။ သို့ရာတွင် ဥရောပတိုက်တွင် ရီနေးဆွန်းခေါ် ဉာဏ်သစ် အရေးပုံခေတ် သို့ရောက်သောအခါ၊ စပိန်နိုင်ငံတွင် ဂေါ့သစနစ် သာမက ယခင်က ခေတ်စားခဲ့သော စနစ်ဟောင်းများလည်း ပြန်လည်ဆန်းသစ်လာပြန်သည်။ ထိုအခါတွင် စပိန်နိုင်ငံတွင်း၌ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသကဲ့သို့ အနုပညာမူ အမျိုးမျိုး ပေါ်ပေါက်လာလေသည်။ ထိုသို့ ပေါ်ပေါက်လာသော မူများကို ရောမမူ၊ ဂေါ့သမူ စသည်ဖြင့် အမည်မှည့် ရန် များပြားလှသဖြင့်၊ တီထွင်သူ၏အမည်အတိုင်း ခေါ်ဝေါ်ကြရလေသည်။ ပုံစံအားဖြင့် ဟွမ်သေအယ်ရဲရား တီထွင်သောပုံကို အယ်ရဲရားပုံ၊ ချူရီဂေးရားဆိုသူ တီထွင်သောပုံကို ချူရီဂေးရားပုံ စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိကြ၏။

စပိန်နိုင်ငံတွင် ထွန်းကားခဲ့သော အနုပညာရပ်များ အနက် ဗိသုကာအတတ်သည် အဓိဖြစ်သည်။ ရှေးအခါက စပိန်နိုင်ငံတွင် မှတ်သားလောက်သော အနုပညာသည်ကြီးများ မပေါ်ပေါက်သေးချေ။ သို့သော်လည်း အမေရိကတိုက်၌ နယ်သစ်ပယ်သစ်များကို ရှာဖွေတွေ့ရှိခဲ့သည့် အချိန်မှစ၍ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာပြီးလျှင် အနုပညာရပ်များသည်လည်း ထွန်းကားလာခဲ့လေသည်။

စပိန်နိုင်ငံ၏ ပန်းချီဆေးရေး သမိုင်းကို ကြည့်ပြန်လျှင်၊ ရှေးဦးစွာ စပိန်နိုင်ငံကျက်သရေကို ဆောင်ရွက်ခဲ့သူမှာ စပိန်သား တစ်ယောက်မဟုတ်ဘဲ၊ ကရိကျွန်းသား ဖြစ်သောအယ်ဂရေးကိုး ဖြစ်သည်။ အယ်ဂရေးကိုးဟူသည်မှာ 'ဂရိဆရာကြီး'ဟု အဓိပ္ပါယ်ရသည်။ အယ်ဂရေးကိုးသည် ကရိကျွန်းတွင် မွေးဖွား၍၊ အရွယ်ရောက်သောအခါ အီတလီနိုင်ငံ ဗင်းနစ်မြို့၌ဆရာကြီးတစ်ရှန်ထံတွင် ပညာဆည်းပူးလေသည်။ ထိုနောက် ရောမမြို့သို့ ပြောင်းရွေ့နေထိုင်ခဲ့၏။ ရောမတွင် ခေတ္တမျှနေထိုင်ပြီးနောက် တစ်ဖန် စပိန်နိုင်ငံသို့ ပြောင်းရွေ့ကာ ထိုနိုင်ငံတွင် ရာသက်ပန် အခြေစိုက်ကာ နေထိုင်ခဲ့လေသည်။ ကြွယ်ဝချမ်းသာလာသော စပိန်ဘုရင်တို့သည် အနုပညာရပ်များကိုလည်း အားပေးစ ပြုလာကြ၏။ ပြည်တွင်းရှိ အနုပညာသည်များကိုလည်း လေ့လာစေလေသည်။ ထိုပြင် ဂျာမနီ၊ ဖလန်းဒါးအစရှိသော အနုပညာဖွံ့ဖြိုးရာ နိုင်ငံများမှ ထင်ရှားသော သုခုမ ပညာကျော်ကြီးများသည်လည်း စပိန်နိုင်ငံတွင်းသို့ အလည်အပတ် လာရောက်ခဲ့ကြရာမှ၊ မိမိတို့၏ အနုပညာရပ်များကို တစ်ဆင့် ဖြန့်ချိကြလေသည်။ ဖလန်းဒါးပြည်နယ်မှ ယန်ဗန်အိုက်၊ ဗိုင်းဒင်၊ ဂျရုမ်းဗော့စသော ပန်းချီကျော်ကြီးများသည် စပိန်နိုင်ငံသို့ ရောက်ကြ၏။ ခရစ် ၁၆ဝ၃ ခုနှစ်တွင် ဖလန်းဒါးပြည်မှ ကျော်ကြားလှသော ဆရာကြီးရူးဗင်းသည် စပိန်နိုင်ငံသို့ သံအမတ်အဖြစ် ရောက်ရှိလာလေသည်။ ထိုအခါတွင် စပိန်ဘုရင်သည် ရူးဗင်းအား စပိန် အနုပညာသည်များ၏ အကူအညီဖြင့် ပန်းချီကားများကို ရေးခြယ်စေ၏။ ရူးဗင်းသည် စပိန် အနုပညာသည်များ အနက်၊ ဗေလားစကေး ဆိုသူ လူငယ်တစ်ဦး၏ လက်ရာအစွမ်းအစကို များစွာ သဘောကျကာ၊ ထိုလူငယ်အား အီတလီသို့ စေလွှတ်သင့်ကြောင်း ဘုရင်အား တိုက်တွန်းလေသည်။ ဗေလားစကေးသည် နန်းတွင်းပန်းချီဆရာကြီး ဖြစ်လေသည်။

