စန်း၊ ဒေါ် အင်ဒီပင်းဒင့်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ပထမဆုံး သတင်းစာ ဆရာမ အဖြစ် ဆောင်ရွက်ခဲ့သူ အင်ဒီပင်းဒင့် ဒေါ်စန်း။

စန်း၊ ဒေါ်၊ အင်ဒီပင်းဒင့် (မြန်မာ ၁၂၄၈-၁၃၁၁)[ပြင်ဆင်ရန်]

မြန်မာ နိုင်ငံရှိ မြန်မာ အမျိုးသမီး များတွင် ပထမဆုံး သတင်းစာ ဆရာမ အဖြစ် ဆောင်ရွက်ခဲ့သူ ဒေါ်စန်းယုံ (ခေါ်) ဒေါ်စန်း ဖြစ်သည်။ ဒေါ်စန်းသည် မန္တလေးမြို့သူ ဖြစ်သည်။ ဒေါ်စန်းကို ၁၈၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၂၄၈ ခုနှစ်၊ တပို့တွဲလ) တွင် မန္တလေးမြို့ ရွှေခြည်ထိုးရပ်၊ အဘ ဦးဖိန်း၊ အမိ ဒေါ်ရှု တို့မှ ဖွားမြင်သော သမီးဦး ဖြစ်သည်။ ငယ်နာမည် မှာ မစန်းယုံဖြစ်သည်။ မစန်းယုံ၌ အသက်ကြီးစဉ်ငယ်လိုက် အားဖြင့် မစန်းယုံ၊ မစန်းမြ၊ မစန်းရှင်နှင့် မောင်ကိုကိုဟူ သော မွေးချင်းပေါက်ဖော် လေးယောက်ရှိသည်။ ဒေါ်စန်းသည် မိခင် ဒေါ်ရှု၏ အားပေးမှုဖြင့် ငယ်ရွယ်စဉ် ကပင် မြန်မာစာပေတွင် ထူးချွန်ခဲ့သူ အမျိုးသမီးတဦး ဖြစ်သည်။


ဒေါ်စန်းသည် မော်လမြိုင် မော်တင်လိန်း ကျောင်းမှ မူလတန်း ဆရာဖြစ် စာမေးပွဲကို အောင်ခဲ့သည်။ ယင်းနောက် တောင်ငူမြို့ နော်မန်ကျောင်းတွင် ဆရာမအဖြစ် အမှုထမ်းသည်။ နော်မန် ကျောင်းတွင် မူလတန်းပြ ဆရာမ အဖြစ် အမှု ထမ်းခဲ့စဉ် လုပ်ဖော် ကိုင်ဖက် အလယ်တန်းပြ ဆရာကြွက်နှင့် အိမ်ထောင်ကျခဲ့သည်။ သို့ရာတွင် မကြာမီ ကွယ်လွန် သွားခဲ့၍ မစန်းယုံမှာ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်ခဲ့ရသည်။


ဒေါ်စန်းသည် ဆရာမ အဖြစ် အမှုထမ်းချိန်မှ စ၍ သတင်းစာ မဂ္ဂဇင်းများ၌ ဝတ္ထုဆောင်းပါးများ ရေးသားမှုဖြင့် စတင် ဝင်ရောက် လာခဲ့သည်။ ဒေါ်စန်းသည် သူရိယမဂ္ဂဇင်း ဝတ္ထုတို ပြိုင်ပွဲတွင် "မစန်းကြည့်" ဝတ္ထုဖြင့် ပထမဆု ဆွတ်ခူးခဲ့ရသည်။ သူရိယမဂ္ဂဇင်း ဝတ္ထုတို ပြိုင်ပွဲတွင် ပထမဆု ရခဲ့သော အမျိုးသမီး စာရေးဆရာမ ဒေါ်စန်းကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက "စာဆိုတော် ဒေါ်စန်း" ဘွဲ့ လေးချိုးကြီး ကိုပင် ရေးစပ်ခဲ့သည်။


