စန်းစန်း၊ ဒေါ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဒေါ်စန်းစန်း
San San
၁ဝ ဇန်နဝါရီလ ၁၉၃၂ -
စန်းစန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုလုပ်ငန်း အဖွဲ့ (အလုပ်သမား) အတွင်းရေးမှူး
ဆိပ်ကမ်းမြို့နယ် ရွေးကောက်နယ်မြေ
ပြည်သူ့လွှတ်တော် အဖွဲ့ဝင်
၁၉၉၀ ရွေးကောက်ပွဲ (အသိအမှတ်မပြု) -
ကိုယ်ရေး အချက်အလက်
အမည်ရင်း ဒေါ်စန်းစန်း
မွေးရက် ၁ဝ ဇန်နဝါရီလ ၁၉၃၂
မွေးရပ်ဇာတိ အလုံမြို့
လူမျိုး ဗမာလူမျိုး
နိုင်ငံသား Flag of Myanmar.svg မြန်မာ
ဘာသာ ဗုဒ္ဓဘာသာ
အလုပ်အကိုင် ညွှန်ကြားရေးမှူး

အဖ ကွယ်လွန်သူ ခရိုင်ရဲဝန် ဦးဘသော် (ပြစ်မှု မဂ္ဂဇင်း တည်ထောင်သူနှင့် စာရေး ဆရာ ‘ပုလိပ် အရာရှိတဦး’)၊ အမိ ဒေါ်မမလေး (ပြစ်မှု မဂ္ဂဇင်း တာဝန်ခံ ထုတ်ဝေသူ) တို့က ၁၉၃၂ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် အလုံမြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက်အနက် တတိယမြောက် ဖြစ်သည်။ အစ်ကို ၂ ဦးမှာ ကွယ်လွန်သူ အမျိုးသား စာပေဆုရ စာရေးဆရာနှင့် သတင်းစာဆရာ စိန်ခင်မောင်ရီ နှင့် ဂါးဒီးယန်း သတင်းထောက်ချုပ် ဦးခင်မောင်ကြည်တို့ ဖြစ်သည်။

ငယ်စဉ်က မုံရွာမြို့၊ အမျိုးသား အလယ်တန်းကျောင်း၊ ဗုဒ္ဓဘာသာ ကျောင်းများတွင် ပညာသင် ကြားခဲ့ပြီးနောက် ရန်ကုန် တက္ကသိုလ်မှ ၁၉၅၄ ခုနှစ်တွင် ဘီအက်စ်စီဘွဲ့ ရသည်။ ရန်ကုန် တက္ကသိုလ် ဘင်တန်ဆောင်၌ သဟာယနှင့် စာဖတ် အသင်း၊ ဗဟို ကျောင်းဆောင် သဟာယနှင့် စာဖတ် အသင်း၊ ရူပဗေဒ၊ ဇီဝဗေဒ အသင်း၊ ချင်းတွင်း အသင်း စသော အသင်း အဖွဲ့များတွင် အလုပ်အမှုဆောင် အဖြစ် ဆောင်ရွက် ခဲ့သည်။

၁၉၅၂ ခုနှစ်မှ ၁၉၅၅ ခုနှစ် အထိ ဗဟို အစိုးရ အထက်တန်းကျောင်း (ရန်ကုန်) အထက်တန်းပြ၊ ရန်ကင်းကောလိပ်၊ မော်လမြိုင် ကောလိပ်တို့တွင် သတ္တဗေဒ ဌာန သရုပ်ပြ ဆရာမ၊ ယူဂိုဆလားဗီးယား နိုင်ငံ၊ အစ္စရေး နိုင်ငံများသို့ ပညာတော်သင် သွားရောက် ခဲ့သည်။ ၁၉၅၈ - ၅၉ ခုနှစ်တွင် သတင်းစာ ဒီပလိုမာ (ဒီဂျေ) ရသည်။

