စန္ဒကိန္နရီဇာတ်
စန္ဒကိန္နရီဇာတ်သည် ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထုတော်များထဲမှ တစ်ခု ဖြစ်၏။ ယသောဓရာ၏ ဘုရားရှင်အပေါ် သစ္စာရှိမှုနှင့် ပတ်သက်၍ မြတ်စွာဘုရားက ဟောကြားတော်မူခြင်း ဖြစ်သည်။[၁]
ဟောတော်မူခြင်း
[ပြင်ဆင်ရန်]မြတ်စွာဘုရားသည် သုဒ္ဓေါဒနမင်းကြီး ကပ်လှူသော ဆွမ်းကို ဘုဉ်းပေးရန် နန်းတော်သို့ ကြွ၏။ ထို့နောက် မြတ်စွာဘုရားသည် မင်းသားဘဝက ဇနီးဖြစ်သည့် ယသောဓရာထံ ကြွချီတော်မူ၏။ ထိုအခါ မင်းကြီးက ယသောဓရာ၏ သစ္စာရှိပုံကို ဘုရားရှင်အား ပြောပြ၏။ ထိုအခါ ဘုရားရှင်က ယသောဓရာသည် ယခုအခါမှသာ သစ္စာရှိသည် မဟုတ်ဘဲ ရှေးအခါကလည်း သစ္စာရှိခဲ့ပုံကို ဤဇာတ်တော်ဖြင့် မိန့်ကြားတော်မူ၏။[၁]
စန္ဒကိန္နရီဇာတ်
[ပြင်ဆင်ရန်]ရှေးလွန်လေပြီးသောအခါက ဘုရားလောင်းသည် စန္ဒအမည်ဖြင့် ကိန္နရာ ဖြစ်ခဲ့၏။ ဇနီးဖြစ်သူသည် စန္ဒကိန္နရီ ဖြစ်၏။ ဇနီးမောင်နှံတို့သည် ဟိမဝန္တာအရပ် စန္ဒပဗ္ဗတ (လမင်းတောင်) တွင် နေထိုင်ကြ၏။ မိုးရာသီတွင် တောင်ပေါ်တွင် နေကြသော်လည်း နွေရာသီသို့ ရောက်သည့်အခါတွင် တောင်ခြေသို့ ဆင်းကြသည်။
ကိန္နရာဇနီးမောင်နှံတို့သည် နှစ်ဦးသား မြူးထူးပျော်ပါးလျက် ရှိကြ၏။ ထိုအချိန်တွင် ဗာရာဏသီမင်းသည် သူတို့ရှိရာအရပ်သို့ ရောက်လာခဲ့၏။ မင်းကြီးသည် စန္ဒကိန္နရီကို မြင်သောအခါ တပ်မက်သော ရာဂ ဖြစ်ပေါ်၏။ ဇနီးဖြစ်သူကို အရယူရန် လင်ဖြစ်သူ စန္ဒကိန္နရာအဖိုကို ပစ်ခွင်းလေ၏။ စန္ဒကိန္ဒရာသည် မင်းကြီးပစ်လိုက်သော မြှားချက်ဖြင့် လဲကျသွား၏။ ဇနီးဖြစ်သူသည် မြှားပစ်သူကို ရှာဖွေသော် မင်းကြီးကို တွေ့မြင်လေ၏။ ထိုအခါ စန္ဒကိန္နရီသည် မင်းကြီးအား ကျိန်ဆဲလေသည်။
ထိုသို့ စန္ဒကိန္နရီ၏ ကျိန်ဆဲသံကို ကြားရသော မင်းကြီးသည် မရနိုင်သည်ကို သိလေ၏။ ထို့နောက် လိုချင်သောစိတ်တို့သည် ပျောက်ကွယ်လာကာ ပြန်လှည့်လေသည်။ ထိုအခါကျမှ ကိန္နရာအမသည် လင်ဖြစ်သူ၏ ဦးခေါင်းကို ပေါင်ပေါ်တင်ကာ သည်းထန်စွာငိုကြွေး၏။ ကိန္နရာအမသည် လင်ဖြစ်သူ မသေသေးသည်ကို သိ၏။ ထို့နောက် နတ်တို့အား မစောင်မသည်ကို အပြစ်တင် ငိုကြွေးပြန်၏။
ထိုအခါ သိကြားမင်း၏ ဗိမာန်သည် ပူလာ၏။ သိကြားမင်းလည်း ပုဏ္ဏားယောင်ဆောင်ကာ လူ့ပြည်သို့ ဆင်းလာ၏။ ထို့နောက် ကိန္နရာအဖိုကို သက်သာအောင် ပြုစုလေ၏။ ထို့နောက် သိကြားမင်းက “ယနေ့မှစကာ လူတို့သွားလာရာ တောင်အောက်သို့ မဆင်းပါနှင့်၊ တောင်ပေါ်၌သာ နေကြပါ” ဟု မှာကာ နတ်ပြည်သို့ ပြန်သွား၏။ ထို့နောက် ကိန္နရာဇနီးမောင်နှံတို့သည်လည်း တူနှစ်ကိုယ် တောင်ပေါ်သို့ ပျံတက်သွားလေ၏။
ဇာတ်ပေါင်းသော် ထိုအခါက ကိန္နရာအမသည် ယသောဓရာ ဖြစ်၏။ ကိန္နရာအထီးသည် ဘုရားလောင်း ဖြစ်၏။[၁]