ဒေါ်စန်းသည် "ပုဏ္ဏမီ၊ ဗုဒ္ဓဘာသာ မြန်မာမ" ဟူသော ကလောင် အမည်များဖြင့် ဝတ္ထုတိုများ၊ ပညာ့ အလင်း မဂ္ဂဇင်းတွင် မာတလိနှင့် ဝိသကြုံ စကားပြောခန်း၊ နိုင်ငံရေး ဆောင်းပါးများ အများအပြား ရေးသား ခဲ့သည်။ ယင်းသို့ ကျောင်းဆရာမ အဖြစ်နှင့် သတင်းစာ နယ်သို့ တဖြည်းဖြည်း ဝင်ရောက် လာသည်။ အတော်အသင့် ထင်ရှား လာသည်။ ထိုအချိန်တွင် ကျောင်းဆရာ များသည် သတင်းစာ များ၌ ဆောင်းပါး ဝတ္ထုများ ရေးသားမှု မပြုရ၊ ရေးသားလိုလျှင် ပညာရေး မင်းကြီး ခွင့်ပြုချက် ရယူ ရမည်ဟု နယ်ချဲ့ ဗြိတိသျှတို့၏ စည်းကမ်း သတ်မှတ်ချက် ထွက်ပေါ် လာသည်။


ထိုအချိန်တွင် သတင်းစာ နယ်ပယ်မှ ပုဂ္ဂိုလ်တဦး ဖြစ်သည့် သူရိယ အယ်ဒီတာ ဦးဘသန်းနှင့် ခင်မင် ရင်းနှီး လာခဲ့ကာ နောက်အိမ်ထောင်ပြုခဲ့သည်။ ဦးဘသန်းနှင့် အိမ်ထောင် ပြုပြီးနောက် ကျောင်းဆရာမ အလုပ်မှ နုတ်ထွက်ကာ "ရောင်နောက် ဆံထုံးပါ" ဆိုသလို ၁၉၂၂ ခုနှစ်တွင် ရန်ကုန်သို့ လိုက်လာခဲ့သည်။ ဒေါ်စန်း၏ ဒုတိယ ခင်ပွန်း ဦးဘသန်းသည် ပထမ အိမ်ထောင် ဆရာကြွက်ကို အစွဲပြု၍ "ကြွက်စုတ်ကြီး အခန်း" ဟူ၍ ပင်တိုင် ကဏ္ဍတခု ဖွင့်ကာ ရေးသားခဲ့ရာ ထင်ရှား လူကြိုက်များခဲ့သည်။ ထို့အပြင် ကိုလိုနီ နယ်ချဲ့ ဗြိတိသျှနှင့် မဆက်ဆံရေး ခေါင်းတည်ကာ စာအုပ်များ ရေးသားခဲ့ရာ လူကြိုက် များခံ၍ ဝင်ငွေ ကောင်းလာခဲ့သည်။ သို့သော် ဝင်ငွေ ကောင်းလာခဲ့ခြင်း ကပင် ဦးဘသန်းကို အရက် စွဲသွား စေခဲ့ပြီး ဒေါ်စန်းတို့ အိမ်ထောင်ရေး နှစ်နှစ်ခန့် အကြာတွင် ပြိုကွဲ သွားခဲ့ရသည်။


အိမ်ထောင်ရေး ပြိုကွဲ ပြီးနောက် ဒေါ်စန်းသည် ၁၉၂၄ ခုနှစ်တွင် ရန်ကုန်မြို့ လမ်း ၄ဝ နှင့် မဟာ ဗန္ဓုလ လမ်းထိပ်၌ မိမိပိုင် လက်ဝတ် ရတနာ များကို ထုခွဲ ရောင်းချပြီး ကိုယ်ပိုင် သတင်းစာ တစောင် ဖြစ်သည့် အင်ဒီပင်းဒင့် (လွတ်လပ်သော) အပတ်စဉ် သတင်းစာကို စတင် တည်ထောင် ထုတ်ဝေခဲ့သည်။ ဒေါ်စန်းသည် မျိုးချစ်စိတ်ဓာတ် ထက်သန်သည်။ လွတ်လပ်ရေးကို မြတ်နိုးသည်။ သူတပါး လက်အောက်မှ ရုန်းထွက်လိုသည်။ လွတ်လပ်သော လူမျိုးဟု ခံယူစိတ် ရှိသည်။ ယင်းသို့သော စိတ်ဓာတ် ထားရှိသော အမျိုးသမီး ပီပီ သူ၏ သတင်းစာ အမည် ကိုလည်း ဗြိတိသျှ အစိုးရက ပေးသည့် ဒိုင်အာခီ အုပ်ချုပ်ရေးကို မလိုချင်၊ လုံးဝ လွတ်လပ်ရေးကို လိုချင်၍ အိုင်းရစ် သတင်းစာ အင်ဒီပင်းဒင့် အမည်ကို သဘောကျကာ ယူခဲ့ခြင်း ဖြစ်ပြီး၊ ဒုတိယ အဓိပ္ပါယ် မှာမူ မလွတ်လပ်သော၊ အနှောင့်အဖွဲ့ များသော အိမ်ထောင်သည် ဘဝကို ပြန်မသွား လို၍ အင်ဒီပင်းဒင့်ဟု အမည် ပေးခဲ့ခြင်း ဖြစ်ကြောင်း ဆရာမကြီးက အကျယ်တဝင့် ရှင်းလင်း ခဲ့ဖူးသည်။