၁၉၆ဝ ပြည့်နှစ်မှ စ၍ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနတွင် ဝါဏိဇ္ဇ ပဋိပက္ခ ဖြန်ဖြေရေး အရာရှိ၊ မြို့နယ် ဦးစီးမှူး တာဝန်ဖြင့် ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ဘောက်ထော်၊ သင်္ကန်းကျွန်း၊ ရန်ကင်း၊ လှိုင်၊ ကမာရွတ်၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ ဆိပ်ကမ်း၊ ဆိပ်ကြီး ခနောင်တိုနှင့် ဒလ မြို့နယ်များတွင် အမှုထမ်းခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဦးစီး ဌာနမှူး၊ ထို့နောက် ရန်ကုန်မြို့ သုတေသနနှင့် စီမံကိန်းဌာနခွဲ၊ အလုပ်သမား ညွှန်ကြားရေး ဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် အလုပ်သမားများ ဝန်ထမ်း သမဂ္ဂ၌ ဥက္ကဋ္ဌ အဖြစ် တကွ်ွ့ကစွာ ပါဝင် လှုပ်ရှားခဲ့သည်၊ ပြည်သူ့ ဆန္ဒကို မျက်ကွယ်ပြုပြီး ၁၉၈၈ ခု၊ စက်တင်ဘာ ၁၈ ရက်နေ့တွင် တပါတီ အာဏာရှင် ဦးနေဝင်း ထံမှ လက်ဝါးရိုက် အာဏာလွှဲယူကာ တိုင်းပြည် အာဏာ အရပ်ရပ်ကို လက်နက် အားကိုးဖြင့် သိမ်းယူခဲ့သော နဝတ (ယခု နအဖ) စစ်အစိုးရ တက်လာရာ၊ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလတွင် ဒေါ်စန်းစန်းအား တာဝန်မှ အငြိမ်းစား ပေးခဲ့သည်။

ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းရာတွင် ပူပေါင်း ပါဝင်ခဲ့ပြီး၊ အဖွဲ့ချုပ်တွင် ဗဟိုလုပ်ငန်း အဖွဲ့ (အလုပ်သမား) အတွင်းရေးမှူး၊ ဗဟို စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ အတွင်းရေးမှူး၊ ဗဟို စည်းရုံး လှုံ့ဆော်ရေး အဖွဲ့ဝင် အဖြစ် တာဝန် ယူခဲ့သည်။

အညာသူ ဒေါ်စန်းစန်း (ဝါ) ရန်ကုန်၊ ဆိပ်ကမ်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်း[ပြင်ဆင်ရန်]

၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်စန်းစန်းသည် ဆိပ်ကမ်း မြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ ၆၁၅ မဲ၊ စုစုပေါင်း မဲရာနှုန်း ၅၉.၂၅ % ဖြင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦး အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ကျင်းပ ပေးခဲ့သော်လည်း၊ ပြည်သူ့ လွှတ်တော် အစည်းအဝေး ခေါ်ယူပေးရန် နဝတ (ယခု နအဖ) စစ်အစိုးရက ပျက်ကွက် ခဲ့သောကြောင့် ပြည်သူ့ လူထု၏ ကိုယ်စား လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းထားခြင်း ခံခဲ့ရသည့် အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များက ယာယီ အစိုးရ ဖွဲ့စည်းရေး ကြိုးပမ်းရာမှာ ပါဝင်ခဲ့သဖြင့် ၁၉၉ဝ ပြည့်နှစ်၊ အောက်တိုဘာလ အတွင်းမှာ နဝတ (ယခု နအဖ) စစ်အစိုးရရဲ့ ဖမ်းဆီး ထောင်ချခြင်းကို ခံခဲ့ရပြီး၊ ၁၉၉၂ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ နဝတ ကြေညာချက် အမှတ် - ၁၁/၉၂ နဲ့ အင်းစိန်ထောင်မှ ပြန်လွတ်သည်။

၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် နိုင်ငံခြား သတင်း ဌာနများနှင့် ဆက်သွယ် သတင်းပေးသည်ဟု နအဖ စစ်အစိုးရက စွပ်စွဲကာ ဖမ်းဆီး ထောင်ချခဲ့သည်။ ထို့နောက် ၂ဝဝ၁ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက်ခဲ့ပြီး ၂ဝဝ၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ထိုင်း - မြန်မာ နယ်စပ် လွတ်မြောက် နယ်မြေသို့ ရောက်ရှိ လာခဲ့သည်။