စပိန်နိုင်ငံသို့ ရူးဗင်း ရောက်လာချိန်တွင်၊ ဗေလားစကေးသည် အီတလီပြည်မှ ပုဂ္ဂိုလ်ထူးကြီးများဖြစ်သော၊ မိုက်ကယ်အန်ဂျလို အစရှိသူတို့အကြောင်းကို ကြားသိသည်နှင့် အီတလီပြည်သို့ သွားရောက်လေ့လာလေသည်။

အီတလီပြည်တွင် အဆိုပါ ဆရာကြီးများ၏ လက်ရာများကို ကြည့်ရှုလေ့လာပြီးလျှင် မိမိကိုယ်ပိုင် လက်စွမ်းဖြင့်ဟန်သစ် မူသစ်များကို ဖန်တီးခဲ့လေသည်။ ထိုအချိန်မှ၍ ဗေလားစကေးသည် စပိန်ပန်းချီဆေးရေး အတတ်တွင်ရှေ့တန်းသို့ တက်လာခဲ့လေသည်။ စပိန်နိုင်ငံရှိ အခြားသော ပန်းချီဆရာတို့သည် ဗေလားစကေးကို မနာလိုဝန်တို ဖြစ်ကြ၏။ သို့သော်လည်း ဗေလားစကေးမှာ စပိန်နိုင်ငံတွင်သာမကအခြား နိုင်ငံများအထိပင် ထင်ရှားကျော်ကြားခဲ့လေသည်။

ဗေလားစကေး ကွယ်လွန်ပြီးနောက် စပိန်နိုင်ငံ၌၊ နည်းသစ်မူသစ်များ မပေါ်ပေါက်သဖြင့်၊ ဆရာကြီး၏လက်ရာများမှာ ထင်ရှားလျက်ပင် ရှိလေသည်။ သို့သော် သာသနာရေးဆိုင်ရာ ပန်းချီကားများကို ရေးခြယ်ရာ၌ကား မူရိလျှိုအမည်ရှိ ပန်းချီကျော်ကြီးသည်လည်း အထူးပင် ကျော်ကြားခဲ့သည်။ ထိုဆရာကြီးများ၏နောက်တွင် တိုးတက်သောအနုပညာရပ်သစ်များ ဖွံ့ဖြိုးကာ ဂိုးယာ၊ ပက်ဗလို ပီကာဆို အစရှိသော ကမ္ဘာအနှံ့အပြား ကျော်ကြားသူများ စပိန်နိုင်ငံ၌ ထွန်းကားလာလေသည်။ ထိုသူတို့ကား ၂ဝရာစုနှစ်၏ အနုပညာ ခေါင်းဆောင်ကြီးများ ဖြစ်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)