ဒေါ်စန်း ထုတ်ဝေသော "အင်ဒီပင်းဒင့်" သတင်းစာသည် အထူး အောင်မြင်မှု ရရှိခဲ့သည်။ လူထု ပရိသတ် ကလည်း လက်ခံ ခဲ့သည်။ ဦးကွာစီ ဟူသော ကလောင် အမည်ဖြင့် နယ်ချဲ့ အစိုးရ၏ အုပ်ချုပ်ရေး စနစ်ကို ပြင်းပြင်းထန်ထန် ဝေဖန် ရေးသား ခဲ့သည်။ မြန်မာ လူထု ပရိသတ်နှင့် အထူး ဟပ်မိသည်။ သို့သော် နယ်ချဲ့ အစိုးရ၏ အကြိမ်ကြိမ် သတိပေးမှုကို မကြာခဏ ခံရ ရှာသည်။ ၁၉၃၉ ခုနှစ်တွင် ကုလား - မြန်မာ အဓိကရုဏ်း ဖြစ်ပွားသော အခါ နယ်ချဲ့ အင်္ဂလိပ် တို့၏ သွေးထိုး ပေးမှုကြောင့် သတင်းစာတိုက် ဖျက်ဆီးခြင်း ခံရ ရှာပြန်သည်။ အင်ဒီပင်းဒင့် သတင်းစာတိုက်ကို လုံးဝ ပိတ်လိုက် သော်လည်း ဒေါ်စန်းသည် နိုင်ငံရေး လောကတွင် "အင်ဒီပင်းဒင့် ဒေါ်စန်း" ဟူ၍ ပိုမို ထင်ရှား လူသိ များလာသည်။ အင်ဒီပင်းဒင့် သတင်းစာကို ၁၉၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှ စတင် ထုတ်ဝေ လာခဲ့ရာ ရပ်ဆိုင်းချိန်၊ ၁၉၃၉ ခုနှစ်၊ ဇူလိုင် ၂၉ ရက် အထိ ဆိုလျှင် သတင်းစာ၏ သက်တမ်းမှာ ၁၄ နှစ်နှင့် ရ လကျော် ရှိခဲ့သည်။