ယခုအခါ ပြည်ပရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တွင် အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်လျှက် ရှိသည်။

ဒေါ်စန်းစန်းကို မြင်လိုက် ကြားလိုက်ရရင် တွဲဘက်ရုပ်စုံ နိမိတ်ပုံတွေ အများကြီး ပေါ်လာပါတယ်။ အထူးသဖြင့်တော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးတွေ ထဲက အညာသူတွေကို ရုတ်ချည်း အပြေးအလွှား မြင်ယောင် ကြားယောင် ဖြစ်ပါတယ်။ ဆရာကြီးရဲ့ လေးချိုးတွေထဲက အညာသူတွေဟာ ‘အလုံ မုံရွေး ကြေးမုံ ချောင်းဦးနယ် တလွှားဆီက’ လို့ ဆိုပါတယ်။ ဒေါ်စန်းစန်းက အညာသူ ဓမ္မစစ် ဖြစ်ရုံမက၊ အလုံမှာ မွေးဖွားသူလဲ ဖြစ်ပါတယ်။

ဆရာကြီးရဲ့ လေးချိုးကြီးတွေ ထဲမှာ သတင်းစာ ဆရာမကြီး ဒေါ်စန်းစန်း ဆိုတာလဲ ပါဝင်ပါတယ်။ Independence သတင်းစာကို တည်းဖြတ် ထုတ်ဝေသူ စာရေး ဆရာမကြီး ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးစ ဖဆဆိုရှယ် အစိုးရ အဖွဲ့မှာ ပါဝင်တဲ့ လစ်ဆိုရှယ်လစ် ပါတီ ဝန်ကြီး သခင်တင်ရဲ့ ‘မီးခွက်မှုတ်’ သတင်း ထည့်သွင်း ဖော်ပြမှုကြောင့် ဝန်ကြီး ဦးကျော်ငြိမ်း အမိန့်နဲ့ သတင်းစာတိုက် သုံးတိုက်ကို ဆိုရှယ်လစ် ပါတီဝင် အလုပ်သမားတွေနဲ့ ဝင်ပြီး ပေါက်ဆိန်နဲ့ ပေါက်ခုတ် ဖျက်ဆီးစေရာမှာ ဒေါ်စန်းစန်းရဲ့ ‘စီးပွားရေး သတင်းစာ’ လဲ ပါသွား ခဲ့ပါတယ်။ ဦးညိုမြရဲ့ အိုးဝေ သတင်းစာ၊ ဂျာနယ်ကျော် မမလေးရဲ့ ဟစ်တိုင် သတင်းစာတွေနဲ့ အတူ ပါသွားတာပါ။ Independence ဒေါ်စန်းစန်း ကိုတော့ နာမည်တူလို့ သတိရ လိုက်တာပါ။ အဲဒီ သတင်းစာ ဆရာမကြီးကလဲ အညာသူပါပဲ။ အဲဒီ ဒေါ်စန်းစန်းက Independence ဒေါ်စန်းစန်း၊ အခု ကျွန်တော်တို့ရဲ့ ဆိပ်ကမ်း အမတ်က ‘ဒီမိုကရေစီ ဒေါ်စန်းစန်း’။

ဒေါ်စန်းစန်းရဲ့ အမည်ကို ကြားရင် နောက်တယောက် ကျွန်တော် သတိရ လိုက်မိတာက မန္ဈလေး တက္ကသိုလ် ကျောင်းသား သမဂ္ဂမှာ ကျွန်တော်တို့နဲ့ အတူ ပါဝင် လှုပ်ရှားခဲ့တဲ့ ရဲဘော်မ အမာစန်းနဲ့ သူ့ညီမ မအေးစန်း ခေါ် ကဗျာ ဆရာမ မစိမ်းပင်ကိုလဲ သတိရ မိပါတယ်။ သူကလဲ ဖမ်းဆီး ထောင်ချ အကြိမ်ကြိမ် ခံရတဲ့ မန္ဈလေး ဗကသ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ သူတို့မှာ ညီအမ သုံးယောက်ရှိပြီး၊ နောက်တယောက်က ခုအခါ ဂျပန်ပြည်မှာ ရှိနေတဲ့ ကဗျာ ဆရာ မစောမာန် (မန္ဈလေး) ဖြစ်ပါတယ်။ အမည်အရင်းက ညွန့်ညွန့်စန်းတဲ့။ သူတို့ စန်းညီအမ သုံးဦးစလုံးက အခု ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ဒေါ်စန်းစန်းနဲ့ ရုပ်ချင်းလဲ တော်တော်ကို တူတယ်လို့ ထင်ပါတယ်။ အသားညိုညို၊ ကြံ့ကြံ့ခိုင်ခိုင်နဲ့ တကယ့် အလုံ မုံရွာက ရုပ်တွေပါပဲ။ အဲဒီ အညာသူတွေ အားလုံးဟာ ခေတ်တခေတ်မှာ ဖိနှိပ် အုပ်စိုးသူတွေကို အာခံသူတွေ အဖြစ်နဲ့ အငြိုငြင် ခံကြရတဲ့ ပုံချင်းလဲ တော်တော် တူပါတယ်။

ဒေါ်စန်းစန်းက အလုံမှာ မွေးတာပါ။ ၁၉၃ဝ ခုနှစ်မှာ ဖွားလို့ ဆိုတော့ ဦးထွန်းတင်၊ ဦးဝင်းတင်တို့နဲ့ တခုတည်းဖွားတွေပါ။ သူတို့တတွေဟာ ရန်ကုန် တက္ကသိုလ်ကို တချိန်တည်း ရောက်ကြသူတွေ ပါပဲ။ သူတို့ထက် နည်းနည်းစောပြီး ရောက်သူက ကိုဘကောင်းတဲ့။ ကျွန်တော်တို့က ကိုကြီးကောင်းလို့ ခေါ်ပါတယ်။ ထောက်လှမ်းရေး ဗိုလ်ချုပ် တင်ဦးနဲ့လဲ ကျောင်းနေဖက်တွေပါ။ ကိုကြီးကောင်းဟာ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ ခေါင်းဆောင်ဟောင်းပါ။ စစ်ပြီးခေတ် တကသ သမိုင်းဟာ ကိုကြီးကောင်းရဲ့ သမိုင်းပါ လို့တောင် ဆိုရိုး ရှိပါတယ်။ ကိုကြီးကောင်း ကလဲ အညာသားပါ။ အသားညိုညို တုတ်တုတ်ခိုင်ခိုင်နဲ့ ဒေါ်စန်းစန်းနဲ့ မောင်နှမအရင်းလို့ ထင်ရပါတယ်။ ရွှေဘိုနယ်က ရှိန်းမကား ရွာသားပေကိုး။ ဗိုလ်ရိုင်တို့ ရွာပေါ့။ ကိုကြီးကောင်းနဲ့ ကျွန်တော် ရန်ကုန် ကမ်းနားလမ်း (၆) ထပ်ရုံး၊ အခြေခံ ပညာ ဦးစီးဌာန ကျောင်းသုံး စာအုပ် ကော်မတီမှာ အတူတူ အလုပ် လုပ်ကြပါတယ်။ ဒေါ်စန်းစန်းက ကမ်းနားလမ်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှာ ဒုတိယ ညွှန်ကြားရေးမှူး လုပ်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရုံဘက်ကို လာပြီး လဖက်ရည် သောက်ပါတယ်။ ဦးဘကောင်းနဲ့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောရင်း နိုင်ငံရေး အခြေအနေတွေ ကိုလဲ ဆွေးနွေးလေ့ ရှိပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံ ကာလမှာ ဒေါ်စန်းစန်းက သူတို့ ဌာနရဲ့ အလုပ်သမား သမဂ္ဂမှာ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လို့ အငြိမ်းစား ပေးတာ ခံခဲ့ရပါတယ်။ နောက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝင်ပြီး ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်က အရွေးခံရလို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ‘အမတ်မင်း’ ဖြစ်လာ ခဲ့ပါတယ်။ မကြာခင် အဖမ်းခံ ရပါတယ်။ ကိုကြီးကောင်း ကတော့ မောင်အောင်ထွန်း တကသ သမိုင်း ပြုစုရာမှာ ကူညီလို့တဲ့ အဖမ်း ခံလိုက်ရ ပါသေးတယ်။ နှစ်ယောက်လုံး ထောင်ထဲ ရောက်သွားချိန်မှာပဲ ကျွန်တော်နဲ့ ခေတ္တခဏ အဆက်ပြတ် သွားခဲ့ရပါတယ်။