မြန်မာ ဘာသာ အားဖြင့် အင်ဒီးပင်းဒင့် သတင်းစာ ဆိုသော်လည်း ယခုခေတ် သတင်း ဂျာနယ်များ ကဲ့သို့ တပတ် တကြိမ် ထုတ်ဖြစ်သည်။ သို့ရာတွင် မြန်မာ ဘာသာဖြင့် ဂျာနယ်ဟု အမည် မတပ်ဘဲ သတင်းစာဟု ခေါ်ဝေါ်ပြီး အင်္ဂလိပ် ဘာသာဖြင့် Independent Weekly ဟု ရေးသားခဲ့ရာ တပတ် တကြိမ်ထုတ် ဖြစ်ကြောင်း အင်္ဂလိပ် ဘာသာဖြင့် ရေးသားချက်က သာသာ ထင်ရှား စေပါသည်။ အင်ဒီပင်းဒင့် သတင်းစာကို တပတ်လျှင် တကြိမ် စနေ နေ့တိုင်း ထုတ်ဝေခဲ့ပြီး အရွယ်အစားမှာ ၁၀" x ၉" ဖြစ်သည်။ စာပေဗိမာန်မှ ထုတ်ဝေသည့် စာနယ်ဇင်း သမိုင်း စာတန်းများပါ ဆရာမကြီး ဒေါ်ကြန်၏ "အမျိုးသမီး များနှင့် စာနယ်ဇင်း လောက" စာတန်းတွင်မူ အင်ဒီပင်းဒင့် သတင်းစာ၏ အရွယ်အစားမှာ အလျား ၁၀" x အနံ ၁၂" ဟု ဆိုသည်။ ရောင်းဈေးမှာ တစောင်လျှင် လေးပဲ သတ်မှတ်ကာ စာမျက်နှာ ၂၅ မျက်နှာခန့် ပါသည်။


သတင်းစာ မျက်နှာ အဖုံးတွင်လည်း သတင်းစာ အမည်၊ စတင် ထုတ်ဝေသည့် နှစ်၊ အတွဲ၊ အမှတ်၊ ထုတ်ဝေသည့် ရက်စွဲနှင့် အယ်ဒီတာ အမည် တို့ကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ရေးသား ထားသည်။ သတင်းစာ အမည်ကို မြန်မာလို အယ်ဒီပင်းဒင့် သတင်းစာ၊ အင်္ဂလိပ်လို Independent Weekly ဟု ဖော်ပြသည်။ မြန်မာလို အယ်ဒီတာ မစန်းဟု ဖော်ပြပြီး အင်္ဂလိပ်ဘာသာဖြင့် Lady Editor Ma Sanဟု ရေးသား ထားသည်။


ဒေါ်စန်းသည် ၁၉၃၁ ခုနှစ်တွင် ဖွဲ့စည်း ခဲ့သော (The National council of Burmese Women) ခေါ် "မြန်မာ အမျိုးသမီး နေရှင်နယ် ကောင်စီ" အသင်းကြီး တွင်လည်း အဓိက အသင်းသူ တဦး အဖြစ် ပါဝင် ခဲ့သည်။ မြန်မာ အမျိုးသမီးများ အကြောင်းကို နိုင်ငံခြား သတင်းစာ များ၌ ပုတ်ခတ် ရေးသားလျှင် ကန့်ကွက်၍ ရေးသား ဖော်ပြသည်။ အမျိုသမီး အခွင့်ရေး ရရှိရေး အတွက်လည်း တက်တက်ကြွကြွ ပါဝင် ဆောင်ရွက် ခဲ့သည်။ ဒေါ်စန်းသည် ဝံသာနု စိတ်ဓာတ်၊ မျိုးချစ် စိတ်ဓာတ် အပြည့်အဝ ရှိသူ အမျိုးသမီး ဖြစ်၍ ဘီးဆံပတ် အမြဲ ထုံးလေ့ ရှိသည်။ ဆံပင်ကို ဖိုးရိုးဖားလျား ဖြစ်ကတတ်ဆန်း ထားလေ့ မရှိ။ သူ့ဆံပင်မှာ သပ်သပ်ယပ်ယပ် အမြဲ ရှိသည်။ ယောလုံချည် ဝတ်သည်၊ ပင်နီ အင်္ကျီ ဝတ်ဆင်သည်။ ယောဂီရောင် ပဝါ အမြဲ ခြုံလေ့ ရှိသည်။


နယ်ချဲ့ အစိုးရသည် ၁၉၃၆ ခုနှစ်တွင် ခွဲရေး တွဲရေး ပြုလုပ်ရာ၌ ယင်း အစည်းအဝေးသို့ သတင်းစာ ဆရာများ လုံးဝ ဝင်ခွင့် မပြုခဲ့၊ ဒေါ်စန်းသည် ယင်း တားမြစ် ပိတ်ပင်ချက်ကို ကိုယ်တိုင် ဦးဆောင်ကာ သတင်းစာ ဆရာ တို့၏ အခွင့်များ အပြည့်အဝ ရရှိရန် နယ်ချဲ့ အစိုးရကို အတိအလင်း တိုက်ပွဲ ဝင်ခဲ့သည်။