ဒေါ်စန်းစန်းက အလုပ်သမား သမဂ္ဂ နောက်ခံနဲ့ အလုပ်သမားရေးရာမှာ အထူး အားထားရသူ တဦး ဖြစ်ပါတယ်။ တကယ်တော့ ပညာရေး လောက အကြောင်းကို ပိုလို့တောင် သိမယ် ထင်ပါတယ်။ မုံရွာက ၁ဝ တန်း အောင်လာပြီး၊ ၁၉၄၈ ကနေ၊ ၁၉၅၄ ထိ ရန်ကုန် တက္ကသိုလ်မှာ တက်ရောက်ခဲ့လို့ ဇီဝဗေဒနဲ့ သိပ္ပံဘွဲ့ ရပြီးနောက် ဗဟိုစံပြ အစိုးရကျောင်းမှာ အထက်တန်းပြ ဆရာမ အဖြစ် ဒေါ်စန်းစန်း လုပ်ဖူးပါတယ်။ ၁၉၅၅ ခုနှစ်မှာ ပညာသင် လဲလှယ်ရေး အစီအစဉ် အရ ယူဂိုဆလားဗီးယား နိုင်ငံကို အဏ္ဏဝါဗေဒ ပညာသင် သွားခဲ့ရပါတယ်။ တနှစ်တာ ပညာ သင်ယူခဲ့ပြီး ပြန်လာတော့ ၁၉၅၇ - ၅၈ မှာ မော်လမြိုင် ကောလိပ်မှာ နည်းပြ ဆရာမ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ရပါတယ်။ ဒါ့ကြောင့် ပညာရေး လောက အကြောင်းကိုလဲ အခြေခံ ပညာရေးရော၊ အဆင့်မြင့် ပညာရေး အကြောင်းကိုပါ အတော်အတန် သိရှိသူ ဖြစ်ပါတယ်။ သည့်နောက်မှ အလုပ်သမား ညွှန်ကြားရေး ဦးစီး ဌာနကို ဝင်လုပ်တာပါ။ နိုင်ငံရေး လှုပ်ရှားမှုမှာ အလုပ်သမား၊ လယ်သမားနဲ့ ကျောင်းသားရေးရာ ပညာရေး ကိစ္စတွေဟာ အထူး အရေးကြီး ပါတယ်။ ဒီလို ကိစ္စတွေမှာ တီးမိ ခေါက်မိ ရှိတဲ့အတွက် ဒေါ်စန်းစန်းဟာ အဖွဲ့ချုပ်မှာ အားထားစရာ အမျိုးသမီး ခေါင်းဆောင် တဦး အဖြစ် ရပ်တည် ခဲ့ရပါတယ်။

ကျွန်တော့် အနေနဲ့ ကတော့ အမကြီး ဒေါ်စန်းစန်းကို ပညာရေး ဆွေမျိုး အဖြစ်ထက် စာပေ ဆွေမျိုး အနေနဲ့ ပိုပြီး ရင်းနှီးပါတယ်။ သူ့ဖခင်ဟာ အမျိုးသား စာပေဆုရ ‘ရဲအရာရှိတဦး’ ပါ။ ဦးဘသော်တဲ့။ ‘ပြစ်မှု’ မဂ္ဂဇင်းကို စတင် ထောင်သူ တဦး ဖြစ်ပါတယ်။ စိန်ခင်မောင်ရီ (ကြေးမုံ)၊ ခင်မောင်ကြည် (ဂါးဒီးယန်)၊ ခင်မောင်စီ (ပြစ်မှု) တို့ရဲ့ ဖခင်ကြီးပါ။ စိန်ခင်မောင်ရီလဲ အမျိုးသား စာပေဆုရ စာရေးဆရာ တဦးပါ။ ဂျပန် ဝတ္ထုတခုကို ဘာသာပြန်လို့ ဆုရခဲ့တာပါ။ သူတို့ မောင်နှမ တတွေဟာ အားလုံး စာပေသမားတွေချည်း ပါပဲ။ ကျွန်တော်နဲ့ ကမာရွတ်မှာ တရပ်ထဲ နေခဲ့ကြတာမို့ အားလုံးနဲ့ရင်းနှီးပါတယ်။

ဦးဘသော် ဆိုတဲ့ စာရေး ဆရာကြီးဟာ ဆရာကြီးမှိုင်းရဲ့ လေးချိုးတွေကို ဗြန်းဗြန်းကွဲ ရသူပါ။ လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာ (အင်္ဂလိပ်စာ) မှာ အယ်ဒီတာချုပ် လုပ်သွားတဲ့ ဆရာကြီး ဦးခင်မောင်လတ်နဲ့ ဦးဘသော် တို့ဟာ ညီအကိုတွေပေါ့။ ဦးခင်မောင်လတ်ရဲ့ ဇနီးက ဒေါ်ခင်မျိုးချစ်ပေါ့။ ဒီးဒုတ် ဦးဘချိုရဲ့ ဇနီး ဒေါ်လှမေနဲ့ အတူ မြန်မာ အမျိုးသမီး အသင်းကို ဖွဲ့စည်း တည်ထောင်ပြီး ၁၉၃၈ ခုနှစ် ကျောင်းသား သပိတ်ကြီးမှာ ဝင်ရောက် ကူညီလို့ ဒဏ်ရာတောင် ရခဲ့ပြီး သွေးစွန်း ခံရဖူးပါတယ်။ သား ဒေါက်တာ ခင်မောင်ဝင်း၊ ချွေးမ ရွှေရည်ဝင်း၊ မြေး မိမိဝင်း တို့လဲ စာရေး ဆရာတွေ ဖြစ်နေကြ ပြီလေ။ အမေရိကားက မိုးမခ အသံ မောင်ရစ် ဆိုတာလဲ ဒေါ်စန်းစန်းရဲ့ တူပေါ့။

ပြောမိလက်စနဲ့ ပြောရရင် ဒေါ်ခင်မျိုးချစ်ရဲ့ မောင်အရင်း ကိုသိန်းအောင် ဆိုတာ စစ်တပ်ကပေါ့။ လွတ်လပ်ရေး ရပြီး စလောက် ကတည်းက ဆိုဗီယက်ကို သတင်းစာ ပညာ သွားသင်ခဲ့တာ ရှစ်လေးလုံး ကာလရောက်မှ တောတွင်းက ကွန်မြူနစ် ခေါင်းဆောင် ဦးလွင် အမည်နဲ့ ဖမ်းမိပြီး ပြန်ရောက် လာလေရဲ့။ ကျွန်တော် ဆိုချင်တာက ဒေါ်စန်းစန်းဟာ မျိုးနဲ့ရိုးနဲ့ ‘စာပေနဲ့ နိုင်ငံရေး’ ကို စိတ်ဝင်စားတဲ့ အမျိုးလို့ ဆိုချင်တာ ပါပဲ။ နောက်တခု ထူးတာက သူ့တို့ အမျိုးဟာ စာပေနဲ့ နိုင်ငံရေးကို ယုံကြည်ချက်နဲ့သာ ပါဝင် လုပ်ဆောင်ကြပြီး အသက်မွေး ဝမ်းကြောင်းကြောင့်နဲ့ ဂုဏ်သိက္ခာ နာမည် ကြီးလိုမှုကြောင့် လုပ်တဲ့သူ မရှိဘူးတဲ့ အချက်ပါပဲ။ ရိုးသား ဖြောင့်မတ်မှုကို မျိုးရိုးနဲ့ ချီပြီး ထိန်းသိမ်း ကြသူတွေလို့ ဆိုချင်ပါတယ်။