ဒေါ်စန်းသည် ဒုတိယကမ္ဘာစစ် ပြီးသော အခါ ယုဝတီ ဂျာနယ်တွင် အယ်ဒီတာ အဖွဲ့ဝင် အဖြစ် ဆောင်ရွက် ခဲ့သည်။ "ဒေါ်ကွာစီ" ဟူသော ကလောင် အမည်ဖြင့် အမျိုးသမီး ရေးရာကို ဟာသ နှော၍ ရေးသား ခဲ့သည်။ မြန်မာ့ အသံ တွင်လည်း နိုင်ငံတော် ပြန်လည် ထူထောင်ရေး၊ အမျိုးသမီး ကဏ္ဍနှင့် ဆိုင်သော အသံလွှင့်ချက် များကို "ထွေရာ စိတ်ကူး" အခန်းဖြင့် ထုတ်လွှင့် ခဲ့သည်။ ဒေါ်စန်း၏ အသံလွှင့်မှု များကို ပရိသတ် စိတ်ဝင်စား နှစ်သက် ခဲ့သောကြောင့် ရန်ကုန်မြို့ လမ်း ၄ဝ ရှိ သုဓမ္မာ စာပုံနှိပ်တိုက်မှ "ထွေရာစိတ်ကူး" အမည်ဖြင့် စာအုပ် ထုတ်ဝေ ခဲ့သည်။ ဒေါ်စန်းသည် မြန်မာနိုင်ငံ သတင်းစာ ဆရာ အသင်း၏ အသင်းသား တဦး ဖြစ်သည်။ ပထမဆုံး အမျိုးသမီး သတင်းစာ ဆရာမ အဖြစ် လည်းကောင်း၊ နိုင်ငံရေး၊ လွတ်လပ်ရေးနှင့် အမျိုးသမီး ရေးရာ များတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ချက် များဖြင့် လည်းကောင်း ထင်ရှား လာခဲ့သော မြန်မာ အမျိုးသမီး တဦး ဖြစ်သည်။


ဒေါ်စန်းသည် ၁၉၅ဝ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့၊ နံနက် ၅ နာရီတွင် ရန်ကုန်မြို့ အရှေ့ပိုင်း ဂန္ဒီဆေးရုံးကြီး၌ ကင်ဆာ ရောဂါဖြင့် ကွယ်လွန် သွားခဲ့သည်။ ဒေါ်စန်း ကွယ်လွန်သော အခါ အသက်မှာ ၆၄ နှစ်မျှ ရှိခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ သတင်းစာ ဆရာ အသင်း၏ အသင်းသား ဖြစ်၍ ဩဂုတ်လ ၄ ရက် နံနက် ၁ဝ နာရီတွင် ဒေါ်စန်း၏ ရုပ်ကလာပ်ကို အသင်းမှ ဦးဆောင်ကာ အသင်းတိုက် တည်ရာ ၂၂ - ၂၄၊ ပန်းဆိုးတန်း လမ်းသို့ သယ်ဆောင် ဂုဏ်ပြု ထားခဲ့သည်။ ယင်းလ ၅ ရက်နေ့၊ နေ့လယ် ၂ နာရီ အချိန်တွင် တာမွေ သုသာန်သို့ စည်းကား သိုက်မြိုက်စွာ ပို့ဆောင် သင်္ဂြိုဟ်မှု ပြုခဲ့ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  • ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စပယ်ဦး စာပေ ဖြန့်ချိရေးက တတိယ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ရွှေဥဩ ပြုစုတဲ့ 'တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ' စာအုပ်
  • ချယ်ရီ ရသစုံ မဂ္ဂဇင်း၊ ၂၀၀၈၊ မတ်လ ထုတ်မှာ ပါတဲ့ မြတ်သက်ရဲ့ "ခေါင်းတလုံးတည်းနှင့် ရေအိုး ဆယ်လုံး ရွက်ခဲ့သည့် မြန်မာ သတင်းစာ ဆရာမကြီး အင်ဒီပင်းဒင့် ဒေါ်စန်း" သတင်းသမား ရုပ်ပုံလွှာ