ထိုင်း - ဗမာ နယ်စပ်မှာ ဒေါ်စန်းစန်း နေတဲ့အိမ်ကို ခဲကျတယ် ဆိုတဲ့ သတင်းကို ကျော်မကောင်း ကြားမကောင်း ကြားရတော့ အတော့်ကို စိတ်မကောင်း ဖြစ်ရပါတယ်။ ဒေါ်စန်းစန်း အတွက် ပူပန်မိပြီး နိုင်ငံရေးသမားတွေ အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ ငွေရေး၊ ကြေးရေးကြောင့် ဆိုတဲ့ နောက်ဆက်တွဲ သတင်းကိုလဲ မကြားချင်ဘဲ ကြားလိုက်ရတော့ ပိုပြီး စိတ်မကောင်း ဖြစ်ရပါတယ်။ တခါထပ်ပြီး ဒေါ်စန်းစန်းက ဂျပန်မှာ စာစောင် အယ်ဒီတာ တဦးနဲ့ အင်တာဗျူး လုပ်ပြီး ရှင်းပြတဲ့ အခါ ပိုသည်ထက် ပိုမိုပြီး ထပ်မံ စိတ်မကောင်း ဖြစ်ရပြန်ပါတယ်။ ငွေထုတ်ခွင့်ကို ဒေါ်စန်းစန်းက လက်မှတ် ထိုးပေးရမှာကို မထိုးလိုက်ဘူးတဲ့။ အကြောင်းက တချို့ လက်မှတ်လိမ်၊ တချို့က စာရင်း လိမ်လို့တဲ့။ ‘အသက်စွန့်’ ပြီး စစ်တပ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေး ဂုဏ်သိက္ခာကို တန်ဖိုး ထားကြတဲ့ ပုဂ္ဂိုလ်တွေက ငွေကြေး အတွက် ‘အရှက်စွန့်’ ကြတယ် ဆိုတာ၊ ဘာပဲဖြစ်ဖြစ် အရပ်ရပ် နေပြည်တော် ကြားလို့ မတော်ပါဘူး။ အချင်းချင်း နိုင်ငံရေးသိက္ခာ၊ လူမှုရေး ဂုဏ်သိက္ခာနဲ့ကြိတ်ပြီး ဖြေရှင်းနိုင်လျက်နဲ့ ခုလို ဖြစ်ရတာ ဒီမိုကရေစီရေး အတွက် အသည်း နာစရာ သတင်းပါ။

လူကို အပြစ် မတင်လိုပါ။ ဖြစ်ပုံကို စိတ်မကောင်းတာပါ။ သတင်းကြားရင် ကြားခြင်း ‘ငါတို့ အမကြီးက ဒါတွေ ဘာဖြစ်လို့ ပြောနေရမလဲ။ ပြီးခဲ့ပြီပဲ’ လို့ ဘေးက မိတ်ဆွေရှေ့မှာ ရုတ်တရက် အသံထွက် လိုက်မိပါတယ်။ တကယ်တော့ နိုင်ငံရေး ခေါင်းဆောင် တယောက်ရဲ့ အိမ်ကို ခဲကျတဲ့ သတင်းက ဟိုးလေးတကျော် ဖြစ်ပြီးနေပါပြီ။ ‘ကဲလေ အဲဒါမျိုး နောက်ထပ် မကြားရအောင် ဆင်ခြေကြ လိမ့်မပေါ့’လို့ စိတ်ဖြေလို့မှ မဆုံးခင် အလားတူ သတင်းမျိုးကို အိန္ဒိယပြည်ဘက်က ထပ်ကြားရ ပြန်ပါတယ်။

စစ်အစိုးရ အတွင်းမှာ ငွေကြေး ကိစ္စ ဖြစ်တဲ့ လူတွေကို အစွမ်းကုန် ဖုံးဖိ ကြပါတယ်။ မကောင်းမှုကို ဖုံးဖိထားတာ မကောင်းတဲ့ အလုပ်ပါ။ နိုင်ငံရေး လောကမှာ ဒါမျိုးတွေ ဖြစ်လာရင် ဖုံးတာ ဖိတာထက် မဖြစ်အောင် ကြိုတင် ကာကွယ်ကြတာ ကောင်းပါတယ်။ မသမာမှု ဖြစ်တာလဲ မကောင်း။ ဖုံးရ ဖိရတာလဲ မကောင်း၊ ဖော်ရ ဖွင့်ရတာလဲ မကောင်း၊ လူကြားလို့လဲ မကောင်း၊ လူမဟုတ်တဲ့ ဟာတွေ ကြားရင်လဲ မကောင်း။

ကျွန်တော် ပြည်ပကို ထွက်မလာခင် ကာလမှာ ကျွန်တော့်အိမ် (ပညာရေး ချွေးနဲစာနဲ့ တရားဝင် ဝယ်ယူ ဆောက်လုပ် နေထိုင်တဲ့အိမ်)၊ အမကြီးစန်းရဲ့ မိဘတွေရဲ့အိမ် (စာပေ လုပ်ငန်းနဲ့ တရားဝင် ဝယ်ယူ ဆောက်လုပ် ထားတဲ့အိမ်)၊ အဲဒီ အိမ်တွေ ‘မင်းဘေး’ နဲ့ အဖျက်ဆီး ခံရပြီး၊ အဓမ္မ အပို့ခံရတဲ့ တိုက်တန်းလျားတွေမှာ အမကြီးစန်းနဲ့ ကိုရင်စွမ်း တို့ဟာ အိမ်နီးချင်းတွေ ဖြစ်နေရ ပြန်ပါတယ်။

အမကြီးစန်းတို့ဟာ အမှန်တရားကို မြတ်နိုးပြီး၊ ယုံကြည်ချက်ကို အသက်နဲ့ လဲမယ် ဆိုတဲ့သတ္တိမျိုးနဲ့ ဆွေဂုဏ်၊ မျိုးဂုဏ်၊ အိမ်ဂုဏ်ကို ထိန်းသိမ်းတဲ့ လူမျိုးပါလို့ ကျွန်တော် သိသထက် သိလာ ခဲ့ပါတယ်။ ဒါကြောင့် ဒေါ်စန်းစန်း နိုင်ငံရေးသမား ဖြစ်လာတာကို ကျွန်တော်တို့ အထူးလေးစား အားထားပါတယ်။ လောကဓံကို ကြံ့ကြံ့ခံပြီး ဒီမိုကရေစီ ပန်းတိုင်ကို (တခြားလူတွေ အားလုံး) လူမှုရေး အမှား မရှိဘဲ ဆက်ဆက် ချီတက် နိုင်ကြပါစေလို့ ဆုတောင်း လိုက်ရပါကြောင်း။


ကိုးကားချက်[ပြင်ဆင်ရန်]

  • မောင်စွမ်းရည်၊ ဇူလိုင် ၂၈၊ ၂ဝဝ၅။ မကြိုက်တာရှိရင် ဖုန်းဆက်ပါ။
  • ဆရာ မောင်စွမ်းရည်ရဲ့ ရုပ်ပုံလွှာ အဖွဲ့ဖြစ်တဲ့ “အညာသူ ဒေါ်စန်းစန်း” နဲ့ စာအုပ်ကနေ အညာသူ ဒေါ်စန်းစန်း ဒါမဟုတ် ရန်ကုန်၊ ဆိပ်ကမ်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ရေနံချောင်း (၂) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ကျော်ဟန် စုစည်း ပြုစုပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ပြန်ကြားရေး ကော်မတီက ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ “(၁၉၉ဝ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့) ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မှတ်တမ်း” စာအုပ် ကနေ ကောက်နှုတ်ပြီး ပြန်လည် လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။